ကွန်ပျူတာရှေ့ထိုင်ရင်း ကျွန်မ ဘာရေးရမှန်းလည်း သိတော့ဘူး။ ကွန်ပျူတာ Screen နဲ့ Keyboard ကိုပဲ အခါခါကြည့်ရင်း ကျွန်မ ခေါင်းကုတ်နေမိတယ်။ ဒါပေမယ့် ကျွန်မရင်ထဲမှာတော့ တစ်စုံတစ်ယောက်ကို အရမ်းလွမ်းနေမိတယ်။ အဲဒီအလွမ်းကို ဖော်ပြဖို့ စကားလုံးတွေ ကျွန်မ ရှာမရဘူး။ ဘယ်က စရေးရမှန်းလဲ မသိဘူး။ ဟိုဖက်လှည့်လိုက် ဒီဖက်လှည့်လိုက်နဲ့ အချိန်တွေသာ တော်တော်ကုန်သွားတယ်။ စာက တစ်ကြောင်းတောင် ထွက်မလာသေးဘူး။ ကျွန်မ လွမ်းဆွတ်နေတဲ့သူက ကျွန်မကို အစ်ကိုလိုတစ်မျိုး၊ ဆရာလိုတစ်ဖုံ စောင့်ရှောက်သင်ပြပေးခဲ့တဲ့ ကျွန်မရဲ့ “လမ်းပြကြယ်” လေးပေါ့။ စာရေးတာကို ၀ါသနာကြီးလွန်းတဲ့ကျွန်မကတော့ စာရေးလို့မရလို့ ခေါင်းပဲ အခါခါကုတ်နေရတော့တာ။ မသိရင်တော့ “ဒီကောင်မလေး တော်တော် ညစ်ပတ်တယ်” လို့တောင် ထင်ချင်စရာပါပဲ။ ကျွန်မ ကိုယ့်အတွေးကို ကိုယ် သဘောကျရင်း ပြုံးလိုက်မိတယ်။ အဲဒီနောက် မျက်လုံးကို ဖြည်းညင်းစွာ ပိတ်လိုက်မိတော့ ကျွန်မ အာရုံထဲမှာ အရင်ဆုံးပေါ်လာတာက ကျွန်မချစ်သူရဲ့ အပြုံးမျက်နှာ။
တစ်ချိန်တည်းမှာဘဲ ကျွန်မနားထဲမှာ ကြားယောင်လိုက်မိတာက ချစ်သူ့အသံ။ “မင်းငါ့ကို လိုအပ်တဲ့အချိန်ဆိုရင် မင်းမျက်လုံးတွေကို မှိတ်လိုက်ပါ” တဲ့။ တစ်ချိန်က ကျွန်မချစ်သူ မှာထားဘူးတဲ့ စကားလေးတွေ။ တကယ်တော့ ကျွန်မ ဘာလုပ်ရမှန်းမသိလို့ မျက်လုံးကို မှိတ်ထားမိတာပါ။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အိမ်ဘေးဘက်က လက်ဖက်ရည်ဆိုင်က လွင့်ပျံ့လာတဲ့ ဂရေဟမ်ရဲ့ သီချင်းလေးကလည်း ကျွန်မရဲ့ အလွမ်းကို လှောင်ပြောင်နေသလိုလို။ သီချင်းလေးက ကျွန်မကြိုက်နှစ်သက်တဲ့ “ချစ်သူရှိတဲ့ အရပ်” သီချင်းလေ။ အဲဒီသီချင်းလေးကြောင့် ကျွန်မရင်ထဲမှာ ပိုပြီး လွမ်းဆွေးလာပါတယ်။ အလွမ်းသီချင်းတွေကိုပဲ စွဲစွဲမြဲမြဲနားထောင် နှစ်သက်ခဲ့တဲ့ ကျွန်မစိတ်ဟာ ကျွန်မချစ်သူကို လွမ်းရဖို့အတွက် နိမိတ်တွေများ ဖြစ်ခဲ့လေသလား ကျွန်မ မတွေးတတ်တော့ပါဘူး။
အလွမ်းဆိုတာ ချစ်ခြင်းရဲ့ ဆုလာဘ်လား၊ ဒဏ်ခတ်မှုလား မသိပါဘူး။ ဒါပေမယ့် ငယ်ငယ်ကတည်းက ရလာသမျှအားလုံးကို ဆုလာဘ်အဖြစ်ပဲ ခံယူခဲ့တဲ့ ကျွန်မအတွက်တော့ ဒီအလွမ်းကိုလည်း ဆုတစ်ဆုအဖြစ်နဲ့ တန်ဖိုးထားလို့ သိမ်းဆည်းထားမိမှာပါပဲ။ ခုမှ နောက်ဆုံးနှစ်တက်နေတဲ့ ကျွန်မအဖို့ မိဘကိုလုပ်ကျွေးနေတဲ့ ကျွန်မချစ်သူနဲ့ ထိုက်တန်တဲ့အရည်အချင်း မရှိပါဘူးတဲ့လေ။ ဒါက ကျွန်မကို ရက်ရက်စက်စက် အားမနာတမ်း ဝေဖန်ခဲ့တဲ့ ကျွန်မ ပတ်ဝန်းကျင်က လူတွေရဲ့ စကားသံတွေပေါ့။ ကျွန်မဖြစ်ချင်တဲ့ ဆရာဝန်မဖြစ်ခဲ့ရပေမယ့် ကျွန်မက ကျရာနေရာမှာ ထူးချွန်အောင်ကြိုးစားတတ်တဲ့သူတစ်ယောက်။ ကျွန်မကို အရည်အချင်းမရှိဘူးလို့ပြောရင် ကျွန်မ ဘယ်လိုမှ အပြောမခံနိုင်ဘူး။
ပတ်ဝန်းကျင်က ရိုက်ခတ်လာတဲ့စကားသံတွေကို ကြားတိုင်း ကျွန်မဘ၀အတွက် အောင်မြင်မှုတွေကို ရယူဖို့ အားအင်တွေ၊ တက်ကြွတဲ့စိတ်တွေ ပေါက်ဖွားလာရပါတယ်။ ဒါကြောင့်လည်း အပြစ်မရှိတဲ့ ကျွန်မချစ်သူကို နားလည်ရခက်တဲ့စကားတွေ၊ နာကျင်တဲ့စကားကို ပြောပြီး ကျွန်မ လမ်းခွဲခဲ့မိတာပါ။ ပတ်ဝန်းကျင်ရဲ့စကားသံတွေကြောင့် လမ်းခွဲခဲ့တဲ့အတွက် ကျွန်မ မိုက်မဲလေသလားတော့ မသိဘူး။ ဒါပေမယ့် ကျွန်မချစ်သူက ကျွန်မကို နားလည်နိုင်မယ်ထင်ပါတယ်။ ကျွန်မ သူနဲ့ထိုက်တန်တဲ့ အရည်အချင်းတွေရတဲ့တစ်နေ့၊ ကျွန်မ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေ ပြည့်လာတဲ့တစ်နေ့မှာ အလွမ်းတွေ ပွေ့ပိုက်ရင်း ကျွန်မချစ်သူဆီကို အပြေးပြန်သွားတဲ့အခါ ကျွန်မချစ်သူကလည်း အလွမ်းတွေနဲ့အတူ ကျွန်မ ပြန်အလာကို စောင့်ကြိုနေမလား …
Showing posts with label ခံစားမှုသက်သက်. Show all posts
Showing posts with label ခံစားမှုသက်သက်. Show all posts
Thursday, September 20, 2007
နှလုံးသားရှိတဲ့ အရပ်
Posted by
Kaung Kin Pyar
at
9:31 PM
0
comments
Labels: ခံစားမှုသက်သက်
Subscribe to:
Posts (Atom)