(၁၁)
ဟိုတယ်မှ ၀န်ထမ်းကောင်မလေးတစ်ယောက်က ဧည့်သည်လာနေသည် ဟု လာခေါ်သောကြောင့် မေမြတ်နိုး မိမိအခန်းထဲမှ reception သို့ထွက်လာခဲ့လိုက်သည်။ ဒီနေ့ မေ သိပ်နေမကောင်းသောကြောင့် အလုပ်မှ စောစောပြန်ခဲ့ခါမှ ဧည့်သည်က တိုက်တိုက်ဆိုင်ဆိုင် ရောက်လာခြင်းဖြစ်သည်။
“မိနိုး …”
ရုတ်တရက်နောက်မှခေါ်လိုက်သောအသံကြောင့် မေ လှည့်ကြည့်လိုက်မိသည်။
“မိနွေး …”
မေ အံ့သြ၀မ်းသာစွာဖြင့် ခေါ်လိုက်မိသည်။
မေ့အချစ်ဆုံးသူငယ်ချင်း နွေးထွေး။ နွေးထွေး၊ နွယ်နီ၊ မြူနှင်းနှင့် မေတို့ လေးယောက်က တက္ကသိုလ်မှာ တတွဲတွဲ သွားအတူ လာအတူ စားအတူ မခွဲဘဲတွဲခဲ့ကြသောသူငယ်ချင်းများဖြစ်သည်။ နွယ်နီနှင့် မေက မူလတန်းထဲက တစ်ကျောင်းတည်းအတူ တက်ခဲ့သော်လည်း တက္ကသိုလ်ရောက်မှ ခင်မင်ခဲ့ကြခြင်းဖြစ်သည်။ ညီမရင်းများသဖွယ် တတွဲတွဲနေခဲ့ကြသော်လည်း အလုပ်ခွင်ဝင်တော့ အရင်လောက်မဆုံဖြစ်တော့။ ခုလို မေ အလုပ်အတွက် ဒီကိုထွက်လာလိုက်တော့ ပိုဆိုးသွားသည်။ အရင်ကလောက် တစ်ယောက်နှင့်တစ်ယောက် မဆက်သွယ်ဖြစ်ကြတော့။ တာဝန်ကိုယ်စီနှင့်ဆိုတော့ ဖုန်းကလည်း ဆက်ဖြစ်လိုက် မဆက်ဖြစ်လိုက်။ မေ ဒီကိုရောက်လာပြီးခါမှ နွေးထွေးနှင့် သုံးလေးခေါက်သာ ဖုန်းပြောဖြစ်ခဲ့သည်။ ဒီကြားထဲ မေလည်း မအားတာနှင့် ဘယ်သူ့ဆီမှ မဆက်ဖြစ်ဘဲ သူတို့နှင့် အဆက်အသွယ်ပြတ်သလောက်ဖြစ်သွားခဲ့သည်။ ယခုလို နွေးထွေးတစ်ယောက် မေ့ဆီသို့ ရုတ်တရက် မပြောမဆိုရောက်လာတော့ မေ အရမ်းကို အံ့သြ၀မ်းသာသွားမိသည်။
“မိနွေး ဘယ်က ဘယ်လိုရောက်လာတာလဲ”
မေက နွေးထွေးအား မေးလိုက်သည်။
“ဘယ်လိုလဲ မိနိုး တော်တော်မှ အံ့သြသွားရဲ့လား”
နွေးထွေးက မေ့အား အပြုံးတွေနှင့် အမေးခြွေနေပြန်သည်။
“သြော် … အကြောင်းမကြား ဘာမကြားနဲ့ရောက်လာတာ မအံ့သြဘဲနေမလားကွယ့်”
“ဒါပေါ့၊ အံ့သြရမှာပေါ့၊ မိနိုးလုပ်တာ ဘယ်မအံ့သြဘဲ နေမလဲ”
“ကဲပါ မမရယ်၊ ဘယ်လိုရောက်လာလဲ၊ ဘာလာလုပ်တာလဲဆိုတာ ညီမတော်လေးကို ပြောတော်မူပါအုံး”
“ညီမတော်လေး သိချင်တော့လည်း အမတော်က ဖြေရမှာပေါ့ကွယ်”
နွေးထွေးစကားအဆုံး၌ မေရော နွေးထွေးပါ အားရပါးရ ရယ်လိုက်ကြမိသည်။ ကျောင်းမှာကတည်းက မေတို့က ဒီလိုပဲ ပြောဆိုနေကြ။ အဲလိုပြောရတာကို မေတို့အားလုံး အရမ်းကိုနှစ်သက်ကြသည်။
“အင်း ပြောပါအုံး နွေး”
“နွေးတို့ ခွင့်ယူပြီးလာကြတာ နိုးရဲ့”
“ဟင် ဟုတ်လား၊ ဒါဆို ဟိုနှစ်ယောက်ကော လာမှာလား”
“လာလိမ့်မယ် သူတို့ နက်ဖြန်ရောက်မယ်၊ နွေးက ဒီနေ့ခွင့်ရတာနဲ့ ကြိုလာလိုက်တာလေ၊ နွေးက ခွင့်သုံးပတ်ရတယ် နိုးရဲ့”
“ဟုတ်လား ဒါဆို ပျော်စရာကြီးပေါ့၊ နိုးလည်း နောက်တစ်ပတ်ဆို ရန်ကုန်ကို ခွင့်နဲ့ ပြန်မှာလေ”
“ဟုတ်လား၊ ဘယ်လောက်ကြာကြာခွင့်ရလဲ”
“တစ်ပတ်လောက်ပဲ နွေးရဲ့”
“ဟုတ်လား၊ ထပ်ယူလို့မရဘူးလား၊ ဟိုနှစ်ယောက်ကတော့ နွေးနဲ့တူတူပဲ သုံးပတ်ဆီလောက်ရတယ်တဲ့”
“တယ်ဟုတ်နေကြပါလား”
“အင်းပေါ့၊ ဒါကြောင့် နိုးကို ခွင့်ထပ်ယူဖို့ပြောတာ၊ နွေးတို့ ခရီးတူတူသွားဖို့လေ”
“မရလောက်ဘူးထင်တယ် နွေးရယ်၊ ဟိုးအစောကတည်းက နိုး ခွင့်တောင်းတာလေ၊ တစ်ပတ်လောက်ပဲ ပေးတယ်၊ ဒါနဲ့ နွေးတို့က ဘယ်လောက်ကြာကြာနေမှာလဲ ဒီမှာ”
“နိုး ရန်ကုန်ပြန်မယ်ဆိုရင်တော့ အဲတော့မှ တူတူပြန်မယ်လေ၊ နွေးတို့က အားနေတာပဲ၊ ဒီမှာဘဲ ကဲကြတာပေါ့၊ ကောင်းတယ် မဟုတ်လား”
နွေးထွေးစကားကြောင့် မေမြတ်နိုး သဘောကျကာ ရယ်လိုက်မိပြန်သည်။
“အင်းပါ အင်းပါ၊ မကဲတဲ့ အခေါက်ကို မရှိပါဘူးနော် မိနွေးတို့ကတော့”
“ဒါပေါ့ ကဲနေ ပျော်နေမှ အသက်ရှည်မှာလေ”
“ဟုတ်ပါပြီ အမတော်ရယ်၊ အမတော်ကော ဘယ်လိုလဲ အခြေအနေ၊ တိုးတက်နေပြီလား”
“အင်း တိုးတက်နေပြီ၊ ညီမတော်လေးရဲ့”
“ဟုတ်လား၊ ဒါဖြင့် ညီမတော်ကို ပြောပြအုံးလေ”
“ညီမတော် သိသားပဲကိုး၊ အမတော်က ဘာပြောရမှာလဲ”
“ဘယ်သူလဲ၊ နိုး မသိပါဘူး”
“တိုးတက်နေတယ်လေ၊ ဘက်စ်ကားပေါ်၊ ဟိုးအရင်ကတည်းက တိုးတက်နေတာပဲကိုး”
နွေးထွေးက ပြောပြီးနောက် သူ့ဘာသာ သဘောအကျကြီးကျကာ ရယ်နေတော့သည်။
“ကြည့်ပါလား၊ ပြောလိုက်ရင် မဟုတ်တာချည်းဘဲ”
နှုတ်ခမ်းလေးစူရင်း မေ ပြောလိုက်၏။
“ကဲကြည့်၊ ညီမတော်လေးက နှုတ်ခမ်းစူတဲ့ အကျင့် မပျောက်သေးဘဲကိုး”
“နွေးနော်၊ အကောင်းပြောရင်း ဖောက်ဖောက်လာတဲ့ အကျင့်ကလည်း မပျောက်သေးဘူး”
“ဒါပေါ့ကွယ်၊ အဲဒီအကျင့်လေးကိုပဲ ချစ်နေကြတာဆိုတော့လည်း ဘယ်ပြောင်းလို့ဖြစ်ပါ့မလဲ၊ ဟိဟိ”
“ဘာလဲ ဒီဟိဟိက၊ ပြောလေဆိုးလေ”
“ပျော်လို့ပါ ညီမတော်လေးရယ်၊ မပျော်ရဘူးလားလို့လေ”
“ဟုတ်ပါပြီရှင်၊ ပျော်ပါပျော်ပါ”
“နိုးက ဒီနေ့ ဂျူတီမရှိဘူးလား”
“ရှိတယ် နွေးရဲ့၊ နိုး နေမကောင်းလို့ စောစောပြန်လာတာလေ”
“ဟုတ်လား ဘာဖြစ်ပြန်တာလဲ”
နွေးထွေးက ခုမှ မေ့အား သေချာကြည့်ရင်း စိုးရိမ်သံဖြင့် မေးလိုက်လေသည်။
“ခေါင်းနည်းနည်းကိုက်လို့လေ”
“ဟုတ်လား၊ ခုကော ဘယ်လိုနေသေးလဲ”
“သက်သာသွားပြီလေ၊ ချစ်သူငယ်ချင်းနဲ့ တွေ့လိုက်ရလို့၊ မနက်ဖြန်လည်း ဟိုနှစ်ယောက်လာမယ်ဆိုတော့ အားရှိပြီး သက်သာသွားပြီ”
“အင်း မိနိုးတို့ကတော့ ခုထိ အပြောကောင်းတာ မပျောက်သေးဘူး၊ ဒီလိုအပြောလေးတွေနဲ့ လုပ်စားနေတာ၊ မသိရင်ခက်မယ်”
“ဟုတ်ပါဘူးနော်၊ နိုး အဲလိုလုပ်စားပါဘူး၊ ပြောတတ်သလို ပြောတဲ့ဟာကို”
“အင်းပါ”
“ကဲ နွေး၊ ခဏနားလိုက်အုံးလေ၊ ခုမှရောက်တာဆိုတော့ ခရီးပန်းနေမှာပေါ့၊ ညကျမှ တွေ့ကြမယ်လေ”
“အင်း နိုး”
“နွေး အခန်းနံပါတ်ဘယ်လောက်လဲ”
“အခန်း (၃၀၆)”
“အင်း ဟုတ်ပြီ နွေး၊ ဒါဆို နိုး (၈)နာရီလောက် လာခဲ့မယ်၊ အဲလောက်မှ စားမယ်မဟုတ်လား”
“အင်း ရတယ်နိုး၊ ဘာလဲ ကိုရီးယားကား ကြည့်အုံးမလို့မဟုတ်လား”
“အင်းပေါ့ သိသားနဲ့”
“ဟုတ်ပြီ နိုး၊ နွေး စောင့်နေမယ်”
“အင်း နွေး၊ နိုးလိုက်ပို့မယ်လေ”
“မပို့နဲ့တော့ နိုး၊ နွေး ဘာသာသွားလိုက်တော့မယ်၊ နိုးလည်း ဆေးသောက်ပြီး နားနေလိုက်အုံး”
“အင်း နွေး၊ ဒါဆို လိုက်မပို့တော့ဘူးနော်”
“အင်း နိုး”
နွေးထွေးထွက်သွားပြီးနောက် မေလည်း အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ ထို့နောက် ဆေးသောက်ပြီး ခုတင်ပေါ်တွင် ခဏလှဲနေလိုက်သည်။ ခုတင်ပေါ်တွင် လှဲနေရင်း မေ အတိတ်ကို ပြန်လည်သတိရမိသည်။ နိုင်ငံခြားဘာသာတက္ကသိုလ်တက်ခဲ့သော အချိန်များကို မေတစ်ယောက် ပြန်လည်တမ်းတမိသည်။ ဘာသာ စကားမို့ စိတ်ဝင်စားစရာ၊ ပျော်စရာကောင်းသလို တစ်ခါတစ်ခါတော့လည်း ရူးချင်လောက်အောင်ကို ဖြစ်မိ ကြသည်။ ဒါပေမယ့်လည်း တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်အားပေးကြရင်း ပြင်သစ်ဘာသာဘွဲ့ကို အောင်မြင်စွာ ယူဆောင်နိုင်ခဲ့ကြသည်။
မေတို့က အချစ်ဆုံးသူငယ်ချင်းတွေဆိုပေမယ့် အမူအကျင့်တွေကတော့ သိပ်မတူကြပေ။ နွေးထွေးနှင့် မေက အလွန်စိတ်ကြီးသလောက် နွယ်နီနှင့် မြူနှင်းက အေးဆေးလှသည်။ ပြဿနာတစ်ခုတက်လျှင် မေနှင့် နွေးက ရှေ့ဆုံးက။ သူတို့နှစ်ယောက်ကတော့ ဘာမှမဖြစ်သလို။ နွယ်နီက ဥပေက္ခာသမား။ ဘာမဆို ဥပေက္ခာပြုဖို့ပဲ အရင်စဉ်းစားသည်။ မြူနှင်းကတော့ ဟိုမရောက် ဒီမရောက်။ သူ့ကို သူများက တစ်ခုခုလုပ်သွားလဲ ဘာမှ ပြန်မပြောဘဲ ဒီတိုင်းပြန်လာတယ်။ ပြီးမှ မေတို့ကို သူကပြောပြတယ်။ အဲဒီအကျိုးဆက်ကတော့ မေနဲ့နွေးက ဒေါသတွေဖြစ်၊ အဲဒီသူတွေကို နောက်မလုပ်ဖို့ပြော၊ နောက်ဆုံးတော့ အမုန်းခံရတာက မေနဲ့နိုးပဲ ဖြစ်သွား ရတော့တာပေါ့။ နွယ်နီနဲ့ မြူနှင်းကို အားလုံးက ချစ်သလောက် မေနဲ့နိုးကိုတော့ အားလုံးက လန့်ကြသည်။ နောက်ပိုင်းတော့ မေနဲ့နိုးလည်း နွယ်နီလိုပဲ ဥပေက္ခာပဲ ထားလိုက်တော့တယ်။ အဲဒါက မေတို့အတွက် အကောင်းဆုံးနည်းလမ်းပဲကိုး။ ခုတော့ အားလုံးက မေတို့ကို ချစ်နေကြပြီလေ။
အဲလို အမူအကျင့်တွေက မတူတာရှိသော်လည်း အကြိုက်ချင်းကတော့ တော်တော်များများ တူနေကြသည်။ ကျောင်းမတက်ကြဘဲ ကန်ဘောင်သွားကြတာမျိုး၊ ရုပ်ရှင်ခိုးပြီး သွားကြည့်ကြတာမျိုး၊ ကြေးအိုးသွားစား ကြတာမျိုးတွေပေါ့။ အဲဒါမျိုးတွေဆိုရင်တော့ နှစ်ခေါက် မတိုင်ပင်ရ။ အတိုင်အဖောက် အလွန်ညီကြသည်။ စာလုပ်ကြတော့မယ်ဆိုရင်လည်း အားလုံးတူတူ တက်ညီလက်ညီလုပ်ကြသည်။ မလုပ်ချင်သည့်အခါမျိုး ဘယ်တော့မှမရှိ။ ကဲချိန်ကဲ၊ စာလုပ်ချိန်လုပ် အဲလိုမျိုးတွေကြတော့တူသည်။ ဒါကြောင့်လည်း မေတို့တတွေ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြခြင်းဖြစ်မည်။
“နိုးရေ”
အခန်းတံခါးခေါက်ပြီး မိမိနာမည်ခေါ်သံကြားတော့မှ မေ အတွေးကမ္ဘာထဲမှ လွတ်မြောက်သွားတော့သည်။
“လာပြီ လာပြီ”
မေ လှမ်းပြောလိုက်ရင်း တံခါးဆီသို့ ထွက်လာခဲ့သည်။ တံခါးဖွင့်လိုက်တော့ တံခါးရှေ့မှာရပ်နေသူက နွေး။
“နွေး …”
“အင်း …”
“ဘာဖြစ်လို့လဲ နွေး”
မေ စိတ်ပူစွာဖြင့် နွေးထွေးအား မေးလိုက်သည်။
“ခုနကလေ နှင်းဆက်တယ်၊ ဒီကို ခဏနေရောက်တော့မယ်တဲ့”
“ဟင် ဟုတ်လား”
“အင်း ဟုတ်တယ်”
“ရောက်ခါနီးပြီတဲ့”
“ဘယ်လိုဖြစ်ကြတာလဲ၊ ဒါဖြင့်လည်း တူတူလာကြတာဟုတ်ဖူး”
“အင်း နွေး မေးလိုက်တယ်၊ ချက်ချင်းကြီးဘယ်လိုဖြစ်တာလဲဆိုတော့ နွေး ဒီနေ့ရောက်မယ်ဆိုတာသိတော့ သူတို့လည်း မနေနိုင်ဘူးတဲ့ အရမ်းကို လာချင်တယ်တဲ့၊ ဒါနဲ့ နက်ဖြန်ထိ မနေတော့ဘဲ ဒီနေ့လာခဲ့တာတဲ့၊ အလုပ်လည်းသိပ်မများတာနဲ့ မနက်ဖြန်ခရီးသွားမှာ ပြင်ဆင်ဖို့ ပြန်မယ်ဆိုပြီး အိမ်ပြန် ပစ္စည်းယူပြီးတာနဲ့ ဒီကိုချက်ချင်း ထွက်လာကြတယ်တဲ့လေ”
“နှစ်ယောက်စလုံးလား”
မေက အံ့သြဟန်ဖြင့် မေးလိုက်သည်။
“ဟုတ်တယ် နိုး၊ နှစ်ယောက်စလုံးပဲ”
“အင်း ဒါဖြင့်လည်း ကောင်းတာပေါ့၊ အားလုံးစုံသွားတော့”
“အင်း”
“ဒါဖြင့် နိုးတို့ reception က သွားစောင့်ကြတာပေါ့ သူတို့ကို”
“အင်း သွားတယ်လေ နိုး”
ထို့နောက် မေနှင့်နွေးတို့ နှစ်ယောက် reception သို့ထွက်လာခဲ့ကြသည်။ ဆယ်မိနစ်မျှ စောင့်ပြီးနောက် နှင်းတို့ ရောက်လာသည်။
“မိနှင်း၊ မိနွယ်”
“မိနိုး”
“ပင်ပန်းလာကြပြီလား”
“မပင်ပန်းပါဘူး နိုးရဲ့၊ အရမ်းကို ပျော်နေတာလေ”
“အင်းပါ နှင်းရယ်”
“အကြောင်းမကြား ဘာမကြားနဲ့နော်၊ ဘယ်လိုဖြစ်ကြတာလဲ”
“ဘယ်လိုဖြစ်ရမှာလဲ၊ နိုးကို ခြောက်ချင်လို့ပေါ့”
နွယ်က နိုး အမေးကို ၀င်ဖြေလိုက်၏။
“မိနိုးက နောက်တစ်ပတ် ရန်ကုန်ပြန်မှာတဲ့”
“ဟုတ်လား ဒါဖြင့် တူတူပြန်ကြတာပေါ့”
“အင်း နွေးလည်း ပြောထားတယ် တူတူပြန်မယ်လို့လေ”
“ကဲကဲ … ပြန်တာနောက်မှလုပ်ပါ၊ ခု အခန်းယူဖို့လုပ်ပြီး ခဏနားကြပါအုံး”
မေက ၀င်ပြောလိုက်ရင်း စကားကို ဖြတ်လိုက်သည်။
“လေးယောက်ခန်းယူပြီး တူတူနေကြရအောင်လေကွာ”
နွယ်နီက အားလုံးတူတူနေဖို့ ၀င်ပြောလိုက်ပြန်သည်။
“အင်းလေ၊ ဟုတ်သားပဲ၊ တူတူနေကြရအောင်”
“ရပါ့မလား၊ နွေးက အခန်းယူပြီးသွားပြီလေ”
နွေးထွေးက စိတ်ပူဟန်ဖြင့် ၀င်ပြောလိုက်လေသည်။
“ဒီမှာ နိုးရှိသားပဲ၊ ဘာလို့မရ ရမှာလဲ၊ ရပါတယ်နော် နိုး”
နွယ်နီက မေ့ကို ကြည့်ရင်းပြောလိုက်၏။
“အင်း ရပါတယ် နွေး၊ နိုး ပြောလိုက်မယ်လေ၊ ဒါပေမယ့် လေးယောက်ခန်းတော့ မယူနဲ့လေ၊ နိုးက ည ဂျူတီရှိတဲ့နေ့ နွေးတို့နဲ့ အိပ်နိုင်မှာမဟုတ်ဘူး၊ သုံးယောက်ခန်းပဲ ယူလိုက်၊ မျှအိပ်လိုက်လို့ရတာပဲ”
“အိုကေ နိုး၊ အဆင်ပြေသလိုလုပ်လိုက်”
“အင်း”
Reception တွင် လုပ်စရာရှိသည်များ လုပ်ပြီးနောက် မေတို့အားလုံး အခန်းဆီသို့ ထွက်လာခဲ့ကြသည်။
Sunday, July 29, 2007
အချစ်နှင့်အတူ (၁၁)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment