Wednesday, July 18, 2007

တုနှိုင်းမဲ့စွာ အဖေ့မေတ္တာ


“ဟူး … စိတ်ပျက်လိုက်တာကွာ …”


သူ အိမ်ရှေ့တံခါးဝရှိ အုတ်ခုံပေါ်တွင်ထိုင်နေရင်း စိတ်လက်မအီသာစွာဖြင့် သက်ပြင်းတွေ အခါခါချရင်း ရေရွတ်လိုက်မိသည်။ အဖေ့ကို သူ တကယ်ကို မကျေမနပ်ဖြစ်နေမိသည်။ မကြာမီ သူ့ မွေးနေ့သို့ ရောက်တော့မည်။ သူ့ မွေးနေ့အတွက် မွေးနေ့လက်ဆောင်အဖြစ် အဖေ့ကို နာရီတစ်လုံး ၀ယ်ပေးဖို့ ပူဆာထားသည်။ သို့ပေမယ့်လည်း အဖေက သူ့အား ၀ယ်ပေးမည့် အရိပ်အယောင်မရှိ။ ဒါကြောင့် သူ စိတ်ဓာတ်ကျနေမိသည်။ အဖေ့အကြောင့် သူ့ဆန္ဒတွေ ပျက်စီးရတော့မည်။ သူက သူ့မွေးနေ့တွင် နာရီအသစ်လေးဝတ်ပြီး သူငယ်ချင်းများအား ကြွားချင်နေမိခြင်းဖြစ်သည်။

“သားရေ … အဖေပြန်လာပြီကွ၊ အဖေ့ဆီ လာပါအုံး”

သူ အဖေ့ခေါ်သံကို ကြားသော်လည်း မသိချင်ယောင်ဆောင်နေမိသည်။ နာရီကိစ္စအတွက် အဖေ့ကို သူ လုံးဝကို မကျေနပ်နိုင်ပေ။ ဒါကြောင့် အဖေ့ကို မခေါ်ဘဲနေမည်ဟု သူ ဆုံးဖြတ်ထားသည်။

“ဟေ့  သားကြီး၊ အဖေ ခေါ်တာမကြားဘူးလား၊ ဘာတွေများအတွေးလွန်နေလဲကွ”

အဖေက သူ့ ပုခုံးကို ပုတ်ရင်း ထပ်မေးလိုက်သည်။

“ဟုတ်ကဲ့ အဖေ၊ ကျွန်တော်မကြားလိုက်မိဘူး”

“အင်း ဟုတ်ပါပြီ၊ ရော့ သား … ဒီမှာကြည့်ပါအုံး၊ အဖေ မင်းအတွက်ဝယ်လာခဲ့တာ”

အဖေက ပြောပြောဆိုဆိုဖြင့် သူ့အား အထုပ်တစ်ထုပ် လှမ်းပေးလိုက်သည်။ သူက အထုပ်ကို လှမ်းယူလိုက်ရင်း

“ဘာတွေလဲ အဖေ”
မေးလိုက်သည်။

“အင်္ကျီလေ၊ လမ်းမှာ လှတာလေးတွေ့လို့ သားအတွက် ၀ယ်လာခဲ့တာ”

“အာ … အဖေကလဲ၊ ဘယ်ကနေ ၀ယ်လာတာလဲ ဗျာ၊ အညံ့စားတွေကို …”
သူ မကျေမနပ်လေသံဖြင့် အဖေ့အား အပြစ်တင်ရင်း ပြောလိုက်သည်။

“ပုံစံလေးက လှသားပဲ သားရယ် …”

“အဲဒါမျိုးတွေ သား မ၀တ်ချင်ပါဘူး၊ ဒီမှာ နာရီမရလို့ စိတ်ညစ်နေတာကို”
သူ မကျေမနပ်ဖြင့် ထပ်မံ၍ ပြောလိုက်သည်။

“နာရီက မနှစ်ကလေးတင် ၀ယ်ပေးထားတာကို သားရယ်၊ အကောင်းကြီးရှိသေးတယ် မဟုတ်လား”

“ဟာ ဗျာ အဖေကလဲ၊ မနှစ်က ၀ယ်ပေးထားတာက တော်တော်ဟောင်းနေပြီပဲ၊ သားရေကြိုးတွေကလည်း မကောင်းတော့ ဘူး၊ လွှင့်ပစ်ဖို့တောင် ကောင်းနေပါပြီ အဖေရာ …”

“အေးလေ … ဒါဆိုလည်း အဖေ လခထုတ်တဲ့အခါ ၀ယ်ပေးပါ့မယ်၊ ဟုတ်ပြီလား”

သူ နာရီဟောင်းလေးကို ငုံ့ကြည့်ပြီး လမ်းမသို့ တစ်ချက်မော့ကြည့်လိုက်သည်။ ဒီနေ့ အဖေ လခထုတ်သည့်နေ့။ သူ့အတွက် မွေးနေ့လက်ဆောင် နာရီလေး ၀ယ်လာမည် ဟု အဖေက မနက်က ပြောခဲ့ သည်။ ဒါကြောင့် သူ ရင်ခုန်ရင်း အဖေ့ပြန်အလာကို စောင့်နေမိသည်။

သူ မျှော်နေတုန်းပင် အဖေက သူတို့လမ်းထဲသို့ ၀င်လာသည်ကို လှမ်းတွေ့လိုက်သည်။ သူ အဖေ့ဆီသို့ ပြေးသွားရင်း ပစ္စ္စည်းတွေကို လှမ်းယူလိုက်သည်။

“အဖေ … ကျွန်တော်အတွက် နာရီလေး ပါလာ လား အဖေ”

“အင်း ပါ ပါတယ် ကွာ … ဒီအိတ်ထဲမှာ ရော့”

အဖေက သူ့လက်ထဲမှာ အိတ်တွေကို ပြန်ယူလိုက်ပြီး နာရီထည့်ထားသော အိတ်ကလေးကို ပြန်ပေးလိုက်သည်။ သူ အိတ်ကလေးကို
လျင်မြန်စွာ ဖောက်လိုက်သည်။

“ဟာ … လှလိုက်တာ အဖေရာ၊ အဖေက ကျွန်တော့်အကြိုက်ကို သိတယ်နော်၊ ဈေးတော့ တော်တော်ကြီးမယ်နော် အဖေ၊ ဘယ်လောက်ပေးရလဲ အဖေ”

“တစ်သိန်းသုံးသောင်း ပေးရတယ်သား”

“အား … တော်တော်ဈေးကြီးတယ်နော် အဖေ”
သူ အဖေ့အား ပြောရင်း ရုတ်တရက် အဖေ့လက်ဆီသို့ အမှတ်မထင်ဖြင့် ကြည့်လိုက်မိသည်။

“ဟင် … အဖေရာထူးတိုးတုန်းက အဖေ့ သုဋ္ဌေး ဆုချထားတဲ့ နာရီကော အဖေ …”

“အင်း … ရောင်းလိုက်ပြီ သား”

“ဟင် … ဘာဖြစ်လို့လဲ အဖေ”

“အဖေ့နာရီနဲ့ အလိုက်နည်းနည်းထပ်ပေးပြီး သားအတွက် နာရီဝယ်လိုက်တာလေ”

“ဟင် … ဒါဆို အဖေ့မှာ နာရီ ဘယ်ရှိတော့မလဲ”

“သားနာရီဟောင်းလေး ရှိသားပဲ၊ သားရေကြိုးလဲလိုက်ရင် အဖေ ပတ်လို့ ဖြစ်ပါတယ်”

“ဟာ … အဖေရယ်…”

သူ ရင်ထဲတွင် အရမ်းကို ၀မ်းနည်းသွားမိသည်။ အဖေ့ရဲ့ မေတ္တာကို သူ ခုတော့ ကောင်းကောင်း သိမြင်ခဲ့ပြီ။ သူ ဒီနာရီလေးကိုလည်း မလိုချင်တော့။ ကြွားချင်သောစိတ်ကလေးတစ်ခုနှင့် အဖေ့ကို ပူဆာမိသည်ကိုလည်း နောက်တရနေမိ သည်။ မနက်ဖြန်ရောက်လျှင် သူ နာရီဆိုင်လေးသို့သွား၍ အဖေ့နာရီလေးအား ပြန်တောင်းမည်ဟု သန္နိဋ္ဌာန်ချလိုက်မိသည်။

သားသမီးပေါ်တွင် ထားသော ဖခင်တစ်ယောက်၏ တုနှိုင်းမဲ့မေတ္တာကို ခံစားနိုင်ကြပါစေလို့ …

------------------------

4 comments:

နေလင်း said...

ကောင်းတယ်။ ခံစားမှုပါတယ်

Unknown said...

I like this novel so much!
coz it can give full feeling!
this novel expresses parent's love upon their children!


PB

Unknown said...

u juz mentioned a real life...=)

Unknown said...

nDr&JU Zmwfvrf;av;u zcifwpfa,muf&JU arwåmxkxnfudk twkdqkH;eJU txda&mufqHk;
az:jyay;vdkufEdkifw,f..

---------------------------------------------