“လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် အတူတကွ ရှိနေစဉ်မှာ တန်ဖိုးထားရမှန်း မသိတတ်ဘူး” ဆိုတဲ့ စကားလေးဟာ အလွန်မှန်ကန်မှန်း အခုတော့ သူမ သိခဲ့ရပါပြီ။ အထူးသဖြင့် မိဘနှင့်အတူနေထိုင်စဉ်မှာ မိဘ၏ မေတ္တာကို တန်ဖိုးမထားတတ်ခဲ့တဲ့ သူမအတွက်တော့ ဝေးသွားတော့မှ ခံစားရခဲ့တဲ့ နောင်တတစ်ခုပါ ပဲ။ သူမ နောင်တနှင့်အတူ တစ်ချိန်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များက ရုပ်ရှင်ပြကွက်များပမာ မျက်လုံးထဲတွင် တဖြည်းဖြည်းချင်း ထင်ဟပ်လာခဲ့တော့သည်။
သူမ၏ မေမေက အလွန်သဘောကောင်းသည်။ သားသမီးများအပေါ်တွင်လည်း လိုလေသေးမရှိ အစစ အရာရာ မညည်းမညူလုပ်ကိုင်ပေးသည်။ အလုပ်ကတစ်ဖက်၊ သားသမီးတာဝန်က တစ်ဖက်နှင့်မို့ မေမေ့မှာ မအားရသည်ကများသည်။ ဒါပေမယ့် ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း မေမေကတော့ သားသမီးအတွက် ဆိုလျှင် အပြုံး တစ်ချက်မပြတ် လုပ်ပေးခဲ့သည်။ ဒါပေမယ့် ထိုအချိန်က သူမကတော့ မေမေ့ရဲ့ အကြင်နာ၊ မေတ္တာတွေကို နားမလည်ခဲ့ဘူး။ အလုပ်ပင်ပန်းလို့ တစ်ခါတစ်လေ သူမတို့လုပ်သည်များကို စိတ်တိုင်းမကျ လို့ မေမေက သူမတို့အား အနည်းငယ် ဆူပူသည်ကိုပင် သူမက မကျေမနပ်ဖြစ်မိသည်။ တစ်ခါတစ်လေ များဆို သူမက “ရှုပ်ကို ရှုပ်တယ်၊ အေးအေးကို မနေရဘူး” ဟုပင် စိတ်ထဲမှာ ရေရွတ်လိုက်သေးသည်။
မေမေကတော့ တစ်ခါတစ်လေ ဆူပူတတ်သည်က လွဲလို့ အမြဲတမ်း သူမတို့အတွက် လိုလေသေးမရှိ ဖြည့်ဆည်းပေးခဲ့သည်။ သူမ စာမေးပွဲဖြေချိန်ဆို စာမေးပွဲဖြေရသည့်အလျောက်၊ နေမကောင်းဖြစ်လျှင် နေမကောင်းဖြစ်သည့်အလျောက် သူမကို အစစ ဂရုစိုက်ခဲ့သည်။ သူမကတော့ မေမေ့ကို တစ်ခါတစ်လေ သူမ စိတ်ကြည်လင်နေသည့်အချိန်ကလွဲလို့ တော်ရုံတန်ရုံ ဂရုမစိုက်မိခဲ့ပေ။
“သူမ နိုင်ငံခြားမှာ ကျောင်းသွားတက်ချင်သည်” ဟု ပြောသောအခါ မေမေက သူမအား မသွားစေလိုဘူး။ အမှန်တော့ မေမေက သူမအကျိုးအတွက် မသွားစေလိုခဲ့တာ။ ခဏခဏ ချူချာတတ်တဲ့သူမအတွက် အဝေးမှာ အခက်အခဲကြုံတွေ့ရမှာစိုးလို့ မသွားစေချင်ခဲ့တာ။ ဒါပေမယ့် သူမကတော့ ပေးမသွားရကောင်း လား ဆိုပြီး မေမေနဲ့ အတိုက်အခံတွေလုပ်ခဲ့တယ်။ ပိုက်ဆံလည်း တတ်နိုင်ရဲ့သားနဲ့ သူမရဲ့ ဆန္ဒတွေကို မဖြည့်ဆည်းပေးရကောင်းလား ဆိုပြီး မေမေ့ကို မကျေမနပ်ဖြစ်ခဲ့သည်။ နောက်ဆုံးပြောရမယ်ဆိုလျှင်တော့ သားသမီးကို မျက်နှာတစ်ချက် အညှိုးမခံဘဲ အမြဲစိတ်ချမ်းသာစေချင်တဲ့မေမေက သူမအလိုအတိုင်း နိုင်ငံခြား ကို ပို့ပေးပြီး ကျောင်းတက်စေခဲ့တယ်လေ။ သူမ သွားမည့်နေ့မှာတော့ မေမေက မျက်ရည်ဝိုင်းလျက် သူမအား စကားလေးတစ်ခွန်း မှာလိုက်တယ်။ “သမီး … ကျန်းမာရေးကို ဂရုစိုက်ပါ၊ မေမေ သမီးလိုတဲ့ အခါ သမီးဆီကို အချိန်မရွေးလာ နိုင်အောင် အမြဲအဆင်သင့် လုပ်ထားမယ်” တဲ့လေ။ အဲချိန်တုန်းကတော့ သူမက သွားချင်တာပဲ သိတာမို့ မေမေ့ရဲ့ အမှာစကားကို သေချာတောင် ဂရုမစိုက်လိုက်မိပါဘူး။ အလို ပြည့်တဲ့ ကလေးတစ်ယောက်အတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ မေမေ့ရင်ခွင်ကနေ အဝေးတစ်နေရာကို ထွက်ခွာခဲ့ တယ်။
သူမ ရောက်စမှာတော့ ပျော်သလိုလို ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အခက်အခဲတွေ ကြုံတွေ့လာရတဲ့အခါ မေမေ့ရဲ့ စေတနာတွေကို နားလည်သဘောပေါက်လာခဲ့တယ်။ တစ်ချိန်က ဆူပူခဲ့သည်ဟု သူမထင်ခဲ့သော မေမေရဲ့ ဆုံးမစကားများကို ခုတော့ သူမ သေချာ သိမြင်ခံစားလာနိုင်ခဲ့ပြီ။ အရာရာကို ပေါ့ပေါ့လေး လုပ်ကိုင်နေခဲ့သော သူမ၏ အကျင့်က ခုတော့ သူမကို ဒုက္ခကောင်းကောင်းပေးနေခဲ့ပြီလေ။ နေ့စဉ်နေ့တိုင်း လိုလို မျက်ရည်များနှင့်သာ ကုန်လွန်ခဲ့ရသည်။ နောက်ဆုံးတော့ သူမ စိတ်ဓာတ်တွေ အကြီးအကျယ်ကျပြီး ဆေးရုံတက်ရသည့် အခြေအနေသို့ပင် ရောက်ခဲ့ရသည်။ မေမေကတော့ သူမ ဆေးရုံတင်ရသည် ကြားသည် နှင့်တပြိုင်နက် သူမရှိရာသို့ အမြန်ဆုံးလိုက်လာခဲ့သည်။ မေမေ့ရဲ့ အကြင်နာ မေတ္တာကြောင့် သူမ ဝေဒနာ တွေ တဖြည်းဖြည်းသက်သာခဲ့ရသည်။ မျှော်လင့်ချက်မပါ ပေးဆပ်မှုသပ်သပ်ဖြင့် သမီးတစ်ယောက်အပေါ်မှာ ထားခဲ့တဲ့ မေမေရဲ့ အစားထိုးမရတဲ့ အကြင်နာတွေကို သူမ ကောင်းကောင်းကို သိမြင်ခံစားလာရသည်။ တစ်ချိန်က မှားယွင်းခဲ့တဲ့သူမ၏ အပြုအမူများအတွက် ဖြေမဆည်နိုင်အောင် ၀မ်းနည်းနောင်တရမိသည်။ နောက်ဆိုလျှင် မေမေ့စကားကို နားထောင်၍ သမီးကောင်းတစ်ယောက်အဖြစ်ဖြင့် မေမေနှင့်အတူ သေတပန် သက်တစ်ဆုံး နေသွားတော့မည် ဟု သူမ ခိုင်မာစွာ ဆုံးဖြတ်ချက်ချလိုက်မိတော့သည်။
မျှော်လင့်ချက်မပါဘဲ ပေးဆပ်မှုသပ်သပ်ဖြင့် သားသမီးတစ်ယောက်အပေါ်တွင်ထားသော၊ ဘယ်အရာနှင့်မျှ အစားထိုးလို့မရနိုင်သော မိဘ၏ အကြင်နာ မေတ္တာကို ခံစားနိုင်ကြပါစေလို့ …
Thursday, July 19, 2007
အစားထိုးမရသော အမေ့အကြင်နာ
Subscribe to:
Post Comments (Atom)
1 comment:
This novel gives me about every parents are essential for their children forever!
Post a Comment