“စကားလုံး တစ်ထောင်ထက်
ဆောင်ရွက်မှု တစ်ခုက
ပို၍ အရာထင်သည်”
ကြားဖူးခဲ့တဲ့ စကားလေးတစ်ခွန်းပါ။ ဘယ်သူပြောခဲ့တာလည်း ဆိုတာတော့ မမှတ်မိတော့ဘူး။ ပြောတုန်းကတော့ သူက ပုံပြင်လေးတစ်ခုနဲ့အတူ ကောင်းကင်ကို ပြောပြခဲ့တာပါ။ ခု ကောင်းကင်က အခြားသူတွေကို ပြန်ပြီး ပြောပြလိုက်ပါတယ်။
သူမငယ်စဉ်တုန်းက ကျောင်းသွားပြီး အိမ်ပြန်ရောက်တဲ့အခါတိုင်း တစ်နေ့တာ ကြုံတွေ့လာခဲ့ရသမျှကို အိမ်မှာပြန်ပြီး ပြောပြလေ့ရှိတတ်ပါတယ်။ သူမ ထိုသို့အားရပါးရ ပြောပြသည့်အခါတိုင်း သူမ၏ဖခင်က လုပ်လက်စ အလုပ်များကို ချပြီး သူမ ပြောသည်များကို ဂရုတစိုက် လာရောက်နားထောင်လေ့ရှိပါတယ်။
အဖေနဲ့ သူမကြားမှာ မပြောဖြစ်တဲ့စကားဆိုတာ မရှိသလောက်ပါဘဲ။ သူမ အသက် (၁၃) နှစ်၊ (၁၄) နှစ်လောက်က ထင်တယ်။ သူမ လမ်းလျှောက်တာက မပြေမပြစ်ဖြစ်နေတော့ သူမ ဖေဖေက သူမအား မည်ကဲ့သို့လျှောက်ရမည်ကို သင်ကြားပေးခဲ့သည်။ မိန်းကလေးတစ်ယောက်က ဘယ်လိုဟန်ပန်မျိုးနဲ့ လျှောက်သင့်သည်ကို သူမဖခင်က ပြောပြပေးခဲ့သည်။ ထိုမျှမက ကျောင်းက ကောင်လေးတွေနှင့် ပတ်သက်၍လည်း သူမဖခင်က ဘယ်လိုဘယ်ပုံ ပြောဆိုဆက်ဆံသင့်သည်၊ ဘယ်လိုအမူအရာဆိုရင်တော့ ဘယ်လိုအဓိပ္ပါယ်မျိုး သက်ရောက်နိုင်သည်ကို သူငယ်ချင်းအရင်းတစ်ယောက်ပမာ ရင်းရင်းနှီးနှီးဖြင့် ပြောဆိုဆုံးမကာ သင်ကြားပေးခဲ့သည်။
တက္ကသိုလ်ပြီးတော့ သူမ အပြင်လောကကြီးထဲသို့ ကိုယ့်အားကိုယ်ကိုးရင်း ၀င်ရောက်ခဲ့သည်။ အထက်တန်းကျောင်းတစ်ခုမှာ ဆရာမတစ်ယောက်အဖြစ် သူမ၀င်လုပ်ခဲ့သည်။ သူမ၏အိမ်နှင့် ကျောင်းက မိုင် (၁၆၀)ကျော်လောက် ဝေးသည်။
သူမအလုပ်က အဆင်ပြေသော်လည်း အရမ်းအကောင်းကြီးတော့မဟုတ်။ သွားရေးလာရေး ကြန့်ကြာသည့်အပြင် ကျောင်းအနီးဝန်းကျင်တွင် လမ်းသရဲများရှိသည်။ သူမ သင်ကြားပေးနေသော သူမ၏ တပည့်များထဲတွင်ပင် လုယက်မှု၊ မူးယစ်ဆေးသုံးစွဲမှု၊ အလစ်သုတ်မှုများ ကျူးလွန်ခဲ့ဘူးသူများ ဖြစ်သည်။
“သမီး သွားရင် လာရင် လမ်းမှာ သတိထားနော်”ဟု စနေ၊ တနင်္ဂနွေ သွားရောက်လည်တိုင်း အဖေက သတိပေးလေ့ရှိသည်။ သူမတစ်ယောက်တည်း အိမ်ငှားနေတာ အဖေက စိတ်မချ။ သို့သော်လည်း သူမက လူငယ်ဘာဝ လွတ်လပ်မှုကို ခုံမင်တာရော၊ တစ်ယောက်တည်း ရပ်တည်ချင်တာရောကြောင့် အိမ်ခွဲနေခဲ့သည်။ အတွေ့အကြုံနည်းသလောက် လူက တက်တက်ကြွကြွ။ အဖေတားသည့်ကြားက တစ်ယောက်တည်း နေခဲ့သည်။ အလုပ်တစ်ခုရဖို့ကလည်း ထိုအချိန်က မလွယ်။ သူမ အလွန် ကံကောင်း၍ ရခဲ့ခြင်းဖြစ်သည်။ ဒါကြောင့်လည်း လူက ပိုတက်ကြွခြင်းဖြစ်သည်။ ထို့ကြောင့်လည်း အဖေက သတိထားဖို့ပြောသည့်အခါတိုင်း “မစိုးရိမ်ပါနဲ့ အဖေရယ်” လို့ သူမ အေးအေးဆေးဆေးပင် ပြန်ပြောခဲ့မိသည်။
တစ်နေ့ညနေခင်းမှာတော့ အတန်းနှင့်ပတ်သက်သောကိစ္စများကို ပြီးဆုံးအောင်လုပ်နေရသောကြောင့် အခန်းထဲမှ အတော်ကြာမှ ထွက်ဖြစ်ခဲ့သည်။ မီးပိတ်၊ စာသင်ခန်းတံခါးပိတ်ပြီး ဂိတ်ပေါက်ဝရောက်တော့ ဂိတ်တံခါးက ပိတ်ထားပြီ။ ဆရာ၊ဆရာမလည်း တစ်ယောက်မှမရှိ။ ဂိတ်ပေါက်စောင့်သော ဦးလေးကြီးအားလည်း ရှာလို့မတွေ့။ အခြား မည်သူတစ်ဦးတစ်ယောက်ကိုမှလည်း မတွေ့ရပေ။ နာရီက ၆နာရီ ထိုးတော့မည်။ ခုနကတော့ အလုပ်ဇောကပ်နေသောကြောင့် နာရီကိုလည်း သေချာမကြည့်မိ။ သူမ ရှိနေသည်ကိုလည်း မည်သူတစ်ဦးတစ်ယောက်မှ သတိမထားမိဘဲ ထွက်သွားကြပုံပင်။
ကျောင်းတစ်ပတ် ထွက်ပေါက်ရှိလေမလားလို့ လိုက်ရှာမိတော့ ကျောင်းအနောက်ဘက် ဂိတ်ပေါက်တံခါးအောက်က ကတ်ကတ်သတ်သတ် လျှိုထွက်လျှင် ရနိုင်မည့်အခြေအနေကို သွားတွေ့ရသည်။ ထို့ကြောင့် လက်ကိုင်အိတ်ကို အရင်ထိုးထည့်လိုက်ပြီး နောက် သူမကတော့ ပက်လက်လှန်ကာ တံခါးအောက်မှ တဖြည်းဖြည်းချင်း လျှိုထွက်ခဲ့သည်။
ထို့နောက် အိတ်ကို ယူပြီး ကားရှိရာသို့ လျှောက်လာခဲ့သည်။ ကားက ကျောင်းရှေ့တွင် ရပ်ထားသောကြောင့် ကျောင်းကို တစ်ပတ်ပြန်ပတ်ရလေသည်။ မှောင်ရိပ်သန်းနေသော ကျောင်းပတ်ဝန်းကျင်က တော်တော်ကို ချောက်ချားဖို့ ကောင်းလှသည်။
ထိုအခိုက် ဆူဆူညံညံအသံတွေကို သူမကြားလိုက်ရသည်။ သူမ လှည့်ကြည့်လိုက်တော့ တက္ကသိုလ်ကျောင်းသားအရွယ် လူငယ် ၉ဦး၊ ၁၀ဦးခန့် သူမရှိရာဘက်သို့ လျှောက်လာသည်ကို မြင်လိုက်ရသည်။ မှောင်ရိပ်ကြားကပင် သူတို့ပုံစံက လူဆိုးပုံပေါက်နေသည်ကို သူမ သတိထားလိုက်မိသည်။
“ဟေ့ … ခင်ဗျားက ဒီကျောင်းက ဆရာမလား”
သူတို့ထဲမှ တစ်ယောက်က သူမအား လှမ်းမေးလိုက်သည်။
“မဟုတ်လောက်ပါဘူးကွ၊ ကောင်မလေးကြည့်ရတာ ငယ်ငယ်လေးပဲ၊ ကျောင်းသူ ဒါမှမဟုတ်လည်း အကူလောက်ပဲဖြစ်မှာပါ”
သူတို့ထဲမှ တစ်ယောက်က စောစောက မေးသူ၏ မေးခွန်းကို ၀င်ဖြေလိုက်သည်။
သူမ အနည်းငယ်ထိတ်လန့်ကာ ခပ်သွက်သွက်လျှောက်တော့ သူတို့ကလည်း အမျိုးမျိုးပြောကြကာ သူမနောက်မှ ဆက်လိုက်လာကြသည်။
သူမက ခြေလှမ်းတွေကို ပိုမြန်လိုက်ရင်း အိတ်ထဲသို့လက်နှိုက်ကာ ကားသော့ကို ရှာဖွေနေမိသည်။ သော့ကို ရလျှင် ကားဆီသို့ သည်ထက်ပိုပြီး အမြန်ပြေးပြီး အမြန်တံခါးဖွင့် အမြန်ဝင်ပြီး တံခါးပိတ်ကာ မောင်းပြေးမည်ဟု စိတ်ကူးလိုက်သည်။ သူမ ရင်တွေက တဒိန်းဒိန်းခုန်လာသည်။ အလောတကြီးရှာနေသောကြောင့်လား မသိ။ သော့ကွင်းလေးကို သူမ ဘယ်လိုမှ ဆန်းလို့မမိပေ။ ဘယ်လိုရှာရှာမတွေ့။
“ဟေ့ကောင်တွေ မြန်မြန်လိုက်ကြကွ၊ မလွတ်စေနဲ့”
သူတို့ထဲမှ တစ်ယောက်က အော်ပြီး ကျန်သူများကို ပြောလိုက်သည်။
သူမ အလွန်ကို တုန်လှုပ်သွားသည်။ “ဘုရား တပည့်တော်မကို ကယ်တော်မူပါ” ဟု စိတ်ထဲမှနေ၍ ဆုတောင်းလိုက်မိသည်။ ထို့နောက် ရုတ်တရက် သူမလက်ချောင်းလေးများက သော့တစ်ချောင်းကို စမ်းမိလိုက်သည်။ ကားသော့ ဟုတ်၊ မဟုတ် သူမ သေချာမစဉ်းစားနိုင်။ သော့ကို သေချာ ဆုပ်ကိုင်ပြီး သူမကားဆီသို့ အလောတကြီး ပြေးတော့သည်။ ထို့နောက် သော့တံကို ထိုးထည့်ကာ ဖွင့်လိုက်သည်။
သော့က ကံကောင်းစွာဖြင့် ပွင့်သွားခဲ့သည်။ သူမ ကားထဲသို့ အမြန်ဝင်ပြီး လော့ချကာ ချောက်ချားစွာဖြင့်ပင် ထိုနေရာမှ မောင်းပြေးခဲ့တော့သည်။
ထို့နောက်တော့ အနီးအနားက လူကြီးများနှင့် ဆရာမတစ်ယောက်ကို ခေါ်၍ ပြန်သွားကြည့်ကြသည်။ သူမ၏ သော့ကွင်းလေးက တံခါးစောင့်ဦးလေးကြီးအား သူမသွားရှာရင်း ထိုဦးလေးကြီး၏ တဲတံခါးဘောင်တွင် သူမ မေ့ကျန်ခဲ့ခြင်းဖြစ်သည်။
သူမ အခန်းသို့ သူမပြန်ရောက်တော့ အချိန်က တော်တော်ကိုနောက်ကျနေပြီ။ ထိုအခိုက် ဖုန်းမြည်သံကြားရသောကြောင့် ကောက်ကိုင်လိုက်သောအခါ သူမဖေဖေဆီမှ ဆက်လာခြင်းဖြစ်သည်။ ပူပူနွေးနွေး ကြုံတွေ့ခဲ့ရသော ပြဿနာအား အဖေစိတ်ပူမည်ဆိုး၍ အဖေ့အား မပြောပြတော့။
အဖေနှင့် ဟိုအကြောင်း ဒီအကြောင်းတွေ ပြောရင်း နောက်ဆုံးပြောလိုက်သော အဖေ့စကားကြောင့် သူမ အဖေ့အား အလွန်ကို ကျေးဇူးတင်ကာ မျက်ရည်ပင်ကျမိသည်။ အဖေပြောလိုက်သည်က …
“သမီး … အဖေ သမီးအိတ်ထဲမှာ ကားသော့အပိုတစ်ချောင်း ထည့်ပေးထားတယ်၊ အရေးတကြီးလိုတဲ့အခါ သုံးလို့ရအောင်လို့လေ၊ ဟိုနေ့က အဖေ သမီးကို မပြောလိုက်ရလို့” တဲ့။
ဘယ်လောက် တိုက်ဆိုင်လိုက်သလဲ။ ခုလေးတင်ပင် အဖေ အမြော်အမြင်ကြီးကြီးဖြင့် လုပ်ပေးလိုက်သော သော့ပိုလေးက သူမအား ကယ်တင်ခဲ့သည်။ ယခုအချိန်ထိ သူမ အဖေလုပ်ပေးထားသော သော့ပိုလေးအား မြတ်နိုးစွာ သိမ်းထားဆဲဖြစ်သည်။ ထို့အတူ စဉ်းစားလုပ်ကိုင်စရာရှိသည့်အခါတိုင်း၊ အရေးကြီးကိစ္စများ ဆုံးဖြတ်ရသည့်အခါတိုင်း အဖေ့ရဲ့ လမ်းညွှန်ချက်၊ အဖေ့ရဲ့ ဥာဏ်အမြော်အမြင်နှင့် အဖေ့ရဲ့ အားပေးအတည်ပြုချက်များကို သူမ ရယူဆဲဖြစ်သည်။ အဖေဥာဏ်အမြော်အမြင်ကြီးစွာ လုပ်ပေးခဲ့သော သော့ပိုလေးတစ်ချောင်းက သူမ၏ဘ၀ကို ဘေးရန်တစ်ခုမှ လွတ်မြောက်အောင် ခြွင်းချက်မရှိ ကူညီပေးခဲ့သည် မဟုတ်လား။
ထို့အတူ သူမ အသိတစ်ခု ရခဲ့ရသည်။
မိဘများသည် သူတို့၏ သားသမီးများအား မေတ္တာတရားဖြင့် ဘေးအန္တရာယ်အပေါင်းမှ လွတ်ကင်းအောင် အချိန်နေရာမလပ် စောင့်ရှောက်နေကြောင်း …
Monday, August 27, 2007
သော့ပိုလေးတစ်ချောင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment