ကောင်းကင်ရဲ့ချစ်သူငယ်ချင်း “ဆေးဗား” က ကောင်းကင်ကို “ဘ၀မှာ ဘာအရေးကြီးဆုံးလဲ” လို့ မေးလာတဲ့အချိန်မှာ ကောင်းကင်က သူ့မေးခွန်းကို မဖြေခင်မှာ ကောင်းကင်လည်း သူ့ကို မေးခွန်းတစ်ခု မေးချင်စိတ်တွေ တဖွားဖွားဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီမေးခွန်းတစ်ခုကို မမေးခင် အရင်ဆုံး သူ့ကို “ကောင်းကင်ရယ် … မေးမိတာ မှားပါတယ်” လို့ သူ ပြောရလောက်အောင် message နဲ့ မေးခွန်းပေါင်းများစွာပို့ပြီး ရစ်ခဲ့ပါသေးတယ်။ သူ့ကိုတော့ အားနာတဲ့ပုံစံလေးနဲ့ “ကောင်းကင်က ရစ်တာဟုတ်ဖူးနော်၊ သေချာအောင် မေးကြည့်တာနော်” လို့ ခပ်တည်တည်နဲ့ ပြောခဲ့ပါသေးတယ်။ တကယ်ကတော့ မမူးဘဲ ရစ်ခဲ့တာလေ။ သူကလည်း ကောင်းကင် ရစ်တယ်ဆိုတာ သိတဲ့ပုံပါပဲ။
ကောင်းကင်က အားလုံးရစ်ပြီးလို့ မေးချင်တဲ့မေးခွန်းတစ်ခုကို မေးလိုက်တဲ့အခါ သူကလည်း ကောင်းကင်ကို ပြန်ရစ်တော့တာပါပဲ။ “ကောင်းကင်ရေ … ကောင်းကင် မေးခွန်းက ဒီလိုလား၊ ဟိုလိုလား” ဆိုပြီးတော့ပေါ့။ အဲဒါတင်မကပါဘူး။ ကောင်းကင် သူ့မေးခွန်းကို ဖြေပြီး သူ့ကို ပြောခဲ့တဲ့အတိုင်း သူကလည်း ကောင်းကင်ကို ပြန်ပြောခဲ့တာပေါ့။ “ကောင်းကင်ရေ … ကောင်းကင်ဖြစ်ချင်တာကိုလဲ သိချင်ပါတယ်” တဲ့လေ။
သူများကို မေးတုန်းကတော့ မေးပြီး ကိုယ့်ကို ပြန်မေးလာတဲ့အခါကျတော့ ကောင်းကင် ခေါင်းကုတ်ရပြီပေါ့လေ။ အရင်ကတည်းက တစ်နေ့တစ်နေ့ ဘာပို့စ်တင်ရမလဲ၊ ဘာရေးရမလဲဆိုပြီး ခေါင်းစားနေခဲ့တာ ခုတော့ ချစ်သူငယ်ချင်းလေးကြောင့် ပိုလို့ ခေါင်းစားခဲ့ရပြီပေါ့။ ကိုယ့်ကို ပြန်မေးလာတော့လည်း မသိချင်ယောင်က ဆောင်လို့မရတော့ဘူးလေ။
အခုချိန်မှာသာ ကောင်းကင်တစ်ခုခုဖြစ်ခွင့်ရမယ်ဆိုရင် ကောင်းကင်အဖြစ်ချင်ဆုံးဆန္ဒလေးကတော့ အလုပ်ကို ပျော်ရွှင်စွာလုပ်ကိုင်ရင်း ချစ်သောမိသားစု၊ ချစ်သောသူငယ်ချင်းများနဲ့ ပျော်ပျော်ရွှင်ရွှင် ဆက်နေသွားချင်တာပါပဲ။
ကောင်းကင်ကို မုန်းနေတဲ့သူတွေကို ကောင်းကင်ကို နားလည်ပြီး ချစ်လာနိုင်အောင် ကြိုးစားမယ်။ ကောင်းကင် မုန်းတဲ့သူတွေကိုလည်း ကောင်းကင်က နားလည်နိုင်အောင် ကြိုးစားမယ်။ မချစ်နိုင်ရင်တောင် မမုန်းဘဲနဲ့ နေသွားမယ်။ အားလုံးနဲ့အတူတူ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းသွားချင်တယ်။ မကျေနပ်တာ၊ မနာလိုတာတွေ ကင်းဝေးပြီး ချစ်ရတဲ့သူတွေနဲ့အတူ လှပတဲ့ မနက်ခင်းများစွာကို လက်ကမ်းကြိုဆိုချင်ပါတယ်။
********************************************
ဒီခေါင်းစဉ်လေးကို ကောင်းကင်ရဲ့ (၁၀၀) မြောက်ပို့စ်အဖြစ် တင်ချင်တာနဲ့ သူငယ်ချင်းများက ရေးပါလို့ ခဏခဏ ပြောနေပေမယ့် အခုမှ ရေးဖြစ်ခဲ့တာပါ။ ကောင်းကင်ကို ရေးပါလို့ ပြောခဲ့တဲ့ ကောင်းကင်ရဲ့ ချစ်ရသော သူငယ်ချင်းများအားလုံး ကျေနပ်နိုင်မယ်လို့ ထင်ပါတယ်နော် …
- ကောင်းကင် ဂျီတိုက်သမျှကို စိတ်မဆိုးဘဲ အချိန်ပေးပြီး သေသေချာချာ ရေးပေးခဲ့တဲ့ ကောင်းကင်ရဲ့အစ်ကို “ကိုနေ”
- အခုမှစခင်ပေမယ့် ကောင်းကင်ရဲ့ မေးခွန်းကို တလေးတစားဖြေပေးခဲ့တဲ့ “အစ်ကိုသူရိန်”
- လာလည်ပါ၊ လာလည်ပါ … Comment ရေးပေးပါ၊ ရေးပေးပါ … Cbox မှာ အော်ပေးပါ၊ အော်ပေးပါလို့ ပြောရုံမကဘဲ ကောင်းကင်ရဲ့ ဒီမေးခွန်းလေးကို ဖြေပေးဖို့ ပြောတာကို မငြင်းဘဲ စိတ်အားထက်သန်စွာ ရေးပေးခဲ့တဲ့ ချစ်ညီမလေး “သီရိ”
- သူတစ်ပြန် ကိုယ်တစ်ပြန်ရစ်ရင်း ကောင်းကင်ရဲ့ မေးခွန်းကို မအားတဲ့ကြားက အရင်ဆုံး စွမ်းစွမ်းတမံရေးပေးခဲ့တဲ့ ချစ်အစ်မတစ်ဖြစ်လဲ ချစ်သူငယ်ချင်း “ဆေးဗား”
- ကောင်းကင် ၁၀၀ မြောက် ပို့စ်အထိ ရောက်အောင် ရေးနိုင်ဖို့ စိတ်ဓာတ်ခွန်အားတွေ ပေးခဲ့တဲ့ ကောင်းကင်ရဲ့ သူငယ်ချင်းမောင်နှမများ
အားလုံး အားလုံးကို ကျေးဇူးအထူးတင်ရှိရပါကြောင်း။ ။
Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts
Friday, September 21, 2007
အခုချိန်မှာ တစ်ခုခုဖြစ်ခွင့်ရရင် ဘာအဖြစ်ချင်ဆုံးလဲ???
Posted by
Kaung Kin Pyar
at
8:25 PM
1 comments
Labels: အမှတ်တရ
Subscribe to:
Posts (Atom)