ကျွန်တော့်သူငယ်ချင်း ပေါလ်မှာ ခရစ္စမတ်လက်ဆောင်အဖြစ် သူ့အစ်ကိုကြီးထံမှ ကားတစ်စီးရသည်။
ခရစ္စမတ်အကြိုနေ့တွင် သူရုံးခန်းကထွက်လာသောအခါ လမ်းဘေးတွင် ကောင်လေးတစ်ယောက်က တောက်ပသော သူ့ကားသစ်ကြီးကို သဘောကျစွာ လှည့်ပတ်ကြည့်နေသည်ကို မြင်လိုက်သည်။ ထိုကောင်လေးက သဘောကျစွာ လှည့်ပတ်ကြည့်ရုံနှင့် အားမရဘဲ သူ့ကို မေးလေသည်။
“ဒါ အစ်ကို့ကားလား”
ပေါလ်က ခေါင်းညိမ့်ပြီး
“အေးကွ၊ ငါ့အစ်ကိုက ခရစ္စမတ်လက်ဆောင် ပေးထားတာ”
ဟု ဖြေလိုက်သည်။
ကောင်လေးက အလွန်အံ့အားသင့်သွားပြီး
“ဟာ … ခင်ဗျားအစ်ကိုက ခင်ဗျားကို အလကားပေးတာ … ဟုတ်လား၊ ခင်ဗျား ပိုက်ဆံတစ်ပြားမှ မကုန်ဘူးပေါ့၊ ဟာဗျာ … ကျွန်တော်သာ ဆုတောင်းလို့ရမယ်ဆိုရင် …”
ဆိုပြီး ကောင်လေးက ဆက်မပြောဘဲ ရပ်နေသည်။
တကယ်လို့သာ ဆုတောင်းလို့ရရင် ကောင်လေးဘာစဉ်းစားမည်လဲ ဟု ပေါလ် တွေးနေမိသည်။ သူ့မှာလည်း အဲလို အစ်ကိုမျိုး တစ်ယောက်လောက်ရပါစေ ဟု ဆုတောင်းမှာပဲပေါ့ ဟု ပေါလ်ထင်မိသည်။
သို့သော် ကောင်လေးထံမှ နောက်ထပ်ကြားလိုက်ရသော စကားကြောင့် ပေါလ် ကြက်သီးမွေးညင်း ထသွားသည်။
“ကျွန်တော် အဲလိုအစ်ကိုမျိုး ဖြစ်ချင်လိုက်တာဗျာ” တဲ့။
ကောင်လေးကို သူ အံ့အားသင့်စွာ ငေးကြည့်မိသည်။ ထို့နောက် သူကိုယ်တိုင် ဘယ်လိုဖြစ်သွားသည်ကို မသိလိုက်ဘဲ ကောင်လေးအား
“မင်း ငါ့ကား လိုက်စီးကြည့်မလား”
ဟု မေးလိုက်မိသည်။
“ဟုတ်ကဲ့၊ စီးချင်တာပေါ့ဗျာ”
ကားစီးပြီး ခဏကြာတော့ ကောင်လေးက “ကျွန်တော်တို့ အိမ်ဘက်က လှည့်မောင်းပေးလို့ရမလား ခင်ဗျာ” ဟု မေးသည်။
ကောင်လေးရဲ့ တောက်ပနေသော မျက်လုံးကို ကြည့်ပြီး ပေါလ် ပြုံးမိသည်။ ကောင်လေး စိတ်ထဲ ဘာတွေ တွေးနေလဲ ဘာတွေရှိနေလဲ သူတွေးမိသည်။ သူ့ရဲ့ ကားသစ်ကြီးစီးပြီး အိမ်ပြန်လာတာကို အိမ်နီးနားချင်းများကို ကြွားချင်သည်ဟု ပေါလ်ထင်မိသည်။
သို့သော် သည်တစ်ခါတွင်လည်း ပေါလ်အထင်မှားပြန်သည်။
“ဟို လှေကားနှစ်ဆင့်နဲ့ အိမ်ရှေ့မှာ ရပ်ပေးပါ ခင်ဗျာ”
ကောင်လေးက ပြောသည်။
ထို့နောက် ကောင်လေးက လှေကားထစ်တွေအတိုင်း ပြေးတက်သွားသည်။ ခဏကြာသောအခါ ပြန်ဆင်းလာသော ခြေသံကို ကြားရသည်။ သို့သော် ခြေသံက တက်သွားတုန်းကလောက် မမြန်။ ကောင်လေးက ကလေးတစ်ယောက်ကို ချီယူကာ ဆင်းလာခြင်းဖြစ်သည်။ ခြေထောက်မသန်သော သူ့ ညီလေး။ ကောင်လေးက သူ့ညီလေးအား ချပြီး အောက်ဆုံး လှေကားထစ်မှာ ထိုင်ခိုင်းလိုက်သည်။ ထို့နောက် သူ့ညီလေးအား တင်းတင်းဖက်ထားပြီး ကားကိုပြလေသည်။
“ဟိုမှာ တွေ့လား ညီလေး၊ အပေါ်မှာတုန်းက အစ်ကိုကြီးပြောတဲ့ ကားလေ၊ အဲဒါ သူ့အစ်ကိုကြီးက သူ့ကို ခရစ္စမတ်လက်ဆောင်ပေးတာတဲ့၊ သူ့ပိုက်ဆံတစ်ပြားမှ မကုန်ဘူး၊ အစ်ကိုကြီးလဲ နောက်ကျရင် ညီလေးကို ဒီလိုကားမျိုးတစ်စီး ၀ယ်ပေးမယ်၊ အဲဒီအခါကျရင် ညီလေးကို အစ်ကိုကြီးပြောထားတဲ့ ခရစ္စမတ်ဆိုင်တွေမှာ ပြထားတဲ့ အလှအပ ပစ္စည်းမျိုးစုံကို ညီလေး လိုက်ကြည့်နိုင်ပြီကွ” ဟု ကောင်လေးက အားရပါးရ ပြောနေသည်။
ပေါလ် ကားထဲမှ ထွက်လာပြီး ခြေမသန်သော ကလေးငယ်လေးကို ချီ၍ ကားရှေ့ခန်းထဲသို့ ထည့်လိုက်သည်။ အစ်ကိုလုပ်သည့်ကောင်လေးက ၀မ်းသာအားရဖြင့် သူ့ညီလေးဘေးမှ ၀င်ထိုင်လိုက်သည်။
အဲဒီနေ့က သူတို့သုံးယောက် လျှောက်လည်ကြသည့် အတွေ့အကြုံက သုံးယောက်လုံးအတွက် တစ်သက်မမေ့နိုင်စရာ အဖြစ်အပျက်လေး ဖြစ်သည်။
အထူးသဖြင့် ပေါလ်အဖို့ သင်ခန်းစာတစ်ခု မှတ်မှတ်သားသား ရခဲ့သည်။ ယူရခြင်းအရသာထက် ပေးရခြင်းကြောင့်ရရှိသော ပီတိက ပို၍ နှစ်သက်ဖွယ် ချိုမြိန်လှသည် … ဟူသော အသိတရားပင်။
(မူရင်း။ ။ Dan Clark ၏ A Brother Like That)
ဒီဝတ္ထုတိုလေးကို ဖတ်ပြီး အားလုံးလည်း ရယူခြင်းထက် ပေးကမ်းရခြင်းကြောင့် ရရှိသော ပီတိက ပို၍ ချိုမြိန်ကြောင်းကို ခံစားနားလည်နိုင်ပါစေလို့ …
Sunday, August 19, 2007
အဲသည်လို အစ်ကိုမျိုး
Subscribe to:
Post Comments (Atom)
1 comment:
Very nice translation!
I like this short fiction very mcuh
Post a Comment