တစ်ခါက မြို့ကြီးတစ်ခု၏ မြို့အ၀င်ဝသို့ ခရီးသည်တစ်ဦးရောက်လာခဲ့သည်။ ထိုခရီးသည်က မြို့ထဲသို့ မ၀င်မီ လမ်းဘေးတွင် ထိုင်နေသည့် မိန်းမတစ်ဦးအား မေးလိုက်သည်။
“ဒီမြို့က သူတွေက ဘယ်လို စိတ်နေစိတ်ထားမျိုး ရှိကြပါသလဲ”
ထိုအခါ အမျိုးသမီးက ထိုခရီးသည်အား ပြန်မေးလိုက်သည်။
“ရှင် ထွက်လာတဲ့ မြို့က မြို့သူမြို့သားတွေကရော ဘယ်လို စိတ်သဘောထားမျိုးရှိပါသလဲ”
ခရီးသည်က
“အမလေး … မပြောပါနဲ့တော့ဗျာ၊ ရိုင်းလိုက်ကြတာ ပြောမနေပါနဲ့တော့၊ ယုံကြည်လို့လည်း မရဘူး၊ ယုတ်မာကောက်ကျစ်ကြတာလဲ မပြောပါနဲ့တော့ဗျာ၊ တကယ့်ကို ကောင်းကွက်တစ်ကွက်မှကို မရှိပါဘူး”
ဟု ရှုံ့မဲ့ကာ ဖြေလေသည်။
“အင်း … ဒီမြို့ထဲက လူတွေကိုလဲ အဲဒီပုံစံအတိုင်း ရှင်တွေ့ရအုံးမှာပါ”
ဟု အမျိုးသမီးက ပြန်ဖြေလိုက်သည်။
ထို့နောက် မကြာမီ ဒုတိယခရီးသည်ရောက်လာပြီး ထိုအမျိုးသမီးကြီးအား အလားတူ မေးခွန်းကိုပင် မေးလေသည်။ ထိုအခါ အမျိုးသမီးကလည်း ရှေးကအတိုင်း ထိုခရီးသည်အား ယခင်က ထွက်လာခဲ့သော မြို့ရှိလူများ၏ စိတ်သဘောထားကို ပြန်မေးလေသည်။
“အင်မတန် စိတ်သဘောထားဖြူစင်ကြပါတယ်ဗျာ၊ အလွန်လည်း ဖော်ရွေကြပါတယ်၊ ရိုးသားတယ်၊ ကြိုးစားတယ်၊ သူမတူအောင်လည်း ရက်ရောကြပါတယ်၊ အဲဒီက ထွက်လာရတာ ကျွန်တော် တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်ဗျာ”
ဟု စိတ်အားထက်သန်စွာ၊ လှိုက်လှဲစွာ ဖြေလေသည်။
ထိုအခါ ပညာရှိအမျိုးသမီး ဖြေလိုက်သည်က
“ဒီမြို့ထဲမှာလည်း အဲဒီလိုလူမျိုးတွေကိုပဲ ရှင်တွေ့ရမှာပါ”
ဟူ၍ ဖြစ်လေသည်။
လူတစ်ယောက်နဲ့တစ်ယောက်အမြင်ဟာ အရမ်းကို အရေးကြီးပါတယ်။ လူတစ်ယောက်က ကိုယ့်ကို အကောင်းမြင်နိုင်ဖို့ဆိုတာက ကိုယ်ကိုယ်တိုင်လည်း သူတစ်ပါးကို အကောင်းမြင်စိတ်နဲ့ ကြည့်တတ်မှ ဖြစ်မှာပါ။ သူများကို အကောင်းမမြင်ဘဲ ကိုယ့်ကို အကောင်းမြင်စေဖို့ဆိုတာ တကယ်ကို မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဘယ်သူ့အပေါ်ကိုမဆို အကောင်းမြင်နိုင်အောင် ကြိုးစားကြပါလို့ …
Sunday, August 26, 2007
မြို့နှစ်မြို့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment