တယ်လီဖုန်းမြည်သံကြောင့် မေ အိပ်နေရာမှ ထ၍ လက်ကိုင်ဖုန်းလေးကို ဖွင့်ကာ ထူးလိုက်သည်။
“ဟယ်လို …”
ထို့နောက် စားပွဲတင် ချောင်းလေးအားလှမ်းဖွင့်လိုက်ပြီးနောက် နံရံတွင်ရှိသော နာရီဆီသို့ လှမ်းကြည့်လိုက်သည်။ ည ဆယ့်တစ်နာရီ။
“ဟယ်လို မြတ်နိုး၊ ကိုယ်ပါ”
“ဟုတ်၊ ကိုဘုန်း”
အိပ်ချင်စိတ်မပြယ်သေးသော အသံဖြင့် မေက ပြောလိုက်သည်။
“မြတ်နိုး အိပ်နေပြီလား၊ နေမကောင်းလို့လား”
“မဟုတ်ဘူး ကိုဘုန်း၊ မေ နေကောင်းပါတယ်၊ ဒီနေ့မေနည်းနည်းပင်ပန်းနေလို့ပါ”
“ဟုတ်လား မြတ်နိုး၊ ဒါဆို ကိုယ် နောက်နေ့မှ ဆက်ရမလား”
“ရပါတယ် ကိုဘုန်းရဲ့၊ ပြောပါ”
“အင်း မြတ်နိုး၊ သတိရလို့ဆက်လိုက်တာပါ၊ မြတ်နိုးကော အားလုံးအဆင်ပြေတယ် မဟုတ်လား”
“ဟုတ် ပြေပါတယ် ကိုဘုန်း၊ မေ တောင် ဒီနေ့ကိုဘုန်းဆီ ဆက်အုံးမလို့၊ အလုပ်နည်းနည်းရှုပ်သွားလို့ မဆက်ဖြစ်တော့တာ၊ အလုပ်ပြီးတော့လည်း နည်းနည်းပင်ပန်းနေတာနဲ့ မဆက်တော့တာ”
“ဟုတ်လား မြတ်နိုး၊ ကိစ္စရှိလို့လား”
“ဟုတ်တယ် ကိုဘုန်းရဲ့၊ မေ ပြောစရာရှိလို့လေ၊ မေ ပြောတာကို ကိုဘုန်း နားထောင်ပြီးသွားရင် အရမ်းကို အံ့သြသွားမှာ”
“ဟုတ်လား မြတ်နိုး၊ ဘာအကြောင်းများလဲ၊ ကိုယ် အရမ်းကို သိချင်လာပြီ”
မေမြတ်နိုး စကားကြောင့် ဘုန်းမင်းခန့်က စိတ်ဝင်စားစွာဖြင့် မေးလိုက်၏။
“ဟုတ်တယ် ကိုဘုန်းရဲ့၊ မေ ဒီနေ့လူတစ်ယောက်နဲ့တွေ့တယ် သိလား၊ အဲဒီသူက ဘယ်သူဖြစ်မယ်ထင်လဲ၊ ဘယ်သူလို့ ထင်လဲ ကိုဘုန်း”
“ဘယ်သူလဲ မြတ်နိုး”
“စဉ်းစားကြည့်လေ ကိုဘုန်း”
“ဘယ်သူများလဲ မြတ်နိုး၊ ဟင် … ဟိုတစ်ယောက်မဟုတ်လား မြတ်နိုး၊ ဟုတ်တယ် မဟုတ်လား၊ ဘယ်မှာ တွေ့ကြတာလဲ မြတ်နိုး၊ သူက မြတ်နိုးတို့ဆီမှာ လာတည်းတာလား၊ ဟုတ်လား မြတ်နိုး၊ မြတ်နိုးက သူ့ကို မှတ်မိနေတာလား၊ ဒါမှမဟုတ် သူက မြတ်နိုးကို မှတ်မိနေတာလား၊ ပြောပါအုံး ညီမလေးရဲ့”
ဘုန်းမင်းခန့်၏ အမေးကြောင့် မေ သဘောကျစွာရယ်လိုက်မိသည်။
“ဖြေးဖြေးမေးပါ ကိုဘုန်းရယ်၊ မောနေပါ့မယ်၊ မေ ပြောပြမှာပေါ့ ကိုဘုန်းရဲ့”
မေက ရယ်သံတစ်ဝက်ဖြင့် ဘုန်းမင်းခန့်အား ပြောလိုက်၏။
“အင်း မြတ်နိုး၊ ပြောလေ၊ ကိုယ်နားထောင်နေတယ်”
“ဒီလို ကိုဘုန်းရဲ့ …”
မေမြတ်နိုးက ဘုန်းမင်းခန့်အား မိုးမြင့်ယံနှင့် ဆုံစည်းခဲ့ပုံအား အသေးစိပ်ပြောပြလိုက်တော့သည်။
“မေ အရမ်းအံ့သြသွားတယ် သိလား ကိုဘုန်း၊ ဒီလိုနေရာမှာ သူနဲ့ ပြန်တွေ့လိမ့်မယ်လို့ မေ ဘယ်တုန်းကမှ ထင်မထားမိဘူး၊ မျှော်လည်း မမျှော်လင့်ခဲ့ဘူး၊ မေ ပိုပြီးအံ့သြတာက သူက မေ့ကိုမှတ်မိနေတာပဲ၊ မေ့ကို သူ အဲလိုမှတ်မိနေလိမ့်မယ်လို့လည်း မေ လုံးဝကို ထင်မထားဘူး"
ခုနက အိပ်ချင်စိတ်များ မေ့တွင်မရှိတော့ပြီ။ မေ ပြောရင်း ကြည်နူးဝမ်းသာခြင်းများကိုသာ ခံစားနေရတော့ ၏။ မေ့ အသံက ကြည်နူးမှု၊ စိတ်လှုပ်ရှားမှုတို့ကြောင့် တုန်ခါနေလေသည်။ ဒီအကြောင်းကို စဉ်းစားမိသည့် အချိန်တိုင်း၊ တွေးမိသည့်အခါတိုင်း မေ့ စိတ်တွေကို မေ ဘယ်လိုမှ မထိန်းချုပ်နိုင်ပေ။ ကိုယ်က အမြဲသတိရနေသူက ကိုယ့်ကိုလည်း ထပ်တူသတိရနေသည်ဆိုတော့ မေ အလွန်ကို ကျေနပ်မိလေသည်။
“မြတ်နိုး …”
မေတစ်ယောက် ကိုဘုန်း၏ ခေါ်သံကြောင့် အတွေးကိုဖြတ်ရင်း ထူးလိုက်မိတော့သည်။
“ရှင် ကိုဘုန်း၊ ပြောလေ”
“ဘာတွေ တွေးနေတာလဲ မြတ်နိုး၊ အရမ်းပျော်နေလား၊ သူနဲ့ ပြန်တွေ့ရတော့”
“ဟုတ်တယ် ကိုဘုန်း၊ ၀မ်းလည်း ၀မ်းသာတယ်၊ အံ့လည်း အံ့သြမိတယ်၊ ကိုဘုန်းကော မအံ့သြဘူးလား”
“ကိုယ်လည်း အံ့သြတာပေါ့ မြတ်နိုး၊ ဒါနဲ့ မနက်ဖြန် မြတ်နိုး သူနဲ့သွားတွေ့မှာပေါ့ ဟုတ်လား”
“ဟုတ် ကိုဘုန်း၊ မေ သူ့ကို သွားတွေ့မယ်လေ၊ သူက မေနဲ့စကားပြောချင်တယ်လို့ပြောတယ်လေ၊ ဒါကြောင့် မေ သူ့ကို သွားတွေ့မှာ”
“အင်း မြတ်နိုး၊ မြတ်နိုး သူ့ကိုချစ်နေပြီလား၊ တကယ်လို့ သူက မြတ်နိုးကို ချစ်ခွင့်တောင်းတယ်ဆိုရင် မြတ်နိုး ဘယ်လိုလုပ်မလဲ”
“သူက မြတ်နိုးကို ချစ်ခွင့်တောင်းရင်၊ ဟုတ်လား ကိုဘုန်း”
မေမြတ်နိုးက ဘုန်းမင်းခန့်အား အံ့သြစွာဖြင့် ပြန်မေးလိုက်၏။
“အင်း ဟုတ်တယ် မြတ်နိုး၊ သူက မြတ်နိုးကို ချစ်ခွင့်တောင်းတယ်ဆိုပါတော့၊ အဲဒါဆို မြတ်နိုး ဘယ်လိုလုပ်မလဲလို့”
ဘုန်းမင်းခန့်က ထပ်မေးလိုက်ပြီးနောက် မေမြတ်နိုး၏ အဖြေစကားကို ငြိမ်သက်စွာ နားထောင်နေလိုက်၏။
“ခုမှစတွေ့တဲ့သူကိုတော့ ချစ်ခွင့်တောင်းမှာ မဟုတ်ပါဘူး ကိုဘုန်းရဲ့၊ နောက်ပြီး ခုချိန်မှာ သူက ကိုဘုန်းပြောသလို မေ့ကို ချစ်ခွင့်တောင်းတယ်ဆိုရင်လည်း မေ့မှာ အဖြေမရှိသေးပါဘူး”
“ဘာဖြစ်လို့လဲ မြတ်နိုး၊ မြတ်နိုး သူ့ကို ချစ်နေတယ် မဟုတ်ဘူးလား”
“ချစ်နေတယ် မဟုတ်ဘူးလား”
မေ နှုတ်မှ တိုးတိုးကလေးရွတ်လိုက်မိသည်။
“မေက သူ့အား ချစ်နေသည်လား”
မေ ကိုယ့်ကိုယ်ကို ပြန်မေးလိုက်မိသည်။
“မြတ်နိုး …”
“မြတ်နိုး …”
“ရှင် ကိုဘုန်း”
ခပ်တိုးတိုး မေ ထူးလိုက်သည်။
“မြတ်နိုး ဘာတွေ စဉ်းစားနေတာလဲ၊ ကိုယ်ခေါ်တာလည်း မကြားဘူး”
“မေ စဉ်းစားနေတာ ကိုဘုန်း၊ မေ သူ့ကိုချစ်နေသလားဆိုတာကိုလေ”
“ဟုတ်လား”
“ဟုတ်တယ် ကိုဘုန်း၊ မေ ခုစဉ်းစားကြည့်တော့ မေ သူ့ကို မချစ်ပါဘူး၊ မေ သူ့ကို တစ်ခါတစ်လေ သတိရတယ်၊ နည်းနည်းလေးတော့ စိတ်ဝင်စားတယ်လို့ ပြောလို့ရပါတယ်၊ ဒါပေမယ့် သူ့ကို ချစ်နေတာ မဟုတ်တာတော့ သေချာတယ်”
“မြတ်နိုးက ဘာလို့ အဲလိုသေချာပြောနိုင်တာလဲ၊ ကိုယ့်အထင်တော့ ဟိုးအရင်ကတည်းက မြတ်နိုး သူ့ကို ချစ်မိနေပြီ”
“မဟုတ်ဘူး ကိုဘုန်း၊ မေ သူ့ကို ခုထိမချစ်သေးပါဘူး၊ မေ သေချာပြောနိုင်တယ်လေ၊ ဘာလို့လဲဆိုတော့ မေ သူ့ကို နှစ်ခါပဲ မြင်ဖူးတာ၊ သူ့အကြောင်းကို မေ ဘာမှ မသိဘူးလေ၊ အဲလိုအခြေအနေမျိုးနဲ့ မေ သူ့ကို ဘယ်လိုချစ်နိုင်မလဲ၊ မေ သူ့ကို သတိရတယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် အဲဒါဟာ ချစ်လို့တော့ မဟုတ်ပါဘူး၊ သူက မေ့အတွက် တခြားသူတွေထက်စာရင် နည်းနည်းတော့ထူးခြားတာပေါ့ ကိုဘုန်း၊ အဲဒီလောက်ပါပဲ”
မေ ဆက်တိုက်ကို ပြောချလိုက်တော့သည်။ “မေ သူ့ကို မချစ်ပါ” ဟု ကိုဘုန်းအား ပြောလိုက်သော်လည်း မေ့ ရင်ထဲတွင်တော့ ဗြောင်းဆန်နေသည်။ ကိုဘုန်းပြောသလို အဲဒါဟာ တကယ်ပဲ အချစ်ဖြစ်နေနိုင်မလား။
မေ ဘယ်လိုမှ လက်မခံနိုင်ပေ။ ဘယ်တော့မှ မချစ်တော့ရန် မေ ဆုံးဖြတ်ထားသည်လေ။ နောက်ထပ် ချစ်ရမည်ကို မေ ကြောက်သည်။ အချစ်အတွက် ခံစားရမည်ကို မေ မလိုချင်တော့။
“မြတ်နိုး … ကိုယ်မေးလိုက်လို့ ခေါင်းခြောက်သွားပြီလား၊ ကိုယ်တစ်ခုပြောပြမယ် မြတ်နိုး၊ မြတ်နိုးက ချစ်ရမှာကို ကြောက်နေတယ် မဟုတ်လား၊ ဒါကြောင့် မြတ်နိုး သူ့ကို ချစ်မိသွားမှာကို ကြောက်နေတာလို့ ကိုယ် ထင်တယ်၊ ဒါပေမယ့် အဲဒါဟာ ရှောင်ပုန်းခြင်းပဲ မြတ်နိုး၊ အဲလို မလုပ်ပါနဲ့၊ ချစ်စရာရှိတာလည်း ချစ်လိုက်ပေါ့၊ မြတ်နိုး အချစ်စစ်နဲ့တွေ့မယ်လို့ ကိုယ်ယုံတယ်၊ နောက်ပြီး ယောက်ျားလေးတစ်ယောက် အမြင်နဲ့ပြောရရင် ကိုမိုးမြင့်ယံကလည်း မြတ်နိုးကို ချစ်နေတယ်ဆိုတာ သေချာသလောက်ရှိတယ်၊ ဘာလို့လဲ ဆိုတော့ ကိုယ့်အမြင်ပြောရရင် ကိုယ်စိတ်မ၀င်စားတဲ့ သူတစ်ယောက်ကို ခုလို မှတ်မိနေမှာလည်း မဟုတ်ဘူး၊ ဒါကြောင့် မြတ်နိုးလည်း ရှောင်မပြေးပါနဲ့၊ ချစ်စရာရှိတာ ချစ်လိုက်ပါ”
ဘုန်းမင်းခန့်က မေမြတ်နိုးအား သေချာပြောပြလိုက်တော့သည်။
“လူတိုင်းမှာ အချစ်ဆိုတာ လိုတယ် မြတ်နိုး၊ မြတ်နိုးကိုလည်း ချစ်တဲ့သူနဲ့ ပျော်နေတာကို ကိုယ်တကယ်ကို မြင်ချင်တယ်”
ဘုန်းမင်းခန့်က သူ့ဆန္ဒအား မေမြတ်နိုးအား ထပ်ပြောလိုက်၏။
“ဟုတ်ပါပြီ ကိုဘုန်းရယ်၊ အတင်းကို ချစ်ခိုင်းနေတော့ပါလားနော်၊ ဟိုကဖြင့် မေ့ကို ချစ်လား မချစ်လား မသေချာဘဲနဲ့၊ ခက်တော့နေပါပြီ ကိုဘုန်းနဲ့တော့”
“အင်းပါ မြတ်နိုးရယ်၊ နောက်တော့မှသာ ကိုဘုန်းရေ ကိုဘုန်းပြောတာတော့ တကယ်မှန်နေပြီလို့ မပြောနဲ့ ဟုတ်ပြီလား မမလေး မြတ်နိုး”
“ဟုတ်ကဲ့ပါ ကိုဘုန်းရဲ့၊ မေက အဲလိုမပြောပါဘူး”
“ဒါဆို ဘယ်လိုပြောမှာလဲ”
“ကိုဘုန်းရေ မေတော့ သူ့ကိုအရမ်းအရမ်းကို ချစ်မိသွားပါပြီရှင် လို့ပြောမှာပေါ့”
“တကယ် အဲလိုပြောမှာလား”
“တကယ်ပေါ့ ကိုဘုန်းရဲ့၊ ဒါမှမဟုတ်ရင်လည်း မေက အရင်ပြောလိုက်ရင် မကောင်းဘူးလား ကိုဘုန်း၊ ကိုရီးယားကားတွေထဲကလိုလေ၊ ပွင့်ပွင့်လင်းလင်းပေါ့၊ ဟုတ်ဖူးလား”
ရယ်သံတစ်ဝက်နှင့် မေမြတ်နိုးက ဘုန်းမင်းခန့်အား နောက်ရင်းပြောလိုက်၏။
“ပြောလေကဲလေဆိုတာ မြတ်နိုးအတွက်ထင်တယ်”
“အဲလိုဖြစ်သွားလို့လား၊ မရည်ရွယ်ပါဘူး ကိုဘုန်းရဲ့”
“နောက်တောက်တောက်နဲ့၊ အပြင်မှာဆိုရင် ခေါင်းခေါက်ခံရမယ်”
“အဟုတ်လား၊ ခေါက်တောင်ခေါက်လိုက်ပြီ မဟုတ်ဘူးလား”
“ဘယ်လိုသိလဲ”
“နည်းနည်းနာသွားတာကိုး၊ ကိုဘုန်း လက်ဆနည်းနည်းပြင်းသွားတယ်”
“လုပ်ချင်နေတာကြာပြီ၊ အခုမှကြုံလို့”
“သိပါပြီရှင်”
“မြတ်နိုး ကိုယ်နဲ့စကားပြောတာ ပျော်လား၊ ကိုယ်ကတော့ ပျော်နေတယ်လို့ထင်တယ်”
“ပျော်တာပေါ့”
“ကိုယ်လည်း ပျော်ပါတယ်”
“ဒီလိုပဲဖြစ်ရမှာပေါ့၊ ဟုတ်ဖူးလား”
“နောက်တစ်ချက်လိုချင်နေပြီထင်တယ်”
“ဘာကိုလဲ ကိုဘုန်းရဲ့”
“ခေါင်းနောက်တစ်ချက် အခေါက်ခံချင်နေပြီထင်တယ်လို့ ပြောတာ”
“တိုင်ပြောလိုက်ရမလား”
“ဘယ်သူ့ကို တိုင်မှာလဲ မိုးမြင့်ယံကိုလား”
“ဟုတ်တယ်လေ၊ ဘယ်လိုလဲ တိုင်လိုက်ရမလား”
“တိုင်ပေါ့ ကြောက်ပါဘူး”
“မတိုင်ပါဘူး ကိုဘုန်းရယ်၊ စတာပါ”
“သိသားပဲ၊ တကယ်မဟုတ်ဘူးဆိုတာ”
“သိတယ်လား”
“အင်း သိတာပေါ့”
“ဟုတ်ပါပြီရှင်၊ တခြားအကြောင်းပြောရအောင်လေ နော် ကိုဘုန်းနော်”
“မမလေးသဘောအတိုင်းပါပဲဗျာ”
ဘုန်းမင်းခန့်က မေမြတ်နိုးအား နောက်ရင်း ပြောလိုက်ပြန်သည်။
“ကိုဘုန်းကော နေကောင်းလား၊ အလုပ်ကောများလား ကိုဘုန်း”
“ကောင်းတယ် မြတ်နိုး၊ အလုပ်ကတော့ ဒီလိုပါပဲ၊ မြတ်နိုးကော”
“မေလည်း ဒီလိုပဲ ကိုဘုန်းရဲ့၊ ဒါပေမယ့် မိုးတွင်းဆိုတော့ အရင်လောက်တော့ မများဘူးပေါ့”
“ဟုတ်လား ကောင်းတာပေါ့၊ အရမ်းမပင်ပန်းတော့ဘူးပေါ့”
“ဟုတ်တယ် ကိုဘုန်း”
“ဒါနဲ့ မြတ်နိုးကော နောက်လပြန်လာဖြစ်သလား”
“ဟုတ် ကိုဘုန်း၊ မေ လဆန်းလောက် ရောက်မယ်ထင်တယ်၊ သီတင်းကျွတ်ချိန်အတွင်းတော့ လာလို့မရဘူး လေ၊ အဲချိန်ဆို ဧည့်သည်များမှာလေ၊ ဒါကြောင့် သီတင်းမကျွတ်ခင်ဘဲ လာလိုက်တော့မယ် ကိုဘုန်းရဲ့”
“အင်းလေ ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်၊ ဘာနဲ့ပြန်လာမလဲ မြတ်နိုး၊ ကိုယ် ကားလွှတ်ပေးရမလား”
“ရပါတယ် ကိုဘုန်း၊ မေ့ ဖေဖေက ကားလွှတ်ပေးမယ်ပြောတယ်”
“အင်း ဟုတ်ပါပြီ မြတ်နိုး၊ ဒါဆို မြတ်နိုး အိပ်တော့နော်၊ ညဉ့်တော်တော်နက်နေပြီ၊ ကိုယ် နောက်နေ့မှ ထပ်ဆက်တော့မယ်နော်”
“ဟုတ်ကဲ့ ကိုဘုန်း”
“ဂွတ်နိုက် မြတ်နိုး၊ ကျန်းမာရေးကိုလည်း ဂရုစိုက်နော်”
“ဟုတ်ကဲ့ ကိုဘုန်း၊ ဂွတ်နိုက်နော်”
မေ ဖုန်းလေးအား ပိတ်လိုက်ပြီး တစ်ယောက်တည်း တွေးလိုက်မိသည်။ ကိုဘုန်းက မိမိအပေါ်တွင် အစစ အရာရာ ဂရုစိုက်သည်။ မေ့ရဲ့ ပျော်ရွှင်မှု၊ ၀မ်းနည်းမှု၊ သောက၊ အခက်အခဲအားလုံးကို နားလည်ပေးသည်။ ဝေမျှခံစားပေးသည်။ ထို့ကြောင့် ကိုဘုန်းက မိမိအတွက်တော့ တကယ့်ကို အစ်ကိုရင်းတစ်ယောက်လိုပင်။ ခင်မင်တာ မကြာသေးပေမယ့်လည်း မေတို့၏ သံယောဇဉ်က နက်ရှိုင်းသည်။ ကိုဘုန်းလိုမျိုး သူငယ်ချင်း တဖြစ်လဲ အစ်ကိုတစ်ယောက်ရသည့်အတွက် မေ အလွန်ပင် ပျော်ရွှင်မိတော့သည်။ ထို့နောက်တွင်တော့ မေ မိမိအတွေးကို ဖြတ်ရင်း အိပ်ဖို့ပြင်လိုက်တော့၏။
Thursday, July 26, 2007
အချစ်နှင့်အတူ (၈)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment