Showing posts with label ၀တ္ထုရှည်. Show all posts
Showing posts with label ၀တ္ထုရှည်. Show all posts

Wednesday, August 15, 2007

အချစ်နှင့်အတူ (၂၂) ဇာတ်သိမ်း

(၁၇)

ဘုန်းမင်းခန့်က “ကျွန်တော်တို့တွေ့ကြရအောင်” ဟု ဖုန်းဆက်ပြောလာသောကြောင့် မိုးမြင့်ယံတစ်ယောက် သူတို့ချိန်းဆိုထားရာ ကော်ဖီဆိုင်လေးသို့ ထွက်လာခဲ့လိုက်သည်။ သက်ဇော်နှင့် ပြောပြီးနောက်ပိုင်း သူ မေရှိရာ “သံယောဇဉ်” ဟိုတယ်သို့လိုက်သွားချင်သော်လည်း ရုတ်တရက်ပေါ်လာသော အရေးကြီး အလုပ်ကိစ္စကြောင့် ချက်ချင်းမသွားနိုင်သေးပေ။ ချစ်စိတ်ကြောင့် သူအရာအားလုံးကို နားလည်ခွင့်လွှတ်ပြီး ချက်ချင်းလိုက်သွားချင်ပေမယ့်လည်း တစ်ဖက်မှာတော့ နောက်တစ်ကြိမ် အလားတူကိစ္စများ ထပ်မံဖြစ်မှာကို လည်း သူအလွန်စိုးရိမ်မိသည်။ ဒါကြောင့်လည်း သူ မေ့ဆီသို့ မလိုက်သွားခင် ဘုန်းမင်းခန့်နှင့်တွေ့ရန် စဉ်းစားခဲ့သည်။ ယခုလို ဘုန်းမင်းခန့်က သူနှင့်တွေ့ရန် ပြောလာသောအခါ သူ မငြင်းဘဲ တွေ့ရန် လက်ခံလိုက်တော့သည်။

မိုးမြင့်ယံ အတွေးမဆုံးခင်မှာဘဲ သူတို့ချိန်းဆိုရာ ကော်ဖီဆိုင်သို့ရောက်လာတော့သည်။ ဆိုင်ထဲရောက်တော့ သူဘေးပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ထိုအချိန်မှာဘဲ ဘုန်းမင်းခန့်က special room မှထွက်လာပြီး သူ့ကို လှမ်းခေါ်နေတာ တွေ့လိုက်ရသည်။ မိုးမြင့်ယံ အခန်းထဲသို့ ၀င်လိုက်ရင်း စတင် နှုတ်ဆက်လိုက်တော့သည်။

“ကြာပြီလား ကိုဘုန်းမင်းခန့်”

“သိပ်မကြာသေးပါဘူး ကိုမိုးမြင့်ယံ”

“ကျွန်တော့်ကိုတွေ့ချင်တာ ဘာကိစ္စများရှိလို့လဲ ကိုဘုန်းမင်းခန့်”

“အေးအေးဆေးဆေးပြောကြတာပေါ့ ကိုမိုးမြင့်ယံ၊ တစ်ခုခုမှာပါအုံး”
ဘုန်းမင်းခန့်စကားအဆုံးမှာတော့ သူတို့ လက်ဖက်ရည်နှစ်ခွက်နှင့် စားစရာအချို့မှာလိုက်ကြသည်။

“ကျွန်တော့်ကို ဘုန်းမင်းခန့်လို့ပဲ ခေါ်ပါ ကိုမိုးမြင့်ယံ”

“အိုကေ ဘုန်းမင်းခန့်၊ ကိုယ့်ကိုလည်း မိုးမြင့်ယံလို့ပဲခေါ်ပါ”

“ကောင်းပြီ မိုးမြင့်ယံ”

“ကျွန်တော့်ကို တွေ့ချင်တဲ့ကိစ္စက …”

“အင်း … ကျွန်တော့်ညီမလေး မေမြတ်နိုးနဲ့ ပတ်သက်လို့ ကိုမိုးမြင့်ယံ အထင်မှားနေတာကို ပြောပြချင်လို့ပါ”

“သြော် …”

“မိုးမြင့်ယံက ကျွန်တော်နဲ့ ညီမလေးကို အထင်လွဲနေတယ်လို့ ညီမလေးက ပြောတယ်၊ ဟိုးအရင်ကတည်း က ကျွန်တော်ရှင်းပြမယ်လို့ ညီမလေးကို ပြောပေမယ့် ညီမလေးက တားနေလို့ မရှင်းပြဖြစ်တာပါ၊ ခုလည်း ကျွန်တော့်သဘောနဲ့ကျွန်တော် မိုးမြင့်ယံကို လာရှင်းပြတာပါ၊ ညီမလေး စိတ်မကောင်းဖြစ်နေတာကို မမြင်ချင်တာရော၊ နောက်ပြီး ချစ်တဲ့သူနှစ်ယောက် ဘာမဟုတ်တဲ့ကိစ္စနဲ့ ဝေးရမှာကိုလည်း စိုးရိမ်တာကော ကြောင့် ကျွန်တော် ပြောပြတာပါ”

“ကျွန်တော်ကတော့ မေ့ကို လက်လွှတ်မခံပါဘူး ဘုန်းမင်းခန့်၊ ကျွန်တော် အလုပ်ကိစ္စအရေးတကြီး ပေါ်လာလို့ မေ့ဆီမသွားဖြစ်သေးတာပါ၊ သူ့ကိုယုံကြည်နားလည်ပြီး ချစ်မယ်လို့ ကျွန်တော် ဆုံးဖြတ်ထား ပြီးသားပါ”

“မိုးမြင့်ယံဆီက ဒီလိုစကားကြားရတဲ့အတွက် ညီမလေးကိုယ်စား ကျွန်တော်တကယ်ကိုဝမ်းသာပါတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်ရှင်းပြတာကို နားထောင်ပြီးရင် ညီမလေးကို မိုးမြင့်ယံ ပိုနားလည်သွားမှာပါ”
မိုးမြင့်ယံ ဘာမှမပြောဘဲ ခေါင်းသာညိမ့်ပြလိုက်သည်။

“ညီမလေးက ဘယ်သူနဲ့မှမတူတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုတာကို မိုးမြင့်ယံလည်း သတိထားမိ မယ်လို့ ကျွန်တော်ထင်ပါတယ်၊ သူက တော်ရုံစကားတွေကို ထုတ်ပြောဖို့ အရမ်းကို ၀န်လေးတယ်၊ ဘာမဟုတ်တာကိုလဲ သူက အရမ်းစိတ်ပူတတ်တယ်၊ သူ့အယူအဆမှန်တယ်ထင်ရင် ဘယ်တော့မှလည်း နောက်မဆုတ်တတ်ဘူးလေ၊ မိုးမြင့်ယံတို့ကြားမှာ အဲဒီအချက်က ပြဿနာဖြစ်မှာပါ၊ ကျွန်တော်က မကြာခင်မှာ ကျွန်တော့်ချစ်သူနဲ့လက်ထပ်တော့မယ်ဆိုတာကို မိုးမြင့်ယံကို ညီမလေး ပြောပြဖူးသလား”

ဘုန်းမင်းခန့်စကားကြောင့် မိုးမြင့်ယံ အံ့သြတကြီးဖြင့် သူ့ကို ကြည့်လိုက်မိသည်။

“ကျွန်တော့်ကို တစ်ခါမှ မပြောဘူး ဘူး ဘုန်းမင်းခန့်”

“ကျွန်တော်လည်း ထင်ပါတယ် မိုးမြင့်ယံ၊ သူက သူ့ကိုယ် ယုံကြည်မှုမရှိတဲ့သူကို မကြိုက်ဘူးလေ၊ ဒီကိစ္စကို ပြောလိုက်ရင် မိုးမြင့်ယံအနေနဲ့ ကျွန်တော်တို့ကို ဒီလောက်ထိ အထင်မလွဲနိုင်ဘူးဆိုတာ သူသိရက်နဲ့ မပြောဘူး၊ ဒီလို သိသွားလို့အဆင်ပြေတာမျိုးကို သူက မလိုချင်ဘူးလေ၊ နောက် အရေးကြီးဆုံးအချက်ကိုတော့ ကျွန်တော် မိုးမြင့်ယံကို သေချာပြောပြထားမယ်၊ ကျွန်တော်တို့က မိုးမြင့်ယံကြောင့် ခင်မင်ခဲ့တာဆိုရင် မိုးမြင့်ယံ ယုံချင်မှယုံလိမ့်မယ်၊ ဒါပေမယ့် အဲဒါက တကယ်ပါပဲ၊ မိုးမြင့်ယံတို့က ဟိုးအရင်ကတည်းက တစ်ယောက်နဲ့တစ်ယောက်တွေ့ခဲ့ဘူးတယ်ဆိုတာ ကျွန်တော်သိထား ပါတယ်၊ အဲဒီအချိန်ကတည်းက ညီမလေးက မိုးမြင့်ယံကို စိတ်ဝင်စားနေခဲ့တာ၊ မိုးမြင့်ယံကို သတိရပြီး သူ “မောင်နှံကျွန်း” မှာ တစ်ယောက်တည်းကျန်နေခဲ့ရင်းက ကျွန်တော်နဲ့ခင်ခဲ့တာ၊ အဲဒါထားပါလေ၊ ကျွန်တော် အဓိကပြောချင်တာက မိုးမြင့်ယံကို ညီမလေးက အရမ်းကိုချစ်တယ်ဆိုတာပါပဲ၊ သူက သူများနဲ့မတူတော့ သူချစ်တာကို မိုးမြင့်ယံနားလည်အောင် မပြတတ်ဘူးပေါ့၊ အဓိကကတော့ အဲဒါပါဘဲ၊ နောက်တစ်ခုကတော့ ညီမလေးနဲ့ ကျွန်တော်က တကယ့်မောင်နှမတွေလိုပဲ ခင်တာပါ၊ တခြားစိတ်မရှိပါဘူး၊ ကျွန်တော်တို့က တကယ့်မောင်နှမအရင်းတွေမဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက် အရမ်းခင်ကျတော့ မိုးမြင့်ယံ အမြင်မှာ သဘောတစ်မျိုးဖြစ်ချင်စရာ ဖြစ်တာဖြစ်မှာပါ၊ အဲဒီအတွက်တော့ ဘာမှမဖြစ်ပါနဲ့လို့ ကျွန်တော် ပြောချင်ပါတယ်”

“ကျွန်တော်တစ်ခုလောက်မေးချင်တယ် ဘုန်းမင်းခန့်၊ ကျွန်တော့်စိတ်ထဲမှာ ဇဝေဇ၀ါနည်းနည်းဖြစ်နေလို့ ပါ”

“ဘာများလဲ မိုးမြင့်ယံ၊ မေးပါ ရပါတယ်”

“ကျွန်တော်တို့ ပြဿနာဖြစ်တဲ့အကြောင်းကို ခင်ဗျားသိသလား၊ အဲဒီနေ့က မေနဲ့ ခင်ဗျားကိုတွဲလျက်၊ အင်း အတိအကျပြောရရင် အထင်မှားလောက်စရာပုံစံမျိုးနဲ့ ကျွန်တော်တွေ့လိုက်တာလေ”

“အဲဒါက ဒီလိုပါ မိုးမြင့်ယံ၊ တိုက်ဆိုင်တယ်လို့ပဲ ပြောရမှာပေါ့လေ၊ ဒါပေမယ့် ကျွန်တော်မဖြေခင်တစ်ခု အရင်မေးချင်တယ်”

“ဘာများလဲ ကိုဘုန်းမင်းခန့်”

“ညီမလေး ရန်ကုန်ကို ဘာကိစ္စကြောင့်လာတယ်ဆိုတာ သိသလား”

ဘုန်းမင်းခန့်အမေးကြောင့် သူတစ်ချက် တွေဝေသွားသည်။ အဲဒီတုန်းက သူ မေနှင့်အကြီးအကျယ်သာ ရန်ဖြစ်လိုက်ရသည်။ မေ ရန်ကုန်ကို ဘာကြောင့်လာသလဲဆိုတာ သူမမေးမိသလို၊ မေကလည်း သူ့ကို မပြောပြခဲ့ပေ။ မေကတော့ သူ့ကို ရန်ကုန်လာသည့်အကြောင်းပြောဖို့လုပ်ခဲ့သေးသလား။ သူ သေချာ မမှတ်မိတော့ပေ။ သူ သိသည်က အဲချိန်က မေ့ကို သူအရမ်းကို စိတ်ဆိုးနေမိခြင်းဖြစ်သည်။

“ဘာကြောင့်လာတယ်ဆိုတာ မသိဘူးလား မိုးမြင့်ယံ”
ဘုန်းမင်းခန့်အမေးကြောင့် သူ စဉ်းစားတာကို ရပ်လိုက်ရင်း

“မသိဘူး ဘုန်းမင်းခန့်၊ ကျွန်တော်လည်း မမေးမိသလို မေကလည်း မပြောပြခဲ့ဘူးလို့ထင်တာပဲ”
ဇဝေဇ၀ါဖြင့် ပြောလိုက်သည်။

“အင်း … သူနေမကောင်းလို့လာတာ ကိုမိုးမြင့်ယံ”

“နေမကောင်းလို့ …”
သူအံ့သြစွာဖြင့် ဘုန်းမင်းခန့်ကို ကြည့်လိုက်ရင်း ရေရွတ်လိုက်သည်။

“ဟုတ်တယ်”

“မေ ဘာဖြစ်လို့လဲ ဘုန်းမင်းခန့်၊ ရောဂါတစ်ခုခုဖြစ်နေလို့လား”

“မဖြစ်ပါဘူး မိုးမြင့်ယံ၊ ဒါပေမယ့် သူခဏခဏနေမကောင်းချင်သလိုဖြစ်တယ်၊ အစားအသောက်ပျက်တယ်၊ နောက်ပြီး နားကလည်းတစ်ခါတစ်ခါကိုက်တယ်လို့ပြောလို့ ကျွန်တော်က စိတ်ချရအောင် လာစစ်ခိုင်းတာ ပါ၊ ဆေးစစ်ချက်ကတော့ အားလုံးကောင်းပါတယ်၊ အဲနေ့က ကျွန်တော်တို့ကိုတွေ့တာက ဆေးခန်းက အပြန်ဖြစ်မယ်၊ နားဆရာဝန်ပြပြီးအပြန်လေ၊ နားသွားပြရင်း သူမူးလဲသွားလို့ ကျွန်တော်တွဲခေါ်လာတာကို မိုးမြင့်ယံမြင်ပြီး အထင်မှားသွားတာဖြစ်မယ်”

“မူးလဲသွားတယ်၊ ဘာဖြစ်လို့လဲ”

“နားကြည့်ရင်းနဲ့ မတော်တဆဖြစ်သွားတာပါ၊ စိုးရိမ်စရာမရှိပါဘူး မိုးမြင့်ယံ”

“သြော် …”

“ခုလောက်ဆို မိုးမြင့်ယံစိတ်ထဲမှာ မရှင်းတာတွေ မရှိတော့ဘူး မဟုတ်လား”

“ဟုတ်ကဲ့ ကိုဘုန်းမင်းခန့်၊ ခုလို တကူးတက လာရှင်းပြတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ယခုတော့လည်း မိုးမြင့်ယံစိတ်ထဲတွင် ဘာမကျေနပ်မှု၊ မယုံကြည်မှုများ မရှိတော့ပေ။ မဆင်မခြင် စွပ်စွဲခဲ့မိသော သူ့ကိုယ်သူသာ အပြစ်တင်နေမိတော့သည်။ သူ့ကိုသိပ်ချစ်ခဲ့သော ကောင်မလေးအား သူ မညှာမတာပြောခဲ့မိသည့်အတွက် စိတ်မကောင်းလည်းဖြစ်မိသည်။ မေ ပြောခဲ့ဘူးသလိုပင် တစ်ယောက်နှင့် တစ်ယောက် ယုံကြည်မှုရှိမှသာ အချစ်က ခိုင်မြဲနိုင်မည်ဖြစ်ကြောင်း သူသိရှိနားလည်ခဲ့ပြီ။မိုးမြင့်ယံကားလေးက အဝေးပြေးကားလမ်းမကြီးပေါ်တွင် တရိပ်ရိပ်ပြေးနေလေသည်။ ကြည်နူးပျော်ရွှင်ဖွယ် ကောင်းသောအချစ်ဇာတ်လမ်းလေးအား ပြန်လည်ရှင်သန်စေရန် မေမြတ်နိုးရှိရာ “သံယောဇဉ်” ဟိုတယ်လေး ဆီသို့ ဦးတည်လျက် …

Read More...

------------------------

Tuesday, August 14, 2007

အချစ်နှင့်အတူ (၂၁)

“မင်းပြောတဲ့အတိုင်းဆို ငါတောင် နားလည်ရခက်နေပြီ၊ မင်းတို့ ပြဿနာဖြစ်ပြီးနောက်ပိုင်း လုံးဝမတွေ့ ကြ တော့ဘူးလား”
မိုးမြင့်ယံ ခေါင်းကို လေးပင်စွာခါပြရင်း

“မတွေ့ ဖြစ်ပါဘူးကွာ၊ ငါလည်း သူ့ဆီ ဖုန်းမဆက်ဖြစ်ဘူး၊ သူလည်း ငါ့ဆီ ဖုန်းဆက်မလာဘူးလေ”
စိတ်ပျက်စွာဖြင့် ပြောလိုက်မိသည်။

“မင်းတို့မတွေ့တာ တော်တော်ကြာပြီမဟုတ်လား၊ မင်းကောင်မလေးကကော ခုဒီမှာလား”

“ကြာပြီလေ၊ တစ်ပတ်ကျော်လောက်ရှိပြီ၊ သူ ဒီမှာပဲလား ဟိုမှာလား ဆိုတာတော့ ငါလည်း မသိတော့ဘူး”

မိုးမြင့်ယံ သက်ပြင်းကိုသာ အခါခါချမိတော့သည်။ ဒီကာလအတွင်းမှာ မေတော့မသိ။ သူကတော့ မေ့ကို သတိရစိတ်နှင့် ဘာလုပ်လုပ် ကောင်းကောင်းကို အဆင်မပြေ။ တွေ့ချင်စိတ်ကို မြိုသိပ်ထားရတာကလည်း သူ့ရင်ထဲမှာ မခံချိမခံသာဖြစ်မိသည်။ သူကပဲ အားလုံးကို အလျှော့ပေးလိုက်ရမည်လား၊ မေ ပြောတာတွေ အားလုံးကို သူ ယုံကြည်လိုက်ရတော့မည်လား၊ ဒီတိုင်းပဲ သူတို့ဇာတ်လမ်းကို ရပ်လိုက်ရတော့မည်လား၊ ခေါင်းထဲတွင် အတွေးပေါင်းစုံဖြင့် ယောက်ယတ်ခတ်နေသည်။ သို့သော်လည်း သူ ယခုတိုင် ဝေခွဲမရနိုင် ဖြစ်နေရသည်။ နောက်ဆုံးတော့ သူ့အဖြစ်ကို သက်ဇော်ကိုသာပြောပြရင်း ရင်ဖွင့်မိတော့သည်။

“မင်း ပြောတာနားထောင်ကြည့်ပြီး ငါလည်း မင်းကောင်မလေးကို သိပ်နားမလည်တော့ဘူး မိုးမြင့်ယံ”

“အင်း ငါလည်း မေ့ကို ဘယ်လိုပုံစံနဲ့ နားလည်ရမလဲဆိုတာ မစဉ်းစားတတ်တော့ဘူး”

“အင်း မင်းတောင် မသိတာ ငါက ပိုဆိုးတာပေါ့ကွ”

“ငါနဲ့မေနဲ့ ချစ်သူတွေဆိုတာ ဘုန်းမင်းခန့်မသိတာကော ဖြစ်နိုင်လား သက်ဇော်”

“သေချာတော့ ငါမပြောတတ်ဘူး၊ ဒါပေမယ့် သူမသိဘူးလို့တော့ ငါမထင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို ခပ်တုံးတုံးသူတစ်ယောက်ဖြစ်မယ်လို့ ငါမထင်ဘူး၊ ဘုန်းမင်းခန့်က အဲလိုလူတစ်ယောက်ဖြစ်တယ် ဆိုရင် မင်းကောင်မလေးနဲ့ ဒီလိုတွေဖြစ်လာစရာအကြောင်းမရှိဘူး”

“ငါကတော့ သူတို့နှစ်ယောက်ပတ်သက်မှုက မရိုးသားဘူးလို့ ထင်တာပဲ၊ တစ်ယောက်နဲ့တစ်ယောက် ကြင်နာနေကြတာ ငါ ပြောကို မပြောချင်ဘူး၊ ဒါကို သူတို့က မောင်နှမတွေပါ၊ ရိုးသားပါတယ်လို့ပြောတာ ငါ ဘယ်လိုယုံရမလဲ သက်ဇော်”

“ငါကတော့ မေမြတ်နိုးကိုပဲ မယုံချင်တော့ဘူး မိုးမြင့်ယံ၊ သူ မရိုးသားတာလို့ပဲ ငါထင်တယ်၊ ငါ့ အထင်ကို မင်းကို ပြောပြမယ်၊ စိတ်တော့မဆိုးနဲ့၊ သူလုပ်နေတဲ့ပုံစံက ငါးရံ့နှစ်ကောင်ဖမ်းနေတဲ့ပုံစံမျိုး ဖြစ်နေတယ်လို့ ငါထင်တယ်၊ သူလုပ်နေတာတွေကို ငါသေချာမမြင်ရပေမယ့် မင်းပြောတဲ့စကားအတိုင်းအရဆို အဲလိုဖြစ်ဖို့ များနေတယ်”

သက်ဇော်ပြောတဲ့စကားလုံးတိုင်းက မိုးမြင့်ယံရင်ထဲသို့ ပူလောင်စွာဖြင့် စီးဝင်သွားသည်။ မိုးမြင့်ယံစိတ်ထဲ တွင်လည်း အသက်ရှူရပ်တော့မတတ် ခံစားနေရသည်။ သက်ဇော်ပြောတဲ့စကားလုံးတွေက မဖြစ်နိုင်ဘူးဟု မိုးမြင့်ယံလည်း မငြင်းရဲ။ ချစ်သူတွေမို့ သူ့နှုတ်က ဖွင့်မပြောရက်လို့ ခုလိုရေငုံနှုတ်ပိတ်နေခဲ့ပေမယ့်လည်း စိတ်ထဲတွင်တော့ သက်ဇော်ပြောသလိုပင် ခံစားနေရသည်။ ခုတော့ သက်ဇော်က သူ့ကို ပြောခဲ့ပြီ။ သူ ဘယ်လိုဖြေရှင်းရမလဲဆိုတာလည်း မစဉ်းစားတတ်တော့။ ခေါင်းတွေသာ ပူလာသည် အဖြေကတော့ ရှာလို့ မရပေ။ စိတ်ညစ်တာ စိတ်ပျက်တာတွေကိုသာ ခံစားနေရတော့သည်။ ဒီလိုအခြေအနေသို့ရောက်အောင် တွန်းပို့နေသော မေ့ကိုသာ ရက်စက်သည်ဟု သူဆိုချင်တော့သည်။

“ငါတော့ သေချာမသိတော့ပါဘူး သက်ဇော်ရာ၊ ဒီလိုဖြစ်နေတာကို စိတ်ပျက်သလို စိတ်လည်းညစ်တယ်၊ ငါတို့ဇာတ်လမ်းကို ဘယ်လိုဆက်ရမလဲဆိုတာတောင် မသိတော့ဘူး”

“အင်း … တကယ်ဆိုရင် မေမြတ်နိုးက သေသေချာချာ ပြောထားသင့်တယ်”

“ဘာကိုလဲ”

“မင်းတို့အကြောင်းကိုပေါ့၊ မင်းနဲ့ မေမြတ်နိုးက ချစ်သူတွေဖြစ်နေပြီဆိုတာကို ဘုန်းမင်းခန့်ကို သူက ပြောထားသင့်တာပေါ့၊ ငါ့အထင်တော့ မင်းကိုတော့ တစ်မျိုးပြောလိုက်၊ ဘုန်းမင်းခန့်ကိုတော့ တစ်မျိုး ပြောလိုက် လုပ်နေလားမသိဘူး။ မင်းတို့ချစ်သူတွေ တကယ်ဖြစ်သွားပြီဆိုတာကို ဘုန်းမင်းခန့်က မသိဘဲ မင်းကပဲ မေမြတ်နိုးကို တစ်ဖက်သတ်ကြိုက်ပြီး အတင်းလိုက်ကပ်နေတယ်လို့ ထင်နေတာ ဖြစ်နေအုံးမယ်”

သက်ဇော် ပြောသလိုပဲ မိုးမြင့်ယံလည်း စဉ်းစားခဲ့ဘူးသည်။ မေမြတ်နိုးက အခြားအရာတွေမှာ ပွင့်လင်း ရိုးသားပေမယ့် ဘုန်းမင်းခန့်နှင့်ပတ်သက်လျှင်တော့ တစ်ခုခုကို ဖုံးကွယ်ထားသလို၊ မပြောချင်သလိုဖြင့် အရမ်းကို လျှို့ဝှက်လွန်းလှသည်။ မေမြတ်နိုး ယခုပုံစံနှင့်တော့ ကြာလျှင် ဘုန်းမင်းခန့်နှင့်သူတော့မလွယ်။

“မေက ရိုးသားတဲ့မိန်းကလေးတစ်ယောက်လို့တော့ ငါယူဆပါတယ် သက်ဇော်၊ ဒါပေမယ့် ဘုန်းမင်းခန့်နဲ့ ပတ်သက်လာရင်တော့ အဲလိုမဟုတ်တော့ပြန်ဘူး၊ ဘုန်းမင်းခန့်နဲ့ပတ်သက်လာရင်ကွာ … ဘယ်လိုပြောရ မလဲ … ငါကကွာ နောက်လူဖြစ်သွားတယ်လို့ ငါ့ကိုယ်ငါခံစားရတယ်၊ အဲဒါကိုပဲ ငါက သည်းမခံနိုင်တာ”

“အင်း … ဒါဆို ဒီလိုကော မဖြစ်နိုင်ဘူးလား မိုးမြင့်ယံ”

“ဘယ်လိုလဲ သက်ဇော်”

“မေမြတ်နိုးက ဘုန်းမင်းခန့်ကို ချစ်နေပြီး ဘုန်းမင်းခန့်က သူ့ကို ဖွင့်မပြောလို့ စိတ်ဆိုးပြီး မင်းနဲ့ အရွဲ့တိုက်ပြီး တွဲပြတာမျိုးလေ”

စိတ်ညစ်လို့တိုင်ပင်မိကာမှ သက်ဇော်စကားတွေက တစ်ခုမှမသက်သာ။ တစ်ခါပြောလိုက်တိုင်း သူ့ရင်ဝကို တစ်ခါထိုးလိုက်သလို နင့်နင့်သွားရသည်။ ကြားရမသက်သာသောစကားတွေချည်း ပြောနေတော့သည်။

“ဘာပဲဖြစ်ဖြစ်ပေါ့ သက်ဇော်၊ ငါ မေ့ကို အရမ်းချစ်တယ်၊ သူက ငါ့ဘ၀အတွက် ထူးခြားတဲ့မိန်းကလေး တစ်ယောက်ပဲလေ၊ နောက်ပြီး ငါ့ဘ၀မှာ သံယောဇဉ်အဖြစ်ရဆုံး မိန်းကလေးမို့ အရမ်းမြတ်နိုးပြီး တန်ဖိုး ထားရတယ်၊ ဒါကြောင့်လည်း တော်ရုံ စိတ်မကျေနပ်စရာကိစ္စတွေကိုတော့ ဘာမှမပြော ဘာမှမဝေဖန်ဘဲ နားလည်ပေးခဲ့တယ်၊ ဒါပေမယ့် ဒီတစ်ခါတော့ ငါ ဘယ်လိုလုပ်ရမလဲဆိုတာ မသိတော့ဘူး”

“မင်းစိတ်ထဲမှာ လုပ်သင့်တယ်လို့ ယူဆတာကို လုပ်လိုက်ပေါ့ကွာ၊ ဒါပေမယ့်လည်း မဟုတ်တာတွေတော့ မလုပ်နဲ့”

“ငါ ဘုန်းမင်းခန့်နဲ့ သွားတွေ့ပြီး ပြောရင်ကောင်းမလား သက်ဇော်”

“မဟုတ်တာကတော့ စလုပ်နေပြီ၊ မင်းက သူ့ကို သွားတွေ့ပြီးတော့ ဘာပြောမလို့လဲ၊ မေမြတ်နိုးနဲ့ ကျွန်တော်က တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်တဲ့ချစ်သူတွေပါလို့ သွားပြောမလို့လား”

“မသိဘူးလေကွာ၊ သွားတွေ့ရင် ကောင်းမလားလို့စဉ်းစားမိလို့ပါ၊ မင်းကလဲ”

“မင်းကလဲ လုပ်မနေနဲ့၊ အဲလို အူကြောင်ကြောင်တွေလုပ်လို့ ခုလိုဖြစ်နေတာ၊ ဟိုက ဘာမှန်းမသိဘဲနဲ့ သွားပြောတော့ မင်း သူ့ကိုသွားစော်ကားသလိုဖြစ်မှာပေါ့ကွ၊ စဉ်းစဉ်းစားစားလေးလည်း လုပ်ပါကွာ၊ မင်းလုပ်ပုံက မေမြတ်နိုးကို ရမရတော့ မသိဘူး၊ လက်သီးစာတော့ ရတော့မှာ သေချာသလောက်ပဲ”

“မင်းကတော့ အပြောလေးနဲ့ ဟုတ်တယ်ကွ၊ ဟိုမှာက ငါ့ကို ငါတို့ဇာတ်လမ်းကို သူ့ဘက်ကပဲ စရပ် ပါတယ်၊ ပျော်ရွှင်ပါစေလို့ ပြောသွားတာကွ၊ သူ့ကို မယုံသင်္ကာနဲ့ ထပ်သွားပြောရင်လည်း တကယ်ပြတ် ကြရုံရှိတော့မယ်၊ ဒါကြောင့် ဘုန်းမင်းခန့်နဲ့တွေ့ပြီး ရှေ့ဆက်သင့်ဆက် မဆက်သင့်လည်း ဆက်လို့ရမယ့် နည်းလမ်းရှာရမှာကွ”

“မင်း မေမြတ်နိုးကို ဘယ်လိုပဲဖြစ်ဖြစ် အပြတ်မခံနိုင်ဘူးပေါ့”

“ဟုတ်တယ် သက်ဇော်၊ မေ့ကို ငါတကယ်ချစ်တာ၊ လက်ထပ်ဖို့အထိ ရည်ရွယ်ထားပြီးသား”

“ဒါဖြင့်လည်း မင်းအကောင်းဆုံးနည်းလမ်းကို ရှာပေါ့ကွာ၊ ဖြစ်နိုင်မယ်ဆိုရင်တော့ မေမြတ်နိုးပြောသလို သူတို့နှစ်ယောက်ကို မင်းယုံကြည်ပြီး နားလည်ပေးလိုက်ပေါ့၊ ဒါဆို အားလုံးက ပြေလည်သွားမှာပါ၊ အရေးကြီးတာက မင်းတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချစ်နေကြဖို့ပဲ၊ ချစ်နေကြမှတော့ ကျန်တာတွေကို မေ့ပစ်ပြီး ယုံယုံကြည်ကြည်နဲ့ လက်တွဲကြပေါ့ကွာ”

“အင်း၊ မင်းပြောသလိုပဲ လုပ်ရတော့မှာပေါ့ကွာ၊ ချစ်မိပြီဆိုမှတော့ အတတ်နိုင်ဆုံး ယုံကြည်နားလည်ပေး ရမှာပေါ့”

“အင်း … အဲဒါအကောင်းဆုံးပဲ မိုးမြင့်ယံ”

Read More...

------------------------

Monday, August 13, 2007

အချစ်နှင့်အတူ (၂၀)

“ဒါဖြင့် ညီမလေးတို့ ခုထိအဆက်အသွယ်မရတော့ဘူးပေါ့”

“ဟုတ်တယ် ကိုကို”

“ကိုကို သွားရှင်းပြလိုက်ရမလား ညီမလေး”
ဘုန်းမင်းခန့် စိတ်မကောင်းစွာဖြင့် မေးလိုက်သည်။

“မလိုတော့ပါဘူး ကိုကိုရယ်၊ ညီမကို မယုံကြည်တဲ့သူတစ်ယောက်ကို ညီမ ဘာမှမပြောလိုတော့ပါဘူး”

“အဲလိုလည်းမဟုတ်ဘူးလေ ညီမလေး၊ သူ ဒီလိုဖြစ်တယ်ဆိုတာကလည်း ညီမလေးကို အရမ်းချစ်လို့ဖြစ် တာပဲလေ၊ ကိုကို ရှင်းပြလိုက်ရင် အဆင်ပြေမှာပါ”

“သူ ဒီလိုဖြစ်တယ်ဆိုတာ ချစ်လို့ဆိုတာကို ညီမ နားလည်ပါတယ် ကိုကို၊ ဒါပေမယ့် ညီမကို သူပြောသွားတာ တွေကို ညီမ တကယ်ကိုခွင့်မလွှတ်ချင်ဘူး ကိုကို၊ ကိုကို ညီမအကြောင်းကို သိပါတယ်၊ ညီမ ချစ်တဲ့ပုံစံနဲ့ သူချစ်တဲ့ပုံစံက လုံးဝကို မတူဘူးဖြစ်နေတယ်၊ နောက်ပြီး ရှင်းပြတယ်ဆိုတာကလည်း ရှုပ်ထားတဲ့သူတွေအတွက်သာ လိုတာပါ၊ ညီမက ဘာမှရှုပ်ထားတာမရှိတဲ့အတွက် ဘာကိုမှရှင်းပြဖို့ မလိုဘူး လို့ထင်ပါတယ် ကိုကိုရယ်”

“အင်းလေ ညီမလေးသဘောပါ၊ ညီမလေးအဆင်ပြေမယ်ထင်တာသာ လုပ်ပါ”

“ညီမ ကိုကို့ကို ပြောပြဘူးတယ်မဟုတ်လား၊ ညီမက သ၀န်တိုတာတွေ ဘာတွေကို မကြိုက်ဘူးလေ၊ နောက်ပြီး ညီမက လူတစ်ယောက်ကို ပေးဆပ်ခြင်းနဲ့ပဲချစ်ချင်တာ၊ ညီမသိပ်ချစ်တဲ့သူတစ်ယောက်က ညီမကို ပစ်ပြီး နောက်တစ်ယောက်ကို ချစ်သွားမယ်ဆိုရင်တောင် ညီမ သူတို့အတွက် ပြုံးပြုံးလေးနဲ့ ဆုမွန်ကောင်း တောင်းပေးမှာပါ၊ ညီမရင်ထဲမှာ ဘယ်လောက်ပဲ ကြေကွဲနေပါစေ၊ ညီမလုယူမှာမဟုတ်ဘူး ကိုကို၊ သူ ပျော်ရွှင်နေတယ်ဆိုရင် ပြီးတာပါပဲ၊ အမှန်တကယ်ကတော့ လူချင်းမတူကြလို့ ချစ်တဲ့ပုံစံချင်းလည်း ကွဲသွား တဲ့သဘောပါ၊ သ၀န်တိုတာပဲဖြစ်ဖြစ်၊ သ၀န်မတိုတာပဲဖြစ်ဖြစ် အားလုံးဟာ ကိုယ့်ခံယူချက်ပေါ် မူတည်ပြီး ပြောင်းသွားတာပဲ၊ ချစ်တာကတော့ အားလုံးတူတူချစ်ကြတာပါပဲ၊ အရမ်းချစ်ရင် သ၀န်တိုရမှာပေါ့လို့ ပြောလို့မရသလို တကယ်မချစ်လို့ သ၀န်မတိုတာပေါ့လို့လည်း ပြောလို့မရပါဘူး၊ ညီမရဲ့အချစ်က ရယူလိုတဲ့အချစ်မဟုတ်ဘူး၊ ညီမချစ်တဲ့သူ ပျော်နေရင် ညီမ ဘယ်လောက်ပဲ ခံစားရပါစေကျေနပ်တယ်၊ သူပျော်နေတာကိုပဲ ညီမက မြင်ချင်တာ၊ ဘယ်လိုပဲဖြစ်ဖြစ် ညီမသူ့ကိုနားလည်ပေးနိုင်တယ်၊ ဒီလို နားလည် ပေးတာဟာ ညီမ သူ့ကို အရမ်းချစ်လို့ဆိုတာ ညီမစိတ်ကို မသိရင် သူမသိနိုင်ဘူး၊ သူ ညီမကို ထင်တာက သူချစ်သလောက် ညီမက သူ့ကို မချစ်ဘူးလို့ ထင်တာလေ”

မေမြတ်နိုးက ဘုန်းမင်းခန့်အား သူ့ရင်ထဲမှစကားများကို ပြောပြလိုက်တော့သည်။ သူ့ရင်ထဲတွင် အလွန်ကို မွန်းကြပ်နေသည်လေ။ ရက်ရက်စက်စက်စကားလုံးတွေ ပြောသွားခဲ့သော မိုးမြင့်ယံကို သူ စိတ်မနာရက်ပေ မယ့် အဲဒီလိုပြောသည့်အတွက်တော့ မေမြတ်နိုး အရမ်းကို ခံစားရသည်။

“အဲဒီလို မထင်ပါဘူး ညီမရယ်”

“ကိုကိုကော ညီမကို ညီမတော်ရတာတွေ ခင်ရတာတွေ စိတ်မကုန်ဘူးလားဟင်၊ ညီမက အမြဲတစ်ခုမဟုတ် တစ်ခုဖြစ်နေတာလေ”

“မဖြစ်ပါဘူးဗျာ၊ ဘာလို့ဖြစ်ရမှာလဲ”

“ညီမ တစ်ခါတစ်လေ စဉ်းစားမိတယ် သိလား၊ မဆုံစည်းနိုင်ဘူးဆိုမှတော့ ကံကြမ္မာက ဘာလို့ မေတို့ကို ပြန်တွေ့ခိုင်းနေသေးလဲနော်၊ ပြန်တွေ့ခိုင်းတယ်ဆိုရင်လည်း ဒီလိုအဖြစ်တွေမျိုးတော့ မဖြစ်လာသင့်ဘူး မဟုတ်လား၊ ညီမ ဒီလိုအဖြစ်တွေကို မုန်းတယ်၊ စိတ်ညစ်ရတာတွေကိုလည်း မုန်းတယ်၊ ဒီလိုဖြစ်ရင် အစကတည်းက ပြန်မတွေ့ခဲ့ကြတာ ကောင်းတယ်”

“ဟာ … ညီမလေးကတော့ မဟုတ်တာတွေ ပြောနေပြန်ပြီ၊ ဒါတွေက အမြဲရှိနေမယ့်သဘောတွေပဲလေ၊ အဲဒါတွေကို ကြံ့ကြံ့ခံနိုင်အောင် ကိုကိုတို့က ကြိုးစားရမှာ မဟုတ်လား၊ တခြားဟာတွေ မစဉ်းစားပါနဲ့ ညီမရယ်၊ နောက် ပြန်အဆင်ပြေမှာပါ၊ နောက်ပြီး ကိုကို ပြောပြမယ် ညီမလေး၊ လောကမှာ စိတ်ဆင်းရဲစရာရှိမှ စိတ်ချမ်းသာရတဲ့ အရသာကို သိမယ်၊ မုန်းဘူးမှ ချစ်ရတဲ့အရသာကို သိမယ်၊ အကောင်းနဲ့အဆိုး ဒွန်တွဲနေမှသာ ဘ၀ရဲ့အနှစ်သာရကို ခံစားတတ်ကြမှာပေါ့၊ ဒါကြောင့် ညီမလေးလည်း ဘ၀ရဲ့အနှစ်သာရကို ခံစားတတ်အောင် သင်ယူရတယ်လို့ပဲ သဘောထားပါ၊ မုန်တိုင်းပြီးရင်တော့ လေပြေ လာမှာပါ ညီမလေးရယ်၊ ဟုတ်ပြီလား”

“ဟုတ်ကဲ့ပါ ကိုကိုရယ်၊ ညီမကို နားလည်ပေးတဲ့အတွက် ကိုကို့ကို အရမ်းကို ကျေးဇူးတင်ပါတယ်ရှင်”

“မလိုပါဘူးဗျာ”

“ဟုတ်ကဲ့ပါ ကိုကို”

“ဒါနဲ့ ကိုကို့မင်္ဂလာကိစ္စကော တော်တော်စီစဉ်ပြီးနေပြီလား”

“အင်း ပြီးသလောက်တော့ရှိပြီ ညီမလေး”

“ကိုကိုက ဘာလို့မင်္ဂလာပွဲကို အဲဒီမှာလုပ်တာလဲဟင်”

“သက်က အဲဒီမှာလုပ်ချင်တာ ညီမလေးရဲ့၊ သူ့စိတ်ကူးယဉ်အိပ်မက်တဲ့လေ၊ ဟိုးငယ်ငယ်လေးကတည်းက သက်က သူမင်္ဂလာဆောင်ရင် ကမ်းခြေတစ်ခုခုမှာလုပ်မှာဆိုပြီး ပြောခဲ့တာ”

“ဟုတ်လား”

“ဟုတ်တယ် ညီမလေးရဲ့”

“မမသက်က ကိုကို့ကို အရမ်းချစ်တယ်နော်၊ ကိုကို့ကိုလည်း ယုံကြည်တယ်၊ အရမ်းလည်းသဘောထားကြီး တယ်နော်”

“ကိုကိုကလည်း သူ့ကို ချစ်တာပါပဲဗျာ၊ ညည်းလေးရဲ့ မမသက်ကပဲ ကိုကို့ကို ချစ်တာမဟုတ်ပါဘူး”

“အင်းပါ ကိုကိုကလဲ၊ ကြော်ငြာဝင်နေပြန်ပါပြီ”

“ကြုံတုန်းမို့ပါ”

ဘုန်းမင်းခန့်စကားကြောင့် နှစ်ယောက်စလုံး ရယ်လိုက်မိသည်။

“ကိုကိုက မမသက်ကို ချစ်သလို ယုံကြည်သလို နားလည်သလို မောင်ကလည်း ညီမကို ချစ်ရင် ယုံကြည်ရင် နားလည်ရင် သိပ်ကောင်းမှာဘဲနော်”
မေမြတ်နိုး သက်ပြင်းလေးချရင်း ပြောလိုက်မိသည်။

“မိုးမြင့်ယံကလည်း ညီမကို သိပ်ချစ်ပါတယ်၊ ဒါကြောင့်လည်း သူ ကိုကိုတို့ကို စိတ်ဆိုးတာပေါ့၊ မချစ်ရင် အဲလိုဘယ်ဖြစ်ပါ့မလဲ ညီမရယ်”

“ညီမလည်း အဲလိုဖြစ်ပါစေလို့ပဲ မျှော်လင့်ပါတယ် ကိုကိုရယ်”

“ကဲပါ၊ အဲဒါတွေ ခဏမေ့ထားလိုက်ပါ၊ ပျော်ပျော်ပဲနေ ဟုတ်ပြီလား၊ ဒါနဲ့ ညီမလေး ဘယ်တော့ပြန်မှာလဲ”

“နောက်နှစ်ရက်လောက်ဆို ညီမပြန်တော့မယ် ကိုကို၊ ဒီတစ်ခါပြန်ပြီးရင်တော့ ညီမတော်တော်နဲ့ ပြန်လာနိုင် မယ် မထင်ဘူး၊ ညီမ ခွင့်တွေအများကြီးယူသလိုဖြစ်သွားတယ်ဆိုတော့လေ”

“အင်း၊ ဒီတစ်ခါက ကျန်းမာရေးအတွက် လာရတာပဲလေ၊ သူတို့နားလည်မှာပါ”

“ဟုတ်ကဲ့ကိုကို၊ ညီမတို့မန်နေဂျာက သဘောကောင်းတော့ ညီမအဆင်ပြေပါတယ်၊ ညီမကိုလည်း အားလုံးက နားလည်ပေးကြပါတယ်၊ ဒါကြောင့်လည်း ညီမက သူတို့ကို အားနာနေရတာလေ”

“အင်းပေါ့၊ ဟိုပြန်ရောက်သွားရင်လည်း ကျန်းမာရေးကို ဂရုစိုက်အုံးနော်”

“ဟုတ်ကဲ့ပါ၊ ဟိုနေ့က ကိုကို တော်တော်လန့်သွားတယ်ထင်တယ်”

“လန့်သွားတာပေါ့၊ ညီမက ရုတ်တရက်ဖြစ်သွားတဲ့ဟာ”

“ဟုတ်ပါ့ ကိုကိုရယ်၊ ညီမကလေ ဖြစ်လိုက်ရင် အမြဲရုတ်တရက်ချည်းပဲလေ၊ ငယ်ငယ်ကတည်းက အဲလိုပဲ ဖြစ်နေတော့တာပါပဲ၊ ဒါပေမယ့် ကိုကိုက ဆရာဝန်ပဲဟာ၊ ဘာလို့အဲလောက်တောင်လန့်သွားတာလဲ”

“ဟ … မိမြတ်နိုးလေးရဲ့၊ ဆရာဝန်လည်း လန့်တတ်တာပေါ့ဟ၊ နောက်ပြီး ညည်းလေးက ချက်ချင်း ကောက်ကာငင်ကာ ဖြစ်သွားတာကိုး”

“ဟုတ်ပါပြီရှင်၊ နောက် ဒီထက်လန့်အောင်ဖြစ်ပေးမယ်သိလား”
မေမြတ်နိုးက နောက်ပြောင်ရင်း ပြောလိုက်သည်။

“အင်းပါ၊ ခဏခဏ အဲလိုရုတ်တရက်တွေဖြစ်၊ ကြာရင် ဘေးကလူတွေ ညည်းလေးကြောင့် နှလုံးရောဂါ ရကုန်မယ်”

“ကောင်းတာပေါ့ ကိုကိုရဲ့”

“အင်းပါ၊ ကောင်းပါ ကောင်းပါ”

ဘုန်းမင်းခန့်စကားဆုံးသည်နှင့် နှစ်ယောက်စလုံး သဘောကျကာ ရယ်လိုက်မိကြပြန်သည်။

♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠

Read More...

------------------------

Sunday, August 12, 2007

အချစ်နှင့်အတူ (၁၉)

(၁၆)

မြင်လိုက်ရသောမြင်ကွင်းကြောင့် မိုးမြင့်ယံ ရုတ်တရက်အသက်ရှူရပ်သလိုပင် ဖြစ်သွားရသည်။ မေမြတ်နိုး ပခုံးကို ဘုန်းမင်းခန့်က ဖက်ထားပြီး ဘုန်းမင်းခန့်ပုခုံးပေါ်တော့ မေမြတ်နိုးက ခေါင်းကိုမှီကာထားသည်။ ဘာတွေဘယ်လိုဖြစ်ကုန်လဲဆိုတာ သူနားမလည်နိုင်တော့။ သူ့ခေါင်းကို မိုးကြိုးအခါခါ ပစ်လိုက်သလို ခံစားလိုက်ရသည်။ မြင်ရတွေ့ရတာတွေက ဘယ်လိုမှ သူမထင်ထားမိတဲ့အရာတွေ။ သူ အံ့သြမှုနှင့်အတူ ဒေါသလည်း အလွန်ထွက်လာတော့သည်။ သူ့ယုံကြည်မှုကို အလွဲသုံးစားလုပ်သော ထိုမိန်းကလေးကို သူ အလွန်ကိုစိတ်နာမိသည်။ အချစ်ကြီးတော့ အမျက်ကြီးတယ်ဆိုတဲ့စကားအတိုင်း ယခုတော့သူ မေ့ကို ချစ်မိသလောက် စိတ်အဆိုးကြီးဆိုးမိပြီ။ ရန်ကုန်ရောက်နေတယ်ဆိုလို့ သူကတွေ့ကြရအောင်ဆိုတော့ “မေ နေမကောင်းလို့ နောက်နေ့မှတွေ့ကြရအောင်” လို့ သူ့ကိုပြောခဲ့ပြီး ယခုတော့ သူက ဘုန်းမင်းခန့်နှင့် လျှောက်သွားနေသည်။ မိမိကို ကောင်းကောင်းကြီးလိမ်လိုက်သည်။ မိမိရဲ့အသုံးမကျမှုကိုတွေးမိရင်း မိုးမြင့်ယံ ရင်ထဲမှ တဆစ်ဆစ်နာလာတော့သည်။

နားလည်ပေးနိုင်ဖို့ ကြိုးစားဖို့မလိုတော့ ဟု မိုးမြင့်ယံ တွေးနေမိတော့သည်။ သူ့မျက်နှာ သူ့ပုံစံလေးနှင့် မှမတန် ကောက်ကျစ်လှသောမိန်းကလေးပဲဟု မိုးမြင့်ယံထင်နေမိသည်။ ဒီလိုအပြော၊ ဒီလိုပုံစံနှင့် ယောက်ျားလေး ဘယ်နှစ်ယောက်ကို အရူးလုပ်ခဲ့ပြီလဲမသိ။ ကိုယ်ချစ်ခဲ့သော မိန်းကလေးပေမယ့် သူ အလွန်နာကျည်းဝမ်းနည်းမိသည်။ ဘယ်လိုမှမထင်ရက်နိုင်စရာပုံစံနှင့် သူ့မေတ္တာကို လှလှပပကို စော်ကားသွားခဲ့ပြီ။ မေမြတ်နိုးက သူ့ချစ်သူပါလို့ သိတဲ့သူများသာ မြင်သွားလျှင်တော့ သူ့ကို သနားစရာလူတစ်ယောက်အဖြစ် ဟားတိုက်ရယ်မောလို့သာ နေတော့မည်ထင်သည်။ သက်ဇော်ကို ပြောပြလျှင်လည်း “ဟိုးအရင်ကတည်းက မင်းကို ငါမပြောခဲ့ဘူးလား၊ ခုမှ လာငိုပြမနေနဲ့” လို့ပဲ ပြောတော့မည်။ “ဘယ်သူမပြုမိမိမှု” ဆိုသလို မိုးမြင့်ယံ ကိုယ့်အပြစ်နှင့်ကိုယ်သာ ခံရန်ရှိတော့သည်။

မေမြတ်နိုးနှင့်ချစ်သူတွေဖြစ်ပြီးနောက် တစ်ခါမှမသောက်ဖြစ်သောအရက်ကို သူအခုတော့ ရေတောင်မရောဘဲ သောက်နေမိပြီ။ မိန်းမတစ်ယောက်ကြောင့် ဘယ်တော့မှမသောက်ဘူးလို့ ဆုံးဖြတ်ခဲ့ပေမယ့် မိုးမြင့်ယံ မခံစား နိုင်တော့။ တစ်ခွက်ပြီးတစ်ခွက်သောက်ရင်း ညနေကမြင်ကွင်းကို မေ့ဖျောက်ပစ်သည်။ သို့သော်လည်း သူ ဒီမြင်ကွင်းကို ဘယ်လိုမှ မေ့လို့မရ။ နောက်ဆုံးမှာတော့ သူ မေမြတ်နိုးရဲ့ ဖုန်းနံပါတ်ကလေးတွေကို နှိပ်လိုက်မိတော့သည်။

“ဟယ်လို …”

“မေလား …”

မိုးမြင့်ယံ အသံကိုထိန်းရင်း မေမြတ်နိုးအား ခေါ်လိုက်သည်။ သို့သော်လည်း သူ့အသံက လေးလေးပင်ပင် ဖြစ်နေသည်။ သူ့အသံကို ဂရုစိုက်မိသည့်ဟန်ဖြင့် မေမြတ်နိုးက သူ့အား မေးခွန်းမေးလာတော့သည်။

“ဟုတ်တယ် မောင်၊ မောင့်အသံကတစ်မျိုးပဲ၊ ဘာဖြစ်လို့လဲ မောင်”

“ဘာမှမဖြစ်ပါဘူး မောင့်အချစ်ရယ်၊ မောင် အရက်လေးနည်းနည်းပဲ သောက်ထားတာပါ”

“မောင်က အရက်သောက်နေတာ၊ ဒါဖြင့် မောင်မူးနေတာပေါ့”

“မူးပေမယ့် မောင် မောင့်ချစ်လေးကို မမေ့သေးပါဘူးကွာ၊ မောင့်ချစ်လေး နေကောင်းသွားပြီလား၊ ကိုကိုနဲ့ တွေ့လိုက်ရလို့ အားလုံးပျောက်သွားပြီလား … ဟင် … မောင့်အချစ်လေး”

“မောင် …”

“ပြောလေ … မောင့်ချစ်ဆုံးလေးပြော”

“မောင် … ဖုန်းချလိုက်တော့၊ မေ အမူးသမားတစ်ယောက်နဲ့စကားမပြောချင်ဘူး မောင်၊ မနက်မှ မောင့်ဆီ မေဆက်လိုက်မယ်၊ ဒါပဲမောင်”
စကားဆုံးသည်နှင့် မေမြတ်နိုးက ဖုန်းကိုချသွားခဲ့သည်။ မိုးမြင့်ယံ တစ်ချက်ပြုံးလိုက်ပြီး ထရယ်လိုက်မိတော့ သည်။

“မေမြတ်နိုးရယ် … မင်း ငါ့ကိုချစ်တယ်လို့များ ဘာလို့ပြောခဲ့တာလဲ၊ မှားပြီးတော့များ ငါ့ကို ပြောခဲ့တာလားကွာ၊ ငါတကယ်ကို သိချင်တယ်၊ မင်း မှားပြောလားမပြောလားဆိုတာကိုပေါ့”
မိုးမြင့်ယံ စိတ်ထဲမှ တစ်ယောက်တည်း မေးနေမိသည်။

♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠

မေမြတ်နိုး ပြန်မဆက်လာခင်မှာပင် မိုးမြင့်ယံက အရင်ဖုန်းဆက်လိုက်တော့သည်။ သူအရာရာကို ပြတ်ပြတ်သားသားလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီ။ နောက်ထပ် ဒီလိုသူအလှည့်စားမခံနိုင်တော့။ ဒါကြောင့်ပဲ သူ့သဘောထား အားလုံးကို ပြောဖို့ သူကပဲအရင် ဆက်လိုက်တော့သည်။

“ဟယ်လို …”

“မေ …”

“မောင် အမူးပြေသွားပြီလား၊ ခေါင်းတွေကိုက်နေလား မောင်”

“ပြေသွားပြီ၊ ခေါင်းလည်းမကိုက်ဘူး၊ အဲဒါတွေထားပါ၊ မေ့ကို မောင်တစ်ခုပြောမလို့”

“ဟုတ် ပြောလေ မောင်”

“မေ တစ်ခုခုကို ပြတ်ပြတ်သားသားလုပ်ပါ၊ တကယ်လို့ မေ ပြတ်ပြတ်သားသားမလုပ်နိုင်ရင် မောင်တို့ ဇာတ်လမ်းကို ဒီမှာတင်ရပ်လိုက်ကြတာ အကောင်းဆုံးပဲ မေ”

“ဘာဖြစ်လို့လဲ မောင်၊ မေက ဘာကိုပြတ်ပြတ်သားသားလုပ်ရမှာလဲ၊ မေတို့ ဇာတ်လမ်းကို ရပ်မယ်ဆိုတာကကော ဘာလဲမောင်၊ ဘာတွေလဲ မောင်၊ မောင် ဘာကိုဆိုလိုတာလဲ”

“ဒီမှာ မေ၊ မေ့ရဲ့လုပ်ရပ်တွေကို မောင် အားလုံးသိတယ်၊ အဲဒီလို မေရဲ့လုပ်ရပ်အတွက် မောင်အရှက်မရချင် ဘူး၊ ခုမှဘာမှ မသိချင်ယောင်ဆောင်မနေပါနဲ့ မေ၊ မေက အဲလောက်တုံးတဲ့မိန်းကလေးမဟုတ်ဘူးဆိုတာ မောင် ကောင်းကောင်းသိထားပါတယ်”

“မေ တကယ်နားမလည်ဘူး မောင်၊ မောင် ဘာကိုပြောချင်တာလဲ၊ ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်းပြောပါ”

“အိပ်ချင်ယောင်ဆောင်သူက နှိုးရခက်ပါတယ် မေ၊ ဒါပေမယ့် မင်းက အိပ်ချင်ယောင်ဆောင်တော့လည်း ငါကပဲ မရရအောင် နှိုးပေးရတော့မှာပေါ့”

“ “မင်း” တွေ “ငါ” တွေနဲ့ မပြောပါနဲ့ မောင်၊ မေ အဲလိုပြောတာ မကြိုက်ဘူး”

“မင်း မကြိုက်လည်း မတတ်နိုင်ဘူး၊ မင်းကို ကောင်းကောင်းပြောနေတာ မင်းက ဝေ့လည်ကြောင်ပတ် လုပ်နေတာ”

“မောင် မေ့ကို မအော်ပါနဲ့၊ မေ စိတ်မကောင်းအရမ်းဖြစ်တယ်၊ နောက်ပြီး မေ ဘာမှဝေ့လည်ကြောင်ပတ် မလုပ်ဘူး”

“စိတ်မကောင်းဖြစ်ရင်လည်း အဲနားမှာတင် လဲသေလိုက်” ဆိုသော စကားကိုတော့ မိုးမြင့်ယံ စိတ်ထဲမှ အော်ပြောလိုက်မိသည်။ ဒေါသကြောင့် လူတစ်ကိုယ်လုံးလည်း အတော်ပင်တုန်ရီနေပြီ။ သိပ်ချစ်ခဲ့သောချစ်သူ တစ်ယောက်ကို ဒီလိုစကားတွေ ပြောနေရတော့ သူအလွန်ကို ရင်နာမိသည်။ သို့ပေမယ့်လည်း မေမြတ်နိုး၏ ဟိုလိုလိုဒီလိုလိုဖြင့် ဝေ့လည်ကြောင်ပတ်လုပ်နေသောအသံက သူ့ဒေါသကို တစ်စထက်တစ်စတိုးအောင်လုပ် နေတော့သည်။သူ ဒီလိုစကားတွေကို မပြောချင်ပေမယ့်လည်း အခြေအနေတွေက ထိုသို့ပြောရအောင် ဖန်တီးနေလေပြီ။ မေမြတ်နိုးအသံကတော့ တိုးတိမ်ပြီး တုန်ခါလို့နေသည်။ သို့သော်လည်း မေမြတ်နိုး ငိုနေလား မငိုဘူးလား ဆိုတာလည်း သူမသိချင်တော့။ ကိစ္စတွေ ပြတ်ပြတ်သားသားမဖြစ်ခင် မေမြတ်နိုးကို သူမတွေ့ချင်၊ မမြင်ချင် တော့။ ဒီလို ခါးသီးတဲ့ဝေဒနာနဲ့အဖြစ်တွေကို သူ ဘယ်ကိုသွားလွှင့်ပစ်ရမလဲဆိုတာလည်း မသိ။ စိတ်ညစ်ပြီး ရူးချင်လို့သာ နေတော့သည်။

“ကိုယ် ဘယ်လိုခံစားရမလဲဆိုတာ မင်းနည်းနည်းမှ မစဉ်းစားဘူးလား မေမြတ်နိုး၊ ဟိုးအရင်က မင်း ဘုန်းမင်းခန့်နဲ့ ဘယ်လောက်ခင်ခင်၊ ဘယ်ကိုသွားသွား ဘာမှမဖြစ်ဘူး၊ ဒါပေမယ့် မင်းက ခုချိန်မှာ ငါ့ရဲ့ချစ်သူပါ၊ တစ်ခါတစ်လေ ရန်ကုန်ကိုရောက်လာတဲ့အချိန်မှာ ကိုယ့်ချစ်သူနဲ့တော့ နေမကောင်းလို့ မတွေ့သေးဘူးဆိုပြီး အဲဒီကောင်နဲ့တော့ မင်းက လျှောက်သွားနေရသလား၊ မင်း သွားချင်တိုင်းသွားလို့ မရတော့ဘူးကွ၊ နည်းနည်းပါးပါးတော့ အနေအထိုင် ဆင်ခြင်ဖို့ကောင်းတယ်၊ နောက်ပြီး ငါ့အတွက်လည်း နည်းနည်းတော့ စဉ်းစားပေးသင့်တယ်လို့ မင်းမထင်ဘူးလား”

“တော်တော့ မောင်၊ မောင့်စကားတွေက မေ့ကို အပြည့်အ၀ကို စော်ကားလွန်းရာကျနေပြီ၊ အကျိုးအကြောင်းကို အရင်မမေးဘဲနဲ့ ခုလို မေတို့ကို စော်ကားဖို့မကောင်းဘူး မောင်၊ မောင့်ကို မောင်နဲ့မေ ချစ်သူတွေမဖြစ်ခင်ကတည်းက မေ့ကို မောင်နားလည်ပေးနိုင်ရဲ့လားလို့ မေ မေးခဲ့တယ်၊ နောက်ပြီး ကိုကိုက မေ့ရဲ့အစ်ကိုပါလို့လဲ မောင့်ကို မေ ခဏခဏရှင်းပြခဲ့ဘူးပြီးပြီ၊ အဆိုးဆုံးကတော့ မေ ဟိုနေ့က ကိုကိုနဲ့ ဘယ်သွားတာလဲဆိုတာ မောင် သေချာမမေးဘဲနဲ့ မေ့ကိုရော ကိုကို့ကိုပါ စော်ကားလိုက်တာပဲ၊ ချစ်သူဘ၀မှာရော လက်ထပ်ပြီးတဲ့အချိန်မှာပါ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုက သိပ်ကို အရေးကြီးတယ်မောင်၊ ဘယ်လောက်ပဲချစ်နေပါစေ ယုံကြည်မှုဆိုတာ မရှိမှတော့ နားလည်ပေးနိုင်တော့မှာ မဟုတ်သလို ချစ်နိုင်တော့မှာလဲ မဟုတ်ဘူးမောင်၊ အရေးကြီးဆုံးဖြစ်တဲ့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုဆိုတာက မောင့်ဆီမှာ ရှိမှမနေဘဲကိုး၊ မေ့ကို မောင်က ဒီလိုမယုံကြည်မှတော့ မောင်ပြောသလိုပဲ မေတို့ဇာတ်လမ်းကို ဒီမှာတင်ရပ်လိုက်တာ အကောင်းဆုံးပါမောင်”

“မင်း ဒီလိုစကားလုံးလှလှလေးတွေသုံးပြီး ဘယ်နှစ်ယောက်ကို အရူးလုပ်ခဲ့တာလဲ မမေမြတ်နိုး၊ တခြားသူ တွေကတော့ မင်းရဲ့ ဒီလိုစကားလုံးလှလှလေးတွေကို ကြားပြီး မင်းကိုပြန်ပြီးယုံကြည်ချင် ယုံကြည်လိမ့်မယ်၊ ဒါပေမယ့် မိုးမြင့်ယံဆိုတဲ့ ငါကတော့ မရဘူးဆိုတာ မင်းမှတ်ထားလိုက် မေမြတ်နိုး”

“မောင့်စကားတွေကို ဒီလောက်နဲ့ရပ်သင့်ပြီလို့ မထင်ဘူးလားမောင်၊ မောင့်ကို မေ သိပ်ချစ်လွန်းလို့သာ မေ မောင့်ကို သည်းခံနေတယ်လို့မှတ်ထားလိုက်ပါမောင်၊ မောင့်စကားလုံးတွေက မေ့ရဲ့မာန၊ မေ့ရဲ့သိက္ခာတွေကို သိပ်ကိုစော်ကားလွန်းရာကျနေပြီ မောင်”

“အေး … ငါကလည်း မင်းကို ချစ်လွန်းလို့သာ ဘာမှမသိသလိုနေခဲ့တာ၊ မင်းကို ဒီလောက်ထိ နားလည်ပြီး ချစ်ခဲ့တယ်ဆိုတာ မင်းနားလည်ထားလိုက် မေမြတ်နိုး”

“မောင်က ဘာကို မသိချင်ယောင်ဆောင်ပြီး ဘာကိုနားလည်ပေးခဲ့တာလဲ မောင်”

“မင်းနဲ့ ဘုန်းမင်းခန့်လေ၊ မင်းတို့ ငါ့ကွယ်ရာမှာ တွေ့ချင်တိုင်းတွေ့၊ စားချင်တိုင်းစား၊ ကြည်နူးချင်တိုင်း ကြည်နူးနေကြတာတွေ”

မိုးမြင့်ယံ ပြောရင်းပြောရင်းဖြင့် ၀မ်းနည်းလို့လာတော့သည်။ စိတ်ထဲရှိတိုင်းသာ ပြောလိုက်ရရင်တော့ မေ့အတွက် နစ်နာစရာ စကားလုံးတွေသာဖြစ်လာတော့မည်။ ဒေါသနှင့် ၀မ်းနည်းမှုတို့ကြောင့် သူ့ရင်ထဲမှာ မခံချိမခံသာဖြင့် ဆို့နစ်လို့နေသည်။

“ကိုယ်ကတော့ မင်းနဲ့ပတ်သက်ပြီး စိတ်ကူးတွေယဉ်ရတာနဲ့၊ မျှော်လင့်ရတာနဲ့ မင်းကတော့ ဒီကောင်နဲ့ ဖြစ်ချင်တိုင်းဖြစ်နေတယ်၊ ငါ့မှာသာ အရူးတစ်ယောက်လို ဖြစ်နေရတာ၊ ငါ့ရှိတယ်ဆိုတာ သိရက်နဲ့တောင် မင်းတို့ဒီလောက်ဖြစ်နေတာ၊ ငါ့ကွယ်ရာမှာဆိုရင် ဘယ်လောက်ဖြစ်မလဲဆိုတာ ငါတွေးတောင်မတွေးဝံ့ဘူး”

“တော်တော့ ကိုမိုးမြင့်ယံ တော်တော့၊ ရှင်က အကောင်းနားထောင်နေလို့ ဒီလိုစော်ကားတာလား၊ စော်ကားတယ်ဆိုတာလည်း အတိုင်းအတာတစ်ခုရှိသင့်တယ် ကိုမိုးမြင့်ယံ၊ နှမသားချင်း စာနာပြီးပြောပါ၊ နောက်ပြီး ရှင် အခြေအနေတစ်ခုကို သေချာမသိဘဲ ဒီလိုလက်လွတ်စပယ်ပြောတာ သိပ်ကို လွန်လွန်းတယ်၊ ရှင် ခုပြောနေတဲ့ ကျွန်မနဲ့ ကိုဘုန်းမင်းခန့်က ပေါက်လွတ်ပဲစားတွေ မဟုတ်ဘူး ကိုမိုးမြင့်ယံ၊ မိဘရဲ့ ဆိုဆုံးမမှုအရိပ်မှာ ကောင်းကောင်းမွန်မွန်နဲ့ကြီးပြင်းလာတဲ့ သူတွေပါ၊ မိဘအရှက်ရစေမယ့်ကိစ္စ၊ ဒီလိုသိက္ခာမရှိတဲ့အလုပ်၊ ဘယ်လိုကိစ္စမျိုးကိုမဆို သေချင်သေသွားပါစေ ဘယ်တော့မှ မလုပ်မယ့်သူတွေပါ၊ ရှင်က ကျွန်မရဲ့ သိက္ခာနဲ့မာနကို အကြိမ်ကြိမ် စော်ကားသွားခဲ့တယ်၊ ကိစ္စတစ်ခုကို ခေါင်းအေးအေးမထားဘဲ ထင်ရာမြင်ရာနဲ့ သူတစ်ပါးကို နစ်နာအောင် ပြောတဲ့ရှင့်ကို ကျွန်မစိတ်ကုန်သွားပြီ ကိုမိုးမြင့်ယံ၊ ကျွန်မတို့ဇာတ်လမ်းကို ကျွန်မကပဲ စရပ်လိုက်ပါတယ်၊ ရှင် ကျေနပ်ပါတော့”

“မင်းကပဲ ပြောရတယ် ရှိသေးလား မေမြတ်နိုး၊ ငါ ပြောတယ်ဆိုတာက အပြစ်မရှိ အပြစ်ရှာပြီး ပြောတာ မဟုတ်ဘူးဆိုတာ မင်းသိထားပါ၊ မင်း အနေအထိုင်မတတ်လို့ ငါက ပြောနေရတာ၊ အကြောင်းမရှိဘဲနဲ့တော့ အကျိုးဆိုတာ ဖြစ်မလာဘူး မေမြတ်နိုး၊ ခု မင်းကို ငါပြောတာကလည်း အကြောင်းရှိလို့သာ ပြောနေရတာပဲ၊ ဒါကို စကားလုံးလှလှတွေ သုံးပြီး ခုမှလာ အသံကောင်းဟစ်ချင်မနေပါနဲ့”

“ဒီမှာ ကိုမိုးမြင့်ယံ၊ အသံကောင်းဟစ်ရအောင် မေက သီချင်းဆိုပြိုင်ပွဲဝင်နေတာ မဟုတ်ဘူး၊ အကြောင်းရှိလို့ အကျိုးဆက်ဖြစ်ရတာဆိုရင် ကျွန်မနဲ့ ကိုကို့ကို တွဲပြီး မြင်ရတဲ့အကြောင်းကို ရှင် မေးပါအုံးလား၊ ယောက်ျားလေးတစ်ယောက်နဲ့ တွဲတွေ့တိုင်း သမီးရည်းစားဖြစ်ကောလား၊ ရှင်နဲ့ ချစ်သူဖြစ်ရတာနဲ့ပဲ ကျွန်မက ယောက်ျားလေးမိတ်ဆွေသူငယ်ချင်းမရှိရဘူးလား၊ ကျွန်မ ကြုံလို့ မေးလိုက်ပါရစေအုံး၊ ရှင့်မှာ အဲလောက်တောင် ကိုယ့်ကိုယ်ကို ယုံကြည်စိတ်တွေ ခမ်းခြောက်နေလား၊ ကိုကိုနဲ့ ကျွန်မကို တွဲတွေ့လိုက်လို့ ကျွန်မက ကိုကို့ချစ်သူဖြစ်နေပြီလို့ ရှင်ထင်ရလောက်အောင် ရှင့်မှာ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်မရှိဘူးလား၊ ရှင်က ခုချိန်မှာ ကျွန်မချစ်သူမဟုတ်ဘူးလား၊ နောက်ပြီး ကိုကိုနဲ့ ကျွန်မနဲ့က ရှင်နဲ့ မသိခင်ကတည်းက ခင်ခဲ့ကြတာ၊ ကိုကို့ကို ချစ်ချင်ရင် ရှင့်ကို ချစ်ပါတယ်ဆိုပြီး လိမ်ညာအဖြေပေးနေစရာ လိုလို့လား၊ ရှင်က ကျွန်မရဲ့ ကျေးဇူးရှင်မို့ ကျွန်မက ကျွန်မဆန္ဒတွေကို လိမ်ညာထားရမှာလား၊ ကျွန်မသာ အစောကတည်းက ကိုကို့ကို ချစ်ချင်ရင် ရှင့်ကို ချော်ပြီး ချစ်တယ်လို့ ပြောနေစရာအကြောင်းကို မရှိဘူး၊ ရှင်က သိပ်ကို သနားစရာကောင်းတယ် ကိုမိုးမြင့်ယံ၊ ရှင်က ကိုယ့်ကိုယ်ကို ယုံကြည်စိတ်မှ မရှိဘဲ၊ ဒါကြောင့် ရှင် အားလုံးကို ပတ်ရမ်းနေတာ၊ ရှင်သာ ကိုယ့်ကိုယ်ကို နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမယ်၊ ယုံကြည်မယ်ဆိုရင် ရှင့်အနားကနေ ကျွန်မထွက်သွားမှာကို ရှင် စိတ်ပူနေမှာမဟုတ်ဘူး၊ ကျွန်မ ရှင့်နားက မထွက်သွားဖို့ ကျွန်မကို ဆွဲထားနိုင်မယ့် အရည်အချင်း ရှင့်မှာ ရှိမှာမဟုတ်ဘူးဆိုပြီး ကိုယ့်ကိုကိုယ် ထင်နေတယ် မဟုတ်လား၊ သိပ်ကို သနားစရာကောင်းတဲ့အဖြစ်ပဲ ကိုမိုးမြင့်ယံ၊ တော်ပါပြီ၊ ထပ်ပြောနေလို့လဲ ကျွန်မစကားတွေက အပိုတွေဖြစ်နေတော့မှာဘဲ၊ ကျွန်မတို့ဇာတ်လမ်းကို ဒီမှာသာ ရပ်လိုက်ပါတော့ ကိုမိုးမြင့်ယံ၊ ဒါပါပဲ”

မေမြတ်နိုးတစ်ယောက် သူ့ရှေ့မှာ လာရပ်ပြီးပြောနေသယောင် စကားတွေကို ကျကျနနပြောသွားပြီး ဖုန်းကို ချသွားတော့သည်။ မိုးမြင့်ယံ ဖုန်းခွက်လေးကိုကိုင်ရင်း တစ်စုံတစ်ခုကို အပြီးတိုင်ဆုံးရှုံးလိုက်ရသည့်ပမာ ရင်ထဲတွင် ဟာတာတာဖြစ်သွားတော့သည်။ ဒီလိုနဲ့ပဲ သူတို့ဇာတ်လမ်းက ပြီးဆုံးသွားပြီလားဟု သူစိတ်ထဲ တွင် တွေးလိုက်မိသည်။

♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠

Read More...

------------------------

Saturday, August 11, 2007

အချစ်နှင့်အတူ (၁၈)

ချစ်သူတွေဖြစ်ကြပြီးနောက်မှာတော့ သူတို့ချစ်သူနှစ်ဦးက တစ်လမှာ သုံးလေးရက်လောက်သာ တွေ့ဖြစ်ကြ သည်။ တစ်ယောက်တစ်နယ်ဆီဖြစ်နေတော့လည်း တွေ့ချင်တိုင်း မတွေ့နိုင်ပေ။ မိုးမြင့်ယံက သွားတွေ့လို့ သာ တစ်ယောက်နှင့်တစ်ယောက် တွေ့ဖြစ်ခြင်းဖြစ်သည်။ မဟုတ်ရင်တော့ ဖုန်းနဲ့ပင် နှစ်ပါးသွားရတော့မည် ထင်သည်။ မေ့ကို သူအလုပ်ပြောင်းရန် ပြောပေမယ့်လည်း မေက လုံးဝကို လက်မခံခဲ့ပေ။ ချစ်သူတွေ ဖြစ်ကြတော့မှဘဲ သူ့ချစ်သူမေက ဒီလောက်ထိ ခေါင်းမာမှန်း သိခဲ့ရတော့သည်။ ယခုလည်း မနေနိုင်သော သူကသာ မေ့ဆီသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

“မေ …”

“ရှင် …”

“ကိုယ့်စကားကိုလည်း မေက နားမထောင်ဘူးနော်”

“ဘယ်စကားကိုလဲ ကိုမိုး”

“အားလုံးပဲလေ”

“အားလုံး …”
မေ ခပ်တိုးတိုးလေး ပြောလိုက်မိသည်။

“ဟုတ်တယ်”

“ဘာတွေများလဲ ကိုမိုးရဲ့”

“အဲဒီ “ကိုမိုး”လို့ ခေါ်တာကစလို့ တော်တော်များများပေါ့”

“ “ကိုမိုး” လို့ခေါ်တာက ဘာဖြစ်လို့လဲ ကိုမိုးရဲ့”

“ကိုယ့်ချစ်သူကို “ကိုမိုး” လို့ခေါ်တာ ဘာဖြစ်လို့လဲလို့ မေးဖို့လိုသေးလို့လား”

“ဟုတ်ပါပြီ ကိုမိုးရယ်၊ ပြီးတော့ကော ဘာကျန်သေးလဲ”

“မေ့ကို အလုပ်ကို ရန်ကုန်ပြောင်းပါဆိုတာလည်း မေက မပြောင်းဘူးလေ”

“အဲဒါက ကိုမိုးလည်း သိသားပဲလေ၊ မေ ဒီအလုပ်ကို ဘယ်လောက်ထိဝါသနာပါပြီး နှစ်သက်လည်းဆိုတာ”

“ကိုယ်သိပါတယ်၊ မေ့ကို ကိုယ်က မလုပ်နဲ့လို့ပြောတာမှ မဟုတ်ဘဲလေ၊ ရန်ကုန်ရုံးချုပ်မှာဘဲလုပ်ဖို့ ပြောတာပဲ”

“မေက ဒီအလုပ်ထက် ဒီလိုကမ်းခြေမှာ လုပ်နေရတာကို ပျော်တာ ကိုမိုးရဲ့”
မိုးမြင့်ယံ သက်ပြင်းချလိုက်မိသည်။

“ကိုယ်က မေ့ချစ်သူသာဆိုတယ်၊ မေက ကိုယ် ပြောတာတွေ ဘာမှမလိုက်လျောဘူးနော်”

“အဲလိုမဟုတ်ပါဘူး ကိုမိုးရယ်၊ မေ အရမ်းကို မြတ်နိုးတဲ့အလုပ်ဖြစ်လို့ပါ၊ နောက်ဆိုရင် မေ လုပ်နိုင်တော့မှာ ဟုတ်ဖူးလေ”

“ဒါဆိုရင် ကိုယ်က အဲဒါကို လျှော့ပေးမယ်၊ မေ လုပ်ချင်ရင်ဆက်လုပ်လေ၊ ဒါပေမယ့်တစ်ခုတော့ရှိတယ်နော်၊ အဲဒါက ကိုယ်နဲ့လက်ထပ်ပြီးရင်တော့ ဒီမှာမလုပ်ရတော့ဘူး”

“ဟုတ်ကဲ့ပါ ကိုမိုးရယ်”

“ခု မေကလည်း ကိုယ့်ကိုတစ်ခုလိုက်လျောရမယ်၊ အဲဒါက ကိုမိုးလို့မခေါ်ဘဲ တခြားလို ပြောင်းခေါ်ဖို့ပဲ”

“ဘယ်လိုပြောင်းခေါ်ရမှာလဲ ကိုမိုး၊ “ဦးမိုး”လို့ ပြောင်းခေါ်ရမှာလား”

“ဟာ … မေကလည်း မဟုတ်တာ”

မိုးမြင့်ယံ စကားအဆုံးမှာတော့ မေရော မိုးမြင့်ယံပါ သဘောကျစွာဖြင့် ရယ်လိုက်ကြတော့သည်။ မေမြတ်နိုး ရယ်သံလေးကို ကြားလိုက်ရတိုင်း မိုးမြင့်ယံရင်ထဲတွင် အေးချမ်းသွားကာ ကြည်နူးမှုကို ခံစားရသည်ကတော့ အမှန်ပင်။ ကလေးငယ်တစ်ယောက်လို အပြစ်ကင်းစင်သော မေ့မျက်နှာလေးကို မြင်ရတိုင်း မေ့ကို သူ ဘယ်လိုမှ ချစ်၍မ၀နိုင်ပေ။

“ကိုမိုး … ဘယ်ကောင်မလေးကို သတိရနေလဲ မှန်မှန်ပြော”

“မေမြတ်နိုးဆိုတဲ့ ခေါင်းမာတဲ့ကောင်မလေးကိုပေါ့ဗျာ”
မိုးမြင့်ယံစကားကြောင့် မေ သဘောကျကာ ပြုံးလိုက်မိသည်။

“တကယ်လား”

“တကယ်ပေါ့ဗျာ”

“ဟုတ်ပါပြီ၊ ဒါနဲ့ မေ့ကို ပြောပါအုံး၊ ကိုမိုးကို ဘယ်လိုခေါ်စေချင်လဲဆိုတာကို”

“အင်း၊ “မောင်” လို့ခေါ်”

“ဘာလို့ အဲလိုခေါ်ခိုင်းတာလဲ၊ သူများတွေဆို သူတို့ကို “ကိုကို” လို့ခေါ်ခိုင်းကြတာ၊ “မောင်” ဆိုတာက တောဆန်တယ်တဲ့”

“အမှန်အတိုင်းဆိုရင်တော့ ကိုယ်က “ကိုကို” လို့ခေါ်တာကို ပိုကြိုက်တာ၊ ဒါပေမယ့် မေက ဘုန်းမင်းခန့်ကို “ကိုကို” လို့ခေါ်တယ်မဟုတ်လား၊ အဲတော့ ကိုယ်ကဘယ်လိုခေါ်ခိုင်းရမလဲ၊ ဒီလိုပဲ ခေါ်ခိုင်းဖို့ ရှိတော့တာ ပေါ့”
မိုးမြင့်ယံ မကျေမနပ်ဖြင့် ပြောလိုက်မိသည်။

“ကိုမိုးကလည်း အဲဒါအတွက် မေ့ကို စိတ်မဆိုးပါနဲ့၊ မေ တကယ်ကို စိတ်မကောင်းဘူး၊ ကိုဘုန်းမင်းခန့်ကို “ကိုကို” လို့ခေါ်လို့ ကိုမိုးကို “ကိုကို” လို့ ခေါ်ခိုင်းလို့မရတာ မဟုတ်ပါဘူး၊ ကိုဘုန်းမင်းခန့်မရှိဘဲ ကိုမိုးက ကိုမိုးကို “ကိုကို” လို့ ခေါ်ပါလို့ပြောလည်း မေ အဲလိုမခေါ်နိုင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လူတော်တော်များများက အဲလို ခေါ်ကြလို့ပဲ၊ မေက လူများခေါ်တိုင်း ခေါ်ရတာမကြိုက်ဘူး၊ နောက်ပြီး “ကိုကို” ဆိုတာက ချစ်သူတွေ မဟုတ်ဘဲလည်း ခေါ်ကြတာရှိတယ်၊ အဲလို ရောနှောနေတဲ့ စကားလုံးနဲ့ မေက ကိုမိုးကို မခေါ်ချင်တာ၊ “မောင်” ဆိုတာကတော့ လူတိုင်းခေါ်လေ့မရှိဘူး၊ တခြားသူတွေကလည်း အဲလိုမခေါ်နိုင်ဘူး၊ ဒါကြောင့် မေက ခေါ်မယ်ဆိုရင်တော့ “မောင်” လို့ပဲ ခေါ်မယ်၊ ကိုမိုးကို မေ ဒီအချိန်ထိ ကိုမိုးလို့ ခေါ်တာက မေ နည်းနည်းရှက်နေသေးလို့ပါ၊ နောက်ဆိုရင် ကိုမိုး ခေါ်စေချင်သလို ခေါ်ပါ့မယ်၊ ကိုဘုန်းမင်းခန့်ကို “ကိုကို” လို့ခေါ်တဲ့အတွက်တော့ မေ့ကို စိတ်မဆိုးပါနဲ့၊ ကိုဘုန်းက မေ့အစ်ကိုပါ၊ ကိုမိုး မေ့ကို နားလည်ပေးပါနော်”

စကားကို တသီကြီးပြောသွားသော မေ့ကို ကြည့်ကာ သူ သဘောကျမိသည်။ မေက သူများတွေနှင့်မတူတာ သူ ဟိုးအရင်ကတည်းက သတိထားမိခဲ့သည်။ သို့ပေမယ့် ဒီလိုအတွေးမျိုးရှိနေလိမ့်မယ်လို့တော့ သူ မထင်မိခဲ့ပေ။ သူ့စကားနှင့်သူတော့ မေက အမြဲတမ်းကို မှန်နေတော့သည်။ သူလည်း ဘာပြန်ပြောရမှန်းမသိ ဖြစ်ခဲ့ရသောအကြိမ်ကလည်း မနည်းတော့။ ဘာပဲဖြစ်ဖြစ် သည်လိုမိန်းကလေးကို သူချစ်မိမှတော့ အတတ်နိုင်ဆုံး နားလည်ပေးဖို့သာ သူ စဉ်းစားရတော့မည်။ မဟုတ်လျှင်လည်း လွယ်မယ်မထင်။ အမြဲမာနကြီးခဲ့သော မိုးမြင့်ယံ မေမြတ်နိုးဆိုသော ကောင်မလေးနှင့်တွေ့မှဘဲ မကြာခဏဆိုသလို ခံနေရတော့ သည်။

“မေ …”

“ရှင် …”

“မေ့ကို ကိုယ်နားလည်ပေးနိုင်အောင် ကြိုးစားပါ့မယ်၊ မေ ဘာမှစိတ်မကောင်းမဖြစ်နဲ့တော့နော်”

“ဟုတ်ကဲ့ပါ မောင်”

မေမြတ်နိုး၏ စကားအဆုံးတွင်တော့ မိုးမြင့်ယံ ကျေနပ်စွာဖြင့် ပြုံးလိုက်မိသည်။ ဒီလိုဆိုပြန်တော့လည်း သူ့ ချစ်သူ မေက အရမ်းကို ချစ်ဖို့ကောင်းသည်ဟု သူထင်မိသည်လေ။

“မေ … မောင်တစ်ခုစဉ်းစားမိတယ် သိလား”

“ဟုတ်လား၊ ဘာများလဲ မောင်”

“မေနဲ့မောင် ဘာလို့စောစောမတွေ့ခဲ့လည်းလို့ပေါ့”

“အစောကတည်းက မေတို့တွေ့ခဲ့ပါတယ် မောင်ရဲ့”

“တွေ့တာကတော့ ဟုတ်တယ်လေ၊ နောက်ပြီး မောင်တို့အကြာကြီးမတွေ့ခဲ့ရဘူး မဟုတ်လား၊ မောင်တို့ ပြန်တွေ့တာကလည်း မမျှော်လင့်ဘဲ ပြန်တွေ့ခဲ့တာလေ”

“ဟုတ်တယ်နော် မောင်၊ မေ တစ်ခါတစ်လေ စဉ်းစားမိတယ်၊ မောင်သာ မေ့ကို မမှတ်မိဘူးဆိုရင် မေတို့ ခုလိုချစ်သူတွေ ဖြစ်လာနိုင်မှာ မဟုတ်ဘူးနော်”

“ဒါကြောင့် မေ့ကို မောင်ပြောတာပေါ့၊ မောင်က မေ့ကို ပိုချစ်တာလို့”

“ဟုတ်ပါပြီရှင်၊ ဒါနဲ့ မောင့်စကားကို ဆက်ပါအုံး၊ မေတို့စောစောတွေ့တော့ ဘာဖြစ်လို့လဲမောင်”

“စောစောတွေ့ရင် မေနဲ့ စောစောချစ်ကြမှာပေါ့လို့ စဉ်းစားမိလို့ပါ”

“မောင်ကတော့ လုပ်ပြီ၊ ခုလည်း ချစ်နေတာပဲကို”

“ဒီထက် နည်းနည်းစောတဲ့အချိန်ကတည်းက ချစ်ချင်လို့ပေါ့ မေရယ်”

“ဟုတ်ပါပြီရှင်”
မိုးမြင့်ယံတို့နှစ်ယောက် လွတ်လပ်ပေါ့ပါးစွာဖြင့် ရယ်မောလိုက်မိကြပြန်သည်။

“မေ …”

“ရှင် …”

“မနက်ဖြန် နေ့လည်စာတစ်ခုခုသွားစားကြမလား”

“နေ့လည်စာ”

“အင်း”
မေက ခဏငြိမ်သက်သွားတော့သည်။

“ဘာဖြစ်လို့လဲ မေ၊ မေ မအားလို့လား၊ ဂျူတီရှိလို့လား”

“ဂျူတီမရှိပါဘူး မောင်၊ ဒါပေမယ့် …”

“ဒါပေမယ့် ဘာဖြစ်လို့လဲ မေ”

“မေ ကိုကိုနဲ့ နေ့လည်စာ စားမယ်လို့ပြောထားလို့ပါ၊ ချိန်းပြီးသား ဖြစ်နေလို့လေ”

“ဘုန်းမြင့်ယံက ဒီကိုရောက်နေတာလား မေ”

“ဟုတ်တယ် မောင်”
မေ့စကားအဆုံးမှာတော့ မိုးမြင့်ယံ သက်ပြင်းချလိုက်မိသည်။

“သူက ဒီမှာဘာလာလုပ်တာလဲ မေ၊ ဒီလိုပဲ ခဏခဏလာနေတာလား”

“အလုပ်ရှိလို့လာတာပါ မောင်၊ နှစ်ပတ်တစ်ခါလောက်တော့ လာတတ်တယ်လေ”

“ဟုတ်လား၊ ဒါဆို မေတို့ ခဏခဏ ဒီလိုစားကြတာပေါ့”

“မေ နေ့လည်ဂျူတီမရှိတဲ့နေ့တွေဆိုရင်တော့ တစ်ခါတစ်လေ စားဖြစ်တယ်လေ မောင်၊ ဘာဖြစ်လို့လဲ မောင်”

“ဒါဖြင့် မေက မောင့်ထက်တောင် သူနဲ့ပိုပြီးစားဖြစ်ကြတာပေါ့၊ မောင့်ထပ်လည်း သူနဲ့ပိုပြီးတွေ့ဖြစ်တာပေါ့၊ ဒါဆိုလည်း နောက်နေ့မှ သူနဲ့ထပ်သွားစားကြတာပေါ့၊ မောင်က သူ့လောက်အချိန်မရဘူးလေ”
မိုးမြင့်ယံ မကျေမနပ်ဖြင့် ပြောလိုက်မိပြန်သည်။

“ဘယ်ဖြစ်မလဲ မောင်၊ မေသွားမယ်လို့ ကိုကို့ကို ပြောပြီးသွားပြီလေ၊ ခုမှပြောတော့ ဘယ်ကောင်းမလဲ”

“မောင်နဲ့ ညစာအတူသွားစားကြမယ်လေနော်၊ မောင်လည်း နောက်သုံးရက်လောက် နေအုံးမှာ မဟုတ်လား”

“သြော် … မောင့်ထပ် မေ့ကိုကိုက ပိုအရေးကြီးတယ်ပေါ့၊ ဟုတ်လား မေ”

“စိတ်ဆိုးသွားတာလား မောင်ရယ်၊ မေ့ကို စိတ်မဆိုးပါနဲ့နော်၊ ကိုကိုနဲ့က ချိန်းပြီးသားဖြစ်နေလို့ပါ၊ မေ့ကို နားလည်ပေးပါ မောင်ရယ် နော်”

“နားလည်ပေးပါ”

ဆိုသော စကားလေးက မိုးမြင့်ယံရင်ထဲမှစကားများ ထွက်မလာနိုင်အောင် တားဆီးပိတ်ပင် လိုက်စေတော့သည်။ သို့ပေမယ့်လည်း သူဘယ်လောက်အတိုင်းအတာအထိ နားလည်ပေးနိုင်မည်ဆိုတာတော့ သူ့ကိုယ်သူ မသိတော့ပေ။ မေ့ကို သူသိပ်ချစ်သော်လည်း သူ နောက်တစ်ယောက်နဲ့မျှဝေချစ်နိုင်ဖို့လောက်ထိတော့ သူ မတတ်နိုင်ချေ။ သူ့ကိုလည်း နားလည်ဖို့ ကြိုးစားပေးပါလို့ သူ မေ့ကို ဘယ်လိုပြောရမလဲ။ သူ့ခံစားချက်တွေကို မေ နားလည်သဘောပေါက်အောင် သူ ဘယ်လိုရှင်းပြရပါ့မလဲ။ လောလောဆယ်တော့ မိုးမြင့်ယံရင်ထဲမှာ ကြေကွဲဝမ်းနည်းမှုကို ခံစားနေရတော့သည်။

♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠

“မင်းမျက်နှာကြီးက ဘယ်လိုဖြစ်နေရတာလဲ မိုးမြင့်ယံ”

သက်ဇော်အမေးကို အဖြေမပေးနိုင်လောက်အောင်ကို မိုးမြင့်ယံရင်ထဲမှာ မွန်းကြပ်လို့နေတော့သည်။ ဟန်မဆောင်နိုင်ဘဲ ဘေးလူသိလောက်အောင် အမူအရာပျက်နေသော သူ့ကိုယ်သူလည်း စိတ်ပျက်မိသည်။ ဒါပေမယ့်လည်း ဘုန်းမင်းခန့်နှင့်မေတို့ရဲ့ ရင်းနှီးမှုက သူ့စိတ်ကို အမျိုးမျိုးနှိပ်စက်လို့နေသည်။ လူကသာ အလုပ်ထဲရောက်နေသော်လည်း မိုးမြင့်ယံ၏ စိတ်ကတော့ ဟိုရောက်ဒီရောက်ဖြစ်နေသည်။ အလုပ်ကိုသာ ဦးစားပေးခဲ့သော မိုးမြင့်ယံတစ်ယောက် ချစ်သူရလာတော့မှဘဲ အလုပ်ကို ကောင်းစွာမလုပ်နိုင်ဘဲ ဖြစ်နေရ တော့သည်။

ဘုန်းမင်းခန့်နှင့်မေ့အကြောင်းကို စဉ်းစားလိုက်သည်နှင့် သူ့စိတ်တွေက လေးလံလို့သွားသည်။ သူတို့အကြောင်းကို မတွေးဘဲနေရင်ဖြစ်သော်လည်း လက်တွေ့မှာတော့ မိုးမြင့်ယံ မတွေးဘဲမနေနိုင်အောင် ဖြစ်နေမိသည်။ ခံနိုင်ရည်မရှိသော ကိုယ့်အဖြစ်ကို စဉ်းစားမိတိုင်းလည်း သူ့ကိုယ်သူအံ့သြမိသည်။

“ဟေ့ကောင် မိုးမြင့်ယံ၊ အသက်မှရှိသေးရဲ့လား ငါ့သူငယ်ချင်း”
သက်ဇော်စကားက မိုးမြင့်ယံ၏အတွေးကို ရပ်တန့်လို့သွားစေသည်။

“ဘာတွေဖြစ်နေတာလဲ မိုးမြင့်ယံ၊ မင်း ကောင်မလေးနဲ့အဆင်မပြေဘူးလား”

“အဆင်မပြေဘူးလို့လည်း မဟုတ်ပါဘူးကွာ၊ ဒါပေမယ့်”
မိုးမြင့်ယံစကားကို ဆက်မပြောသေးဘဲ ရပ်ထားလိုက်သည်။

“အင်း ဒါပေမယ့် ဘာဖြစ်လဲ မိုးမြင့်ယံ”

“ဒါပေမယ့် ငါ တစ်ခုခုကို စိုးရိမ်နေတယ် သက်ဇော်၊ မေနဲ့ငါ့အတွက် တစ်ခုခုက ဟန့်တားနေတယ်လို့ ငါခံစားနေရတယ်”

“ဘာတစ်ခုခုလဲ ဟေ့ကောင်၊ ရှင်းရှင်းပြောစမ်းပါ၊ မင်းဟာက အစမရှိ အဆုံးမရှိ”

“ငါသေချာတော့ မပြောတော့ဘူး သက်ဇော်ရာ၊ ဒါပေမယ့် တစ်စုံတစ်ယောက်က ငါတို့ကြားမှာ ခံနေတယ်”

“နောက်ဆုံးတော့လည်း ဘုန်းမင်းခန့်ကိစ္စပဲ မဟုတ်လား မိုးမြင့်ယံ”

“ဟုတ်တယ် သက်ဇော်”

“မင်းကလည်းကွာ၊ ပူစရာမရှိ ပူနေပြန်ပြီ၊ မေက မင်းချစ်သူဖြစ်နေပြီလေ၊ ဘာကြောင့် ဘုန်းမင်းခန့်က မင်းတို့ကြားမှာ ဟန့်တားနိုင်ရမှာလဲ”

“သူတို့ အခြေအနေကို မင်းကမှ သေချာမသိတာဘဲ သက်ဇော်”
သက်ပြင်းချရင်း မိုးမြင့်ယံ ပြောလိုက်သည်။

“သူတို့အခြေအနေ၊ သူတို့က ဘာဖြစ်နေလို့လဲ မိုးမြင့်ယံ”
နားမလည်သလို မေးနေသော သက်ဇော်ကို ကြည့်ရင်း မိုးမြင့်ယံ သက်ပြင်းကိုသာ ထပ်ချလိုက်မိသည်။

“ဟေ့ကောင် … သက်ပြင်းတွေပဲ ချမနေနဲ့၊ ငါမေးတာကို သေချာပြောအုံး”
စိတ်မရှည်သောလေသံဖြင့် သက်ဇော်က ထပ်မေးလိုက်သည်။

“ဒီလိုကွာ …”
မိုးမြင့်ယံက သက်ဇော်အား မေမြတ်နိုးနှင့် ဘုန်းမင်းခန့်တို့အကြောင်းအား ပြောပြလိုက်တော့သည်။

“ဒါဖြင့် မင်းက ဘာလုပ်ချင်နေလို့လဲ မိုးမြင့်ယံ”

“ငါ ဘာလုပ်ရမလဲဆိုတာတော့ ငါ့ကိုယ်ငါလည်း မသိသေးဘူး၊ ဒါပေမယ့် ရေရှည်ဆိုရင်တော့ ငါ နားလည်ပေးနိုင်မယ်လို့မထင်ဘူး၊ နောက်ပြီး မေက ဘယ်တော့မှ ဘုန်းမင်းခန့်နဲ့ အဆက်အသွယ်မလုပ်ဘဲ နေမယ်လို့လည်းမထင်ဘူး၊ ငါ သိသလောက်ဆိုရင် မေက ဘုန်းမင်းခန့်နဲ့ပတ်သက်ရင် ငါ့ကိုပဲ နားလည် ခိုင်းတယ်၊ လျှော့ခိုင်းတယ်၊ ပြီးတော့ ငါ့ထက် သူ့ကိုပဲ ပိုဦးစားပေးတယ်၊ ငါနဲ့မေ လက်တွဲမယ့်ကိစ္စမှာ ဘုန်းမင်းခန့်က တကယ့်ကိုပဲ ပြဿနာ ဖြစ်နေတယ်။ မေ့ သူ့ပုံစံကို မပြင်မချင်း ငါတို့နှစ်ယောက် လက်တွဲဖို့မလွယ်လောက်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ငါက သာမန်လူတစ်ယောက်လေ၊ ဘယ်လောက် ကြာကြာ သူတို့ကို နားလည်ကြည်ဖြူနိုင်မှာလဲ၊ ဒါကြောင့် မင်းကို ငါပြောတာ သက်ဇော်၊ ငါတို့နှစ်ယောက် ကြားမှာ ဘုန်းမင်းခန့်က လုံးဝကို အဟန့်အတားတစ်ခုဖြစ်နေပြီ”

“အင်း၊ ခက်တာပဲကွာ”
သက်ဇော် သူ့သူငယ်ချင်းကို ကြည့်ရင်း သက်ပြင်းရှည်ကိုသာ ချလိုက်မိသည်။

“ငါ ဘယ်လိုလုပ်ရမလဲ သက်ဇော်”
မိုးမြင့်ယံ စိတ်ပျက်အားလျော့စွာဖြင့် သက်ဇော်အား မေးလိုက်သည်။

“ငါ့အနေနဲ့ကတော့ မင်း သူ့ကိုတကယ်ချစ်ရင် နားလည်ပေးနိုင်အောင်သာ ကြိုးစားပါလို့ပဲ ပြောချင်တယ်၊ မေမြတ်နိုးက လှေနံနှစ်ဖက်နင်းမယ့်သူတစ်ယောက်တော့ မဟုတ်လောက်ဘူးလို့ ငါထင်ပါတယ်၊ နောက်ပြီး မင်းစိတ်ကို သူနားလည်အောင်လည်း တဖြည်းဖြည်းချင်းတော့ ပြောပြပေါ့ကွာ”

“ငါလည်း မင်းပြောသလိုလုပ်ဖို့ပဲ စိတ်ကူးရှိပါတယ်ကွာ၊ ဒါပေမယ့် တစ်ခါတစ်ခါကျတော့ လက်တွေ့မှာက ပြောသလောက်မလွယ်ဘူးလေ”

“ဟုတ်တော့ဟုတ်တယ်လေ မိုးမြင့်ယံ၊ ဒါပေမယ့် မင်းကသူ့ကိုချစ်မိမှတော့ အတတ်နိုင်ဆုံး လိုက်လျောနိုင် အောင်၊ နားလည်နိုင်အောင် ကြိုးစားရုံပဲရှိတော့တာပေါ့၊ နောက်ပြီး သူတို့ခင်နေကြတယ်ဆိုတာကို မင်းလည်း အစောကတည်းက သိထားခဲ့တာပဲ၊ ခုမှ ထူးပြီး ခင်ကြတာမှမဟုတ်ပဲကွာ၊ နားလည်ဖို့သာ ကြိုးစားပါတော့၊ ကိုယ်က ချစ်နေမှဘဲ”

“အင်းလေ၊ မင်းပြောတာဟုတ်ပါတယ်ကွာ၊ သူ့ကိုချစ်မိမှတော့ ဒါတွေကို ခံနိုင်အောင်ပဲ ကြိုးစားရတော့မှာပဲ”
မိုးမြင့်ယံ သက်ပြင်းအခါခါချရင်းဖြင့် သက်ဇော်အား ပြောလိုက်တော့သည်။

Read More...

------------------------

Saturday, August 4, 2007

အချစ်နှင့်အတူ (၁၇)

(၁၅)

တစ်လအတွင်းတွင် မိုးမြင့်ယံရော မေမြတ်နိုးပါ တစ်ယောက်ဆီတစ်ယောက် ဖုန်းလည်းမဆက်ဖြစ်၊ အပြင်မှာလည်း မတွေ့ဖြစ်ကြပေ။ မိုးမြင့်ယံကလည်း တွေ့ချင် စကားပြောချင်စိတ်များကို ချုပ်တည်းထားခဲ့ သည်။ တစ်လပြည့်သောနေ့ညမှာတော့ မိုးမြင့်ယံက မေမြတ်နိုးဆီ ရင်ခုန်ခြင်းများစွာဖြင့် ဖုန်းဆက်လိုက် သည်။ မိမိအတွက် ပျော်ရွှင်ရသောအဖြေဖြစ်ပါစေလို့လည်း အကြိမ်ကြိမ်ဆုတောင်းမိသည်။ မကြာမီမှာဘဲ တစ်ဖက်မှ မေမြတ်နိုး၏ အသံအက်တက်တက်လေးက ထွက်ပေါ်လာတော့သည်။

“ဟယ်လို …”

“ဒီနေ့တစ်လပြည့်သွားပြီထင်တယ်နော် မေ”
မိုးမြင့်ယံက ရွှတ်နောက်နောက်လေသံဖြင့် ပြောလိုက်လေသည်။

တစ်ဖက်မှ မေမြတ်နိုး၏ ရယ်သံလေးက တိုးညင်းစွာ ထွက်ပေါ်လာသည်။ ထို့နောက် ခဏငြိမ်သက်သွားပြီးမှ မိုးမြင့်ယံက မေ့အား စခေါ်လိုက်၏။

“မေ …”

“ရှင် …”

“ကျွန်တော့်ကို ပြောအုံးလေ”

“ဘာပြောရမှာလဲ ကိုမိုးယံ”

“ဟာဗျာ … အဲလိုမလုပ်နဲ့လေဗျာ”

“ဒါဖြင့် ဘယ်လိုလုပ်ရမလဲ ကိုမိုးယံရဲ့”
မေမြတ်နိုးက ရယ်လိုက်ရင်း ပြောလိုက်သည်။

“ကျွန်တော်လုပ်ခိုင်းတာ တကယ်လုပ်မှာလား၊ လုပ်မယ်ဆို ပြောမယ်လေ”

“ဟုတ်၊ တကယ်လုပ်မှာလေ၊ ပြောမှာသာပြောပါ”

“ဒါဖြင့် ကိုမိုးမြင့်ယံကို မေ ချစ်ပါတယ်ရှင် ဆိုပြီးပြောလိုက်လေ”

“လူလည်ကြီးပါလား၊ နစ်နာနေပါ့မယ်ရှင်”

“ဒါမျိုးဆို မိုးမြင့်ယံတို့က အနစ်နာခံပြီးသားပဲ၊ ကဲ ပြောလိုက်ပါ၊ ကျွန်တော်လုပ်ခိုင်းတာ လုပ်မယ်လို့ ကတိ ပေးထားတယ်လေ”

“ဟုတ်ကဲ့ပါရှင်၊ မေက ကိုမိုးမြင့်ယံကို ချစ်ပါသတဲ့ရှင်”
မေ့အသံလေးက တိုးလျနေသော်လည်း ကြည်လင်ပြတ်သားကာ တည်တည်ငြိမ်ငြိမ်လေး ရှိလှသည်။

“မေ တကယ်ပြောတာလား၊ နောက်တစ်ခေါက်လောက်ပြောပါအုံးဗျာ”

“ဟာ ပြောတော့ဘူးကွာ”

“ပြောပါမေရယ်၊ ကျွန်တော်ကြားချင်လို့ပါ”

“ဒါဆို တစ်ခေါက်ပဲ ထပ်ပြောမှာနော်”

“ဟုတ်ပါပြီ ဗျာ”

“မေ ကိုမိုးယံကို ချစ်ပါသတဲ့ရှင်”

မေမြတ်နိုးအသံလေးက တုန်ရီလို့နေလေသည်။ ဘယ်တော့မှ မေနှင့်သူ ပြန်မတွေ့နိုင်၊ ပြန်မဆုံနိုင် တော့ဘူးလို့ မေ ထင်ထားခဲ့ပေမယ့်၊ ယုံကြည်ထားခဲ့ပေမယ့် ယခုတော့ သူနှင့်မေက တရားဝင်ချစ်သူများပင် ဖြစ်သွားကြရပြီ။ ဆန်းကြယ်လှသောကံကြမ္မာနှင့် မှန်းရခက်သောဖူးစာကို မေ အလွန်ကို အံ့သြမိတော့သည်။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတစ်ခုကတော့ ယခုချိန်မှာ မေ အရမ်းကို ပျော်နေတယ် ဆိုတာပဲလေ။

မေမြတ်နိုးစကားအဆုံးမှာတော့ မိုးမြင့်ယံ မိမိနားကိုမယုံသလိုတောင် ဖြစ်သွားမိသည်။ ကိုယ် ချစ်မြတ်နိုးရသူ လေးဆီမှ ကိုယ့်အား ပြန်လည်ချစ်မြတ်နိုးပါသည်ဆိုသော အဖြေစကားက ဘာနှင့်မှနှိုင်းယှဉ်၍မရပေ။ ရင်ထဲ တွင် ဖြစ်ပေါ်လာသော ကြည်နူးဝမ်းသာခြင်းကလည်း ဘယ်အရာနှင့်မှ အစားထိုးလို့မရနိုင်ချေ။ ရင်ခုန်သံက သူ့ရင်ထဲမှ ဆူညံစွာထွက်ပေါ်လာသည်လို့ပင် ခံစားရလောက်အောင် မိုးမြင့်ယံ အပျော်ကြီး ပျော်နေမိသည်။ ချစ်သူတစ်ယောက်ရပြီဆိုသောအသိကလည်း သူ့ရင်ခုန်သံကို ပိုမြန်လာစေပြီး အားမာန်များလည်း ပြည့်လျှံ လာတော့သည်။ ဘ၀အတွက် ခွန်အားများ တမဟုတ်ချင်း ရောက်လာသလို သူ့စိတ်တွေက တက်ကြွလန်းဆန်းလို့နေသည်။

“ကျွန်တော် အရမ်းဝမ်းသာတာပဲ မေရာ၊ အမှန်တကယ်ပြောရရင်တော့ ခုချိန်မှာ ကျွန်တော်ခံစားနေရတဲ့ ကြည်နူးပျော်ရွှင်မှုက ခုကျွန်တော်ပြောနေတဲ့စကားလောက်နဲ့ မလုံလောက်နိုင်ပါဘူး၊ ဒါပေမယ့် ကျွန်တော် ထပ်မပြောတတ်တော့ဘူး မေရယ်၊ ကျွန်တော် အရမ်းကိုဝမ်းသာတာပါပဲ၊ ကျွန်တော့်ကို ပြန်ချစ်တဲ့ မေ့ကို ကျွန်တော်အရမ်းကို ကျေးဇူးတင်ပါတယ်ဗျာ၊ ကျွန်တော် မေ့ကို အမြဲတမ်းပျော်ရွှင်အောင်ထားမယ်၊ ပိုပိုပြီးတော့လည်း ချစ်သွားမယ်ဗျာ”

ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ကြိုးစားထားသော်လည်း မိုးမြင့်ယံအသံတွေက အနည်းငယ် တုန်ရီလို့နေလေသည်။

“မေ တစ်လလုံးလုံးသေချာစဉ်းစားခဲ့တယ် ကိုမိုးယံ၊ ဘယ်လိုပဲ စဉ်းစားစဉ်းစား နောက်ဆုံးမှာတော့ မေ အဖြေတစ်ခုပဲရတယ်၊ အဲဒါကတော့ ကိုမိုးယံကို မေ မြတ်မြတ်နိုးနိုးနဲ့ကို ချစ်နေမိပြီဆိုတာပါပဲ”

“ကျွန်တော်က မေချစ်တာထက်ကို အဆများစွာပိုချစ်ပါတယ်ဗျာ” လို့ ပြန်မပြောနိုင်အောင်ကို မိုးမြင့်ယံ ကြည်နူးပျော်ရွှင်နေမိသည်။ မေက သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာသို့ တိုးဝင်ရောက်ရှိသွားပြီလေ။

“မေ မနက်ဖြန်ကျရင် ကျွန်တော်တို့ ဘုရားသွားရင်း မနက်စာတူတူစားကြရအောင်နော်၊ မေ့ကို ကျွန်တော် အရမ်းကိုတွေ့ချင်လို့၊ ခုတောင် ဖြစ်နိုင်ရင် ပြေးပြီးလာတွေ့ချင်တာ”

“ကိုမိုးယံ …”
အားနာသံဖြင့် မေမြတ်နိုး ခေါ်လိုက်သည်။

“ဗျာ …”

“ဟိုလေ …”
မေမြတ်နိုးစကားကို မဆက်သေးဘဲ ရပ်ထားလိုက်ပြန်သည်။

“ဘာလဲ မေ၊ ပြောလေ”

“ဟုတ်၊ ကိုမိုးယံကို မေ တစ်ခုပြောမလို့ပါ”

“အင်း ပြောလေ မေ”

“မေက ခု ရန်ကုန်မှာမဟုတ်ဘူး”

“အင်း … အဲတော့ မေ မနက်ဖြန် ကိုမိုးယံနဲ့ လိုက်နိုင်မှာ မဟုတ်တော့ဘူးလေ၊ မေ့ကို စိတ်မဆိုးပါနဲ့နော်”

“စိတ်မဆိုးပါဘူး မေရဲ့၊ မေ ရန်ကုန်မှာ မဟုတ်တော့ဘူးဆိုတာ ကျွန်တော်သိပါတယ်”
မိုးမြင့်ယံစကားကြောင့် မေမြတ်နိုးအနည်းငယ် အံ့သြသွားသည်။

“ဒါဖြင့် မနက်စာစားဖို့ပြောတာက”

“ကျွန်တော် ခု မေတို့ဟိုတယ်မှာဘဲလေ၊ အရင်အခန်းမှာဘဲ တည်းတယ်လေ”

“ဟုတ်လား၊ ကိုမိုးယံ ဒီနေ့ညနေမှရောက်တာလား၊ ကိုမိုးယံရောက်တာလည်း မေ မသိလိုက်ပါလား”
မေ အံ့သြသွားသံဖြင့် မေးလိုက်မိသည်။

“ဟုတ်တယ် မေရဲ့၊ ညနေကမှရောက်တာလေ၊ မေ မသိတာက ကျွန်တော်က မေ မသိအောင် တခြား နာမည်နဲ့ ဘိုကင်လုပ်ထားလို့”

“ဟုတ်လား၊ ဒါကြောင့် မေ မသိတာ”

“အင်း”

“ဒါပေမယ့် မနက်ဖြန် မေက တစ်နေကုန်ဂျူတီလေ၊ ညနေမှ ပြီးမှာ ကိုမိုးယံ”

“ဟုတ်လား၊ ဒါဆို ညနေမှသွားစားကြတာပေါ့”

“ဟုတ်ကဲ့ ကိုမိုးယံ”

“အင်း၊ မေ့ကို ငါးနာရီခွဲလောက် ကျွန်တော်လာခေါ်မယ်လေ၊ မေ့ အခန်းကပဲစောင့်နေနော်”

“ဟုတ်ကဲ့”

အဲဒီနေ့ရဲ့ ညနေခင်းလေးကတော့ မေတို့နှစ်ယောက်အတွက် အလွန်လှပပြီး ကြည်နူးစရာကောင်းလှတဲ့ ညနေခင်းလေးတစ်ခုဖြစ်ခဲ့သည်။ ချစ်သူဖြစ်ပြီးပြီးချင်းစားသော ညစာစားပွဲလေးဆိုတော့ ရင်ခုန်ခြင်းရော ကြည်နူးခြင်းပါ ရောနှောနေတဲ့ ညစာစားပွဲလေးတစ်ခုပါပဲ။ ထမင်းစားပွဲမှာ နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်ပြီး တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ဘာပြောရမလဲမသိ ရှက်ကိုးရှက်ကန်း ဖြစ်နေခဲ့ကြသည်။ သေချာတာတစ်ခုတော့ မေရော ကိုမိုးမြင့်ယံပါ အရမ်းကို ပျော်ရွှင်နေခဲ့ကြသည်လေ။

♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠

Read More...

------------------------

Friday, August 3, 2007

အချစ်နှင့်အတူ (၁၆)

“ဟယ်လို …”

“ဟယ်လို … မေ၊ မအိပ်သေးဘူးလား”

“ဟုတ် မအိပ်သေးပါဘူး ကိုမိုးယံ”

“ဆယ့်နှစ်တောင် ထိုးတော့မယ်နော်”

“ဟုတ်ကဲ့”

“ကျွန်တော် မေ့ဆီ ခေါ်နေတာ ကြာပြီ၊ ခုမှရတာ”

“ဟုတ်၊ မေ ဖုန်းပြောနေလို့ပါ ကိုမိုးယံ”

“ဟုတ်လား၊ ကိုဘုန်းမင်းခန့်နဲ့ ပြောနေတာလား မေ”

“ဟုတ် ကိုမိုးယံ”

“မေ …”

“ရှင် …”

“ကျွန်တော့်လက်ဆောင်ကို ဖွင့်ကြည့်ပြီးပြီလားဟင်”

“ဟုတ်ကဲ့”

“ကျွန်တော် မေ့ကို တကယ်ကို မြတ်မြတ်နိုးနိုးနဲ့ ချစ်နေမိတာပါ၊ ဟိုးအရင် မေ့ကို စတွေ့ကတည်းက မေက ကျွန်တော့်နှလုံးသားကို လှုပ်ရှားအောင် လုပ်နိုင်ခဲ့တာပါ၊ မေ့ကို ကျွန်တော့်ဘ၀ရဲ့ လက်တွဲဖော်အဖြစ် ကျွန်တော်ရွေးချယ်ထားပါတယ်၊ မေ့ဘက်ကလည်း ကျွန်တော့်ရဲ့ ကမ်းလှမ်းမှုကို သေချာအလေးအနက် ထားပြီး စဉ်းစားပေးစေချင်ပါတယ်”

မိုးမြင့်ယံက စကားတွေအများကြီးကို တဆက်တည်း ပြောချလိုက်သည်။ သူ မိန်းကလေးတစ်ယောက်ကို ချစ်ခွင့်တောင်းတာက နားထောင်ကောင်းချင်မှ ကောင်းလိမ့်မည်။ ဒါပေမယ့် သူကတော့ တကယ်ကို အလေးအနက်ထားပြီး သူ ပြောချင်တာကို အရိုးသားဆုံး၊ အပွင့်လင်းဆုံး ပြောလိုက်ခြင်းဖြစ်သည်။

သူ ပြောတာတွေက မေ့အတွက် အဆင်ပြေပြေဖြစ်နိုင်ပါစေလို့ သူ ဆုတောင်းရင်း မျှော်လည်းမျှော်လင့် မိသည်။ မေမြတ်နိုးဘက်မှ မိုးမြင့်ယံထံသို့ တုန့်ပြန်မှုတစ်စုံတစ်ရာမလာသေးပေ။ မေ စိတ်ဆိုးသွားတာလား၊ ရှက်နေတာလား၊ ဒါမှမဟုတ် စဉ်းစားနေတာများလား၊ မိုးမြင့်ယံ မေမြတ်နိုး၏ စိတ်ကူးနဲ့ မျက်နှာကို ပုံဖော် ကြည့်နေမိသည်။

“မေ … ဒီလောက်အချိန်တိုအတွင်းမှာ ကျွန်တော် မေ့ကို ချစ်ခွင့်တောင်းတဲ့အတွက် စိတ်များဆိုးသွားလား၊ ဒါပေမယ့် ကျွန်တော် မေ့ကို ပြောတာတွေ အားလုံးကတော့ ကျွန်တော့်ရင်ထဲက စကားတွေပါ၊ ကျွန်တော် ပေါ့ပေါ့တန်တန် ပြောခဲ့တာမဟုတ်ပါဘူး၊ အလေးအနက်ထား စဉ်းစားပြီးမှ မေ့ကို ဖွင့်ပြောခဲ့တာပါ”

မိုးမြင့်ယံ ရှင်းပြသလိုဖြင့် ထပ်ပြောလိုက်မိသည်။ သို့သော်လည်း မေမြတ်နိုးဘက်မှတော့ စကားသံတစ်ခွန်း တစ်လေမှ မလာသေးပေ။

“မေ ကျွန်တော့်ကို စဉ်းစားဖို့ အချိန်တစ်ခုလိုတယ်ဆိုရင်လည်း ကျွန်တော်စောင့်နိုင်ပါတယ်၊ မေ ဘာတွေ စဉ်းစားနေတယ်ဆိုတာ ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း ပြောပြစေချင်တယ်၊ ကျွန်တော် မေ့ စိတ်ရင်းအမှန်နဲ့ ပြောတဲ့စကားကို နားထောင်ချင်ပါတယ်”

“ကိုမိုးယံက မေ့ကို မြတ်နိုးတယ်၊ စိတ်ဝင်စားတယ်ဆိုတဲ့အတွက် မေ အရမ်းကို ကျေးဇူးတင်မိပါတယ်။ ကိုမိုးယံကို မေ နည်းနည်းတော့မေးချင်တယ်၊ လက်တွဲဖော်အဖြစ် စဉ်းစားထားတယ်ဆိုတော့ ကိုမိုးယံ မေ့ကို ဘယ်လောက်အတိုင်းအတာအထိ နားလည်ပေးနိုင်မလဲ၊ နောက်ပြီး ဘယ်လိုအကြောင်းအရာတွေပဲရှိရှိ မေ့ကို ယုံကြည်နိုင်မလား၊ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတဲ့နေရာမှာ နားလည်ပေးနိုင်မှုနဲ့ ယုံကြည်မှုက အရမ်းကို အရေးကြီးတယ်လို့ မေ ယူဆတယ်၊ အဲလို ယုံကြည်နားလည်မှလည်း သာယာချမ်းမြေ့တဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ မေ ထင်တယ်လေ၊ ဒါကြောင့် ကိုမိုးယံမေးတာကို မေ အဖြေမပေးခင် မေ မေးတာတွေကို ကိုမိုးယံ သေချာစဉ်းစားပြီး အရင်ဖြေစေချင်ပါတယ်”

သက်ပြင်းဖွဖွလေးချရင်း မေ ခပ်တိုးတိုးဖြင့် ပြောလိုက်သည်။ ပြောမယ့်ပြောတော့လည်း မေက စကားတွေ အများကြီးကို တစ်ခါပြောချလိုက်တော့သည်။

မိုးမြင့်ယံ မေမြတ်နိုးစကားကြောင့် သဘောကျကာ ပြုံးလိုက်မိသည်။

“မေ ပြောတာတွေကို ကျွန်တော် နားလည်ပါတယ်၊ မေ ပြောသလို ယုံကြည်မှု၊ နားလည်ပေးနိုင်မှုတွေက အရမ်းကို အရေးကြီးပါတယ်၊ အဲဒါလိုပဲ သစ္စာရှိမှုကလည်း အဓိကနေရာမှာ ရှိပါတယ်၊ အားလုံးက သူ့အတိုင်းအတာနဲ့သူပါ၊ တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိနေမယ်ဆိုရင် အဲဒါတွေက အားလုံးအဆင်ပြေ သွားမှာပါ”

“ဟုတ်ပါပြီ ကိုမိုးယံ၊ ခုလောလောဆယ်တော့ ဒီအကြောင်းတွေကို ဒီလောက်နဲ့ပဲ ခဏရပ်ထားကြရအောင်၊ မေ သေချာစဉ်းစားပြီး ကိုမိုးယံအတွက် အကောင်းဆုံးအဖြေတစ်ခုပေးနိုင်အောင် မေ ကြိုးစားပါ့မယ်၊ မေ့ကို တစ်လလောက်တော့ အချိန်ပေးပါ၊ တစ်လပြည့်ပြီးတဲ့အခါ မေ ကိုမိုးယံကို အကြောင်းပြန်ပါ့မယ်၊ အဲလောက်တော့ ကိုမိုးယံ မေ့ကို အချိန်ပေးနိုင်မှာပါနော်”

“ကောင်းပါပြီ မေ”

မိုးမြင့်ယံပြုံးလိုက်ရင်း မေ့အား ပြောလိုက်သည်။ သူ့အတွက် အကောင်းဆုံးအဖြေဖြစ်နိုင်ပါစေ လို့လည်း စိတ်ထဲမှ ဆုတောင်းလိုက်မိသည်။

Read More...

------------------------

Thursday, August 2, 2007

အချစ်နှင့်အတူ (၁၅)

“ဟယ်လို …”

“မြတ်နိုး … ဘာလုပ်နေလဲ၊ အိပ်နေပြီလား”

“မအိပ်သေးပါဘူး ကိုဘုန်း”

“ပင်ပန်းနေတာ စောစောအနားမယူဘူးလား၊ တော်ကြာနေမကောင်းဖြစ်နေအုံးမယ်”

“မအိပ်ချင်သေးလို့ပါ ကိုဘုန်းရဲ့၊ ဒါနဲ့ ကိုဘုန်း မေ့ဆီဆက်တာ ပြောစရာရှိလို့လား”

“ဟုတ်တယ် မြတ်နိုးရဲ့၊ ပြောစရာလည်းရှိတယ်၊ နောက်ပြီး ညနေက မြတ်နိုးကို သေချာ wish မလုပ်လိုက် ရတာနဲ့”

“ရပါတယ်ကိုဘုန်းရယ်”

“လက်ဆောင်ကို သဘောကျရဲ့လား မြတ်နိုးလေး”

“ဟုတ် အရမ်းသဘောကျတယ် ကိုဘုန်း၊ မေ့ သူငယ်ချင်းတွေကတောင် ကိုဘုန်းရွေးတာအရမ်းတော်တာပဲ လို့ ချီးမွမ်းနေကြသေးတယ်၊ မေနဲ့လည်း အရမ်းလိုက်တယ်တဲ့”

“ဟုတ်လား မြတ်နိုးလေး”

“ဟုတ်ကဲ့”

“ခု အဲဒီဆွဲကြိုးလေးကို ဆွဲထားတာလား မြတ်နိုးလေး”

“ဟုတ်တယ် ကိုဘုန်း၊ မေ အဲဒီဆွဲကြိုးလေးကို ဆွဲထားတာ”

“အင်း မြတ်နိုး၊ ကိုယ် ဘာဖြစ်လို့ မြတ်နိုးကို ဆွဲကြိုးလေးပေးလဲသိလား”
ဘုန်းမင်းခန့်အမေးကြောင့် မေမြတ်နိုး ခဏမျှဘာမှမပြောဘဲ စဉ်းစားနေလိုက်သည်။

“သိလား မြတ်နိုး”

“မေ့ မွေးနေ့အတွက် ပေးတာမဟုတ်ဘူးလား ကိုဘုန်းရဲ့၊ မေ့မွေးနေ့လက်ဆောင်အဖြစ်နဲ့လေ”
မေမြတ်နိုးက ဘုန်းမင်းခန့်အား ဖြေလည်းဖြေ မေးလည်းမေးလိုက်၏။

“အဲလိုမျိုး မွေးနေ့လက်ဆောင်အနေနဲ့ တစ်ခုထဲတော့ မဟုတ်ဘူး မြတ်နိုးလေး၊ ကိုယ်အဲဒါကို ပေးတာ မြတ်နိုးပြောပြဖူးတဲ့ အကြောင်းတစ်ခုကိုလည်း သတိရမိလို့ပေါ့”

“မေ ပြောပြဖူးတဲ့အကြောင်းတစ်ခုကို သတိရလို့၊ ဘာအကြောင်းများလဲ ကိုဘုန်း”
မေမြတ်နိုးက နားမလည်ဟန်ဖြင့် ပြန်မေးလိုက်သည်။

“မြတ်နိုး ပြောဖူးတယ်လေ၊ မြတ်နိုးက ဆွဲကြိုးကို အလှဆွဲတာသပ်သပ်မဟုတ်ဘူး၊ အဆောင်အဖြစ်နဲ့လည်း ဆွဲတယ်ဆိုတာလေ”

“ဟုတ်တယ် ကိုဘုန်း၊ အဲဒါ ဘာဖြစ်လို့လဲဟင် ကိုဘုန်း”

“အဲဒါကြောင့် ကိုယ်က မြတ်နိုးကို ဆွဲကြိုးပေးတာလေ၊ မြတ်နိုးအတွက် အဆောင်အနေနဲ့ပေါ့၊ အဲဒီ ဆွဲကြိုးလေးနှင့်အတူ ကိုယ်က မြတ်နိုးကို အမြဲစောင့်ရှောက်နေမယ်ဆိုတဲ့သဘောနဲ့ပေါ့”

“ဟုတ်ပါပြီရှင်၊ ကိုဘုန်းကို ကျေးဇူးတင်ပါတယ်”

“မလိုပါဘူးဗျာ၊ ပြီးတော့ ကိုယ့်မှာ မြတ်နိုးကိုပေးဖို့ နောက်ထပ်လက်ဆောင်တစ်ခုရှိသေးတယ်”

“နောက်ထပ်လက်ဆောင်”
မြတ်နိုးက အသံတိုးတိုးလေးဖြင့် ရေရွတ်လိုက်မိသည်။

“ဟုတ်တယ် မြတ်နိုး၊ နောက်ထပ်လက်ဆောင်လေ”

“ဘာများလဲဟင် ကိုဘုန်း”

“ဘာဖြစ်မယ်လို့ထင်လဲ မြတ်နိုး”
ဘုန်းမင်းခန့်က မပြောသေးဘဲ မြတ်နိုးအား မေးလိုက်သည်။

“မေ မထင်တတ်ဘူး ကိုဘုန်းရဲ့”

“မှန်းကြည့်ပါအုံး မြတ်နိုးလေးရဲ့”

“ဟုတ် ဒါဖြင့် မေမှန်းကြည့်မယ်နော်၊ မှားရင် မရယ်ရဘူးနော်”

“ဟုတ်ပါပြီဗျာ၊ မရယ်ပါဘူး”

“ကိုဘုန်းက မေ့ကို …”
မေမြတ်နိုးက ဘာမှဆက်မပြောဘဲ ရပ်ထားလိုက်သည်။

“ဆက်ပြောလေ မြတ်နိုး”

“ကိုဘုန်းက မေ့ကို … မေ့ကို ညီမအဖြစ် တကယ်မွေးစားမလို့ မဟုတ်လား”

“ပုဏ္ဏားလေးရှိလား မြတ်နိုး”

“ဘယ်သူ့မှာလဲ ကိုဘုန်း”

“ဘယ်သူရှိမလဲ၊ မြတ်နိုးဆီမှာပေါ့”

“မေ့ဆီမှာ … ဘာဖြစ်လို့လဲ ကိုဘုန်း”

“ကိုယ့်စိတ်ထဲမှာ ဘာရှိနေလဲဆိုတာ သိလို့ပေါ့”

“သိတာပေါ့၊ တခြားသူမှမဟုတ်ဘဲလေ၊ ကိုဘုန်း ညီမပဲဟာ”
မေမြတ်နိုးက ဘုန်းမင်းခန့်အားနောက်ရင်း ပြန်ပြောလိုက်တော့သည်။

“ဟုတ်ပါပြီဗျာ”

“ဒါဖြင့် မေ ပြောတာဟုတ်တယ်ပေါ့”

“ဟုတ်တာပေါ့ဗျာ၊ မြတ်နိုးက ဒီနေ့ကစပြီး ကိုယ့်ညီမလေးဖြစ်သွားပြီနော်၊ ကိုယ့်အစ်ကိုကို ဘာကိစ္စပဲဖြစ်ဖြစ် ပြောပြရမယ်နော်၊ အားနာတာတွေဘာတွေမရှိရဘူး”

“ဟုတ်ကဲ့ပါရှင်”

“ဒီနေ့ မြတ်နိုးမွေးနေ့မှာ ပျော်ရဲ့လား”

“ပျော်တာပေါ့ ကိုကိုရဲ့”

“မြတ်နိုး ကိုယ့်ကို ဘယ်လိုခေါ်လိုက်တယ်”

“ကိုကိုလို့ပေါ့”

“ဘာဖြစ်လို့အဲလိုခေါ်တာလဲ”

“ကိုဘုန်းက မေ့အစ်ကိုဖြစ်သွားပြီလေ၊ ဒါကြောင့် အဲလိုခေါ်တာပေါ့၊ "အစ်ကို" လို့တော့ မခေါ်ချင်ဘူး၊ ဘာလို့လဲဆိုတော့ အဲဒါလူတိုင်းခေါ်နိုင်လို့ပေါ့၊ မေက သူများခေါ်သလို ခေါ်ရတာမကြိုက်ဘူး၊ နောက်ပြီး ဟိုးအရင်ကတည်းက မေက အစ်ကိုတစ်ယောက်လိုချင်ခဲ့တာ၊ မေ့အစ်ကိုကို "ကိုကို" လို့ပဲ ခေါ်ဖို့လည်း ဆုံးဖြတ်ထားပြီးသားလေ၊ ခု ကိုဘုန်းက မေ့အစ်ကို ဖြစ်သွားပြီဆိုတော့ မေခေါ်ခွင့်ရသွားပြီပေါ့၊ ဟုတ်တယ် မဟုတ်လား ကိုဘုန်း၊ မေ အဲလို ခေါ်လို့ဖြစ်တယ် မဟုတ်လား”

“မဖြစ်ပါဘူး”
ဘုန်းမင်းခန့်က မေမြတ်နိုးအား အတည်ပေါက်အသံဖြင့် ပြောလိုက်သည်။

“တကယ်မဖြစ်ဘူးလား ကိုဘုန်း”

“အင်း”

“ဟုတ်ကဲ့ပါ ကိုဘုန်း၊ ဒါဖြင့် မေ အဲလိုမခေါ်တော့ဘူးနော်”
စိတ်မကောင်းသံဖြင့် မေ ပြောလိုက်မိသည်။

“အလကားစတာပါ ညီမလေးရယ်၊ ခေါ်ပါ ရပါတယ်”

“မခေါ်တော့ဘူး ကိုဘုန်း”

“ကိုယ့်အစ်ကိုကို စိတ်မဆိုးရဘူးလေ”

“မေ စိတ်မဆိုးပါဘူး ကိုဘုန်း၊ စိတ်မကောင်းဖြစ်မိတာပါ”

“အဲဒါက ပိုဆိုးတယ်”

“ဟုတ်လား”

“ဟုတ်တယ်လေ”

“ကိုကို အညာမိသွားပြီ”
မေမြတ်နိုးက ပြောလည်းပြော ရယ်လည်းရယ်လိုက်မိသည်။

“ဟုတ်လား”

“ဟုတ်တာပေါ့၊ မေက ကိုကို မခေါ်ခိုင်းလည်း မရမကခေါ်မှာဘဲ၊ လုံးဝမခေါ်ရဘူးဆိုရင်တော့ ကိုကို့ကို အစ်ကိုမတော်တော့ဘဲ နေလိုက်မှာပေါ့”

“ဟုတ်ပါပြီဗျာ၊ မမလေး သဘောအတိုင်းပါပဲဗျာ”

“စောစောကတည်းက အဲလိုပြောလိုက်ရင် ပြီးရော”

“ဟုတ်ကဲ့ပါ မမရယ်၊ ကဲ … နက်ဖြန်ညီမဘယ်သွားချင်လဲ၊ မောင်နှမဖြစ်သွားတဲ့ အထိမ်းအမှတ်အနေနဲ့ ကိုကို့ညီမသွားချင်တဲ့နေရာ လိုက်ပို့မယ်”

“တကယ်လား ကိုကို”

“တကယ်ပေါ့ဗျ”

“ဒါဖြင့် ညီမတို့ ဘုရားသွားပြီး မနက်စာတူတူစားကြမယ်လေ၊ ဘယ်လိုလဲ ကောင်းလား ကိုကို”

“ကောင်းပါ့ဗျာ”

“ဘယ်အချိန်သွားကြမလဲ”

“မနက်ငါးနာရီခွဲလောက်လေ”

“ဟုတ်ပါပြီဗျာ”

“ဒါနဲ့ ကိုကို့ကို ညီမမေးမလို့ မေ့နေတာ၊ ဘာဖြစ်လို့ မမသက်မှူးပိုင်ကို မခေါ်လာတာလဲ”

“ညီမရဲ့မမက ဒီနေ့ဂျူတီကြနေတယ်လေ ညီမလေးရဲ့”

“ဟုတ်လား နိုက်ဂျူတီကြတာလား၊ ဒါဆို မနက်ဖြန်လည်း ကိုကို မမသက်မှူးပိုင်ကို ခေါ်လာလို့မရဘူးပေါ့”

“အင်း မရဘူးလေ၊ ရလည်း ကိုကိုက ခေါ်မလာပါဘူး”

“ဘာဖြစ်လို့လဲ ကိုကိုရဲ့”

“ရှုပ်လို့လေ၊ ဟား … ဟား”
ဘုန်းမင်းခန့်က မေမြတ်နိုးအား ပြောပြီးနောက် အားရပါးရဖြင့် အော်ရယ်လိုက်တော့သည်။

“တကယ်လား၊ မမသက်မှူးကို ပြန်တိုင်လိုက်မှာနော်၊ မမရေ ကိုကိုက မမကို အဲလိုပြောနေပါတယ်ဆိုပြီး”

“တိုင်ပေါ့ တိုင်တစ်လုံးမှ ငါးပြားထဲရယ်”

“တကယ်နော်၊ ဒါဖြင့် ညီမတကယ်တိုင်လိုက်မှာ”

“ဟား … ဟား … အလကားနောက်တာပါ ညီမရယ်၊ ညီမကို သပ်သပ်လိုက်ပို့ချင်လို့ပါ၊ နောက်တော့မှ သက်နဲ့ တူတူသွားတာပေါ့”

“ဟုတ်ပါပြီရှင်”

“ဟုတ်ပါပြီဗျာ”

“ကိုကို့ကို ညီမပြောစရာရှိတယ် သိလား”

“ဟုတ်လား၊ ဘာများလဲ ညီမ”

“ဘာလို့ထင်လဲ ကိုကိုက”
မေမြတ်နိုးက မပြောသေးဘဲ ဘုန်းမင်းခန့်အား ပြန်မေးလိုက်သည်။

“မိုးမြင့်ယံအကြောင်း မဟုတ်လား ညီမ”

“တယ်တော်တဲ့ ကိုကိုပါလား”
ရယ်သံနှောလျက် မေမြတ်နိုးက ပြောလိုက်၏။

“တော်တာပေါ့၊ ညီမကိုကိုပဲကိုး”
ဘုန်းမင်းခန့်ကလည်း နောက်ရင်း ပြန်ပြောလိုက်သည်။

“ဟုတ်ပါပြီရှင်”

“ဘယ်လိုလဲ ညီမ၊ ကိုကို သူ့ကို ယောက်ဖလေးလို့ ခေါ်လိုက်ရတော့မလား”

“ဟာကွာ … ကိုကိုနော်၊ ဘာတွေပြောနေမှန်း မသိဘူး”
မေမြတ်နိုးက ရှက်သွားသံဖြင့် ဘုန်းမင်းခန့်အား ပြောလိုက်တော့သည်။

“ဒါဖြင့် မဟုတ်လို့လား”

“ဟုတ်တော့ဟုတ်တယ်လေ၊ ဒါပေမယ့် မဟုတ်ဘူး”

“ဟင် … ကိုကို့ညီမကတော့ လုပ်ပြီ၊ ဟုတ်တာတွေကော မဟုတ်တာတွေကော”

“ကိုမိုးယံက ဒီနေ့ ညီမကို propose လုပ်တယ် ကိုကိုရဲ့”

“တယ်ဟုတ်နေပါ့လား၊ ဘယ်ချိန်ကများလုပ်လိုက်တာပါလိမ့်၊ တော်တော်လျင်တဲ့သူပဲ၊ သိတောင်မသိလိုက်ဘူး”

“မဟုတ်ဘူး ကိုကိုရဲ့”

“ဘာကို မဟုတ်တာလဲ ညီမရဲ့”
မေမြတ်နိုးက ဘုန်းမင်းခန့်အား အစအဆုံးပြောပြလိုက်သည်။

“အဲလိုလား …”

“ဟုတ်တယ် ကိုကိုရဲ့”

“ပြောပြောက စောမှပေါ့၊ ကိုကိုက ဘယ်အချိန်ကများပြောလိုက်တာလဲလို့ အံ့သြနေတာ”

“ဟုတ်ပါပြီရှင်”

“အဖြေကော ရပြီလား ညီမလေး”

“ရပြီလိုပဲ ကိုကို”

“ကိုကို့ညီမကတော့ လုပ်ချလိုက်ပြန်ပြီ၊ ရရင်လည်းရတယ်ပေါ့၊ ဘယ်လိုလဲ ရပြီလိုလိုဆိုတာက”

“ညီမ သူ့ကို ချစ်သွားမိပြီထင်တယ် ကိုကိုရဲ့၊ ခုနက ညီမ သူငယ်ချင်းတွေ မေးတဲ့အထိ သိပ်မသေချာခဲ့ပေမယ့် သေချာ ပြန်စဉ်းစားကြည့်လိုက်တော့ ညီမ သူ့ကို ချစ်နေမိပြီ ထင်တယ်”
လေသံတိုးတိုးဖြင့် မေမြတ်နိုး ပြောလိုက်မိသည်။

“ဟုတ်လား”

“ဟုတ်တယ် ကိုကို”

“ဘယ်တုန်းကလဲ”

“ညီမသေချာတော့ မသိဘူး ကိုကို၊ ဒါပေမယ့် သေချာတာတစ်ခုကတော့ ညီမ သူ့ကိုချစ်နေပြီဆိုတာပဲ”

“ဟိုးအရင်ကတည်းက ညီမလေး သူ့ကို ချစ်နေခဲ့တာ၊ ကိုကိုပြောခဲ့ဘူးတယ် မဟုတ်လား၊ ညီမလေး သူ့ကို ချစ်နေတာလို့လေ”

“ဟုတ်ကဲ့ ကိုကို”

“ကောင်းပါတယ် ညီမရယ်၊ ညီမလေးပျော်နေတာကိုပဲ ကိုကို မြင်ချင်ပါတယ်”

“ဟုတ် ကိုကို၊ ကိုမိုးယံကတော့ အရင်လူတွေတုန်းကလို ညီမကို မလုပ်လောက်ပါဘူးနော် ကိုကို”

“မလုပ်ပါဘူး ညီမရယ်၊ အရမ်းစိုးရိမ်မနေပါနဲ့၊ စိုးရိမ်လွန်းတာလည်း မကောင်းဘူး ညီမလေးရဲ့”

“ဟုတ်ကဲ့ ကိုကို”

“ကဲ … ဖုန်းပြောတာလည်း တော်တော်ကြာသွားပြီ၊ ညီမလေး နားလိုက်တော့နော်၊ ကိုကို မနက်မှ လာခေါ်မယ်နော်၊ အိုကေ”

“အိုကေ ကိုကို၊ ဂွတ်နိုက်နော် ကိုကို”

“ဂွတ်နိုက်ပါဗျာ”

မေမြတ်နိုး ဟန်းဖုန်းလေးအား ဖြည်းညင်းစွာဖြင့် ပိတ်လိုက်သည်။ ကိုဘုန်းမင်းခန့်နှင့် ပြောဆိုခဲ့သည်များကို တွေးရင်း မေ ကြည်နူးစွာဖြင့် ပြုံးလိုက်မိသည်။ မေ့အတွက် အရာရာက လှပလို့နေသည်။မေ တွေးနေချိန်လေးမှာဘဲ မေ့ လက်ကိုင်ဖုန်းလေးက ထပ်မြည်လာပြန်သည်။

♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠

Read More...

------------------------

Wednesday, August 1, 2007

အချစ်နှင့်အတူ (၁၄)

(၁၄)

သာယာလှပသော ညနေခင်းတစ်ခု။

“ချယ်ရီသစ္စာ” အိမ်ခြံဝင်းကြီး၏ ရေကူးကန်နံဘေး စိမ်းလန်းကျယ်ဝန်းသော မြက်ခင်းပြင်ကြီးပေါ်တွင် ပျော်စရာကောင်းသော “မွေးနေ့ဧည့်ခံပွဲ” တစ်ခုကို စည်ကားသိုက်မြိုက်စွာ၊ ခံ့ညားထည်ဝါစွာဖြင့် ကျင်းပ နေလေသည်။ မွေးနေ့ရှင်ကတော့ ဦးအောင်မြင့်မြတ်နှင့် ဒေါ်မြတ်နိုးဝေတို့၏ တစ်ဦးတည်းသောသမီးလေး “မေမြတ်နိုး”။

ခြံဝင်းကြီးတစ်ခုလုံးက ရောင်စုံမီးလုံးများအောက်တွင် အလှပကြီးလှပလို့နေသည်။ ဂုဏ်သရေရှိလူကြီး လူကောင်းများ၊ ဆွေမျိုးမိတ်သင်္ဂဟများ၊ မွေးနေ့ရှင်၏ သူငယ်ချင်းများဖြင့် “မွေးနေ့ဧည့်ခံပွဲ” လေးက စည်ကားသိုက်မြိုက်လှသည်။ သာယာငြိမ့်ညောင်းလှသော ဂီတသံများကြားမှ ထွက်ပေါ်လာသော ဇွန်းသံ ခရင်းသံ၊ ပန်းကန်ခွက်ယောက်သံများနှင့် ဧည့်ပရိတ်သတ်အပေါင်း၏ စကားသံ ရယ်မောသံတို့က မွေးနေ့ပွဲ လေးအား ပို၍စည်ကားအောင် ဖန်တီးပေးနေကြလေသည်။

မကြာမီအချိန်လေးမှာပဲ မွေးနေ့ရှင်လေး “မေမြတ်နိုး” က မွေးနေ့ပွဲကျင်းပရာ မြက်ခင်းပြင်ဆီသို့ လှပ ကြော့ရှင်းစွာဖြင့် ၀င်လာသည်။ အပြာနုရောင်ပိုးသားဂါဝန်လေးနှင့် မေမြတ်နိုးက အလှကြီးလှနေတော့သည်။ မေမြတ်နိုး ၀င်လာသည်နှင့်တပြိုင်နက် ၀န်ထမ်းများက ရောင်စုံမီးပန်းများကို ထွန်းညှိလိုက်ကြသောကြောင့် ကောင်းကင်တစ်ခုလုံးလင်းထိန်သွားတော့သည်။ အလင်းရောင်ကြောင့် မွေးနေ့ရှင်လေးက ပို၍လှပတောက်ပ သွားလေသည်။

မွေးနေ့ရှင်က ပရိတ်သတ်များကို အလှဆုံးအပြုံးလေးဖြင့် လိုက်လံနှုတ်ဆက်လို့နေသည်။ ဧည့်သည်များ များပြားလှသောကြောင့် မေမြတ်နိုးတစ်ယောက် သူငယ်ချင်းများ၏ စားပွဲဝိုင်းသို့တော်တော်နှင့် မရောက်နိုင် ဖြစ်နေတော့သည်။ အချစ်ဆုံးသူငယ်ချင်းလေး၏ မျက်နှာပေါ်မှ ပီတိအပြုံးက နွေးထွေး၊ မြူနှင်းနှင့် နွယ်နီ တို့ဆီသို့ ကူးဆက်ကာ သူတို့၏စိတ်ကိုလည်း အမှန်တကယ်ကို အေးချမ်းစေသည်။

မေမြတ်နိုးအားကြည့်ရင်း ဘုန်းမင်းခန့်တစ်ယောက် အရမ်းကိုကြည်နူးဝမ်းသာလို့နေသည်။ ပြုံးပျော်ရွှင်နေ သောမျက်နှာလေးက တကယ့်ကို ပကတိကလေးတစ်ယောက်လို အပြစ်ကင်းစင်လှသည်။ ဒီကောင်မလေးနှင့် သူ့ရေစက်ကလည်း အံ့သြလောက်အောင် ဆန်းကြယ်လှသည်။ ဘုန်းမင်းခန့် ဘယ်တုန်းကမှ ဘယ်သူနှင့်မှ မခံစားရဘူးသော ခံစားမှုတို့က ထိုကောင်မလေးနှင့်မှခံစားရသည်။ ဘာပဲဖြစ်ဖြစ် ယခုတော့ သူ မြတ်နိုးအား ချစ်၍ မ၀နိုင်လောက်အောင်ကို ချစ်နေမိပြီ။

မိုးမြင့်ယံကလည်း မေမြတ်နိုးအားကြည့်ရင်း ချစ်ခင်နှစ်သက်စိတ်များ တဖွားဖွားဖြစ်ပေါ်နေလေသည်။ မိမိ နှစ်သက်သူလေးက ပြုံးပျော်ရွှင်နေတော့ သူလည်း အလိုလို ပျော်ရွှင်လို့နေသည်။ ထိုကောင်မလေးသာ မိမိ ချစ်သူဖြစ်သွားလျှင်တော့ မိုးမြင့်ယံလောက်ပျော်ရွှင်မည့်သူ ရှိမည်ဟုမထင်။ အတွေးနှင့်ပင် ကြည်နူးမှုတို့က အတိုင်းမသိ။

“မွေးနေ့ရှင်မမလေး ခုမှပဲ နွေးတို့နားရောက်လာတော့တယ်နော်”

“ဟုတ်သားပဲ၊ အချစ်ဆုံးသူငယ်ချင်းတွေကို ဒီလိုပဲ ပစ်ထားရလား”

“အင်းလေ၊ ခုတော့မေ့ပြီပေါ့ နွယ်တို့ကို”
တစ်ယောက်တစ်ခွန်းပြောလိုက်သော အပြုံးတွေကို မေက ဘာမှပြန်မပြောဘဲ ရယ်လို့သာနေသည်။

“မဟုတ်ရပါဘူးရှင်၊ ဟိုမှာ ဖေနဲ့မေက သူ့မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးနေလို့ပါ”
မေက ပြုံးပြရင်း ပြောလိုက်သည်။

“ဘာလဲ ချွေးမတော်ဖို့ မိတ်ဆက်ပေးနေတာလား”

“မဟုတ်ပါဘူး နှင်းရယ်၊ ဒီတိုင်းမိတ်ဆက်ပေးတာပါ”
မေ့စကားအဆုံး၌ အားလုံးသဘောကျစွာ ရယ်လိုက်ကြသည်။

“နှင်းတို့နွယ်တို့က ကိုဘုန်းနဲ့ ကိုမိုးမြင့်ယံနဲ့ တစ်ဝိုင်းထဲထိုင်နေပြီး မိတ်မဆက်ရသေးဘူးလား”

“မဆက်ရသေးဘူးလေ၊ သူတို့မှန်းမှမသိတာ”

“ခုမိတ်ဆက်ပေးလိုက်လေ မိနိုး”

နွေးထွေးက မေမြတ်နိုးအား ပြောလိုက်လေသည်။ ထို့နောက် ဘယ်သူ့မှ မမြင်အောင် မျက်စိတစ်ဖက်ပင် မှိတ်ပြပြီး မေ့ကို စလိုက်သေးသည်။

“အင်း မိတ်ဆက်ပေးမယ် နွေး”

“နွေး … နှင်း … နွယ် … သူက ကိုဘုန်းမင်းခန့်တဲ့၊ ဟိုဘက်က ကိုမိုးမြင့်ယံ”

“ကိုဘုန်း … ကိုမိုးယံ … ဒါက မေ့အချစ်ဆုံးသူငယ်ချင်းသုံးယောက် … မြူနှင်း၊ နွယ်နီနဲ့ နွေးထွေးတဲ့”
မေက ကိုဘုန်းမင်းခန့်နှင့် ကိုမိုးမြင့်ယံအား မေ့သူငယ်ချင်းသုံးယောက်နှင့် မိတ်ဆက်ပေးလိုက်သည်။

“တွေ့ရတာဝမ်းသာပါတယ် ခင်ဗျာ”

“ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ရှင်”
ထို့နောက် ဘုန်းမင်းခန့်နှင့် မိုးမြင့်ယံအား ထပ်မံမိတ်ဆက်ပေးလိုက်သည်။

“ကိုဘုန်း … ဒါက ကိုမိုးမြင့်ယံတဲ့”

“ကိုမိုးယံ … မေ ပြောပြောနေတဲ့ ကိုဘုန်းမင်းခန့်”

“တွေ့ရတာဝမ်းသာပါတယ် ကိုမိုးမြင့်ယံ”

“ကျွန်တော်လည်း ၀မ်းသာပါတယ် ကိုဘုန်းမင်းခန့်”
ဘုန်းမင်းခန့်နှင့် မိုးမြင့်ယံက တစ်ယောက်နှင့်တစ်ယောက်ပြောရင်း လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။

“ကိုဘုန်းတို့ ဟိုဘက်ကို လိုက်ခဲ့တော့နော်၊ မေ မွေးနေ့ကိတ်လှီးတော့မှာမို့”

“ဟုတ်ပါပြီ ဗျာ”

“ကိုမိုးယံနဲ့ နှင်းတို့ကော လာလေ”

“အင်း လာပြီ မိနိုး”

“အင်း မေ”
မေတို့အားလုံး မွေးနေ့ကိတ်ရှိရာ စားပွဲဆီသို့ထွက်ခဲ့ကြတော့သည်။

စင်မြင့်ထက်မှ မွေးနေ့ဆုတောင်းသီချင်းသံလေးက သာယာငြိမ့်ညောင်းစွာဖြင့် ပျံ့လွင့်လို့လာသည်။ မေ့ မျက်နှာလေးက ပျော်ရွှင်ကြည်နူးမှုကြောင့် အပြုံးများဖြင့် ပြည့်လျှံလို့နေသည်။ သီချင်းလေးအဆုံး၌ မေက ဖယောင်းတိုင်လေးများကို မှုတ်လိုက်ပြီး ကိတ်မုန့်လေးကို စတင်လှီးလိုက်တော့သည်။ ထို့နောက် ကိတ်မုန့် လေးအား မေက တစ်ယောက်ချင်းဆီ လိုက်ခွံ့ကျွေးလိုက်သည်။ ပထမဦးဆုံး မေ့ဖေဖေနှင့် မေမေ၊ ထို့နောက် မေ အခင်ဆုံး အချစ်ရဆုံးဖြစ်သော ကိုဘုန်း၊ ကိုမိုးယံ၊ နှင်း၊ နွယ်၊ နွေး။

မေမြတ်နိုး၏မွေးနေ့ပွဲလေးက မေ့ကို ချစ်မြတ်နိုးသူ၊ မေက ချစ်မြတ်နိုးရသူများနှင့် စည်ကားသိုက်မြိုက်စွာ ပြီးဆုံးသွားတော့သည်။ အမှတ်တရပေါင်းများစွာ၊ ကြည်နူးဝမ်းသာမှုများစွာဖြင့် မေ့ဘ၀အတွက် ဘယ်တော့မှ မမေ့နိုင်သောမွေးနေ့ပွဲလေးဖြစ်ခဲ့သည်။ မွေးနေ့ပွဲလေးက ပြီးသွားပြီဖြစ်သော်လည်း မွေးနေ့ရှင်မေကတော့ ယခုထိတိုင် ရင်ခုန်ဆဲ၊ ကြည်နူးဝမ်းသာဆဲဖြစ်သည်။

“မိနိုး လက်ဆောင်တွေ ဖောက်သေးဘူးလား”
ခုတင်ထက်တွင်ထိုင်ရင်း ငေးနေသောမေက နွယ့်စကားကြောင့် နွယ့်အားပြုံးပြလိုက်မိသည်။

“ကဲ … လက်ဆောင်မဖောက်ဘူးလားဆိုတာ ပြုံးပြနေတယ်၊ ဖောက်ပါ ကိုဘုန်းမင်းခန့်နှင့် ကိုမိုးမြင့်ယံ လက်ဆောင်ကို၊ ဒီမှာ သိချင်လှပြီ”

“အင်း ဟုတ်တယ် မိနိုး မြန်မြန်ဖောက်”
နွေးကလည်း စိတ်ဝင်စားစွာဖြင့် ၀င်ပြောလိုက်လေသည်။

“ဟုတ်ပါပြီရှင်၊ ကိုဘုန်းလက်ဆောင်ကို အရင်ဖောက်ကြတာပေါ့”

“အင်း”

မေက ကိုဘုန်းမင်းခန့်လက်ဆောင်အားလှမ်းယူလိုက်ပြီးနောက် တဖြည်းဖြည်းချင်းဖောက်လိုက်တော့သည်။ ပါကင်လေးအတွင်းမှ လှပသောဗူးလေးက ၀င့်ထည်စွာထွက်ပေါ်လာသည်။ မေက ဗူးလေးအား ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ ဗူးလေးအတွင်း၌ ပလက်တီနမ်ဆွဲကြိုးလေးက တဖျတ်ဖျတ်လက်လို့။ လော့ကတ်လေးက ဂီတသင်္ကေတပုံစံလိုလို အင်္ဂလိပ်အက္ခရာ "S" ပုံစံလိုလို။ သေချာတာကတော့ ချစ်စရာကောင်းသောပုံစံလေး ဖြစ်သည်။

“ချစ်စရာကောင်းလိုက်တာ မိနိုးရယ်၊ ကိုဘုန်းမင်းခန့်တို့ကတော့ တကယ်ကို စိတ်ကူးကောင်းတယ်နော်၊ ရွေးလည်းရွေးတတ်တယ်”

“ဟုတ်တယ်၊ နွယ်တို့ဆိုရင်တောင် အဲလို ရွေးတတ်မှာ မဟုတ်ဘူး”

“အင်း ဟုတ်တယ်”
နွေးထွေးတို့က တစ်ယောက်တစ်ခွန်း ပြောလိုက်ကြသည်။

“မိနိုး ဆွဲကြည့်လိုက်လေ”

“အင်း မိနွယ်”

“နှင်း ဆွဲပေးမယ် နိုး”
မြူနှင်းက မေ့အား လာရောက်ဆွဲပေးလိုက်သည်။ ဆွဲကြိုးလေးက မေ့လည်ဂုတ်ဖွေးဖွေးပေါ်တွင် လှပလို့နေ သည်။

“အရမ်းလှတယ် သိလား မိနိုး၊ ဆွဲလိုက်တော့ ခုနကြည့်တာထက် ပိုလှတယ်”

“အင်းပေါ့ ဒီလိုပဲဖြစ်ရမှာပေါ့၊ ဆွဲထားတဲ့သူကိုလည်း ကြည့်လိုက်အုံးလေ၊ ဒီလောက်လှပြီး ဒီလောက် ချစ်စရာကောင်းတာ”
မေက နှင်းတို့အား နောက်လိုက်တော့သည်။ မေ့မျက်ဝန်းလေးကတော့ ကျေနပ်မှုဖြင့် တောက်ပလို့နေသည်။

“အင်း တစ်ယောက်တော့ ပြီးသွားပြီ၊ ကိုမိုးမြင့်ယံလက်ဆောင်ကိုဖောက်၊ ခု”

“ဟုတ်တယ် ဖောက်တော့ သူ့လက်ဆောင်”

“ဟုတ်ပါပြီရှင်၊ ဖောက်ပါ့မယ်”

မေက ပြောပြီးသည်နှင့် ကိုမိုးမြင့်ယံ၏ လက်ဆောင်ထုပ်လေးအား လှမ်းယူ၍ ဖြေလိုက်တော့သည်။ အထုပ်လေးထဲမှ ဗူးလေးတစ်ဗူးက ထွက်ပေါ်လာသည်။ မေ ထိုဗူးလေးအား ထပ်မံဖွင့်ကြည့်လိုက်သည်။ ဗူးလေးထဲတွင် ဗူးအသေးလေးတစ်ဗူးနှင့် မွေးနေ့ကဒ်လေးတစ်ကဒ်က မေ ဖွင့်အကြည့်အားစောင့်နေဟန်။ မေ ဦးစွာ ကဒ်လေးအား ထုတ်ယူပြီး ဖွင့်ကြည့်လိုက်တော့သည်။ ကဒ်လေးထဲမှာတော့ မေ့ကို ရင်ခုန်စေသော စာကြောင်းလေး ခြောက်ကြောင်း။ စာကြောင်းလေးများအား မေ ထပ်မံဖတ်လိုက်မိသည်။

ချစ်ရသောမေ

မေ့မွေးနေ့မှာ မေ့အတွက်လက်ဆောင်အဖြစ် ကျွန်တော့်နှလုံးသားကို ပေးလိုက်တယ်။
ကျွန်တော်ပေးတဲ့လက်စွပ်လေးက ကျွန်တော့်အချစ်ကို ကိုယ်စားပြုတဲ့သက်သေပါ။
မေ့ကို ကျွန်တော်ချစ်တယ်။
မေ ကျွန်တော့်အချစ်ကို လက်ခံပါလို့ အလေးအနက်တောင်းဆိုလိုက်ပါတယ်။
မေနဲ့အတူ ကျန်ရှိနေတဲ့ ကျွန်တော့်ဘ၀ကို လျှောက်လှမ်းချင်ပါတယ်။
ပျော်ရွှင်ကြည်နူးသော အမှတ်တရမွေးနေ့လေး ဖြစ်ပါစေ …

မေ့ကိုအရမ်းချစ်တဲ့
မိုးမြင့်ယံ


မေ စာကို ဖတ်ပြီးနောက်မှာပေါ့ ဘေးမှာရှိနေသောဗူးလေးအား ဖွင့်ကြည့်လိုက်သည်။ ဗူးလေးအတွင်းမှတော့ ဒီဇိုင်းရိုးရိုးလေးနှင့် လက်စွပ်လေးတစ်ကွင်း။ ဖဲပြားပုံစံလေးနှင့် အလယ်တွင် စိန်လေးတစ်လုံးထည့်ထား၏။ လက်စွပ်ဗူးလေးတစ်ဖက်၊ မွေးနေ့ကဒ်လေးတစ်ဖက်ကိုင်ရင်း မေမြတ်နိုး အူကြောင်ကြောင်ဖြစ်နေတော့သည်။ မွေးနေ့မှာ ဒီလိုချစ်ခွင့်တောင်းခံရလိမ့်မည်လို့ သူမ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူးပေ။ ပျော်ရွှင်ကြည်နူးမှု၊ စိတ်လှုပ်ရှားမှု၊ ရင်ခုန်မှု၊ အံ့သြ၀မ်းသာမှုတို့ဖြင့် မေ့ရင်ထဲတွင် ပြည့်နှက်လို့နေသည်။

“မိနိုး …”
မြူနှင်း၏ခေါ်သံကြောင့် မေ အတွေးကိုဖြတ်ရင်း မြူနှင်းအား လှမ်းကြည့်ကာမေးလိုက်သည်။

“ဘာလဲ နှင်း …”

“ဘာလုပ်မယ်လို့စိတ်ကူးလဲ နိုး”

“နိုး လောလောဆယ်တော့ မသိသေးဘူး နှင်း”

“နိုး သူ့ကိုစိတ်ဝင်စားတယ် မဟုတ်လား၊ အမြဲလည်း သတိရနေတာပဲ မဟုတ်လား”

“ဟုတ်တော့ဟုတ်ပါတယ် နှင်း၊ ဒါပေမယ့် နိုး စဉ်းစားအုံးမယ်”

“ကိုယ့်စိတ်ကိုယ်ကို သေချာမသိသေးဘူးလား နိုး”
နွေးထွေးက မေမြတ်နိုးအား ၀င်မေးလိုက်သည်။

“အဲလိုလို့ထင်တယ် နွေး၊ နိုး သူ့ကို ချစ်လားမချစ်လားဆိုတာ တစ်ခါမှမစဉ်းစားခဲ့ဘူးလေ၊ နိုး ခုမှစစဉ်းစား ရမှာလေ”

“အင်း သေချာစဉ်းစားပေါ့”

“အင်းပါ နွယ်”

“စဉ်းစားပြီးရင်လည်း နွယ်တို့ကို ပြောအုံးနော်၊ တိတ်တိတ်ကလေး လုပ်မနေနဲ့နော်”

“ဟုတ်ပါပြီရှင်၊ နိုး ပြောပါ့မယ်”

“အင်း”

“ကဲ စပ်စုလို့လည်း ပြီးပြီ၊ ပြန်ကြရအောင် နွေးနဲ့နွယ်”

“အင်း ပြန်ကြမယ်လေ နှင်း”

“ကဲ မွေးနေ့ရှင်လေး နှင်းတို့ပြန်မယ်နော်၊ တစ်ယောက်တည်း စိတ်ကူးယဉ်ရင်း နေခဲ့ပေတော့”

“ဟုတ်ပါပြီရှင်”

“သွားပြီနော် နိုး၊ တာ့တာ”

“တာ့တာ နွေး၊ တာ့တာ နွယ်၊ တာ့တာ နှင်း”

နွေးထွေးတို့ ပြန်သွားကြပြီးနောက် မေ အိပ်ရာထက်တွင် ထိုင်နေရာမှ မထသေးဘဲ လက်စွပ်လေးကို ကြည့်နေမိသည်။ လက်စွပ်လေးကို သူ ၀တ်ရမလား မ၀တ်ရမလား ဝေခွဲမရဖြစ်နေတော့သည်။ ကိုမိုးယံက သူ့အချစ်သက်သေဆိုတော့ ဒါကို မေ၀တ်လိုက်ရင် သူ့အချစ်ကို မေလက်ခံခြင်းဟု ထင်သွားမလား။ ဟိုးအရင်ပြန်မတွေ့ရချိန်ကတော့ မေ သူ့ကိုအရမ်းကို တွေ့ချင်နေခဲ့မိသည်။ ယခုလို ပြန်တွေ့ရသည့်အပြင် သူ့အချစ်ကိုပါ ရချိန်ကြတော့လည်း မေ့စိတ်တွေက ဘယ်လိုမှန်းမသိ။ ဒါပေမယ့် မေ မိုးမြင့်ယံနှင့်တွေ့တိုင်း ဘယ်သူနှင့်မှမတူသော ခံစားမှုတစ်ခုကို အမြဲခံစားရသည်။ အဲဒီခံစားမှုက ဘာဆိုတာ သူကိုယ်တိုင်လည်း မသိ။ ကိုမိုးမြင့်ယံ ခရီးသွားနေချိန်တွင်လည်း မေ သူ့ကို အရမ်းကိုသတိရမိခဲ့သည်။ တစ်ခုခုလိုသလိုလိုခံစား ရသည်။ အဲလိုခံစားချက်က အချစ်ဆိုလျှင်တော့ မေ ကိုမိုးမြင့်ယံကို ချစ်နေမိပြီပေါ့။

တယ်လီဖုန်းမြည်သံက မေ့အား အတွေးကမ္ဘာမှ လှုပ်နှိုးလိုက်သည်။ မေ ခုတင်ထက်မှထကာ စားပွဲပေါ်တွင်တင်ထားသော လက်ကိုင်ဖုန်းလေးအား ကောက်ယူလိုက်သည်။ ထို့နောက် ဖုန်းလေးအား ဖွင့်ရင်း မေ ထူးလိုက်သည်။

♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠

Read More...

------------------------

Tuesday, July 31, 2007

အချစ်နှင့်အတူ (၁၃)

(၁၃)

“မင်း မေမြတ်နိုးကို ချစ်နေတယ်ဆိုတာ သေချာလို့လား မိုးမြင့်ယံရာ”

သက်ဇော်၏ မျက်နှာကိုကြည့် ပြီး မိုးမြင့်ယံ ရုတ်တရက်ဘာပြောရမှန်းမသိဖြစ်နေသည်။ ဒီမေးခွန်းကို ဟိုး အရင် သက်ဇော်မမေးခင်အချိန်ကတည်းက သူ့ကိုယ်သူ အကြိမ်ကြိမ်မေးခဲ့ပြီးပြီဖြစ်သည်။ မေမြတ်နိုးအပေါ် တကယ်ချစ်ခြင်းလား၊ စိတ်ဝင်စားခြင်းလား၊ သာယာနေမိခြင်းလား၊ ဘ၀တစ်လျှောက်လက်တွဲချင်တာလား ဆိုတာကို မိုးမြင့်ယံ ကိုယ့်ကိုယ်ကို သေချာစွာ အကြိမ်ကြိမ်မေးခဲ့သည်။ ကိုယ့်ကိုယ်ကို မေးခဲ့သောမေးခွန်း များက မရေတွက်နိုင်ပေ။ သူ ကိုယ့်ကိုယ်ကို ဘယ်လောက်မေးမေး ဘယ်လိုမေးမေး နောက်ဆုံးတွင်တော့ အဖြေတစ်ခုကိုသာ ရှာဖွေလို့ရခဲ့သည်။ အဲဒါကတော့ သူ မေ့အား တကယ်ချစ်သည်၊ ဘ၀တစ်လျှောက်လုံး လက်တွဲသွားချင်သည်ဆိုသော အဖြေ။

“မင်းနဲ့သူက ဟိုးအရင်ကတည်းက ဆုံခဲ့တာဆိုပေမယ့် တကယ်တမ်းပြောရရင် ခုမှခင်တာနော်၊ ပြီးတော့ သေချာပြောရရင် တစ်ခေါက်ပဲ သေချာဆုံဖူးတာလို့ ပြောလို့ရတယ်၊ ကျန်တာအားလုံးက ဖုန်းနဲ့စကား ပြောခဲ့ကြတာပဲရှိတာ၊ ဟုတ်မှလည်းလုပ်နော် မိုးမြင့်ယံ၊ မင်းအကြောင်း ငါသိလို့ ပြောနေရတာ၊ ပြီးမှ အားလုံးစိတ်ညစ်ရတာမျိုးဖြစ်မယ်”

“မင်းကလည်းကွာ၊ ဟိုခေတ်ကအတွေးတွေကြနေတာပဲ၊ အပြင်မှာတစ်ခါပဲ တွေ့ ဖူးတယ်၊ ကျန်တာက ဖုန်းထဲမှာ စကားပြောတယ်ဆိုတာနဲ့ပဲ မချစ်ရတော့ဘူးလား၊ အရေးကြီးတာက သူ့စိတ်ထား၊ ငါ့စိတ်ထားပါ၊ အပြင်မှာ တွေ့နေရပြီး သူ့စိတ်ထားကိုမသိတော့ကော ဘယ်လိုလုပ်ရမှာလဲ၊ တစ်ခါမှမမြင်ဖူးလဲဘဲ စကားပြောကြည့် ပြီးတော့ သူ့စိတ်ကို သိပြီဆိုလည်း ချစ်လို့ရတာပဲ”

“မင်းနဲ့တော့ ခက်တယ် မိုးမြင့်ယံ၊ ဘာမဆိုလုပ်ချင်ရင် အတင်းပဲ”
သက်ဇော်က မိုးမြင့်ယံအား စိတ်ပျက်စွာကြည့်ရင်း ပြောလိုက်သည်။

“ငါက ခက်တာမဟုတ်ဘူး၊ မင်းက ခက်နေတာ၊ မင်းသိတယ်မဟုတ်လား ၀င်းနိုင်ကိုလေ”

“မင်းအကြောင်းပြောနေရာက ဘယ်ကဘယ်လို ၀င်းနိုင်က ရောက်လာရပြန်တာလဲ”

“ဒါကြောင့် ငါခက်တာမဟုတ်ဘူး၊ မင်းခက်တာလို့ပြောတာ”

“အင်းပါ ထားပါတော့၊ ၀င်းနိုင်က ဘာဖြစ်လို့လဲ”

“သူဆို အွန်လိုင်းမှာ ကလျာကို တွေ့ ပြီး စကားပြောရာက ချစ်ခဲ့ကြတာပဲလေ၊ ခုဆို မင်္ဂလာတောင်ဆောင်ပြီး နေပြီ၊ နောက်ပြီး ချစ်လိုက်ကြတာကလဲ အပြင်မှာတွေ့ ပြီး ချစ်ကြတဲ့ ချစ်သူတွေထက်တောင် ပိုသေးတယ်”

“ဒီတော့ မင်းကလည်း သူ့လမ်းစဉ်လိုက်မယ်ဆိုပါတော့”

“သူ့လမ်းစဉ်လိုက်တာ မဟုတ်ဘူး သက်ဇော်၊ ငါပြောတာက အပြင်မှာတွေ့တာ မတွေ့တာက မဆိုင်ဘူးလို့ ပြောတာ၊ ဘယ်လိုအခြေအနေ ဘယ်လိုပုံစံနဲ့ဆုံဆုံ အရေးကြီးတာ တစ်ယောက်နဲ့တစ်ယောက် နားလည်ပြီး တကယ်ချစ်ကြဖို့ပဲ”

“အင်း ခုတော့ဒီလိုပြောတာပါပဲ၊ နောက်မှ သက်ဇော်ရေ မင်းပြောတုန်းက နားမထောင်မိတာမှားပြီလို့တော့ လာမပြောနဲ့၊ လုံးဝကို သနားမှာမဟုတ်ဘူး”

“ဘယ်တော့မှ မပြောဘူး စိတ်ချ”

“ဒါဖြင့် မင်း ဒီကနေပြန်ရင် သူ့ကိုဖွင့်ပြောတော့မယ်ပေါ့”

“အင်း ငါဒီကပြန်ရင် သူက ရန်ကုန်ကို ရောက်နေပြီလေ၊ အဲတော့ အဲချိန်မှာပဲ ဖွင့်ပြောလိုက်တော့မယ်၊ ဒါပေမယ့် တစ်ခုပဲ ရှိတယ် …”
မိုးမြင့်ယံက စကားကို မဆက်သေးဘဲ ရပ်ထားလိုက်သည်။

“ဘာလဲ ဘုန်းမင်းခန့်ကိစ္စမဟုတ်လား”

ဒီလိုဆိုတော့လည်း မိုးမြင့်ယံ သက်ဇော်ကို ဆရာတင်ချင်သွားသည်။ အရာရာကို အကွက်ကြိုမြင်တတ်ပြီး ဆရာခေါ်ထိုက်နေသည်။ မိုးမြင့်ယံစိတ်ထဲမှ သက်ဇော်အား အမှတ်တစ်မှတ် ပေးလိုက်မိ၏။

“ဟုတ်တယ် သက်ဇော်၊ မေ့စကားအရဆိုရင် သူတို့က တော်တော်ကို ခင်ကြတာ၊ ဘုန်းမင်းခန့်ကိုခင်တဲ့ အချိန်နဲ့ ငါတို့ခင်တဲ့အချိန် သိပ်မကွာပေမယ့် မေက သူ့ကို တော်တော်ခင်တယ်၊ နောက်ပြီး အစစအရာရာ လည်း တော်တော်အားကိုးပုံရတယ်၊ သူတို့က အဲလောက်ရင်းနှီးနေကြတော့ နောင်တစ်ချိန်မှာ အဲဒါက ငါတို့ ကြားမှာ ပြဿနာဖြစ်လာမှာ ငါနည်းနည်းတော့ စိုးရိမ်မိတယ်”

“ဒါဆိုလည်း မင်း မေမြတ်နိုးကို သေချာမေးကြည့်လိုက်ပေါ့”

“ဘာကိုလဲ သက်ဇော်”

“သူတို့အခြေအနေကိုပေါ့”

“အာ … အဲလိုမေးလို့ ဘယ်ကောင်းပါ့မလဲကွ”

“ဘာမကောင်းစရာရှိလဲ၊ အစကတည်းက ရှင်းရှင်းလင်းလင်းသိထားတော့ ပိုကောင်းတာပေါ့၊ အဲလိုမေးထား တော့ နောက်ပိုင်းမှာလည်း မင်းစိုးရိမ်တဲ့ကိစ္စတွေ ဖြစ်မလာနိုင်တော့ဘူးပေါ့”

“အင်း အဲဒါက ထားလိုက်ပါအုံးကွာ၊ လောလောဆယ် ငါကလည်း သူ့ကိုဖွင့်ပြောသေးတာမှ မဟုတ်တာ၊ ဖွင့်ပြောပြီးတော့မှဘဲ ကျန်တာဆက်လုပ်ရတာပေါ့”

“အင်းလေ … မင်းအဆင်ပြေရင် ပြီးတာပါပဲ၊ ငါက ကာယကံရှင်မှ မဟုတ်ဘဲ၊ ကာယကံရှင်ဖြစ်တဲ့မင်း ကျေနပ်ဖို့ပဲလိုတယ်”

“အင်း … ဒီလိုပဲ ကြည့်လုပ်ရတာပေါ့ကွာ၊ ဟင်း …”

မိုးမြင့်ယံက ပြောပြီးနောက် သက်ပြင်းချလိုက်လေတော့သည်။ အစကတော့ ဒါတွေကို သိလို့မချစ်ခဲ့ခြင်း ဖြစ်သည်။ ခုချစ်တော့မည်ဆိုတော့ အကြောင်းအရာတွေက ဟိုကတစ်စ ဒီကတစ်စဖြင့် ခေါင်းထဲကို ၀င်ရောက်လာတော့သည်။ မေမြတ်နိုးက မိမိကို လက်မခံမည်ကိုလည်း စိုးရိမ်မိသည်။ လက်ခံပြီးလျှင်လည်း အဆင်မပြေမှုများ ဖြစ်လာမည်ကို စိုးရိမ်မိပြန်သည်။ အချစ်ဆိုတာ ဘယ်လိုတွေးတွေး အေးချမ်းမှု၊ ပူလောင်မှု တွေနဲ့ ရောနှောနေတာပဲလေ။ မေမြတ်နိုးအချစ်ကို ရပြီးလျှင်တော့ သူတို့ဘယ်လောက် ပျော်ရွှင်ရမည်မသိ။ ခုတော့ သူ့ရင်ထဲမှာ အလွန်ကိုပူလောင်နေသည်။

“မင်း ဘုန်းမင်းခန့်ကို တွေ့ဖူးလား မိုးမြင့်ယံ”

“မတွေ့ဘူး ဖူး”

“မင်း သူနဲ့တွေ့ဖို့နည်းနည်းပါးပါး ကြိုးစားလေကွာ၊ သူ့အကြောင်းတွေ ဘာတွေလည်း နည်းနည်းပါးပါး စုံစမ်းထားအုံးမှပေါ့၊ ကိုယ့်ပြိုင်ဘက်ဖြစ်လာနိုင်တဲ့သူအကြောင်းကို မင်း ဘာမှမသိဘူးဆိုရင် မင်း ရှုံးမှာပေါ့ သူငယ်ချင်း”

“အင်း ငါလည်း စဉ်းတော့စဉ်းစားထားပါတယ်၊ စုံစမ်းဖို့ကို၊ ရန်ကုန်ပြန်ရောက်မှဘဲ ကြည့်လုပ်ကြတာပေါ့၊ ဒါပေမယ့် တစ်ခုတော့ရှိတယ်ကွ၊ မေက သူ့မွေးနေ့ကို ခမ်းခမ်းနားနားလုပ်မလားမသိဘူး၊ အဲကျရင်တော့ ဘုန်းမင်းခန့်နဲ့ တွေ့နိုင်တယ်”

“အင်း ဒါဆိုရင်လည်း အဲမှာတွေ့ပြီးမှ ဆက်လှုပ်ရှားပေါ့”

“အင်း အဲဒါပဲကောင်းပါတယ်လေ”

သက်ဇော်ပြောသည့်အတိုင်းလုပ်တာက အကောင်းဆုံးနှင့် အမှန်ဆုံးနည်းလမ်းဖြစ်မည်ဟု မိုးမြင့်ယံ လက်ခံ လိုက်ပါသည်။ သို့ပေမယ့် မေ့ကို ဒီအကြောင်းတွေပြောဖို့ လောလောဆယ် သူ အင်အားတွေ၊ သတ္တိတွေ မွေးရဦးမည်။ အချိန်ဘယ်လောက်ကြာကြာ သူသတ္တိမွေးရမည်ကိုတော့ သူမသိသေးပေ။

Read More...

------------------------

Monday, July 30, 2007

အချစ်နှင့်အတူ (၁၂)

(၁၂)

နွေးတို့ရောက်လာပြီးနောက် မေတစ်ယောက် မနားနိုင်လောက်အောင် အလုပ်တွေ ရှုပ်နေခဲ့တော့သည်။ ဂျူတီ ၀င်လိုက် အားချိန်တွင် သူတို့နှင့်သွားတွေ့ ပြီး စကားတွေပြောလိုက်နှင့် ရှုပ်နေခဲ့သည်။ သူတို့ နှင့် စကားတွေ ပြောရင်း ဟိုး ငယ်စဉ်အချိန် ကျောင်းတက်ချိန်များကို ပြန်လည်သတိရမိသည်။ စကားတွေ အလုအယက် ပြောရင်း မေ အပျော်ကြီးပျော်နေမိသည်။ တစ်ယောက်အကြောင်းတစ်ယောက် ပြောပြရသည်ကို မမောနိုင်ဘဲ ရှိနေ၏။

မေက မေ့အကြောင်းအား သူတို့ကို ပြောပြသောအခါတွင်တော့ သူတို့အားလုံး အရမ်းကို အံ့သြနေလေသည်။ ကိုဘုန်းမင်းခန့်၊ ကိုမိုးမြင့်ယံတို့ နှစ်ယောက်စလုံးကို သူတို့ သိမှမသိကြသေးပဲလေ။ သူတို့ကို ပိုအံ့သြစေ တာက ကိုမိုးမြင့်ယံအကြောင်းပဲပေါ့။

“မိနိုး …”

“ဟင် … ဘာလဲ နှင်း”

“ဒါဖြင့် ကိုမိုးမြင့်ယံက ခုနိုင်ငံခြားသွားနေတာပေါ့”

“ဟုတ်တယ် နှင်း”

“သူပြန်လာရင် အရေးကြီးစကားပြောမယ်လို့ ပြောသွားတာပေါ့ ဟုတ်လား”
နွေးထွေးက မေ့အား လှမ်းမေးလိုက်သည်။

“ဟုတ်တယ် နွေး၊ နိုးကိုတော့ အဲလိုပြောသွားတာပဲလေ”

“အင်း နိုး၊ သူက နိုးကို ချစ်ခွင့်တောင်းတော့မယ် ထင်တယ်၊ နိုးကကော သူ့ကို ဘယ်လိုလဲ”

“နိုးလည်း သေချာမသိသေးဘူး နွေး၊ အဲဒီအကြောင်း နိုး မစဉ်းစားရသေးဘူး၊ နောက်ပြီး နိုးကို သူဖွင့်မှ မပြောသေးဘဲ၊ အဲတော့ နိုးမစဉ်းစားချင်သေးဘူး”
မေ နွေးထွေးအား ရှင်းပြလိုက်သည်။

“မိနိုး”
နွယ်နီက မေတို့ပြောသည်ကို ဘာမှဝင်မပြောဘဲ နားထောင်နေရာမှ မေ့အား လှမ်းခေါ်လိုက်၏။

“အင်း ပြောလေ မိနွယ်”

“နိုး သေချာရဲ့လား၊ ဘယ်သူကို ဘာလဲဆိုတာ”
နွယ်နီ့စကားကြောင့် မေ၊ နှင်းနှင့်နွေးတို့အားလုံး သူ့ကို တပြိုင်တည်းလှမ်းကြည့်လိုက်သည်။

“ဘာလဲ မိနွယ်ရဲ့၊ အစမရှိ အဆုံးမရှိ”

“အင်းလေ၊ မိနွယ်ရယ် ရှင်းရှင်းပြောပါ”
နှင်းနှင့်နွေးက နွယ့်အားပြောလိုက်ကြသည်။

“အင်းပါ၊ ပြောပါ့မယ်၊ ဖြေးဖြေးပေါ့”

“ကဲ ပြောမှာသာ ပြောပါ၊ ဖြေးဖြေးတွေ မြန်မြန်တွေ လုပ်မနေပါနဲ့၊ နိုး သိချင်ပြီ၊ မိနွယ် ခုနက ဘာပြောတာလဲ”
မေက အားလုံးကို လှမ်းပြောလိုက်ပြီး နွယ့်အား ထပ်မေးလိုက်တော့သည်။

“နိုး ဘယ်သူ့ကို ဘာလဲလို့လေ”

“အင်းလေ၊ ဘယ်သူ့ကို ဘာလဲဆိုတာ ဘာကိုပြောတာလဲ နွယ်၊ နိုး နားမလည်ဘူး”

“ဟုတ်တယ် နားမလည်ဘူး ဘာလဲ မိနွယ်”

“ဒီလိုလေ မိနိုးက ကိုဘုန်းမင်းခန့်ကိုလား ကိုမိုးမြင့်ယံကိုလားလို့ မေးတာ”

“မိနွယ် …”
မြူနှင်းက အလန့်တကြားဖြင့် အော်လိုက်သည်။

“ဘာလဲဟ လန့်လိုက်တာ”
နွယ်နီက မြူနှင်းအား ကြည့်လိုက်ပြီး မေးလိုက်ပြန်သည်။

“ဟင် … မိနွယ် … အမတော်ရယ် … ကိုယ်မေးတာလည်း ကိုယ်ပြန်ကြည့်ပါအုံး”

“ဘာဖြစ်လို့လဲ၊ နွယ် မေးတာ ရှင်းရှင်းလေးလေ၊ နှင်း ဘာပြောချင်တာလဲ၊ နွယ် နားမလည်ဘူး”
နွယ်နီက နားမလည်ဟန်ဖြင့် မြူနှင်းအား ပြောလိုက်သည်။

“ကိုယ်မေးပြီး ကိုယ်နားမလည်ဘူးလား”

“အင်းလေ နားမလည်ဘူး”

“နိုးက ကိုဘုန်းမင်းခန့်ကိုလား၊ ကိုမိုးမြင့်ယံကိုလားဆို”

“အင်းလေ၊ အဲဒါက ဘာဖြစ်လို့လဲ”

“ဟင် … အဲလိုမေးစရာလားဟ၊ ကိုဘုန်းမင်းခန့်က ချစ်သူရှိပြီးသားလေ၊ ပြီးတော့ လက်ထပ်တော့မယ် လေ”

“အဲဒါဘာဖြစ်လဲ မိနှင်းရဲ့၊ နွယ်က မိနိုးကို ကိုဘုန်းမင်းခန့်ကို သွားလုခိုင်းတာမှ မဟုတ်တာ၊ သူ့ခံစားချက် အမှန်ကို သူသိရဲ့လားလို့ မေးတာ”
နွယ်နီက မေတို့အားလုံးအား သေချာရှင်းပြနေသည်။

“သူ့ခံစားချက်အမှန် …”
နှင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

“အင်း ဟုတ်တယ်၊ နွယ် သိချင်တာက မိနိုးရဲ့ ခံစားချက်အမှန်”

“နွယ်က နိုးကို ဘာလို့အဲလိုမေးတာလဲ”
မေမြတ်နိုး နားမလည်ဟန်ဖြင့် နွယ်နီ့အား မေးလိုက်မိသည်။

“ကိုယ့်သူငယ်ချင်းကို သေချာစေချင်လို့ပေါ့၊ ကိုမိုးမြင့်ယံကို ချစ်တယ်လို့ အဖြေပေးပြီးမှ ကိုဘုန်းမင်းခန့်ကို ချစ်နေတာမျိုးဖြစ်နေမှာစိုးလို့”

“နွယ်ကလည်း နိုးက အဲလိုဘယ်ဖြစ်ပါ့မလဲ၊ နှင်းပြောသလိုပဲ သူ့မှာက ချစ်သူရှိပြီးသားပဲကို”

“ဟင်း … နွယ့် သူငယ်ချင်းတွေကတော့လေ လည်မလိုနဲ့တော်တော်ကို တုံးတာပဲ၊ သူ့မှာ ချစ်သူရှိတာကို ဘာလို့စဉ်းစားနေလဲ၊ ခဏမေ့ထားလိုက်၊ ပြီးတော့မှ ကိုယ့်ခံစားချက်အမှန်က ဘာလဲဆိုတာ စဉ်းစား”

“စဉ်းစားပြီးတော့ကော”
နွေးက နားထောင်နေရာမှ ၀င်မေးလိုက်သည်။ နွယ်နီ ပြောနေကြသည်က စိတ်ဝင်စားဖို့ ကောင်းနေပြီ။

“စဉ်းစားလို့ မိနိုးက ကိုဘုန်းမင်းခန့်ကို ချစ်နေပြီဆိုပါတော့၊ ဘာလုပ်လို့ရမှာမို့လဲ”

“ဆောက်ဖြစ်မှ ကျောင်းဒကာတဲ့၊ မကြားဘူး ဖူးလား၊ သူ့မှာရှိတာက ချစ်သူပဲ၊ ဇနီးမှ မဟုတ်တာ၊ နောက်ပြီး ကိုဘုန်းမင်းခန့်နဲ့ နိုးနဲ့က ဒီလောက်ခင်နေကြတာပဲ၊ ကိုဘုန်းမင်းခန့်က နိုးကို ချစ်မနေပါဘူးလို့ ဘယ်သူ ပြောနိုင်လို့လဲ၊ သူလည်း အချိန်မရွေး ပြောင်းလဲသွားနိုင်တာပဲလေ”

“မိနွယ် တော်တော့”
မေမြတ်နိုး အလွန်ကိုစိတ်ဆိုးစွာဖြင့် နွယ်နီ့အား အော်လိုက်သည်။

“ဘာဖြစ်လို့လဲဟ၊ ဘာလို့အော်တာလဲ”

“မိနွယ်၊ နိုးတို့က အချစ်ဆုံးသူငယ်ချင်းတွေ မဟုတ်ဘူးလား၊ နိုးရဲ့ ခံစားချက်အမှန်ကို မိနွယ် မသိဘူးလား၊ နိုးနဲ့ ကိုဘုန်းနဲ့က မောင်နှမတွေလို ရိုးရိုးခင်တာ၊ ဘာမှထူးခြားတာမရှိဘူး၊ နောက်ပြီး တကယ်လို့ မိနွယ် ပြောသလို နိုးက သူ့ကို ချစ်နေတယ်ဆိုရင်တောင် ဘယ်တော့မှ သူများချစ်ခြင်းကိုမခွဲဘူး၊ နိုး ဘယ်တော့မှ အတင်းလုယူမှာ မဟုတ်ဘူး၊ တကယ်လို့ ကိုဘုန်းဘက်ကလည်း နိုးကို ချစ်သွားလို့ ဖွင့်ပြောလာလည်း နိုး လက်မခံနိုင်ဘူး၊ ဘာအကြောင်းနဲ့ဖြစ်ဖြစ် နိုး သူများချစ်ခြင်းကိုမခွဲဘူး၊ နိုး ကျောင်းတက်ကတည်းက မိနွယ်တို့ကို ပြောဖူးတယ် မဟုတ်လား၊ နိုးရဲ့အချစ်က ပေးဆပ်တဲ့အချစ်၊ ရယူတဲ့အချစ်မဟုတ်ဘူး၊ သူများ မျက်ရည်ကျပြီးမှ ရလာမယ့်အချစ်မျိုးကို နိုး ဘယ်တော့မှ မယူဘူး၊ နောက်ကို နိုးကို ဒီလိုစကားမျိုး မပြောပါနဲ့ မိနွယ်”

မေမြတ်နိုးက စကားကို တဆက်တည်း ပြောလိုက်သည်။ နွယ်နီက သူ့အတွက် ပြောတယ်ဆိုတာ သိပေမယ့် မေ ဘယ်လိုမှ လက်မခံနိုင်။

“ကဲ … အမတော်ရော ညီမတော်ပါ တော်ကြတော့၊ အဲအကြောင်း ဆက်မပြောကြနဲ့တော့၊ ဟုတ်ပြီလား”

နွေးထွေးက မေတို့နှစ်ယောက်အား စရင်း ကြားဝင်ဖြေရှင်းလိုက်သည်။မေရော နွယ်နီပါ နွေးထွေးအား ပြိုင်တူခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက် အားလုံးသဘောကျစွာဖြင့် ရယ်လိုက်မိသည်။

“မိနိုး …”

“ပြော မိနွယ်”

“နွယ်တို့ကို သူတို့နဲ့မိတ်ဆက်ပေးရမယ်နော်၊ ရန်ကုန်ရောက်ရင် မိတ်ဆက်ပေး”

“မိတ်ဆက်ပေးမှာပေါ့ မိနွယ်ရဲ့၊ နိုး မွေးနေ့ကျရင် မိတ်ဆက်ပေးမယ်လေ၊ အိုကေ”

“အိုကေ၊ ဒါနဲ့ ကိုမိုးမြင့်ယံက နိုးဆီကို နေ့တိုင်းဖုန်းဆက်တယ်ဆို၊ ခု နွယ်တို့ရောက်လာပြီးမှ တစ်ခါမှ မဆက်သေးဘူးနော်၊ နွယ်တို့ရောက်တာ တစ်ပတ်တောင်ရှိတော့မယ်၊ ခရီးက ပြန်ရောက်မလာသေးဘူး ထင်တယ်နော်”

“သူ့ကို သတိမရဘူးလား နိုး”
နွေးထွေးက ၀င်မေးလိုက်သည်။

“သတိမရဘူးလို့ ပြောရင်တော့ အဲဒါညာတာပဲပေါ့၊ နိုး သူ့ကို သတိရပါတယ်”

“အင်းပေါ့”

“ကိုဘုန်းမင်းခန့်ကလည်း နိုးဆီ အမြဲဖုန်းဆက်တယ်နော်”

“ဟုတ်တယ် နှင်း၊ ကိုဘုန်းက နိုးဆီကို နှစ်ရက်ခြားဆီလောက် ဖုန်းဆက်တယ်လေ”

“နိုး ရန်ကုန်လာမယ်ဆိုတာကော သူ့ကို ပြောပြီးပြီလား”

“ကိုဘုန်း သိတယ် နှင်း၊ နိုး အစောကတည်းက ပြောထားတယ်လေ”

“သြော် … ဒါဆို နိုး သန်ဘက်ခါရောက်မယ်ဆိုတာ သိတာပေါ့”

“အင်း သိတယ် နှင်း”

မေတို့စကားဝိုင်းလေးက မေ့ လက်ကိုင်ဖုန်းမြည်သံကြောင့် ရုတ်ချည်းတိတ်ဆိတ်သွားသည်။ ဖုန်းနံပါတ်ကို မေ ကြည့်ကြည့်လိုက်တော့ နိုင်ငံခြားမှဖုန်းနံပါတ် ဖြစ်နေလေသည်။

“ဘယ်သူလဲ နိုး”

“နိုင်ငံခြားက ခေါ်တဲ့ဖုန်း နှင်း၊ ကိုမိုးမြင့်ယံများလား မသိဘူး”

မေက မြူနှင်း၏ အမေးကို ဖြေလိုက်ပြီးနောက် ဖုန်းလေးအား ဖွင့်ပြီး နားထောင်လိုက်တော့သည်။

♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠

“ဟယ်လို မေလား၊ ကျွန်တော် မိုးမြင့်ယံပါ”

“ဟုတ်ကဲ့ ကိုမိုးယံ၊ ပြန်ရောက်နေပြီလား ”

“မရောက်သေးဘူး မေ၊ မေ့ကို တစ်ပတ်လို့ပြောသွားပြီး အလုပ်ကိစ္စကြောင့် မပြန်နိုင်ဖြစ်နေသေးလို့ စိတ်ပူနေမှာစိုးလို့ ကျွန်တော် ဆက်လိုက်တာ၊ နောက်ပြီး မေ့ကိုလည်း အရမ်းသတိရနေတာနဲ့”

မိုးမြင့်ယံစကားကြောင့် မေ့ရင်ထဲတွင် ကြည်နူးမှုများက နှလုံးသားထဲထိတိုင် စီးဝင်သွားသည်။ မေ့ကို ကိုမိုးမြင့်ယံသတိတရရှိနေသည်ဟူသော စိတ်ကလေးက မေ့ရင်ကို လှုပ်ရှားစေသည်။

“မေ အလုပ်များနေလား၊ ဒီနေ့ ညဂျူတီလား”

“မဟုတ်ပါဘူး ကိုမိုးယံ”

“အင်း မေ”

“ကိုမိုးယံ ဘယ်နေ့ ပြန်ရောက်မလဲ၊ ကြာအုံးမှာလား”

“သုံးလေးရက်တော့ ကြာအုံးမယ် မေ၊ ဘာဖြစ်လို့လဲ”

“မေ သန်ဘက်ခါဆို ရန်ကုန်ပြန်မှာလေ၊ ကိုမိုးယံရောက်တဲ့အချိန်ဆို မေ ရန်ကုန်မှာ ရှိနေမယ်ထင်တယ်”

“ဟုတ်လား မေ”

“ဟုတ်ကဲ့၊ နောက်ပြီး …”
မေက စကားကို မဆက်သေးဘဲ ခဏရပ်ထားလိုက်သည်။

“နောက်ပြီး ဘာဖြစ်လဲ မေ”

“ဟုတ် နောက်ပြီး မေ့မွေးနေ့ …”

“မေ့မွေးနေ့ ကျွန်တော့်ကို ဖိတ်မလို့လား၊ ကျွန်တော် မေ့မွေးနေ့အမှီ ပြန်မရောက်မှာစိုးလို့လား”

“ဟုတ်ကဲ့ ကိုမိုးယံ”

“ကျွန်တော် မှတ်မိပါတယ် မေ့ မွေးနေ့ကို၊ မေ့ မွေးနေ့မတိုင်ခင် ရောက်မှာပါ၊ စိတ်ချနော် မေ”

“ဟုတ် ကိုမိုးယံ”

မေ အရမ်းကို ပျော်သွားမိပြန်သည်။ ကိုမိုးမြင့်ယံက မိမိမွေးနေ့ကိုလည်း အလေးအနက်ထားပါလား ဟူသော အသိစိတ်လေးကလည်း မေ့ကို ကြည်နူးမှုများ ပေးစွမ်းနိုင်သည်လေ။

တစ်ဖက်တွင်လည်း မိုးမြင့်ယံက အပျော်ကြီး ပျော်နေမိသည်။ မိမိကို အလေးအနက်ထားဖိတ်ကြားမှုကို အလွန်ဝမ်းသာမိသည်။ မေ့စိတ်ထဲတွင် သူရှိနေသည်ကို သူသိလိုက်ရပြီ။ ထိုကြောင့် မိုးမြင့်ယံတစ်ယောက် ကြည်နူးဝမ်းသာမှုများကို အတိုင်းမသိခံစားနေရလေတော့သည်။

“ကိုမိုးယံ …”

“ဗျာ …”

“ကိုမိုးယံ ဘာပြောအုံးမလဲ၊ မေ ဖုန်းချလိုက်ရတော့မလား”

“ပြောစရာတွေကတော့ အများကြီးပဲမေ၊ ဒါပေမယ့် ကျွန်တော်ပြန်ရောက်မှဘဲ ပြောတော့မယ်”

“ဟုတ်ကဲ့ ကိုမိုးယံ၊ ဒါဖြင့် မေ ဖုန်းချလိုက်တော့မယ်နော်”

“အင်း မေ”
မေ လက်ကိုင်ဖုန်းလေးကို ပိတ်လိုက်ပြီး ဘေးတွင်ရှိနေသော နှင်းတို့ကို လှမ်းကြည့်လိုက်သည်။

“အဟမ်း … အဟမ်း … ညီမတော်လေးကို ကိုယ်ရွှေမင်းသားက ဘာတဲ့လဲကွယ့်”
နွေးထွေးစကားကြောင့် မေ ရှက်ပြုံးလေးပြုံးရင်း ရယ်လိုက်မိသည်။

“ညီမတော်လေး ပူလို့လားကွယ်၊ မျက်နှာတွေတောင် ရဲလှပေါ့”
နွေးထွေးက မေ့အား ကြည့်ရင်း ထပ်စနေလေတော့သည်။

“ဟာကွာ … မိနွေး မနောက်တော့နဲ့ကွာ၊ နိုး မနေတတ်တော့ဘူး”

“ကောင်းပါပြီ ညီမတော်လေး သဘောတော်အတိုင်းပါပဲကွယ်၊ မနောက်နဲ့ဆို မနောက်တော့ပါဘူး၊ ဒါပေမယ့် ဖြစ်သမျှအကြောင်း အစုံအလင်ကိုတော့ အမတော်တို့ကို အမြန်ဆုံး သံတော်ဦးတင်စေကွယ်”

နွေးထွေးစကားအဆုံး၌ မေတို့အားလုံး သဘောကျစွာဖြင့် ရယ်လိုက်ကြတော့သည်။ ထို့နောက်တွင်တော့ မေ ကိုမိုးမြင့်ယံနှင့် ပြောသမျှအားလုံးအား ပြောပြလိုက်တော့၏။

Read More...

------------------------

Sunday, July 29, 2007

အချစ်နှင့်အတူ (၁၁)

(၁၁)

ဟိုတယ်မှ ၀န်ထမ်းကောင်မလေးတစ်ယောက်က ဧည့်သည်လာနေသည် ဟု လာခေါ်သောကြောင့် မေမြတ်နိုး မိမိအခန်းထဲမှ reception သို့ထွက်လာခဲ့လိုက်သည်။ ဒီနေ့ မေ သိပ်နေမကောင်းသောကြောင့် အလုပ်မှ စောစောပြန်ခဲ့ခါမှ ဧည့်သည်က တိုက်တိုက်ဆိုင်ဆိုင် ရောက်လာခြင်းဖြစ်သည်။

“မိနိုး …”
ရုတ်တရက်နောက်မှခေါ်လိုက်သောအသံကြောင့် မေ လှည့်ကြည့်လိုက်မိသည်။

“မိနွေး …”
မေ အံ့သြ၀မ်းသာစွာဖြင့် ခေါ်လိုက်မိသည်။

မေ့အချစ်ဆုံးသူငယ်ချင်း နွေးထွေး။ နွေးထွေး၊ နွယ်နီ၊ မြူနှင်းနှင့် မေတို့ လေးယောက်က တက္ကသိုလ်မှာ တတွဲတွဲ သွားအတူ လာအတူ စားအတူ မခွဲဘဲတွဲခဲ့ကြသောသူငယ်ချင်းများဖြစ်သည်။ နွယ်နီနှင့် မေက မူလတန်းထဲက တစ်ကျောင်းတည်းအတူ တက်ခဲ့သော်လည်း တက္ကသိုလ်ရောက်မှ ခင်မင်ခဲ့ကြခြင်းဖြစ်သည်။ ညီမရင်းများသဖွယ် တတွဲတွဲနေခဲ့ကြသော်လည်း အလုပ်ခွင်ဝင်တော့ အရင်လောက်မဆုံဖြစ်တော့။ ခုလို မေ အလုပ်အတွက် ဒီကိုထွက်လာလိုက်တော့ ပိုဆိုးသွားသည်။ အရင်ကလောက် တစ်ယောက်နှင့်တစ်ယောက် မဆက်သွယ်ဖြစ်ကြတော့။ တာဝန်ကိုယ်စီနှင့်ဆိုတော့ ဖုန်းကလည်း ဆက်ဖြစ်လိုက် မဆက်ဖြစ်လိုက်။ မေ ဒီကိုရောက်လာပြီးခါမှ နွေးထွေးနှင့် သုံးလေးခေါက်သာ ဖုန်းပြောဖြစ်ခဲ့သည်။ ဒီကြားထဲ မေလည်း မအားတာနှင့် ဘယ်သူ့ဆီမှ မဆက်ဖြစ်ဘဲ သူတို့နှင့် အဆက်အသွယ်ပြတ်သလောက်ဖြစ်သွားခဲ့သည်။ ယခုလို နွေးထွေးတစ်ယောက် မေ့ဆီသို့ ရုတ်တရက် မပြောမဆိုရောက်လာတော့ မေ အရမ်းကို အံ့သြ၀မ်းသာသွားမိသည်။

“မိနွေး ဘယ်က ဘယ်လိုရောက်လာတာလဲ”
မေက နွေးထွေးအား မေးလိုက်သည်။

“ဘယ်လိုလဲ မိနိုး တော်တော်မှ အံ့သြသွားရဲ့လား”
နွေးထွေးက မေ့အား အပြုံးတွေနှင့် အမေးခြွေနေပြန်သည်။

“သြော် … အကြောင်းမကြား ဘာမကြားနဲ့ရောက်လာတာ မအံ့သြဘဲနေမလားကွယ့်”

“ဒါပေါ့၊ အံ့သြရမှာပေါ့၊ မိနိုးလုပ်တာ ဘယ်မအံ့သြဘဲ နေမလဲ”

“ကဲပါ မမရယ်၊ ဘယ်လိုရောက်လာလဲ၊ ဘာလာလုပ်တာလဲဆိုတာ ညီမတော်လေးကို ပြောတော်မူပါအုံး”

“ညီမတော်လေး သိချင်တော့လည်း အမတော်က ဖြေရမှာပေါ့ကွယ်”

နွေးထွေးစကားအဆုံး၌ မေရော နွေးထွေးပါ အားရပါးရ ရယ်လိုက်ကြမိသည်။ ကျောင်းမှာကတည်းက မေတို့က ဒီလိုပဲ ပြောဆိုနေကြ။ အဲလိုပြောရတာကို မေတို့အားလုံး အရမ်းကိုနှစ်သက်ကြသည်။

“အင်း ပြောပါအုံး နွေး”

“နွေးတို့ ခွင့်ယူပြီးလာကြတာ နိုးရဲ့”

“ဟင် ဟုတ်လား၊ ဒါဆို ဟိုနှစ်ယောက်ကော လာမှာလား”

“လာလိမ့်မယ် သူတို့ နက်ဖြန်ရောက်မယ်၊ နွေးက ဒီနေ့ခွင့်ရတာနဲ့ ကြိုလာလိုက်တာလေ၊ နွေးက ခွင့်သုံးပတ်ရတယ် နိုးရဲ့”

“ဟုတ်လား ဒါဆို ပျော်စရာကြီးပေါ့၊ နိုးလည်း နောက်တစ်ပတ်ဆို ရန်ကုန်ကို ခွင့်နဲ့ ပြန်မှာလေ”

“ဟုတ်လား၊ ဘယ်လောက်ကြာကြာခွင့်ရလဲ”

“တစ်ပတ်လောက်ပဲ နွေးရဲ့”

“ဟုတ်လား၊ ထပ်ယူလို့မရဘူးလား၊ ဟိုနှစ်ယောက်ကတော့ နွေးနဲ့တူတူပဲ သုံးပတ်ဆီလောက်ရတယ်တဲ့”

“တယ်ဟုတ်နေကြပါလား”

“အင်းပေါ့၊ ဒါကြောင့် နိုးကို ခွင့်ထပ်ယူဖို့ပြောတာ၊ နွေးတို့ ခရီးတူတူသွားဖို့လေ”

“မရလောက်ဘူးထင်တယ် နွေးရယ်၊ ဟိုးအစောကတည်းက နိုး ခွင့်တောင်းတာလေ၊ တစ်ပတ်လောက်ပဲ ပေးတယ်၊ ဒါနဲ့ နွေးတို့က ဘယ်လောက်ကြာကြာနေမှာလဲ ဒီမှာ”

“နိုး ရန်ကုန်ပြန်မယ်ဆိုရင်တော့ အဲတော့မှ တူတူပြန်မယ်လေ၊ နွေးတို့က အားနေတာပဲ၊ ဒီမှာဘဲ ကဲကြတာပေါ့၊ ကောင်းတယ် မဟုတ်လား”
နွေးထွေးစကားကြောင့် မေမြတ်နိုး သဘောကျကာ ရယ်လိုက်မိပြန်သည်။

“အင်းပါ အင်းပါ၊ မကဲတဲ့ အခေါက်ကို မရှိပါဘူးနော် မိနွေးတို့ကတော့”

“ဒါပေါ့ ကဲနေ ပျော်နေမှ အသက်ရှည်မှာလေ”

“ဟုတ်ပါပြီ အမတော်ရယ်၊ အမတော်ကော ဘယ်လိုလဲ အခြေအနေ၊ တိုးတက်နေပြီလား”

“အင်း တိုးတက်နေပြီ၊ ညီမတော်လေးရဲ့”

“ဟုတ်လား၊ ဒါဖြင့် ညီမတော်ကို ပြောပြအုံးလေ”

“ညီမတော် သိသားပဲကိုး၊ အမတော်က ဘာပြောရမှာလဲ”

“ဘယ်သူလဲ၊ နိုး မသိပါဘူး”

“တိုးတက်နေတယ်လေ၊ ဘက်စ်ကားပေါ်၊ ဟိုးအရင်ကတည်းက တိုးတက်နေတာပဲကိုး”
နွေးထွေးက ပြောပြီးနောက် သူ့ဘာသာ သဘောအကျကြီးကျကာ ရယ်နေတော့သည်။

“ကြည့်ပါလား၊ ပြောလိုက်ရင် မဟုတ်တာချည်းဘဲ”
နှုတ်ခမ်းလေးစူရင်း မေ ပြောလိုက်၏။

“ကဲကြည့်၊ ညီမတော်လေးက နှုတ်ခမ်းစူတဲ့ အကျင့် မပျောက်သေးဘဲကိုး”

“နွေးနော်၊ အကောင်းပြောရင်း ဖောက်ဖောက်လာတဲ့ အကျင့်ကလည်း မပျောက်သေးဘူး”

“ဒါပေါ့ကွယ်၊ အဲဒီအကျင့်လေးကိုပဲ ချစ်နေကြတာဆိုတော့လည်း ဘယ်ပြောင်းလို့ဖြစ်ပါ့မလဲ၊ ဟိဟိ”

“ဘာလဲ ဒီဟိဟိက၊ ပြောလေဆိုးလေ”

“ပျော်လို့ပါ ညီမတော်လေးရယ်၊ မပျော်ရဘူးလားလို့လေ”

“ဟုတ်ပါပြီရှင်၊ ပျော်ပါပျော်ပါ”

“နိုးက ဒီနေ့ ဂျူတီမရှိဘူးလား”

“ရှိတယ် နွေးရဲ့၊ နိုး နေမကောင်းလို့ စောစောပြန်လာတာလေ”

“ဟုတ်လား ဘာဖြစ်ပြန်တာလဲ”
နွေးထွေးက ခုမှ မေ့အား သေချာကြည့်ရင်း စိုးရိမ်သံဖြင့် မေးလိုက်လေသည်။

“ခေါင်းနည်းနည်းကိုက်လို့လေ”

“ဟုတ်လား၊ ခုကော ဘယ်လိုနေသေးလဲ”

“သက်သာသွားပြီလေ၊ ချစ်သူငယ်ချင်းနဲ့ တွေ့လိုက်ရလို့၊ မနက်ဖြန်လည်း ဟိုနှစ်ယောက်လာမယ်ဆိုတော့ အားရှိပြီး သက်သာသွားပြီ”

“အင်း မိနိုးတို့ကတော့ ခုထိ အပြောကောင်းတာ မပျောက်သေးဘူး၊ ဒီလိုအပြောလေးတွေနဲ့ လုပ်စားနေတာ၊ မသိရင်ခက်မယ်”

“ဟုတ်ပါဘူးနော်၊ နိုး အဲလိုလုပ်စားပါဘူး၊ ပြောတတ်သလို ပြောတဲ့ဟာကို”

“အင်းပါ”

“ကဲ နွေး၊ ခဏနားလိုက်အုံးလေ၊ ခုမှရောက်တာဆိုတော့ ခရီးပန်းနေမှာပေါ့၊ ညကျမှ တွေ့ကြမယ်လေ”

“အင်း နိုး”

“နွေး အခန်းနံပါတ်ဘယ်လောက်လဲ”

“အခန်း (၃၀၆)”

“အင်း ဟုတ်ပြီ နွေး၊ ဒါဆို နိုး (၈)နာရီလောက် လာခဲ့မယ်၊ အဲလောက်မှ စားမယ်မဟုတ်လား”

“အင်း ရတယ်နိုး၊ ဘာလဲ ကိုရီးယားကား ကြည့်အုံးမလို့မဟုတ်လား”

“အင်းပေါ့ သိသားနဲ့”

“ဟုတ်ပြီ နိုး၊ နွေး စောင့်နေမယ်”

“အင်း နွေး၊ နိုးလိုက်ပို့မယ်လေ”

“မပို့နဲ့တော့ နိုး၊ နွေး ဘာသာသွားလိုက်တော့မယ်၊ နိုးလည်း ဆေးသောက်ပြီး နားနေလိုက်အုံး”

“အင်း နွေး၊ ဒါဆို လိုက်မပို့တော့ဘူးနော်”

“အင်း နိုး”

နွေးထွေးထွက်သွားပြီးနောက် မေလည်း အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ ထို့နောက် ဆေးသောက်ပြီး ခုတင်ပေါ်တွင် ခဏလှဲနေလိုက်သည်။ ခုတင်ပေါ်တွင် လှဲနေရင်း မေ အတိတ်ကို ပြန်လည်သတိရမိသည်။ နိုင်ငံခြားဘာသာတက္ကသိုလ်တက်ခဲ့သော အချိန်များကို မေတစ်ယောက် ပြန်လည်တမ်းတမိသည်။ ဘာသာ စကားမို့ စိတ်ဝင်စားစရာ၊ ပျော်စရာကောင်းသလို တစ်ခါတစ်ခါတော့လည်း ရူးချင်လောက်အောင်ကို ဖြစ်မိ ကြသည်။ ဒါပေမယ့်လည်း တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်အားပေးကြရင်း ပြင်သစ်ဘာသာဘွဲ့ကို အောင်မြင်စွာ ယူဆောင်နိုင်ခဲ့ကြသည်။

မေတို့က အချစ်ဆုံးသူငယ်ချင်းတွေဆိုပေမယ့် အမူအကျင့်တွေကတော့ သိပ်မတူကြပေ။ နွေးထွေးနှင့် မေက အလွန်စိတ်ကြီးသလောက် နွယ်နီနှင့် မြူနှင်းက အေးဆေးလှသည်။ ပြဿနာတစ်ခုတက်လျှင် မေနှင့် နွေးက ရှေ့ဆုံးက။ သူတို့နှစ်ယောက်ကတော့ ဘာမှမဖြစ်သလို။ နွယ်နီက ဥပေက္ခာသမား။ ဘာမဆို ဥပေက္ခာပြုဖို့ပဲ အရင်စဉ်းစားသည်။ မြူနှင်းကတော့ ဟိုမရောက် ဒီမရောက်။ သူ့ကို သူများက တစ်ခုခုလုပ်သွားလဲ ဘာမှ ပြန်မပြောဘဲ ဒီတိုင်းပြန်လာတယ်။ ပြီးမှ မေတို့ကို သူကပြောပြတယ်။ အဲဒီအကျိုးဆက်ကတော့ မေနဲ့နွေးက ဒေါသတွေဖြစ်၊ အဲဒီသူတွေကို နောက်မလုပ်ဖို့ပြော၊ နောက်ဆုံးတော့ အမုန်းခံရတာက မေနဲ့နိုးပဲ ဖြစ်သွား ရတော့တာပေါ့။ နွယ်နီနဲ့ မြူနှင်းကို အားလုံးက ချစ်သလောက် မေနဲ့နိုးကိုတော့ အားလုံးက လန့်ကြသည်။ နောက်ပိုင်းတော့ မေနဲ့နိုးလည်း နွယ်နီလိုပဲ ဥပေက္ခာပဲ ထားလိုက်တော့တယ်။ အဲဒါက မေတို့အတွက် အကောင်းဆုံးနည်းလမ်းပဲကိုး။ ခုတော့ အားလုံးက မေတို့ကို ချစ်နေကြပြီလေ။

အဲလို အမူအကျင့်တွေက မတူတာရှိသော်လည်း အကြိုက်ချင်းကတော့ တော်တော်များများ တူနေကြသည်။ ကျောင်းမတက်ကြဘဲ ကန်ဘောင်သွားကြတာမျိုး၊ ရုပ်ရှင်ခိုးပြီး သွားကြည့်ကြတာမျိုး၊ ကြေးအိုးသွားစား ကြတာမျိုးတွေပေါ့။ အဲဒါမျိုးတွေဆိုရင်တော့ နှစ်ခေါက် မတိုင်ပင်ရ။ အတိုင်အဖောက် အလွန်ညီကြသည်။ စာလုပ်ကြတော့မယ်ဆိုရင်လည်း အားလုံးတူတူ တက်ညီလက်ညီလုပ်ကြသည်။ မလုပ်ချင်သည့်အခါမျိုး ဘယ်တော့မှမရှိ။ ကဲချိန်ကဲ၊ စာလုပ်ချိန်လုပ် အဲလိုမျိုးတွေကြတော့တူသည်။ ဒါကြောင့်လည်း မေတို့တတွေ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြခြင်းဖြစ်မည်။

“နိုးရေ”
အခန်းတံခါးခေါက်ပြီး မိမိနာမည်ခေါ်သံကြားတော့မှ မေ အတွေးကမ္ဘာထဲမှ လွတ်မြောက်သွားတော့သည်။

“လာပြီ လာပြီ”
မေ လှမ်းပြောလိုက်ရင်း တံခါးဆီသို့ ထွက်လာခဲ့သည်။ တံခါးဖွင့်လိုက်တော့ တံခါးရှေ့မှာရပ်နေသူက နွေး။

“နွေး …”

“အင်း …”

“ဘာဖြစ်လို့လဲ နွေး”
မေ စိတ်ပူစွာဖြင့် နွေးထွေးအား မေးလိုက်သည်။

“ခုနကလေ နှင်းဆက်တယ်၊ ဒီကို ခဏနေရောက်တော့မယ်တဲ့”

“ဟင် ဟုတ်လား”

“အင်း ဟုတ်တယ်”

“ရောက်ခါနီးပြီတဲ့”

“ဘယ်လိုဖြစ်ကြတာလဲ၊ ဒါဖြင့်လည်း တူတူလာကြတာဟုတ်ဖူး”

“အင်း နွေး မေးလိုက်တယ်၊ ချက်ချင်းကြီးဘယ်လိုဖြစ်တာလဲဆိုတော့ နွေး ဒီနေ့ရောက်မယ်ဆိုတာသိတော့ သူတို့လည်း မနေနိုင်ဘူးတဲ့ အရမ်းကို လာချင်တယ်တဲ့၊ ဒါနဲ့ နက်ဖြန်ထိ မနေတော့ဘဲ ဒီနေ့လာခဲ့တာတဲ့၊ အလုပ်လည်းသိပ်မများတာနဲ့ မနက်ဖြန်ခရီးသွားမှာ ပြင်ဆင်ဖို့ ပြန်မယ်ဆိုပြီး အိမ်ပြန် ပစ္စည်းယူပြီးတာနဲ့ ဒီကိုချက်ချင်း ထွက်လာကြတယ်တဲ့လေ”

“နှစ်ယောက်စလုံးလား”
မေက အံ့သြဟန်ဖြင့် မေးလိုက်သည်။

“ဟုတ်တယ် နိုး၊ နှစ်ယောက်စလုံးပဲ”

“အင်း ဒါဖြင့်လည်း ကောင်းတာပေါ့၊ အားလုံးစုံသွားတော့”

“အင်း”

“ဒါဖြင့် နိုးတို့ reception က သွားစောင့်ကြတာပေါ့ သူတို့ကို”

“အင်း သွားတယ်လေ နိုး”

ထို့နောက် မေနှင့်နွေးတို့ နှစ်ယောက် reception သို့ထွက်လာခဲ့ကြသည်။ ဆယ်မိနစ်မျှ စောင့်ပြီးနောက် နှင်းတို့ ရောက်လာသည်။

“မိနှင်း၊ မိနွယ်”

“မိနိုး”

“ပင်ပန်းလာကြပြီလား”

“မပင်ပန်းပါဘူး နိုးရဲ့၊ အရမ်းကို ပျော်နေတာလေ”

“အင်းပါ နှင်းရယ်”

“အကြောင်းမကြား ဘာမကြားနဲ့နော်၊ ဘယ်လိုဖြစ်ကြတာလဲ”

“ဘယ်လိုဖြစ်ရမှာလဲ၊ နိုးကို ခြောက်ချင်လို့ပေါ့”
နွယ်က နိုး အမေးကို ၀င်ဖြေလိုက်၏။

“မိနိုးက နောက်တစ်ပတ် ရန်ကုန်ပြန်မှာတဲ့”

“ဟုတ်လား ဒါဖြင့် တူတူပြန်ကြတာပေါ့”

“အင်း နွေးလည်း ပြောထားတယ် တူတူပြန်မယ်လို့လေ”

“ကဲကဲ … ပြန်တာနောက်မှလုပ်ပါ၊ ခု အခန်းယူဖို့လုပ်ပြီး ခဏနားကြပါအုံး”
မေက ၀င်ပြောလိုက်ရင်း စကားကို ဖြတ်လိုက်သည်။

“လေးယောက်ခန်းယူပြီး တူတူနေကြရအောင်လေကွာ”
နွယ်နီက အားလုံးတူတူနေဖို့ ၀င်ပြောလိုက်ပြန်သည်။

“အင်းလေ၊ ဟုတ်သားပဲ၊ တူတူနေကြရအောင်”

“ရပါ့မလား၊ နွေးက အခန်းယူပြီးသွားပြီလေ”
နွေးထွေးက စိတ်ပူဟန်ဖြင့် ၀င်ပြောလိုက်လေသည်။

“ဒီမှာ နိုးရှိသားပဲ၊ ဘာလို့မရ ရမှာလဲ၊ ရပါတယ်နော် နိုး”
နွယ်နီက မေ့ကို ကြည့်ရင်းပြောလိုက်၏။

“အင်း ရပါတယ် နွေး၊ နိုး ပြောလိုက်မယ်လေ၊ ဒါပေမယ့် လေးယောက်ခန်းတော့ မယူနဲ့လေ၊ နိုးက ည ဂျူတီရှိတဲ့နေ့ နွေးတို့နဲ့ အိပ်နိုင်မှာမဟုတ်ဘူး၊ သုံးယောက်ခန်းပဲ ယူလိုက်၊ မျှအိပ်လိုက်လို့ရတာပဲ”

“အိုကေ နိုး၊ အဆင်ပြေသလိုလုပ်လိုက်”

“အင်း”

Reception တွင် လုပ်စရာရှိသည်များ လုပ်ပြီးနောက် မေတို့အားလုံး အခန်းဆီသို့ ထွက်လာခဲ့ကြသည်။

Read More...

------------------------

Saturday, July 28, 2007

အချစ်နှင့်အတူ (၁၀)

(၁၀)

မေမြတ်နိုးဖုန်းနံပါတ်ရေးထားသော visiting card လေးအား ကြည့်ရင်း ဆက်သင့် မဆက်သင့် မိုးမြင့်ယံတစ်ယောက် ဝေခွဲမရဖြစ်နေသည်။ သက်ဇော်ဟိုတယ် ပြုပြင်ရန်အတွက် အလုပ်ရှုပ်နေသောကြောင့် မေမြတ်နိုးနှင့် ဒီရက်ပိုင်းများတွင်မတွေ့ဖြစ်ခဲ့။ မနက်ဖြန်ဆိုရင်လည်း သူ ပြန်ရတော့မည်။ လူကိုယ်တိုင် သွားတွေ့ပြီး နှုတ်ဆက်ချင်ပေမယ့်လည်း ဘယ်လိုမှကိုအဆင်မပြေဖြစ်နေသည်။ ဘာမှမပြောဘဲနဲ့လည်း ပြန်မသွားချင်ပေ။ ထို့ကြောင့် ဖုန်းဆက်ပြီး နှုတ်ဆက်ဖို့ပဲ သူဆုံးဖြတ်လိုက်သည်။ သို့သော်လည်း တကယ်တမ်းဆက်မည်ဆိုတော့ သူမ၀ံ့မရဲဖြစ်နေပြန်သည်။ လူကိုယ်တိုင်လာရောက်မနှုတ်ဆက်ဘဲ ဖုန်းဖြင့်ပဲ နှုတ်ဆက်သောကြောင့် သူ့အား မေမြတ်နိုး တစ်မျိုးထင်သွားမှာကိုလည်း စိုးရိမ်မိသည်။ နောက်ဆုံးတွင်တော့ မိုးမြင့်ယံ မိမိအတွေးကို ကြိုးစားဖြတ်လိုက်ရင်း visiting card လေးပေါ်မှ ဖုန်းနံပါတ်လေးများကို တစ်ခုချင်း ဖြည်းညင်းစွာ နှိပ်လိုက်မိတော့သည်။

“ဟယ်လို မေလား”

“ဟုတ်ပါတယ်၊ ဘယ်သူပါလဲရှင်”

“ကျွန်တော် မိုးမြင့်ယံပါ မေ”

“သြော် … ကိုမိုးမြင့်ယံ ဘာကိစ္စများရှိလို့လဲဟင်”
မေမြတ်နိုး အမေးစကားကို ကြားပြန်တော့ ရုတ်တရက် မိုးမြင့်ယံ ဘာပြန်ဖြေရမှန်းမသိဖြစ်သွားသည်။

“ဟို … ထွေထွေထူးထူးတော့ မဟုတ်ပါဘူး မေ၊ မေနဲ့ဟိုနေ့ကတွေးပြီးကတည်းက မတွေ့ ဖြစ်တော့တာနဲ့ စကားပြောရအောင် ဆက်လိုက်တာပါ၊ နောက်ပြီး နှုတ်လည်းဆက်ချင်လို့ပါ”
မိုးမြင့်ယံစကားအဆုံးမှာ မေမြတ်နိုးဘက်မှ ဘာမှပြန်မပြောတော့ဘဲ ရုတ်တရက် ငြိမ်သက်သွားတော့သည်။ ခဏကြာတော့မှ မေမြတ်နိုးက အသံတိုးတိုးဖြင့် စကားစလေသည်။

“ကိုမိုးမြင့်ယံ နှုတ်ဆက်ချင်လို့ဆိုတော့ ပြန်တော့မလို့လား”

“ဟုတ်တယ် မေ၊ ကျွန်တော် မနက်ဖြန်နေ့လည်လောက်ပြန်တော့မှာလေ၊ ဒီကြားထဲမှာလည်း ကျွန်တော် အလုပ်များနေတာနဲ့ မေနဲ့ ထပ်မတွေ့လိုက်နိုင်ဘူး၊ ဒါကြောင့် ကျွန်တော် စိတ်မကောင်းဖြစ်နေမိတာ၊ နောက်ပြီး လူကိုယ်တိုင် လာမနှုတ်ဆက်ဘဲ ခုလိုဖုန်းနဲ့ပဲ နှုတ်ဆက်ရတဲ့အတွက်ရောပေါ့၊ အဲဒီအတွက် ကျွန်တော့်ကို စိတ်မဆိုးပါနဲ့နော် မေ”

“ဟုတ်ကဲ့ ရပါတယ် ကိုမိုးမြင့်ယံ၊ မေ နားလည်ပါတယ်၊ အဲဒီအတွက်နဲ့တော့ စိတ်မကောင်းဖြစ်မနေပါနဲ့”

“အင်း ကျေးဇူးပဲမေ”

“ကျေးဇူးတင်စရာမလိုပါဘူး ကိုမိုးမြင့်ယံရယ်၊ မိတ်ဆွေတွေပဲ”

“ကျွန်တော်က မေရဲ့ မိတ်ဆွေလား”

“ဟုတ်တယ်လေ ကိုမိုးမြင့်ယံ၊ ကိုမိုးမြင့်ယံ ပြောသလိုပဲ မေတို့က ခုမှ တွေ့ကြတာမှ မဟုတ်တာ၊ တစ်ယောက်နဲ့တစ်ယောက် သေချာသိကြတာက ခုမှဆိုပေမယ့် ဟိုးအရင်စတွေ့တည်းက ခင်နေခဲ့ကြတာပဲမဟုတ်လား”

“ဒါဆို မေက ကျွန်တော့်ကို အဲကတည်းက ခင်နေခဲ့တာပေါ့နော်”

“ဟုတ်ကဲ့၊ အဲလိုပြောလို့ရပါတယ် ကိုမိုးမြင့်ယံ”
မေ့စကားကြောင့် မိုးမြင့်ယံရင်ထဲတွင် ပီတိဖြစ်သွားသည်။

“ဒါနဲ့များနော် မေက ကျွန်တော့်ကို ဟိုနေ့က အထင်လွဲတဲ့စကားတွေ ပြောသေးတယ်နော်”

“ဟုတ် … အဲဒီအတွက် မေ တောင်းပန်ပါတယ် ကိုမိုးမြင့်ယံ၊ ရုတ်တရက်ဆိုတော့ မေ့ကို အထင်သေးသွား မှာ စိုးရိမ်သွားလို့ပါ”

“ကျွန်တော် နားလည်ပါတယ် မေ၊ အဲဒီအတွက် ကျွန်တော့်ကို မတောင်းပန်ပါနဲ့”

“ဟုတ်ကဲ့ ကိုမိုးမြင့်ယံ”

“ဒါနဲ့ မေ့ကို ကျွန်တော်မှတ်မိနေတော့ မေ မအံ့သြဘူးလား”

“အမှန်အတိုင်း ပြောရရင်တော့ မေ အရမ်းကို အံ့သြမိတယ်လေ၊ ကိုမိုးမြင့်ယံ မှတ်မိနေလို့သာ မေတို့ ခုလို ခင်ကြရတာနော်”

“ဟုတ်လား မေ”

“ဟုတ်တယ် ကိုမိုးမြင့်ယံ၊ ကိုမိုးမြင့်ယံသာ မေ့ကို မမှတ်မိဘူးဆိုရင် မေတို့ ခင်ကြမှာ မဟုတ်ဘူးလေ၊ ဘာလို့လဲဆိုတော့ မေကမှ ကိုမိုးမြင့်ယံကို မမှတ်မိတာကိုး”

“အင်း မေက ကျွန်တော့်ရဲ့ပုံစံကို မမှတ်မိတာထင်တယ်နော်၊ ကျွန်တော်တို့ဆုံခဲ့တဲ့အကြောင်းကို ကျွန်တော် ပြောပြလိုက်တော့ မေ ချက်ချင်းမှတ်မိသွားသားပဲ”

“ဟုတ်တယ်၊ ကိုမိုးမြင့်ယံရဲ့ပုံစံကို မေ မမှတ်မိတာ၊ မေက လူတစ်ယောက်ကိုမတွေ့တာကြာရင် အရင်က ဘယ်လောက်တွေ့ဖူးခဲ့တွေ့ဖူးခဲ့ ချက်ချင်းဆိုမမှတ်မိဘူး၊ အမှတ်တရဖြစ်စေတဲ့အကြောင်းအရာတစ်ခုခုကို ပြောပြလိုက်ရင်တော့ ပြန်မှတ်မိတယ်လေ၊ အဲဒါတွေကိုတော့ မေက ဘယ်တော့မှမမေ့ဘူးလေ၊ လူကိုတော့ မေက မမှတ်မိတတ်ဘူး၊ အကြောင်းအရာတွေကိုပဲ မှတ်မိတတ်တာ၊ အဲဒါနဲ့ဆက်စပ်ပြီးတော့မှ အဲဒီလူကို ပြန်မှတ်မိတာ၊ ဒါကြောင့် ကိုမိုးမြင့်ယံက မေတို့ဆုံခဲ့တဲ့အကြောင်းကို ပြောပြလိုက်တော့ ကိုမိုးမြင့်ယံကို မေ ချက်ချင်းမှတ်မိသွားတာ”

မေမြတ်နိုးစကားကြောင့် မိုးမြင့်ယံရင်ထဲတွင် အရမ်းကို ပီတိဖြစ်သွားရပြန်သည်။ မိမိနှင့်ဆုံခဲ့သည့်အဖြစ်က မေမြတ်နိုးအတွက် အမှတ်တရအကြောင်းအရာတစ်ခု ဖြစ်လို့နေသည်မဟုတ်လား။

“အင်း မေ၊ ဒါနဲ့ မေ အလုပ်ကောအားရဲ့လား၊ ကျွန်တော်နဲ့ စကားပြောနေတာ”

“ဟုတ်ကဲ့ ဒီအချိန်မျိုးဆို မေအားပါတယ်”

“အင်း မေ၊ ဒါဆို ကျွန်တော် ရန်ကုန်ပြန်ရောက်မှ ဖုန်းထပ်ဆက်လိုက်တော့မယ်၊ ခုပြောတာလည်း နည်းနည်း ကြာသွားပြီဆိုတော့၊ ကျွန်တော့်ကို ဖုန်းလက်ခံပြောပေးတဲ့အတွက် ကျေးဇူးပါပဲ မေ”

“ဟုတ်ကဲ့ ကိုမိုးမြင့်ယံ”

နောက်ဆက်ခွင့်ရှိလား မရှိလား မိုးမြင့်ယံဆက်မမေးတော့ဘဲ မေမြတ်နိုးဆီမှ အဖြေစကားကို ကြားရသည်နှင့် ဖုန်းကို ချလိုက်မိသည်။ မေမြတ်နိုးနှင့် ဖုန်းပြောလိုက်ရသည့်အတွက် မိုးမြင့်ယံတစ်ယောက်တည်း ကျိတ်ပြီး အကျေနပ်ကြီး ကျေနပ်နေမိတော့သည်။

♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠

ရန်ကုန်သို့ ပြန်ရောက်သွားပြီးနောက်တွင်လည်း မိုးမြင့်ယံက မေမြတ်နိုးဆီသို့ နေ့တိုင်းဆိုသလို ဖုန်းဆက် ဖြစ်လေသည်။ ထိုသို့ဖုန်းပြောရင်းနှင့်ပဲ မေမြတ်နိုး၏ ဘ၀အကြောင်းကို တဖြည်းဖြည်းချင်းသိခွင့်ရခဲ့ရသည်။ မေကလည်း သူ့အကြောင်းများကို မိုးမြင့်ယံအား စိတ်ရှည်လက်ရှည်ပြောပြလေ့ရှိသည်။ ထိုသို့သိခွင့်ရတော့မှ မိုးမြင့်ယံ မနာလိုစိတ်များ ဖြစ်ပေါ်လာခဲ့ရသည်။ ဘာလို့လဲဆိုတော့ မေက ဘုန်းမင်းခန့်အကြောင်းကို အမြဲလိုလိုပြောနေသောကြောင့်ဖြစ်သည်။ ယခုလည်း သူ့အား ဘုန်းမင်းခန့်အကြောင်းကိုသာ ပြောပြနေလေ သည်။ မေ့တွင် ဘုန်းမင်းခန့် နှင့် ပတ်သက်ပြီး ပြောစရာစကားများက ဘယ်သောအခါမှ မကုန်နိုင်ဘူးလား မသိ။ သူ ပြောရင်း မကျေမနပ်ဖြစ်လာမိသည်။ ထို့ကြောင့် သူ မေ့အား မကျေမနပ်ဖြင့် မေးမိတော့သည်။

“ဘုန်းမင်းခန့်ကို မေက တအားခင်တာပဲလား”

“အင်းပေါ့ ကိုမိုးယံ၊ ကိုဘုန်းကလည်း မေ့ကို ခင်တယ်လေ၊ မေကလည်း ကိုဘုန်းကို ခင်တာပေါ့”

“သြော် …”
မေမြတ်နိုးကတော့ ဘာမှနားမလည်သည့်ပမာ မိုးမြင့်ယံအမေးကို တက်ကြွစွာ ဖြေနေမိသည်။

“ကိုဘုန်းက မေ့အတွက် အစ်ကိုလည်း ဟုတ်တယ်၊ သူငယ်ချင်းလည်း ဟုတ်တယ်လေ”

“ဒါဆို သူက မေ့အတွက် တော်တော်အရေးပါတယ်ပေါ့”

“ဟုတ်တယ် ကိုမိုးယံ၊ ကိုဘုန်းက မေ့ကို အစစအရာရာ နားလည်ပေးတယ်၊ အရမ်းလည်း ဂရုစိုက်တယ်လေ၊ ဘာလို့လဲ ကိုမိုးယံ”

“ဒါဆို ကျွန်တော်ကကော ဘယ်လိုလဲ မေ”

မိုးမြင့်ယံစိတ်ထဲတွင် မကျေနပ်မှုများ မနာလိုမှုများ တဖွားဖွားပေါ်လာသည်။ ဘုန်းမင်းခန့်က မေမြတ်နိုးအား စိတ်ဝင်စားနေသည်လား။ သူ့အတွက် ဘုန်းမင်းခန့်က ပြိုင်ဘက်တစ်ယောက်များ ဖြစ်နေမလား။ သူ့ခေါင်းထဲသို့ အတွေးပေါင်းစုံက ၀င်ရောက်နှိပ်စက်နေတော့သည်။

“ဘာကိုဆိုလိုတာလဲ ကိုမိုးယံ”
မေ အံ့သြစွာဖြင့် မိုးမြင့်ယံအား မေးလိုက်မိ၏။

“ကျွန်တော်ကကော မေ့အတွက် ဘယ်လိုလဲလို့ မေးတာ မေ”

“ကိုမိုးယံကလည်း မေ့အတွက် သူငယ်ချင်းကောင်းတစ်ယောက်ပဲပေါ့”

“သူငယ်ချင်းကောင်းတဲ့လား မေ”

မိုးမြင့်ယံ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ သူ နည်းနည်းတော့ စိတ်ပူမိသည်။ မေ့ရင်ထဲတွင် ဘုန်းမင်းခန့်က နေရာယူသွားပြီလားမသိ။ ဒီလိုဆိုရင် သူ့ရင်တွေကွဲရတော့မည်။ အရင်က မိုးမြင့်ယံ ဘယ်မိန်းကလေးကိုမှ စိတ်မ၀င်စားခဲ့ဘူးပေမယ့် မေမြတ်နိုးကိုတော့ သူ တွေ့စကတည်းကပင် စိတ်ဝင်စားခဲ့မိသည်။ ယခုလို ခင်မင်လာပြီးသည့်အခါမှာတော့ မေက သူ့ရင်ထဲသို့ တဖြည်းဖြည်းချင်း ၀င်ရောက်လာခဲ့သည်။ မေ့ကို သူချစ်နေမိပြီ။ ဒါကြောင့်လည်း စိုးရိမ်မှုများက သူ့စိတ်ထဲတွင် ကြီးစိုးနေတော့သည်။ မေမြတ်နိုးကတော့ သူ့ရင်ထဲက ခံစားမှုကို နားမလည်သည်လားမသိ။ သူနှင့် ဖုန်းပြောသည့်အခါတိုင်းလိုလိုပင် ဘုန်းမင်းခန့် အကြောင်းကို တစ်ခုမဟုတ်တစ်ခု ပြောနေသည်။

“မေ ကျွန်တော့်ကို ဘုန်းမင်းခန့်အကြောင်းတော့ ပြောပြတယ်နော်၊ ဒါပေမယ့် သူနဲ့ ဘယ်လိုခင်သွားတယ် ဆိုတာတော့ ကျွန်တော့်ကို မေ မပြောပြဘူးနော်၊ အဲဒါဘာဖြစ်လို့လဲ မေ”

“ဟုတ်လား ကိုမိုးယံ၊ မေ မပြောပြဘူးဖူးလား”

“အင်း”

“ကိုမိုးယံက သိချင်လို့လား”

“အင်း”

“မေတို့က ဒီ “သမုဒ္ဒရသစ္စာ” ကမ်းခြေမှာဘဲ သိတာလေ၊ မေ အလုပ်စ၀င်ဝင်ချင်းနေ့မှာ ကိုဘုန်းက မေတို့ဟိုတယ်ကို ရောက်လာတာလေ၊ ကိုဘုန်းက မေ့ရဲ့ပထမဆုံး ဧည့်သည်ဆိုပါတော့”

“ဟုတ်လား၊ ဒါဆို မေတို့ခင်တာ သိပ်မကြာသေးဘူးပဲ၊ ကျွန်တော်က တော်တော်ကို ကြာနေပြီထင်နေ တာလေ”

“မဟုတ်ဘူး ကိုမိုးယံရဲ့၊ မေ အလုပ်ဝင်တာ ခြောက်လလောက်ပဲရှိသေးတာလေ၊ ဒီတော့ ကိုဘုန်းနဲ့မေ ခင်တာလဲ ခြောက်လလောက်ပဲ ရှိသေးတာပေါ့”

မေမြတ်နိုးစကားကြောင့် မိုးမြင့်ယံ ပို၍စိတ်ပူလာမိသည်။ မေနှင့်ဘုန်းမင်းခန့်တို့နှစ်ဦး ခင်မင်ကြတာ မကြာသေးဘူးဆိုပေမယ့် သူတို့ ဆက်ဆံရေးက နှစ်ပေါင်းများစွာခင်မင်လာသောသူများပမာ ခိုင်မြဲနေသည်။ မေနှင့်သူကတော့ ရောက်တတ်ရာရာ သူ့အကြောင်း ကိုယ့်အကြောင်း စကားတွေအများကြီးပြောဖြစ်ကြရင်း တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးမှုက ပိုတိုးတက်လာသော်လည်း သူ့စိတ်ထဲတွင် သူတို့ခင်မင်မှုက မေနှင့် ဘုန်းမင်းခန့်ခင်မင်မှုလောက် မလေးနက်ဟု ခံစားနေရသည်။ သူ တွေးလေစိုးရိမ်လေ ဖြစ်နေမိသည်။

“မေ ရန်ကုန်ပြန်လာရင် ချစ်ခွင့်တောင်းလိုက်တော့မယ်”
မိုးမြင့်ယံ မေ မကြားအောင် သက်ပြင်းချရင်း စိတ်ထဲမှ ပြောလိုက်မိသည်။

“ကျွန်တော်က မေ့ဆီ နေ့တိုင်းလိုလို ဖုန်းဆက်နေတော့ မေ စိတ်ညစ်နေမှာပဲနော်”

“မဟုတ်တာ ကိုမိုးယံရယ်၊ ကိုမိုးယံနဲ့ စကားပြောရတာ ကောင်းပါတယ်၊ မေ စိတ်မညစ်ပါဘူး”

“ဟုတ်ရဲ့လား မေ”

“အင်းပေါ့ ကိုမိုးယံရဲ့၊ မေ လိမ်မပြောတတ်ပါဘူး”
မေက ရယ်ရင်း မိုးမြင့်ယံအား ပြောလိုက်သည်။

“မေ တစ်ပတ်လောက်တော့ အဲဒီဒုက္ခက လွတ်မှာပါ”

“ဘာလို့လဲ ကိုမိုးယံ”
မိုးမြင့်ယံစကားကြောင့် မေက အံ့သြစွာ မေးလိုက်မိသည်။

“ဘာလို့လဲဆိုတော့ မနက်ဖြန် ကျွန်တော် ခရီးသွားရမှာလေ”

“ဟုတ်လား ကိုမိုးယံ၊ ဘယ်ကိုလဲဟင်”

“ဟုတ်တယ် မေ၊ စင်္ကာပူကို အလုပ်ကိစ္စနဲ့လေ”

“ဟုတ်လား၊ ဒါဖြင့် ခရီးသွားဖို့ကော ပြင်ဆင်ပြီးသွားပြီလား ကိုမိုးယံ၊ ပြင်ဆင်စရာရှိတာ ပြင်ဆင်နော်၊ မေ့ကို အားမနာနဲ့နော် ကိုမိုးယံ၊ မေနဲ့က ပြန်လာမှတွေ့ကြတာပေါ့”

“အင်း မေ၊ စင်္ကာပူကိုကော မေ ဘာမှာလိုက်အုံးမလဲ”

“မရှိပါဘူးရှင်၊ ကိုမိုးယံသာ အစစအရာရာ ဂရုစိုက်ပါနော်”

“ဟုတ်ကဲ့ပါဗျာ”

“ဒါဆို မေ ဖုန်းချလိုက်တော့မယ်နော် ကိုမိုးယံ”

“အင်း … ခဏလေး မေ”

မိုးမြင့်ယံစကားကြောင့် မေက ဖုန်းကို မချသေးဘဲ ဆက်ကိုင်ထားလိုက်သည်။ ကိုမိုးမြင့်ယံ မေ့အား ပြောစရာ ရှိနေသေးတာလား။ ခဏကြာတော့မှ မိုးမြင့်ယံဆီမှ စကားသံကို ကြားရသည်။

“မေ …”

“ရှင် … ကိုမိုးယံ၊ ဘာပြောချင်သေးလို့လဲဟင်”
မေ ကိုမိုးမြင့်ယံခေါ်သည်ကို ထူးလိုက်ရင်း မေးလိုက်မိသည်။

“အင်း မေ၊ ကျွန်တော် ပြန်လာရင် မေ့ကို အရေးကြီးတဲ့စကား ပြောစရာရှိတယ်လို့”

“ဟုတ်ကဲ့ ကိုမိုးယံ”

“အင်း မေ၊ ဖုန်းချလိုက်တော့နော် မေ၊ အိပ်မက်လှလှမက်ပါစေ”

“ဟုတ်ကဲ့”

မေ ဖုန်းလေးအား ပိတ်လိုက်ပြီး ကြည့်နေမိသည်။ နားထဲတွင်လည်း ကိုမိုးယံပြောခဲ့သော စကားကို ပြန်လည်ကြားယောင်နေမိသည်။ မေ့ရင်ခုန်သံကို မေ ပြန်ကြားနိုင်လောက်အောင်ပင် မေ ရင်တွေခုန်နေမိသည်။ “ကိုမိုးယံ … သူ အရေးတကြီး ပြောစရာရှိသည်ဆိုသောစကားက ဘာပါလိမ့်၊ သူ မေ့အား ချစ်ခွင့်ပန်တော့မည်လား” အတွေးနှင့်အတူ မေ့ရင်ထဲတွင် အတိုင်းမသိသော ကြည်နူးမှုတို့က ဖြစ်ပေါ်လာသည်။ ထို့နောက် မေ မိမိအတွေးကို မိမိ ရှက်သွေးဖြာကာ တစ်ချက်ပြုံးလိုက်ရင်း အိပ်ရာဝင်ရန် ပြင်ဆင်လိုက်တော့သည်။

Read More...

------------------------
---------------------------------------------