ဒီကမ္ဘာပေါ်မှာ ပျော်ပျော်မနေချင်တဲ့သူရယ်လို့ ရှိမယ်လို့တော့ မထင်ပါဘူး... ဘယ်သူပဲဖြစ်ဖြစ် ပျော်ပျော်ပဲ နေချင်ကြတာပေါ့နော်...
ကိုယ်ပျော်ရွှင်နေတဲ့အခါ "ငါတော့ ၀မ်းနည်းနေတဲ့သူနဲ့ သူငယ်ချင်းလုပ်မှဘဲလို့" ဘယ်နှစ်ယောက်ကများ စဉ်းစားဖူးမှာလဲနော်... ကိုယ်ပျော်ရွှင်နေရင်လည်း ကိုယ့်ထက်ပျော်တဲ့သူကိုပဲ တွေ့ချင်ကြတာပါပဲ။ ဒါပေမယ့် ၀မ်းနည်းတတ်တဲ့ သူငယ်ချင်းတွေကို ပစ်ပြီး ပျော်ပျော်နေတတ်တဲ့သူကိုပဲ ရွေးပေါင်းရမယ်လို့တော့ မဆိုလိုဘူးနော်။
သူငယ်ချင်းဆိုတာက ဘာလဲ။ "၀မ်းနည်းနေရင်ပဲ ဖြစ်ဖြစ်၊ ၀မ်းသာနေရင်ပဲ ဖြစ်ဖြစ် ကိုယ်နဲ့ အတူ ကောင်းတူ ဆိုးတူ အားလုံးကို မျှဝေခံစားပေးနိုင်တဲ့သူ"ပေါ့။ အင်း ထားပါအုံးလေ။ ကောင်းကင်အခုပြောချင်တာက ဒါက အဓိက မဟုတ်သေးပါဘူး။ နောက်တော့ ပြောတာပေါ့။ သူငယ်ချင်းများရဲ့ အကြောင်း...
ဘယ်လိုပဲဖြစ်ဖြစ် များသောအားဖြင့်တော့ ပျော်နေတဲ့သူတွေကိုပဲ ရှာတတ်ကြတာပါ။ ကိုယ့်လို ပျော်တတ်တဲ့သူကိုပေါ့။ ဥပမာ ဝေးဝေးမကြည့်နဲ့။ ကောင်းကင်ကိုပဲကြဘ့်။ ကောင်းကင်ဆိုရင် ကောင်းကင်လို ပေါတောတောနေတတ်တဲ့... အဲလေ ဟုတ်ပါဘူး... ပျော်ပျော်နေတတ်တဲ့ ချစ်သူငယ်ချင်း ဆေးဗားလေးလို၊ ချစ်ညီမလေး သီရိလေးတို့လို လူကိုပဲ ရှာတာပါ။ :P
ပျော်ပျော်နေတတ်တဲ့သူဟာ ပျော်တဲ့သူကိုပဲ ဆွဲဆောင်ပါတယ်။
မပျော်တတ်တဲ့သူဟာလည်း မပျော်တဲ့သူကိုပဲ ဆွဲဆောင်နိုင်ပါတယ်။
ကဲ... ဒါဆို ကောင်းကင် တစ်ခု မေးမယ်။ ပျော်တဲ့သူကို ဆွဲဆောင်နိုင်အောင် ဘယ်လို လုပ်ပြီး ကိုယ်က ပျော်ပျော်နေမလဲ...
ကိုယ့်ကို ပျော်အောင် ဘယ်သူက လုပ်ပေးနိုင်သလဲ။ တစ်ယောက်ယောက်က ကိုယ့်ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တဲ့ဆိုတဲ့အတွေးမျိုးကို လူတော်တော်များများက အကြောင်းပြချက်မရှိဘဲ လက်ခံတတ်ကြပါတယ်။
သီချင်းတွေနဲ့ ရုပ်ရှင်ထဲမှာဆိုရင်တော့ ဒါက ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လက်တွေ့ဘ၀မှာတော့ တကယ်တမ်း ဘယ်သူကမှ ကိုယ့်ကို ပျော်ရွှင်အောင် လုပ်ပေးလို့မရပါဘူး။
ကောင်းကင်ရဲ့အစ်ကိုတစ်ယောက်က ကောင်းကင်ကို ပြောဘူးတယ်။ အင်း... သေချာပြောရင်တော့ ဆုံးမတာပေါ့လေ။ "မင်းနဲ့မတွေ့ခင်က ကိုယ်က အရမ်းကို အထီးကျန်ပါတယ်၊ ကိုယ့်ဘ၀ဟာ ခြောက်သွေ့နေတာပဲတဲ့"။ အဲဒီစကားမျိုး ရုပ်ရှင်တွေ၊ သီချင်းတွေထဲမှာဘဲ ကောင်းကင် ကြားရမယ်တဲ့လေ။ အဲဒါတွေ နားထောင်ပြီး စိတ်ကူးရင်မနေနဲ့တဲ့။ လက်တွေ့ဘ၀မှာ ဖြစ်တာက "မင်းနဲ့မတွေ့ခင်မှာ ကိုယ်ဟာ ၀မ်းနည်းကြေကွဲနေတယ်၊ မင်းနဲ့တွေ့မှ ပိုဆိုးသွားတယ်" ဆိုတာမျိုးပဲ ရှိလိမ့်မယ်တဲ့။ စိတ်ကူးတွေယဉ်ပြီး တစ်ယောက်ယောက်ကို ကိုယ်က ပြောင်းလဲပေးနိုင်လိမ့်မယ်ဆိုပြီး ရူးမနေနဲ့တဲ့... ကောင်းကင်အစ်ကိုက ကောင်းကင်ကို အဲလောက်ယုံကြည်ပြီး အဲလို အားပေးတာ... :D
ဒါပေမယ့် သူပြောတာ အားလုံးမှားတယ်၊ အလကား အစ်ကိုက အကောင်းမမြင်တာလို့တော့ ကောင်းကင် မပြောခဲ့နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ ပြောတာတွေက အများအားဖြင့်က မှန်နေတာကိုး။
စဉ်းစားကြည့်လေ... ကောင်းကင်က စိတ်ဓာတ်ကျနေမယ်၊ စိတ်အားငယ်နေမယ်ဆိုရင် ဘယ်သူကများလာပြီး ကောင်းကင်ရဲ့ အားငယ်စိတ်တွေကို ပျောက်အောင်၊ စိတ်ဓာတ်တွေ တက်လာအောင် လုပ်ပေးနိုင်မှာလဲ။ လုပ်ပေးတယ် ဆိုရင်လည်း နည်းနည်းပါးပါး ပြေပျောက်အောင်ပဲ လုပ်ပေးနိုင်မှာလေ။ အားလုံးပျောက်သွားအောင် လုပ်ဖို့ဆိုတာက ကောင်းကင်ကိုယ်တိုင်ပြောင်းလဲမှဘဲ ရမှာလေ။ ဘယ်လို စိတ်ဆင်းရဲမှုဘဲဖြစ်ဖြစ် ကိုယ့်ဘာသာကိုယ်သာ ဖြေရှင်းပြီး ရုန်းထွက်ရတာပဲလေ။ ဟုတ်တယ် မဟုတ်လား...
နောက်ဆုံးပြောရရင်တော့ ကိုယ်ပျော်ရွှင်ဖို့ကိုလည်း ကိုယ် ကိုယ်တိုင်ဘဲ ရယူမှ ဖြစ်မှာပါ။ ကိုယ့်ဘာသာကို ပြုပြင်ပြီး အကောင်းမြင်စိတ်လေး ထားနိုင်မယ်ဆိုရင်တော့ ပျော်ရွှင်နေတဲ့ မိတ်ဆွေကောင်းတွေ၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို ဆွဲဆောင်လာနိုင်မှာပါ။ ကောင်းကင်တို့လုပ်ဖို့လို့တာက ကမ္ဘာကြီးကို ပြောင်းလဲဖို့ မဟုတ်ပါဘူး။ ကိုယ့်ဘာသာကိုယ် ပြောင်းလဲပစ်ဖို့ဘဲ ဖြစ်ပါတယ်။ ဒါဆိုရင် အချိန်တော်တော်များများကို ကောင်းကင်တို့ အပျော်တွေနဲ့ ဖြတ်သန်းနိုင်မှာပါ။
ကိုယ့်ပတ်ဝန်းကျင်မှာ အကောင်းမြင်ပြီး ပျော်ရွင်တဲ့သူတွေ ၀ိုင်းရံနေဖို့ ကိုယ့်မျက်နှာမှာ ဖြူစင်တဲ့ အပြုံးလေးတစ်ခုကိုလည်း အမြဲဆောင်ထားပါလို့ တိုက်တွန်းလိုက်ရင်း ...
Thursday, November 22, 2007
ဘယ်လိုဆိုရင် ပျော်ရွှင်နိုင်မလဲ
Posted by
Kaung Kin Pyar
at
9:16 PM
0
comments
Labels: အက်ဆေး
Monday, November 19, 2007
နာကျင်ခံစားရတဲ့အခါ
တစ်ယောက်နှင့်တစ်ယောက် ရန်ဖြစ်တဲ့အခါ ခံစားရတဲ့ နာကျင်မှုမျိုး၊ ခလုတ်တိုက်မိတဲ့အခါ ခံစားရတဲ့ နာကျင်မှုမျိုး...
အဲလို နာကျင်မှုမျိုးတွေကို ကောင်းတဲ့အမြင်နဲ့ လက်ခံနိုင်ဖို့ဆိုတာ တော်တော်ကို ခက်ခဲတဲ့အလုပ်တစ်ခုပါပဲ။ ဘယ်သူမှ ဘာအကြောင်းနဲ့မှ နာကျင်မှုကို ခံစားချင်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် အဲလိုမျိုး နာကျင်မှုတွေကို မခံစားရဖူးဆိုရင် လူတွေက ဘယ်လိုဖြစ်လာမလဲ။ ဘယ်အရာကိုမဆို အလေးမထားဘဲလုပ်လာမယ်။ ဂရုမစိုက်ဘဲ ပေါ့ပေါ့တန်တန်လုပ်မယ်။ နာကျင်ခံစားရတဲ့အခါကျတော့မှ သတိထားဆင်ခြင်ဖို့ သတိရမယ်။ တစ်ယောက်နှင့်တစ်ယောက် ရန်မဖြစ်မိအောင်၊ ခလုတ်မတိုက်မိအောင် သတိထားပြီး ဆင်ခြင်လာမယ်။
ရုပ်ပိုင်းဆိုင်ရာ နာကျင်ခံစားရတဲ့အခါ နောက်နောင် အလားတူအဖြစ်မျိုးမဖြစ်အောင် သတိပေးတဲ့စနစ်ရှိတယ်။ အဲဒါကတော့ "ဒါမျိုးလုပ်ရင် ဒီလိုမျိုးဖြစ်မယ်၊ နောက်ဒါမျိုးမလုပ်နဲ့" ပေါ့။
အဲဒီလိုပဲ စိတ်ပိုင်း နာကျင်ခံစားမှုမှာလည်း အလားတူ သတိပေးစနစ်ရှိတာပဲ။ အဲဒါကတော့ "အဲဒီအတွေးမျိုးကို ပြောင်းလဲလိုက်ရင် ကောင်းမယ်" ဆိုတာမျိုးပေါ့။
မနာလိုစိတ်ဖြစ်တယ်၊ ဒါမှမဟုတ် စိတ်ဆိုးတယ် စိတ်တိုတယ်၊ ဒါမှမဟုတ် သည်းမခံနိုင်ဖြစ်တယ်။ အဲဒါတွေဟာ တကယ်ပြောရင်တော့ ဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းအရာ တွေပါပဲ။ ဒါပေမယ့် ကိုယ့်ရင်ထဲမှာ အဲဒီခံစားချက်တွေကို မဖျောက်ဖျက်ဘဲ သိမ်းထားမယ်ဆိုရင်တော့ သတိပေးစကားတွေက အလိုလိုထွက်ပေါ်လာမှာပါ။ အဲဒါတွေကတော့
"တခြားသူတွေကို ထိန်းချုပ်နိုင်ဖို့ မမျှော်လင့်ပါနဲ့"
"တခြားသူတွေကို ကိုယ့်လိုပြုမူဖို့ မမျှော်လင့်ပါနဲ့"
တကယ်လို့ ကိုယ့်အတွေးအခေါ်ကို မပြောင်းလဲဘူးဆိုရင်တော့ အရင်အတိုင်းပဲ ခံစားနေရအုံးမှာပါပဲ။ ကိုယ့်ဘာသာကို "ဘာပဲဖြစ်ဖြစ် ငါ မှန်တာပဲ" လို့ပြောတတ်တယ်။ ဒါပေမယ့် အဲဒီ မှန်တယ်ဆိုတဲ့ အတွေးလေးဟာ ကိုယ့်ရင်ထဲက ခံစားရတဲ့ နာကျင်မှုကို နည်းနည်းလေးတောင် မလျော့နည်းစေပါဘူး။
တစ်ခါတစ်လေကျရင် ကိုယ်မှန်တယ် ထင်ပေမယ့်လည်း ကိုယ့်အတွေးကို နည်းနည်းဖြစ်ဖြစ် ပြောင်းဖို့လိုအပ်တဲ့အခါမျိုးလည်း ရှိတတ်ပါတယ်။
ရုပ်ပိုင်းနဲ့စိတ်ပိုင်း နှစ်ခုစလုံးမှာ မပြောင်းလဲဘဲ အရင်အတိုင်း ဆက်လုပ်နေမယ်ဆိုရင်တော့ နာကျင်ခံစားမှုတွေကို ခံစားနေရအုံးမှာပါ။
ဒါကြောင့် လိုအပ်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့ ၀န်မလေးကြပါနဲ့လို့ တိုက်တွန်းရင်း ...
Posted by
Kaung Kin Pyar
at
8:23 PM
0
comments
Labels: အက်ဆေး
Sunday, September 23, 2007
အခက်အခဲတွေနဲ့ ကြုံရတဲ့အခါ
ကောင်းကင်တို့ ဘ၀မှာ အခက်အခဲတွေနဲ့ကြုံရတဲ့အခါ ဘယ်လို ဆက်လက်ရှင်သန်ပြီး နေထိုင်ရမလဲ။ ၀မ်းနည်းပူဆွေးရတဲ့အခါ၊ အထီးကျန်တဲ့အခါ ဘယ်လို ရပ်တည်နေနိုင်မလဲ။
ဘာမှမစိုးရိမ်ပါနဲ့ ...
တောင်တက်ရသလိုပဲ ကောင်းကင်တို့ရဲ့အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ကြမှာပါ။ တကယ်လို့များ တောင်တက်တဲ့အခါ တောင်စွန်းတစ်နေရာမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေရင် ကောင်းကင်တို့ ဘယ်လိုလုပ်ကြရမလဲ။ ရှေ့ဆက်တက်ဖို့ ဘယ်လောက်ကျန်သေးလဲဆိုတာကို မေ့လိုက်ပြီး လောလောဆယ်အခြေအနေကိုပဲ အာရုံစိုက်လိုက်ပါ။ အခုအချိန်မှာ ကောင်းကင်တို့ ကြိုးစားအားထုတ်ရမှာက ရှေ့ခြေတစ်လှမ်း ဆက်လှမ်းနိုင်ဖို့ပါ။ ခြေတစ်လှမ်းအရင်လှမ်းလို့ရပြီဆိုရင် နောက်တစ်လှမ်း၊ ပြီးရင် နောက်တစ်လှမ်း။
တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ ဆိုသလို နောက်ဆုံးမှာတော့ ကောင်းကင်တို့အားလုံး ကျဉ်းထဲကျပ်ထဲကနေ ရုန်းထွက်နိုင်ကြမှာပါ။
နေ့စဉ်ဘ၀မှာလည်း ဒီအတိုင်းပါပဲ။ ခက်ခဲတဲ့အချိန်တွေနဲ့ ကြုံတွေ့ရတဲ့အခါ ခု လက်တလော အခြေအနေနဲ့ အချိန်ကိုပဲ အာရုံစိုက်ပါ။ တစ်ကြိမ်မှာ ပြဿနာတစ်ခုကိုပဲ ကိုင်တွယ်ဖြေရှင်းပါ။ တစ်ခုဖြေရှင်း ယုံကြည်ချက်နည်းနည်း ရလာမယ်။ နောက်ထပ် တစ်ခု၊ ပြီးတော့ နောက်ထပ်တစ်ခု။ အဲလို တစ်ခုပြီးတစ်ခု ဖြေရှင်းရင်းနဲ့ နောက်ဆုံးမှာတော့ အဆိုးဆုံးတွေကို ကျော်လွှားသွားနိုင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။
အဓိက ကိုယ်လုပ်နိုင်တာကတော့ မျက်လုံးစုံမမှိတ်ခင်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ပါပဲ။ မနက်ဖြန်ဆိုတာက သူ့ဘာသာသူ ဖြစ်သွားပါလိမ့်မယ်။
Posted by
Kaung Kin Pyar
at
4:54 PM
1 comments
Labels: အက်ဆေး
Wednesday, September 12, 2007
ဘ၀မှာ အရေးကြီးဆုံးက ဘာလဲ
ဒီမေးခွန်းလေးကို ဘယ်အချိန်ပဲ မေးမေး၊ ဘယ်သူ့ကိုပဲ မေးမေး အဖြေကတော့ တစ်ယောက်တစ်မျိုးစီ ဖြစ်မှာပါ။ အကြိုက်ချင်းတောင် တစ်ယောက်နဲ့တစ်ယောက် တူဖို့ခဲယဉ်းတယ်ဆိုတော့ အရေးကြီးတဲ့အရာချင်းဆို ပိုဆိုးမှာပေါ့နော်။
ဘ၀မှာ အရေးကြီးတာတွေကတော့ အများကြီးပေါ့နော်။ ကောင်းကင်အတွက်လည်း အရေးကြီးတာတွေက အများကြီးပဲပေါ့။ ဒါပေမယ့် အဲဒီထဲကမှ အရေးကြီးဆုံးကို ရွေးရမယ်ဆိုရင်တော့ ကောင်းကင်ရဲ့မိဘတွေကိုပဲ ကောင်းကင်ရွေးမိမှာ။ ဟုတ်တယ်။ ကောင်းကင်အတွက် ကောင်းကင်မိဘတွေက အရေးကြီးဆုံးပါပဲ။
ကောင်းကင်က အပိုစကားတွေကို ပြောတာမဟုတ်ပါဘူး။ အရင်တုန်းကတော့ … အင်း … အချိန်ကာလတစ်ခုလောက်ကပေါ့။ ကောင်းကင်ကို အဲဒီချိန်မှာသာ “ဘ၀မှာ ဘာအရေးကြီးဆုံးလဲ” လို့ တစ်ယောက်ယောက်က မေးခဲ့မယ်ဆိုရင် “ကောင်းကင်အတွက် အရေးကြီးဆုံးဟာ ကောင်းကင်မိဘတွေ ဖြစ်ပါတယ်” လို့ ကောင်းကင် ဖြေဖြစ်ချင်မှ ဖြေဖြစ်မှာ။ “မသိဘူး၊ တစ်ခါမှ မစဉ်းစားမိဘူး” လို့ ဖြေချင် ဖြေလိုက်မိမှာ။ ဒါပေမယ့် တစ်နေ့မှာတော့ ကောင်းကင်အတွက် မိဘတွေက အရေးကြီးဆုံးဆိုတာ သိခဲ့ရတယ်။
ကောင်းကင်အတွက် ကောင်းကင်မိဘတွေကသာ အရေးကြီးဆုံးဆိုတာကို ဗေဒင်ဆရာတစ်ယောက်ကြောင့် ကောင်းကင် သိခဲ့ရတာ။ ကောင်းကင် သိသွားရတဲ့အကြောင်းက ရယ်စရာကောင်းရင်တော့ ကောင်းလိမ့်မယ်။ ဒါပေမယ့် ကောင်းကင်ကတော့ တကယ်ကို လေးလေးနက်နက်ကို အဲဒီချိန်မှာ ခံစားမိလိုက်ရတာ။
အဲဒီနေ့က ကောင်းကင်အဒေါ်တစ်ယောက်ဆီကို သွားလည်ရင်း အဲဒီဗေဒင်ဆရာနဲ့ တွေ့ခဲ့ရတာ။ သူတို့က ကောင်းကင်ကို ကြုံတုန်း မေးသွားပါလားတဲ့လေ။ အရင်ကတည်းက ဗေဒင်မေးတာ ၀ါသနာပါတဲ့ ကောင်းကင်က နှစ်ခါတောင် ခေါ်စရာမလိုဘူး။ ချက်ချင်းကို မေးတာပေါ့။ အဲဒီဗေဒင်ဆရာက ကောင်းကင်ကို ပြောတာပေါ့။ “ညီမကတော့ အားလုံးကောင်းပါတယ်ပေါ့၊ ဒါပေမယ့် တစ်ခုတော့ရှိတယ်ပေါ့၊ ညီမရဲ့ အဖေဖြစ်ဖြစ်၊ အမေဖြစ်ဖြစ် ကြီးမားတဲ့ ယာဉ်အန္တရာယ် ကြုံရမယ်ပေါ့၊ အသက်ကိုလည်း စိုးရိမ်ရမယ်ပေါ့”။ သူက ဖြစ်မယ့် ကားထဲမှာ ပါတဲ့ နံပတ်နှစ်လုံးပြောတာ နှစ်လုံးစလုံးက ကောင်းကင်တို့ကားနံပတ်ထဲမှာ ပါနေတော့ ကောင်းကင်ရဲ့ စိုးရိမ်မှု ဒီဂရီတွေက မြင့်တက်လာတာပေါ့။ ရှေ့မှာ ကောင်းကင်ကို ဟောထားတာတွေကလည်း ဟုတ်သလိုလိုတွေ ဖြစ်နေတော့ ဇဝေဇ၀ါတွေ ဖြစ်လာတော့တာပေါ့။
ကိုယ့်အတွက်ဆိုရင်တောင် အဲလောက်တွေ စိတ်ပူလာမှာမဟုတ်ဘူး။ သူက အတိအကျတွေ၊ သေချာတယ်တွေကြီး ထပ်ခါထပ်ခါပြောနေတော့ ယုံရခက်၊ မယုံရခက်တွေ ဖြစ်လာတာပေါ့။ အပျော်မေးတာကနေ ငိုရတဲ့အဆင့်တွေ ဘာတွေတောင် ရောက်ကုန်တာပေါ့။ တစ်သက်လုံး ဗေဒင်မေးတိုင်း ဟာသ ဖတ်ရသလို ရယ်ခဲ့တာတွေက ဒီတစ်ခါတော့ တကယ့်ကို ဒုက္ခဖြစ်ရတာပဲ။ သူငယ်ချင်းတွေလည်း မနေရ။ ကူပါအုံး၊ ကယ်ပါအုံးပေါ့။ အဲလို ကမောက်ကမတွေ ဖြစ်ခဲ့ရတာ။
အဲဒီအကြောင်းကို ဆက်မပြောတော့ပါဘူးလေ။ အဓိကပြောချင်တာက အဲဒီချိန်ကစပြီး ကောင်းကင်အတွက် အရေးကြီးဆုံးဟာ ကောင်းကင် မိဘတွေပဲလို့ ကောင်းကင် ကောင်းကောင်းသိခဲ့ရတာ။ ဘာမဟုတ်တဲ့၊ မသေချာတဲ့စကားလေးတစ်ခွန်းကြောင့်တောင် ကောင်းကင် အဲဒီလို ခံစားခဲ့ရတာ မဟုတ်လား။ တစ်နေ့နေ့မှာ ခွဲရမယ်ဆိုတာ သိနေပေမယ့်လည်း ခုချိန်မှာတော့ ဘာပဲဖြစ်ဖြစ် ကောင်းကင်ဘ၀အတွက် အရေးကြီးဆုံးက ကောင်းကင်ရဲ့ ဖေဖေနဲ့ မေမေပါပဲ။
ကဲ … ချစ်ရတဲ့ သူငယ်ချင်း “ချစ်ဆေးဗားလေး” ရေ …
ချစ်ဆေးဗားလေး မေးတဲ့ “ကောင်းကင်ဘ၀အတွက် အရေးကြီးဆုံးက ဘာလဲ” ဆိုတဲ့ မေးခွန်းကိုတော့ ကောင်းကင်က ဖြေလိုက်ပြီနော်။ ချစ်ဆေးဗားလေးအတွက်လည်း “ဘ၀မှာ ဘာက အရေးကြီးဆုံးလဲဆိုတာ” ကို ဟောဒီက ချစ်ကောင်းကင်လေးက သိချင်စိတ်ကလေးဖြင့် ဖတ်ရှုရန် စောင့်မျှော်နေပါကြောင်း …
Posted by
Kaung Kin Pyar
at
8:03 PM
1 comments
Labels: အက်ဆေး
Tuesday, July 24, 2007
ချစ်ရသော သူငယ်ချင်းများသို့ ...

Posted by
Kaung Kin Pyar
at
9:29 PM
2
comments
Labels: အက်ဆေး
Thursday, July 19, 2007
အစားထိုးမရသော အမေ့အကြင်နာ
“လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် အတူတကွ ရှိနေစဉ်မှာ တန်ဖိုးထားရမှန်း မသိတတ်ဘူး” ဆိုတဲ့ စကားလေးဟာ အလွန်မှန်ကန်မှန်း အခုတော့ သူမ သိခဲ့ရပါပြီ။ အထူးသဖြင့် မိဘနှင့်အတူနေထိုင်စဉ်မှာ မိဘ၏ မေတ္တာကို တန်ဖိုးမထားတတ်ခဲ့တဲ့ သူမအတွက်တော့ ဝေးသွားတော့မှ ခံစားရခဲ့တဲ့ နောင်တတစ်ခုပါ ပဲ။ သူမ နောင်တနှင့်အတူ တစ်ချိန်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များက ရုပ်ရှင်ပြကွက်များပမာ မျက်လုံးထဲတွင် တဖြည်းဖြည်းချင်း ထင်ဟပ်လာခဲ့တော့သည်။
သူမ၏ မေမေက အလွန်သဘောကောင်းသည်။ သားသမီးများအပေါ်တွင်လည်း လိုလေသေးမရှိ အစစ အရာရာ မညည်းမညူလုပ်ကိုင်ပေးသည်။ အလုပ်ကတစ်ဖက်၊ သားသမီးတာဝန်က တစ်ဖက်နှင့်မို့ မေမေ့မှာ မအားရသည်ကများသည်။ ဒါပေမယ့် ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း မေမေကတော့ သားသမီးအတွက် ဆိုလျှင် အပြုံး တစ်ချက်မပြတ် လုပ်ပေးခဲ့သည်။ ဒါပေမယ့် ထိုအချိန်က သူမကတော့ မေမေ့ရဲ့ အကြင်နာ၊ မေတ္တာတွေကို နားမလည်ခဲ့ဘူး။ အလုပ်ပင်ပန်းလို့ တစ်ခါတစ်လေ သူမတို့လုပ်သည်များကို စိတ်တိုင်းမကျ လို့ မေမေက သူမတို့အား အနည်းငယ် ဆူပူသည်ကိုပင် သူမက မကျေမနပ်ဖြစ်မိသည်။ တစ်ခါတစ်လေ များဆို သူမက “ရှုပ်ကို ရှုပ်တယ်၊ အေးအေးကို မနေရဘူး” ဟုပင် စိတ်ထဲမှာ ရေရွတ်လိုက်သေးသည်။
မေမေကတော့ တစ်ခါတစ်လေ ဆူပူတတ်သည်က လွဲလို့ အမြဲတမ်း သူမတို့အတွက် လိုလေသေးမရှိ ဖြည့်ဆည်းပေးခဲ့သည်။ သူမ စာမေးပွဲဖြေချိန်ဆို စာမေးပွဲဖြေရသည့်အလျောက်၊ နေမကောင်းဖြစ်လျှင် နေမကောင်းဖြစ်သည့်အလျောက် သူမကို အစစ ဂရုစိုက်ခဲ့သည်။ သူမကတော့ မေမေ့ကို တစ်ခါတစ်လေ သူမ စိတ်ကြည်လင်နေသည့်အချိန်ကလွဲလို့ တော်ရုံတန်ရုံ ဂရုမစိုက်မိခဲ့ပေ။
“သူမ နိုင်ငံခြားမှာ ကျောင်းသွားတက်ချင်သည်” ဟု ပြောသောအခါ မေမေက သူမအား မသွားစေလိုဘူး။ အမှန်တော့ မေမေက သူမအကျိုးအတွက် မသွားစေလိုခဲ့တာ။ ခဏခဏ ချူချာတတ်တဲ့သူမအတွက် အဝေးမှာ အခက်အခဲကြုံတွေ့ရမှာစိုးလို့ မသွားစေချင်ခဲ့တာ။ ဒါပေမယ့် သူမကတော့ ပေးမသွားရကောင်း လား ဆိုပြီး မေမေနဲ့ အတိုက်အခံတွေလုပ်ခဲ့တယ်။ ပိုက်ဆံလည်း တတ်နိုင်ရဲ့သားနဲ့ သူမရဲ့ ဆန္ဒတွေကို မဖြည့်ဆည်းပေးရကောင်းလား ဆိုပြီး မေမေ့ကို မကျေမနပ်ဖြစ်ခဲ့သည်။ နောက်ဆုံးပြောရမယ်ဆိုလျှင်တော့ သားသမီးကို မျက်နှာတစ်ချက် အညှိုးမခံဘဲ အမြဲစိတ်ချမ်းသာစေချင်တဲ့မေမေက သူမအလိုအတိုင်း နိုင်ငံခြား ကို ပို့ပေးပြီး ကျောင်းတက်စေခဲ့တယ်လေ။ သူမ သွားမည့်နေ့မှာတော့ မေမေက မျက်ရည်ဝိုင်းလျက် သူမအား စကားလေးတစ်ခွန်း မှာလိုက်တယ်။ “သမီး … ကျန်းမာရေးကို ဂရုစိုက်ပါ၊ မေမေ သမီးလိုတဲ့ အခါ သမီးဆီကို အချိန်မရွေးလာ နိုင်အောင် အမြဲအဆင်သင့် လုပ်ထားမယ်” တဲ့လေ။ အဲချိန်တုန်းကတော့ သူမက သွားချင်တာပဲ သိတာမို့ မေမေ့ရဲ့ အမှာစကားကို သေချာတောင် ဂရုမစိုက်လိုက်မိပါဘူး။ အလို ပြည့်တဲ့ ကလေးတစ်ယောက်အတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ မေမေ့ရင်ခွင်ကနေ အဝေးတစ်နေရာကို ထွက်ခွာခဲ့ တယ်။
သူမ ရောက်စမှာတော့ ပျော်သလိုလို ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အခက်အခဲတွေ ကြုံတွေ့လာရတဲ့အခါ မေမေ့ရဲ့ စေတနာတွေကို နားလည်သဘောပေါက်လာခဲ့တယ်။ တစ်ချိန်က ဆူပူခဲ့သည်ဟု သူမထင်ခဲ့သော မေမေရဲ့ ဆုံးမစကားများကို ခုတော့ သူမ သေချာ သိမြင်ခံစားလာနိုင်ခဲ့ပြီ။ အရာရာကို ပေါ့ပေါ့လေး လုပ်ကိုင်နေခဲ့သော သူမ၏ အကျင့်က ခုတော့ သူမကို ဒုက္ခကောင်းကောင်းပေးနေခဲ့ပြီလေ။ နေ့စဉ်နေ့တိုင်း လိုလို မျက်ရည်များနှင့်သာ ကုန်လွန်ခဲ့ရသည်။ နောက်ဆုံးတော့ သူမ စိတ်ဓာတ်တွေ အကြီးအကျယ်ကျပြီး ဆေးရုံတက်ရသည့် အခြေအနေသို့ပင် ရောက်ခဲ့ရသည်။ မေမေကတော့ သူမ ဆေးရုံတင်ရသည် ကြားသည် နှင့်တပြိုင်နက် သူမရှိရာသို့ အမြန်ဆုံးလိုက်လာခဲ့သည်။ မေမေ့ရဲ့ အကြင်နာ မေတ္တာကြောင့် သူမ ဝေဒနာ တွေ တဖြည်းဖြည်းသက်သာခဲ့ရသည်။ မျှော်လင့်ချက်မပါ ပေးဆပ်မှုသပ်သပ်ဖြင့် သမီးတစ်ယောက်အပေါ်မှာ ထားခဲ့တဲ့ မေမေရဲ့ အစားထိုးမရတဲ့ အကြင်နာတွေကို သူမ ကောင်းကောင်းကို သိမြင်ခံစားလာရသည်။ တစ်ချိန်က မှားယွင်းခဲ့တဲ့သူမ၏ အပြုအမူများအတွက် ဖြေမဆည်နိုင်အောင် ၀မ်းနည်းနောင်တရမိသည်။ နောက်ဆိုလျှင် မေမေ့စကားကို နားထောင်၍ သမီးကောင်းတစ်ယောက်အဖြစ်ဖြင့် မေမေနှင့်အတူ သေတပန် သက်တစ်ဆုံး နေသွားတော့မည် ဟု သူမ ခိုင်မာစွာ ဆုံးဖြတ်ချက်ချလိုက်မိတော့သည်။
မျှော်လင့်ချက်မပါဘဲ ပေးဆပ်မှုသပ်သပ်ဖြင့် သားသမီးတစ်ယောက်အပေါ်တွင်ထားသော၊ ဘယ်အရာနှင့်မျှ အစားထိုးလို့မရနိုင်သော မိဘ၏ အကြင်နာ မေတ္တာကို ခံစားနိုင်ကြပါစေလို့ …
Posted by
Kaung Kin Pyar
at
1:09 PM
1 comments
Labels: အက်ဆေး
Wednesday, July 18, 2007
တုနှိုင်းမဲ့စွာ အဖေ့မေတ္တာ
“ဟူး … စိတ်ပျက်လိုက်တာကွာ …”
သူ အိမ်ရှေ့တံခါးဝရှိ အုတ်ခုံပေါ်တွင်ထိုင်နေရင်း စိတ်လက်မအီသာစွာဖြင့် သက်ပြင်းတွေ အခါခါချရင်း ရေရွတ်လိုက်မိသည်။ အဖေ့ကို သူ တကယ်ကို မကျေမနပ်ဖြစ်နေမိသည်။ မကြာမီ သူ့ မွေးနေ့သို့ ရောက်တော့မည်။ သူ့ မွေးနေ့အတွက် မွေးနေ့လက်ဆောင်အဖြစ် အဖေ့ကို နာရီတစ်လုံး ၀ယ်ပေးဖို့ ပူဆာထားသည်။ သို့ပေမယ့်လည်း အဖေက သူ့အား ၀ယ်ပေးမည့် အရိပ်အယောင်မရှိ။ ဒါကြောင့် သူ စိတ်ဓာတ်ကျနေမိသည်။ အဖေ့အကြောင့် သူ့ဆန္ဒတွေ ပျက်စီးရတော့မည်။ သူက သူ့မွေးနေ့တွင် နာရီအသစ်လေးဝတ်ပြီး သူငယ်ချင်းများအား ကြွားချင်နေမိခြင်းဖြစ်သည်။
“သားရေ … အဖေပြန်လာပြီကွ၊ အဖေ့ဆီ လာပါအုံး”
သူ အဖေ့ခေါ်သံကို ကြားသော်လည်း မသိချင်ယောင်ဆောင်နေမိသည်။ နာရီကိစ္စအတွက် အဖေ့ကို သူ လုံးဝကို မကျေနပ်နိုင်ပေ။ ဒါကြောင့် အဖေ့ကို မခေါ်ဘဲနေမည်ဟု သူ ဆုံးဖြတ်ထားသည်။
“ဟေ့  သားကြီး၊ အဖေ ခေါ်တာမကြားဘူးလား၊ ဘာတွေများအတွေးလွန်နေလဲကွ”
အဖေက သူ့ ပုခုံးကို ပုတ်ရင်း ထပ်မေးလိုက်သည်။
“ဟုတ်ကဲ့ အဖေ၊ ကျွန်တော်မကြားလိုက်မိဘူး”
“အင်း ဟုတ်ပါပြီ၊ ရော့ သား … ဒီမှာကြည့်ပါအုံး၊ အဖေ မင်းအတွက်ဝယ်လာခဲ့တာ”
အဖေက ပြောပြောဆိုဆိုဖြင့် သူ့အား အထုပ်တစ်ထုပ် လှမ်းပေးလိုက်သည်။ သူက အထုပ်ကို လှမ်းယူလိုက်ရင်း
“ဘာတွေလဲ အဖေ”
မေးလိုက်သည်။
“အင်္ကျီလေ၊ လမ်းမှာ လှတာလေးတွေ့လို့ သားအတွက် ၀ယ်လာခဲ့တာ”
“အာ … အဖေကလဲ၊ ဘယ်ကနေ ၀ယ်လာတာလဲ ဗျာ၊ အညံ့စားတွေကို …”
သူ မကျေမနပ်လေသံဖြင့် အဖေ့အား အပြစ်တင်ရင်း ပြောလိုက်သည်။
“ပုံစံလေးက လှသားပဲ သားရယ် …”
“အဲဒါမျိုးတွေ သား မ၀တ်ချင်ပါဘူး၊ ဒီမှာ နာရီမရလို့ စိတ်ညစ်နေတာကို”
သူ မကျေမနပ်ဖြင့် ထပ်မံ၍ ပြောလိုက်သည်။
“နာရီက မနှစ်ကလေးတင် ၀ယ်ပေးထားတာကို သားရယ်၊ အကောင်းကြီးရှိသေးတယ် မဟုတ်လား”
“ဟာ ဗျာ အဖေကလဲ၊ မနှစ်က ၀ယ်ပေးထားတာက တော်တော်ဟောင်းနေပြီပဲ၊ သားရေကြိုးတွေကလည်း မကောင်းတော့ ဘူး၊ လွှင့်ပစ်ဖို့တောင် ကောင်းနေပါပြီ အဖေရာ …”
“အေးလေ … ဒါဆိုလည်း အဖေ လခထုတ်တဲ့အခါ ၀ယ်ပေးပါ့မယ်၊ ဟုတ်ပြီလား”
သူ နာရီဟောင်းလေးကို ငုံ့ကြည့်ပြီး လမ်းမသို့ တစ်ချက်မော့ကြည့်လိုက်သည်။ ဒီနေ့ အဖေ လခထုတ်သည့်နေ့။ သူ့အတွက် မွေးနေ့လက်ဆောင် နာရီလေး ၀ယ်လာမည် ဟု အဖေက မနက်က ပြောခဲ့ သည်။ ဒါကြောင့် သူ ရင်ခုန်ရင်း အဖေ့ပြန်အလာကို စောင့်နေမိသည်။
သူ မျှော်နေတုန်းပင် အဖေက သူတို့လမ်းထဲသို့ ၀င်လာသည်ကို လှမ်းတွေ့လိုက်သည်။ သူ အဖေ့ဆီသို့ ပြေးသွားရင်း ပစ္စ္စည်းတွေကို လှမ်းယူလိုက်သည်။
“အဖေ … ကျွန်တော်အတွက် နာရီလေး ပါလာ လား အဖေ”
“အင်း ပါ ပါတယ် ကွာ … ဒီအိတ်ထဲမှာ ရော့”
အဖေက သူ့လက်ထဲမှာ အိတ်တွေကို ပြန်ယူလိုက်ပြီး နာရီထည့်ထားသော အိတ်ကလေးကို ပြန်ပေးလိုက်သည်။ သူ အိတ်ကလေးကို
လျင်မြန်စွာ ဖောက်လိုက်သည်။
“ဟာ … လှလိုက်တာ အဖေရာ၊ အဖေက ကျွန်တော့်အကြိုက်ကို သိတယ်နော်၊ ဈေးတော့ တော်တော်ကြီးမယ်နော် အဖေ၊ ဘယ်လောက်ပေးရလဲ အဖေ”
“တစ်သိန်းသုံးသောင်း ပေးရတယ်သား”
“အား … တော်တော်ဈေးကြီးတယ်နော် အဖေ”
သူ အဖေ့အား ပြောရင်း ရုတ်တရက် အဖေ့လက်ဆီသို့ အမှတ်မထင်ဖြင့် ကြည့်လိုက်မိသည်။
“ဟင် … အဖေရာထူးတိုးတုန်းက အဖေ့ သုဋ္ဌေး ဆုချထားတဲ့ နာရီကော အဖေ …”
“အင်း … ရောင်းလိုက်ပြီ သား”
“ဟင် … ဘာဖြစ်လို့လဲ အဖေ”
“အဖေ့နာရီနဲ့ အလိုက်နည်းနည်းထပ်ပေးပြီး သားအတွက် နာရီဝယ်လိုက်တာလေ”
“ဟင် … ဒါဆို အဖေ့မှာ နာရီ ဘယ်ရှိတော့မလဲ”
“သားနာရီဟောင်းလေး ရှိသားပဲ၊ သားရေကြိုးလဲလိုက်ရင် အဖေ ပတ်လို့ ဖြစ်ပါတယ်”
“ဟာ … အဖေရယ်…”
သူ ရင်ထဲတွင် အရမ်းကို ၀မ်းနည်းသွားမိသည်။ အဖေ့ရဲ့ မေတ္တာကို သူ ခုတော့ ကောင်းကောင်း သိမြင်ခဲ့ပြီ။ သူ ဒီနာရီလေးကိုလည်း မလိုချင်တော့။ ကြွားချင်သောစိတ်ကလေးတစ်ခုနှင့် အဖေ့ကို ပူဆာမိသည်ကိုလည်း နောက်တရနေမိ သည်။ မနက်ဖြန်ရောက်လျှင် သူ နာရီဆိုင်လေးသို့သွား၍ အဖေ့နာရီလေးအား ပြန်တောင်းမည်ဟု သန္နိဋ္ဌာန်ချလိုက်မိသည်။
သားသမီးပေါ်တွင် ထားသော ဖခင်တစ်ယောက်၏ တုနှိုင်းမဲ့မေတ္တာကို ခံစားနိုင်ကြပါစေလို့ …
Posted by
Kaung Kin Pyar
at
11:27 AM
4
comments
Labels: အက်ဆေး
Monday, July 16, 2007
ကျွန်မမှတ်သားမိသော ပျော်ရွှင်ခြင်း၏ သော့ချက်များ
ပထမဆုံးအနေနဲ့ ပြောရမယ်ဆိုရင်တော့ ကောင်းကောင်းနေထိုင်တယ် မနေထိုင်ဘူးဆိုတာက ကျွန်မတို့ရဲ့ တွေးခေါ်မှုနည်းလမ်း နဲ့ပဲ သက်ဆိုင်တာပါ။ ဆိုလိုချင်တာကတော့ ကျွန်မတို့ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ဘယ်လောက်အတိုင်းအတာထိ လက်ခံနိုင်တယ်၊ လက်မခံနိုင်ဘူးဆိုတဲ့စွမ်းရည်ပေါ်မှာဘဲ မူတည်တာပါ။ ကျွန်မ တို့ရဲ့ ဆန္ဒတွေအတိုင်း လက်တွေ့ဘ၀မှာ အားလုံးဖြစ်လာဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါဆို ဒီလို ကိုယ်ဖြစ်ချင်တိုင်းဖြစ်မလာရတဲ့အခြေအနေမျိုးမှာ ဆက်လက်ပျော်ရွှင်နိုင်ဖို့ ကျွန်မတို့ ဘယ်လိုလုပ်သင့်သလဲ။ ကျွန်မတို့ဟာ “ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်လာဖို့ မမျှော်လင့်ဘဲနဲ့ ဖြစ်လာတဲ့အတိုင်း လက်ခံလိုက်ပါ။ အဲဒါဆိုရင် သင်ဟာ ပျော်ရွှင်နိုင်မှာပါ” ဆိုတဲ့ စကားပုံလေးအတိုင်း ဖြစ်လာသမျှကို လက်ခံနိုင်အောင် ကြိုးစားဖို့လိုအပ်ပါတယ်။ ဒါပေမယ့် အဲဒါဟာ ကျွန်မတို့မှာ အိပ်မက်တွေ၊ ဆန္ဒတွေမရှိရဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ဆန္ဒတွေ၊ အိပ်မက်တွေမရှိတဲ့ဘ၀ဟာ ကန္တာရလိုပါပဲ။ ကန္တာရအတွက် အိုအေစစ်က အရေးကြီးသလိုပဲ ကျွန်မတို့လူသားတွေအတွက်တော့ ဆန္ဒတွေ၊ အိပ်မက်တွေက အလွန်ပဲအရေးကြီးပါတယ်။ ကျွန်မတို့မျှော်လင့်ထားတဲ့အတိုင်း အားလုံးဟာ ဖြစ်မလာနိုင်ဘူးဆိုပေမယ့်လည်း ကျွန်မတို့ဟာ လူသားတွေ ဖြစ်နေတာကြောင့် ရည်ရွယ်ချက်ဆိုတာကတော့ ရှိဖို့လိုအပ်ပါတယ်။ ကျွန်မအနေနဲ့ ပြောရမယ် ဆိုရင်တော့ အရေးကြီးတာက အခြေအနေပေါ်မူတည်ပြီး ကိုယ့်ဘာသာကိုယ် မျှမျှတတစဉ်းစားနိုင်ဖို့ပါပဲ။
ဒုတိယအနေနဲ့ ပြောရမယ်ဆိုရင်တော့ ဘ၀မှာ ပျော်ပျော်နေနိုင်ဖို့ အရာသုံးခုကို စွန့်လွှတ်နိုင်ဖို့ လိုအပ်ပါ တယ်။ အဲဒါတွေကတော့ အခြားသူတွေရဲ့ ကိုယ့်အပေါ်ထင်မြင်ယူဆချက်၊ သူများကို မကောင်းမြင်စိတ်နဲ့ သူများအပေါ် မနာလိုစိတ်တို့ပဲ ဖြစ်ပါတယ်။ အခြားသူတွေရဲ့ ကိုယ့်အပေါ်ထင်မြင်ယူဆချက်ဆိုတာကတော့ တစ်ခါတစ်လေမှာ သူများတွေရဲ့ ကိုယ့်ကို ဝေဖန်ပြစ်တင်မှုတွေကို ဥပေက္ခာပြုနိုင်ဖို့ လိုအပ်ပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ လူတစ်ယောက်ဟာ ကိုယ့်ဝါသနာအရ၊ နောက်ပြီး အထွေထွေဗဟုသုတ ရနိုင်ဖို့၊ အတွေးအခေါ်တွေဖလှယ်နိုင်ဖို့စတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ ဧည့်လမ်းညွှန်တစ်ယောက်အဖြစ် အလုပ်လုပ်ဖို့ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းလက်တွေ့လုပ်တဲ့အခါမှာတော့ သူဟာ သူ့ရဲ့ ရည်ရွယ်ချက်တွေအစား သူ့ရဲ့ကိုယ်ကျင့်သိက္ခာနဲ့ပတ်သက်ပြီး လူအများစုရဲ့မကောင်းပြောဆိုခြင်းကိုသာ လက်ခံရရှိခဲ့ပါတယ်။ ဒီလိုအချိန်မျိုးမှာ သူဟာ သူ့ရဲ့ရည်မှန်းချက်တွေကို စွန့်ပစ်ဖို့လိုအပ်ပါသလား။ ကျွန်မအမြင်ကတော့ ဘာပဲဖြစ်လာဖြစ်လာ ကိုယ်ဆက်ပြီးပျော်ရွှင်စွာနေနိုင်တယ်ဆိုရင်တော့ ဝေဖန်ပြစ်တင်မှု တွေကို ဂရုမစိုက်ဘဲ ကိုယ့်ဆန္ဒအတိုင်း လုပ်ခွင့်ရှိပါတယ်။ ပျော်ပျော်နေနိုင်ဖို့ နောက်ထပ် နည်းလမ်းတစ်ခု ကတော့ သူများတွေရဲ့ ဝေဖန်ရှုံ့ချမှုတွေကို စိတ်မဆိုးဘဲ နားလည်ပေးလိုက်ဖို့ပါပဲ။ အဆိုးထဲက အကောင်းကို ရှာဖွေကြည့်လိုက်ခြင်းကိုဆိုလိုတာပါ။ မနာလိုစိတ်၊ ဒေါသ၊ မောဟနဲ့ တစ်ကိုယ်ကောင်းစိတ်တွေကလည်း ပျော်ရွှင်မှုကို ဟန့်တားစေတဲ့အရာတွေပါပဲ။ ဒါကြောင့် အဲဒါတွေကို အတတ်နိုင်ဆုံးကင်းအောင် ကြိုးစားဖို့ လည်း လိုအပ်ပါတယ်။ တစ်ချိန်တည်းမှာဘဲ ရက်ရောမှု၊ တစ်ယောက်အပေါ်တစ်ယောက် နားလည်ပေးမှု၊ ရိုးသားမှုစတာတွေ ရှိဖို့လည်း လိုအပ်ပါတယ်။ အဲဒါဆိုရင် ကျွန်မတို့ဟာ ဘ၀မှာဆက်လက်နေထိုင်နိုင်ဖို့ နူးညံ့တဲ့လမ်းကြောင်းကို ရှာဖွေတွေ့နိုင်မှာပါ။
နောက်တစ်ခုကတော့ ဘ၀မှာ ကောင်းကောင်းမွန်မွန်နဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့အတွက်က ကိုယ့်ဘ၀ကို ကံကောင်းခြင်းထက် ပိုပြီးချစ်နေဖို့ပါပဲ။ ကျွန်မတို့ဟာ အမြဲတမ်း မပျော်ရွှင်နိုင်သလို အမြဲတမ်းလည်း စိတ်မညစ်ရပါဘူး။ တကယ်လို့သာ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ဘ၀ကို ကံကောင်းခြင်းဆိုတာထက် ပိုပြီးနှစ်သက်မယ်ဆိုရင်တော့ ကျွန်မတို့ဟာ ဘ၀ရဲ့ နူးညံ့တဲ့အနှစ်သာရကို နားလည်နိုင်ပြီး တစ်ချိန်တည်း မှာဘဲ ကံကောင်းခြင်းကိုရော ကံဆိုးခြင်းကိုပါ လက်ခံနိုင်မှာပါ။ ဒီလိုဆိုရင် ကျွန်မတို့ဟာ ဘ၀မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေနိုင်မှာပါ။
နောက်တစ်ခုကတော့ ကျွန်မတို့ရဲ့ရွေးချယ်မှုတွေဟာ ကျွန်မတို့ကိုဆန့်ကျင်ပြီး တုံ့ပြန်လာနိုင်တယ်ဆိုတဲ့ အသိရှိုဖို့လိုအပ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင်တော့ ကျွန်မဟာ အချိန်ကုန်သက်သာစေဖို့ ရှုခင်းတွေကို ကောင်းကောင်းကြည့်ချင်လို့ ကားနဲ့ခရီးသွားရတာကို ပိုပြီးနှစ်သက်ပါတယ်။ ဒါပေမယ့် ကားပျက်ခြင်း၊ မတော်တဆဖြစ်ခြင်းစတဲ့ မထင်မှတ်ထားတဲ့ ကြန့်ကြာမှုတွေနဲ့ ကြုံတွေ့လာနိုင်တယ်ဆိုတာကိုလည်း သိထားဖို့ လိုအပ်ပါတယ်။ “ဘ၀ဆိုတာ မျှော်မှန်းထားတာထက် တစ်ခါတစ်လေမှာ ပိုပြီးဆိုးရွားတတ်ပါတယ်။ ဒါကြောင့် စိတ်ကို ပေါ့ပေါ့ပါးပါးလေးထားဖို့ လိုအပ်ပါတယ်။” အဲဒီစကားလေးက ကျွန်မအတွက်တော့ ဘ၀မှာ ပေါ့ပေါ့ပါးပါးနေနိုင်ဖို့ နည်းလမ်းလေးတစ်ခုပါပဲ။ တကယ်တမ်းပြောရရင်တော့ ဖြစ်လာတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေ နေထိုင်နိုင်ဖို့ ကိုယ့်ဘာသာပြန်ပြီး အားပေးတဲ့စကားစုလေးပါပဲ။ ကိစ္စတစ်ခုကို လုပ်တော့မယ် ဆိုရင် နောက်ဖြစ်လာမယ့်အကျိုးဆက်ကို သံသယမရှိဘဲနဲ့ လုပ်နိုင်ဖို့လိုအပ်ပါတယ်။ မစဉ်းစားဘဲ လုပ်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ လုပ်ရမယ့်လုပ်ရပ်၊ ဖြစ်လာမယ့်အခြေအနေပေါ် မှာ သင့်တော်သလောက် စဉ်းစားချင့်ချိန်ပြီး မဖြစ်လာသေးတာတွေအပေါ်မှာ အရမ်းစိုးရိမ်မနေဘဲ လုပ်ဖို့ကို ပြောချင်တာပါ။ အဲလိုဆိုရင် ကျွန်မတို့ဟာ ပူပင်မှုမရှိဘဲ လွတ်လပ်စွာ ပျော်ရွှင်နိုင်ပါမှာ။
နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ ဘ၀မှာလွတ်လပ်ပျော်ရွှင်စွာနေနိုင်ဖို့အတွက် ကြောက်လန့်ခြင်းတွေကို အနိုင်ယူဖို့လိုအပ်ပါတယ်။ ဆိုလိုတာကတော့ သေဆုံးခြင်းဆိုတာကို မကြောက်ဖို့ပါဘဲ။ သေဆုံးခြင်းဆိုတာကို မကြောက်တော့ဘူးဆိုရင် ကျွန်မတို့မှာ ၀မ်းနည်းစရာတွေ၊ အလိုမကျတာတွေဆိုတာ မရှိလာနိုင်တော့ပါဘူး။ ကျွန်မတို့ဟာ ဖြစ်လာသမျှအားလုံးကို လက်ခံလာနိုင်ပြီး ပျော်ပျော်ရွှင်ရွှင်နေနိုင်မှာပါ။ ကျွန်မ လောကကြီးမှာ ကောင်းမွန်စွာ ရှင်သန်နေထိုင်နိုင်ဖို့ ကူညီတဲ့အရာတစ်ခုကတော့ သေဆုံးခြင်းကို သင်ယူခြင်းပါပဲ။ “လူ့ဘ၀ဟာ အလွန်တိုတောင်းလှတယ်၊ ဒါကြောင့် ရတဲ့အချိန်လေးကို ဘာကြောင့် ၀မ်းနည်းပူဆွေးမှုတွေ၊ အလိုမကျမှု၊ မကျေနပ်မှုတွေနဲ့ ကုန်လွန်စေမလဲ”။ အဲဒီမေးခွန်းလေးကို စဉ်းစားမိလိုက်တာနဲ့ တပြိုင်နက် ကျွန်မမှာ ပူဆွေးဝမ်းနည်းမှုတွေ၊ အလိုမကျမှုတွေ မရှိတော့ပါဘူး။ အဲဒီအမေးစကားလေးကပဲ ဘ၀ကို ကျွန်မ ပျော်ရွှင်စွာနေသွားနိုင်ဖို့ ခွန်အားတွေပေးနေခဲ့တာပါ။
သူငယ်ချင်းတို့လည်း ဒီပို့စ်လေးကို ဖတ်ရင်း ကိုယ့်ဘ၀မှာ ပျော်ရွှင်စွာနေထိုင်နိုင်ဖို့ နည်းလမ်းလေးတစ်ခုကို ရှာတွေ့နိုင်ပါစေလို့ ဆန္ဒပြုရင်း …
Posted by
Kaung Kin Pyar
at
11:19 PM
1 comments
Labels: အက်ဆေး
Sunday, July 15, 2007
စိတ်ထားလေးတစ်ခု၏နောက်ဝယ်
သူငယ်ချင်းဆိုတာလည်း ပြောသာပြောရတာ ကျွန်မမှာ မရှိခဲ့သလောက်ပါဘဲ။
ဘာလို့လည်းဆိုတော့ ကျွန်မက မိဘချစ်၊ ဆရာချစ်အားလုံးကိုရထားတော့ ဘာရယ်မဟုတ်ဘူး မာနက နည်းနည်းကြီးချင် တယ်။
ဘယ်သူ့ကိုမှလည်း ဂရုမစိုက်ဘူး။ သူတို့နဲ့ မခင်ရလို့လည်း ဘာမှမဖြစ်ဘူးလို့ဘဲ အမြဲခံယူထားခဲ့တာ။
ကျွန်မက နည်းနည်းလေးမှ အတိမ်းအစောင်းမခံဘူး။ တစ်ခုခုများ ကျွန်မကို မှားပြောမိတာ၊ လုပ်မိတာတွေများရှိရင် နှစ်ဆ၊ သုံးဆလောက် ပြန်လုပ်မှ ကျေနပ်တတ်သူတစ်ယောက်။
ဒါကြောင့်လည်း ကျွန်မမှာ သူငယ်ချင်းရယ်လို့ ပြစရာသေချာမရှိခဲ့တာ။
ဒီလိုစိတ်ဓာတ်မျိုးရှိမှတော့ ကျွန်မကို ဘယ်သူက အပေါင်းအသင်းလုပ်ချင်တော့ပါ့မလဲနော်။
ဒါပေမယ့် ကျွန်မ တက္ကသိုလ်တက်တဲ့အချိန် သူနဲ့တွေ့ပြီးနောက်ပိုင်းမှာတော့ ကျွန်မစိတ်တွေ ပြောင်းလဲလာခဲ့ တယ်။
သူ့ကြောင့်ပဲ ကျွန်မမှာ သူငယ်ချင်းတွေများလာခဲ့ရတာ။
သူက ကျွန်မရဲ့ စိတ်တွေကို နူးညံ့လာအောင်၊ သူတစ်ပါးအပေါ်မှာ စိတ်ထားတတ်လာအောင်၊ သည်းခံနိုင်စွမ်းတွေရှိလာ အောင် ရှေ့ဆောင်လမ်းပြပေးခဲ့တဲ့သူတစ်ယောက်ပေါ့။
စကားနဲ့ ပြောပြခဲ့တာ မဟုတ်ပေမယ့်လည်း သူ့ရဲ့ပြောဆိုနေထိုင်ပုံတွေက ကျွန်မကို သင်ပေးခဲ့တာ။
ကျွန်မမှာ သူငယ်ချင်းက ရှားသလောက် သူ့ဘေးမှာတော့ သူငယ်ချင်းတွေက ၀ိုင်းလို့နေတယ်။
သူက သူများကို တော်ရုံစိတ်မဆိုးဘူး။ အတတ်နိုင်ဆုံးသည်းခံတယ်။
တက္ကသိုလ်မှာ ကျွန်မတို့အဖွဲ့က သူအပါအ၀င်လေးယောက်။
ကျွန်မနဲ့ နောက်သူငယ်ချင်းတစ်ယောက်က စိတ်ဆတ်တယ်။
သူများကို ကိုယ်က ပြဿနာမရှာတတ်ပေမယ့်လည်း ကိုယ့်ကိုတစ်ခုခု ပြဿနာရှာလာရင်လည်း ကြီးကြီး သေးသေး သည်းမခံဘူး။
ကျွန်မတို့နှစ်ယောက်က တော်ရုံခွင့်မလွှတ်တတ်ဘူး။
အဲတော့ သူက ကျွန်မတို့နှစ်ယောက်ကိုပြောတယ်။
“နည်းနည်းလေးတော့ သည်းခံပါအုံး၊ လွှတ်ထားလိုက်တဲ့၊ တစ်ခါတစ်လေများ ဥပေက္ခာထားလိုက်ပေါ့တဲ့”
အစကတော့ ကျွန်မလက်မခံနိုင်ဘူး။ ဘာကိစ္စ သည်းခံရမလဲပေါ့။ ကိုယ်လည်း ပြဿနာရှာတာမဟုတ်ဘူးပေါ့။ ဥပေက္ခာလည်း မထားနိုင်ပါဘူးပေါ့။
ဒါပေမယ့် ကျွန်မ တဖြည်းဖြည်းနားလည်လာတယ်။
အဲဒါက ဘာလဲဆိုတော့ သူက ဥပေက္ခာတရားကို လက်ကိုင်ထားနိုင်တော့ သူငယ်ချင်းတွေများတာပေါ့လို့လေ။
နည်းနည်းရှုပ်သွားပြီထင်တယ်။ ကျွန်မဆိုလိုတာကိုလေ။
အမှန်ကတော့ သူက သူ့ကို ဘယ်သူက ဘာလာလုပ်လုပ် ဥပေက္ခာနဲ့ လျစ်လျူရှုလိုက်တော့ လာလုပ်တဲ့သူကလည်း ထပ်ပြီးလာမလုပ်နိုင်တော့ဘူးလေ။
ဖြစ်စအချိန်မှာ ချက်ချင်းသည်းခံခွင့်လွှတ်နိုင်လို့မဟုတ်ပေမယ့် သူက ဥပေက္ခာတရားကို လက်ကိုင်ထားတဲ့သူ ဆိုတော့ တဖြည်းဖြည်းချင်း ခွင့်လွှတ်နိုင်သွားတာပေါ့။
ဘယ်လိုပြောရမလဲ။ ဘာမှမဖြစ်သလို လျစ်လျူရှုပြီးနေလိုက်တဲ့အခါကျတော့ သွေးအေးသွားတဲ့အခါ သူ့ဘက် ကိုယ့်ဘက် သေချာပြန်စဉ်းစားရင်း တဖြည်းဖြည်း ခွင့်လွှတ်နိုင်သွားတယ်လေ။
နောက်ဆုံးပြောရမယ်ဆိုရင်တော့ ဘယ်သူနဲ့မှ တော်ရုံအခင်အမင်မပျက်ဘူးပေါ့လေ။
ကျွန်မတို့ကတော့ သည်းလဲမခံနိုင်၊ ဥပေက္ခာလည်း မပြုနိုင်ဆိုတော့ ကြာတော့မိတ်ပျက်တာပေါ့။
နောက်ဆုံးတော့ ကျွန်မလည်း သူ့ကိုကြည့်ရင်း ကျွန်မစိတ်တွေကို တဖြည်းဖြည်း ပြောင်းလဲပစ်ခဲ့တယ်။
ခုတော့ ကျွန်မမှာ ကျွန်မကို ချစ်တဲ့၊ ခင်တဲ့ သူငယ်ချင်းတွေနဲ့ ပျော်စရာကြီးပေါ့။
ဒါကြောင့် သူငယ်ချင်းတို့လည်း တော်ရုံတန်ရုံစိတ်မဆိုးမိအောင် ဥပေက္ခာတရားလေးကို လက်ကိုင်ထားကြပါ လို့၊ တဆက်တည်း ဥပေက္ခာပြုတာတစ်ခုတည်းမဟုတ်ဘဲ တဖြည်းဖြည်းချင်း ခွင့်လွှတ်နိုင်အောင်လည်း ကြိုးစားကြပါ လို့ တိုက်တွန်းရင်း …
Posted by
Kaung Kin Pyar
at
11:31 PM
0
comments
Labels: အက်ဆေး
