Showing posts with label ဘာသာပြန်. Show all posts
Showing posts with label ဘာသာပြန်. Show all posts

Friday, September 14, 2007

ပါရမီဖြည့်ဖက်

တစ်ခါတုန်းက စာရေးဆရာလောင်းလျာ တစ်ယောက်မှာ ထူးခြားသောဇနီးသည်တစ်ယောက် ရှိခဲ့ဖူးသည်။

သူမနာမည်က ဆိုဖီယာဖြစ်သည်။

သူမ၏ခင်ပွန်းသည် အကောက်ခွန်ရုံးအမှုထမ်းတစ်ဦးဖြစ်၍ တစ်နေ့တွင် အိမ်သို့ အကြီးအကျယ် မှိုင်တွေလျက် ပြန်ရောက်လာသည်။ သူ အလုပ်ပြုတ်ခဲ့ပြီဖြစ်ကြောင်း ဇနီးသည်ကို စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။ ထိုအခါ ဇနီးသည်က ၀မ်းသာအားရထအော်သည်။ မိန်းမဘယ်လိုဖြစ်သွားပါလိမ့်ဟု သူ ငေးမောကြည့်နေစဉ် ဇနီးသည်က

“ဟန်ကျပြီ၊ ရှင်ရေးချင်နေတဲ့ ၀တ္ထုကို အခုမှ ရေးရတော့မယ်”
ဟု ပြောလေသည်။

“အေးကွာ၊ အားသွားတာတော့ မှန်ပါတယ်၊ ဒါပေမယ့် စာထိုင်ရေးနေတော့ ဘာနဲ့သွားစားကြမလဲ”
ဟု ယောက်ျားလုပ်သူက စိတ်ဓာတ်ကျစွာဖြင့် ပြန်ပြောလေသည်။

ဇနီးသည်က စားပွဲအံဆွဲတစ်ခုကို ဆွဲဖွင့်ပြီး အထဲမှ ငွေစက္ကူတစ်ထုပ်ကို ယူ၍ ထောင်ပြလိုက်သည့်အခါ သူက အလွန်အံ့သြသွားသည်။

“မင်း ဘယ်ကရတာလဲ”
သူ တအံ့တသြဖြင့် မေးလိုက်သည်။

“ကျွန်မက ရှင့်မှာ ပါရမီရှိတယ်ဆိုတာကို ယုံကြည်ထားပြီးသား၊ တစ်နေ့ကျရင် ဂန္တ၀င်တွင်မယ့် ၀တ္ထုကြီးတစ်ပုဒ် ရှင်ရေးဖြစ်မယ်ဆိုတာ ကျွန်မက သိနေတယ်၊ အဲဒါကြောင့်မို့လို့ ရှင် အပတ်စဉ်ပေးတဲ့ငွေထဲက နည်းနည်းစီကို ကျွန်မ ဖဲ့ဖဲ့ပြီး စုထားတာ၊ အခု ဒီပိုက်ဆံတွေနဲ့ဆိုရင် ကျွန်မတို့နှစ်ယောက် တစ်နှစ်လောက်တော့ ထိုင်စားလို့ရပါတယ်၊ ဒါကြောင့် ရှင် ဘာမှ စိတ်မပူဘဲ အေးအေးဆေးဆေးသာ စာ ရေးပေးတော့”
ဟု တက်ကြွစွာ ပြောလိုက်သည်။

မိမိကို ယုံကြည်မှုအပြည့်ရှိပြီး အားထားသော ဇနီးသည်ထံမှ တက်ကြွသော စကားများကြောင့် သူလည်း ထက်သန်တက်ကြွစိတ်များ ကူးစက်ကာ သူသည် တစ်ချိန်တွင် အထင်ရှားဆုံး ကမ္ဘာသိ စာရေးဆရာတစ်ယောက်ဖြစ်လာခဲ့သည်။

[မူရင်း။ ။ Nido Qubein ၏ Encouragement]

Read More...

------------------------

Tuesday, September 11, 2007

ဖူးစာရှင်

ဖတ်ခဲ့ဘူးတဲ့ ၀တ္ထုလေးတစ်ပုဒ်ပါ။ သေချာမမှတ်မိတော့လို့ မှတ်မိသလောက်လေးကို အဆင်ပြေအောင် ပြန်ရေးထားတာပါ။ တကယ်လို့ လိုအပ်ချက်ရှိခဲ့ရင် နားလည်ပေးကြပါလို့ ကြိုပြီး တောင်းပန်လိုက်ရပါတယ်။

တစ်နေ့တွင် မောင်ချော အမည်ရှိသူတစ်ဦးသည် ကုန်သည်ကြီးတစ်ဦးထံသို့ အလည်အပတ် ရောက်ရှိလာခဲ့သည်။ ကုန်သည်ကြီး၏ သမီးက အလွန်ကို ချောမောလှပသည်။ သူမ၏ ရုပ်သွင်က မိုးနတ်သမီးလေးတစ်ပါးလိုပင် အလွန် ချစ်ခင်နှစ်လိုဖွယ်ကောင်းသည်။ မောင်ချောက ကုန်သည်ကြီးသမီး မသူဇာကို မြင်မြင်ချင်းပင် အရူးအမူးချစ်မိသည်။ သို့သော် မောင်ချောနှင့် မသူဇာက မိုးနှင့်မြေလို ကွာခြားကြသည်။ မသူဇာက ချောမောလှပသလောက် မောင်ချောက အလွန်ရုပ်ဆိုးသည်။ သူ့ရုပ်ကို မြင်သူတိုင်း အော်ဂလီဆန်ချင်ကြသည်။

မည်သို့ပင်ဖြစ်စေ၊ မောင်ချောက သူမပြန်ခင်တွင် မသူဇာအား ချစ်ခင်နှစ်သက်ကြောင်းကို ပြောလိုသည်။ ထို့ကြောင့် မသူဇာနှင့် စကားပြောရန် သူ ကြိုးစားတော့သည်။ မသူဇာနှင့် သူ တွေ့ခွင့်ရသော်လည်း မသူဇာက သူ့အား မော်၍ပင် မကြည့်။ ထို့ကြောင့် သူ့ရင်ထဲတွင် ကြေကွဲနေတော့သည်။ သို့သော် သူက အားမလျော့ဘဲ မသူဇာအား စကားတွေ တစ်ခုပြီး တစ်ခုပြောသည်။ ဘာအဖြေမှ သူမရ။ နောက်ဆုံးတွင်တော့ သူ ရှက်ရွံ့စွာဖြင့် မေးခွန်းတစ်ခုကို ကြိုးစားပြီး မေးလိုက်သည်။

“အိမ်ထောင်ဖက်ဆိုတာ ကောင်းကင်ဘုံက ရွေးချယ်ပေးလိုက်တဲ့အတိုင်း ဖြစ်ရတယ်ဆိုတဲ့စကားကို မင်း ယုံလား”

ဒီတစ်ခေါက်တော့ မသူဇာက မျက်နှာလေးမော့ကြည့်ရင်း
“ယုံပါတယ်၊ ရှင်ကကော”
ဟု ဖြေလည်းဖြေ မေးလည်းမေးလိုက်သည်။

“ကိုယ်လည်း သိပ်ယုံတာပေါ့”
ဟု သူက အားတက်သရောဖြင့် ပြန်ဖြေလိုက်သည်။ ထို့နောက်
“ဒီမှာ ကိုယ်ပြောပြမယ်၊ ယောက်ျားလေးတစ်ယောက် လူ့ပြည်ကို မွေးဖွားရောက်ရှိတော့မယ့် အခါတိုင်း လူ့ပြည်မှာ သူနဲ့ ထိမ်းမြားရမယ့် မိန်းကလေးဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ကြေညာပေးလေ့ရှိတယ်၊ ကိုယ့်ကို မွေးဖွားခါနီးအချိန်မှာ ဖန်ဆင်းရှင်က ကိုယ့်ရဲ့ဖူးစာရှင်ဟာ ဘယ်သူဖြစ်တယ်ဆိုတာကို ပြပြီး ကိုယ့်ကို ပြောတယ်၊ “မင်းရဲ့ ဇနီးသည်လေးကတော့ ကျောမှာဘုနဲ့ ခါးကုန်းမလေးတစ်ယောက်ဖြစ်နေရှာတယ်” တဲ့၊ အဲဒီတော့ ကိုယ်က ပြန်ပြောလိုက်တယ်၊ “မိန်းကလေးတစ်ယောက်အဖို့ ကျောမှာ ဘုနဲ့ ခါးကုန်းမလေးတစ်ယောက် ဖြစ်နေမယ်ဆိုရင် အရမ်းကို ကြေကွဲဝမ်းနည်းစရာကောင်းပါတယ်လို့၊ ဒါကြောင့် တကယ်လို့သာ ဖြစ်နိုင်မယ်ဆိုရင် အဲဒါတွေကို ကျွန်တော်မျိုးရဲ့ ကိုယ်ထဲကိုသာ ထည့်ပေးလိုက်ပါ၊ သူ့ကိုတော့ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ရပ်တည်ခွင့်ပြုပါ” လို့ ကိုယ်ပန်ကြားခဲ့တယ်”
ဟု ဆက်ပြောသည်။

ထိုစကားကိုကြားတော့ မသူဇာ မျက်လွှာလေးပင့်၍ ကြည့်သည်။ သူမ၏ အာရုံထဲတွင် ရှေးယခင်က တွေ့ခဲ့ဘူးသော မောင်ချော၏ရုပ်သွင်ကို ပြန်လည်အမှတ်ရလာခဲ့သည်။ မောင်ချောထံသို့ သူမ၏လက်ကို ဆန့်တန်း၍ပေးလိုက်သည်။ ထို့နောက်တွင်မူ အလွန်ချစ်ခင်သော ကြည်နူးချမ်းမြေ့သော ထာဝရကြင်ဖက်များ ဖြစ်သွားကြတော့သည်။

Read More...

------------------------

Monday, September 10, 2007

ညီအစ်ကိုနှစ်ယောက်

မိသားစုပိုင်ယာမြေတစ်ခုကို ညီအစ်ကိုနှစ်ယောက် အတူတကွ လုပ်ကိုင်ကြသည်။ အစ်ကိုကြီးက အိမ်ထောင်ရှိပြီး သူ့မိသားစုက ကြီးသည်။ ညီဖြစ်သူကတော့ လူလွတ်တစ်ဦးဖြစ်သည်။

တစ်နေကုန်အလုပ်လုပ်ပြီးလျှင် ယာထဲမှထွက်သော အသီးအနှံများကို ရောင်းရငွေများကို ညီအစ်ကိုနှစ်ယောက် အတူတကွ ညီတူမျှတူ ခွဲဝေယူကြသည်။

ဒီလိုနဲ့ တစ်နေ့မှာတော့ ညီဖြစ်သူ လူလွတ်က တွေးမိသည်။

“လယ်ယာထွက်သီးနှံတွေကို ညီတူမျှတူခွဲဝေယူတာ မဖြစ်သင့်ဘူး၊ ငါက လူလွတ်တစ်ဦး၊ ငါ့မှာက လိုအပ်ချက်သိပ်မရှိဘူး” ဟု တွေးကာ သူ့စပါးကျီထဲမှ စပါးတစ်အိတ်စီ ထမ်းပြီး လယ်ကွင်းကို တိတ်တဆိတ်ဖြတ်ကာ အစ်ကိုဖြစ်သူ၏ စပါးကျီထဲသို့ ညစဉ်ညတိုင်းသွားရောက် ထ
တစ်ဖက်မှာလည်း အိမ်ထောင်သည်အစ်ကိုကြီးက စဉ်းစားသည်။

“သီးနှံတွေရဲ့ ၀င်ငွေတွေကို ညီတူမျှတူ ခွဲဝေယူတာ မဖြစ်သင့်ဘူး၊ ငါက အိမ်ထောင်သည်၊ ငါ့မှာက ငါအသက်ကြီးရင် ပြုစုစောင့်ရှောက်မယ့် သားနဲ့သမီးလည်းရှိတယ်၊ ငါ့မိန်းမလည်းရှိသေးတယ်၊ ငါ့ညီမှာက လူပျိုလူလွတ် တစ်ယောက်တည်း၊ ပြုစုစောင့်ရှောက်မယ့်သူလည်း မရှိဘူး” ဟု တွေးကာ ညစဉ်ညတိုင်း သူ့စပါးကျီထဲမှ စပါးတစ်အိတ်စီထမ်းကာ ညီဖြစ်သူ၏ စပါးကျီထဲသို့ သွားထည့်လေသည်။

သည်လိုနှင့် နှစ်တွေ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးလာခဲ့သည်။ ကိုယ့်စပါးကျီထဲက စပါးတွေ နေ့စဉ်နေ့တိုင်းထုတ်ယူနေပါလျက်နှင့် လျော့နည်းမသွားသည်ကို ညီအစ်ကို နှစ်ယောက်စလုံးပင် စဉ်းစားမရဖြစ်နေသည်။

သို့သော် မှောင်မည်းနေသော ညတစ်ညတွင် ညီအစ်ကိုနှစ်ယောက် တစ်ဦးကို တစ်ဦး ၀င်တိုက်မိကြသည်။ ထိုအခါမှပင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဖြစ်ပျက်နေပုံအလုံးစုံကို နှစ်ယောက်စလုံး နားလည်သွားကြသည်။

ထို့နောက် စပါးအိတ်တွေကို ပစ်ချကာ တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာ ဖက်ထားလိုက်မိကြတော့သည်။

[မူရင်း ။ ။ More Sower's Seeds စာအုပ်မှ အမည်မသိစာရေးသူ၏ Two Brothers]

Read More...

------------------------

Thursday, September 6, 2007

တကယ်လို့သာ ဘ၀ကို အသစ်တစ်ဖန် ပြန်ရမယ်ဆိုလျှင် ...

လူတစ်ယောက်က တစ်နေ့က ကျွန်မကို မေးခဲ့သည်။ “တကယ်လို့သာ ဘ၀ကို အသစ်တစ်ဖန်ရမည်ဆိုလျှင် ဘာလုပ်မည်နည်း၊ ဘာတွေ အပြောင်းအလဲ လုပ်ချင်လဲ” တဲ့။

မေးတုန်းကတော့ “ဟင့်အင်း” ဆိုတဲ့ စကားလေးတစ်ခွန်းကိုသာ ကျွန်မဖြေလိုက်မိသည်။ ထို့နောက်မှာတော့ ကျွန်မ ခေါင်းထဲမှာ စဉ်းစားစရာတွေက ပေါ်လာသည်။

တကယ်လို့သာ ဘ၀ကို ကျွန်မ အသစ်တစ်ဖန် ပြန်လည်ရှင်သန်ခွင့်ရမည်ဆိုလျှင် …

ကျွန်မ စကားနည်းနည်းပဲပြောမည်၊ သူများပြောတာတွေကို များများနားထောင်ပေးမည်။ ဂရုတစိုက်နှင့် နားထောင်ပေးမည်။

အိမ်မှာ ကော်ဇောက စွန်းထင်ပေကျံနေပြီး ဆိုဖာက ဟောင်းနွမ်းပြီး အရောင်မတောက်တော့လျှင်လည်း မိတ်ဆွေသူငယ်ချင်းများကိုတော့ ညစာ ဖိတ်ကျွေးအုံးမည်။

အသန့်အပြန့်ထားသည်ဆိုသော ဧည့်ခန်းထဲမှာလည်း ပြောင်းဖူးပေါက်ပေါက်တွေကို ကျွန်မ စားချင်စားမည်။ တစ်ယောက်ယောက်က မီးလင်းဖိုမှာ မီးမွှေးချင်သည် ပြောလျှင်လည်း ဖုန်များ၊ အမှုန်အမှိုက်များဖြင့် ညစ်ပတ်မှာလည်း သိပ်မစိုးရိမ်တော့။

အဘိုးက သူ့ငယ်ငယ်က အဖြစ်အပျက် အကြောင်းအရာများကို အရှည်ကြီးပြောပြနေလျှင်လည်း စိတ်မဆိုး စိတ်မရှည်မဖြစ်ဘဲ ဂရုတစိုက်ဖြင့် အချိန်ပေးပြီး ပြီးသည်အထိ နားထောင်ပေးမည်။

နွေရာသီနေ့လည်ခင်း ကားဖြင့် ကျွန်မ အပြင်သွားတဲ့အခါမှာလည်း သပ်သပ်ရပ်ရပ်ဖြစ်အောင် စပရေးဖြန်းထားသော ဆံပင်များ ပျက်ကုန်မှာစိုးပြီး မှန်တင်ခိုင်းတာမျိုးလည်း ကျွန်မ မလုပ်တော့။နှင်းဆီပွင့်ပုံ ဖော်ထားသော ဖယောင်းတိုင်ကိုလည်း စတိုထဲတွင် အရည်ပျော်သည်အထိ သိမ်းမထားဘဲ မီးထွန်းပစ်မည်။

မြက်ခင်းက ရွှံ့တွေ၊ ရေတွေ ပေကျံမှာကို မစိုးရိမ်တော့ဘဲ ကလေးတွေနှင့်အတူ ဆော့ကစားပြီး ထိုမြက်ခင်းပေါ်တွင် ထိုင်ပစ်မည်။

ရုပ်မြင်သံကြားကြည့်ခြင်းထက် တကယ့် ဘ၀အဖြစ်အပျက်များကို သေချာသိအောင်လေ့လာပြီး ရယ်စရာရှိလျှင် ရယ်ပစ်မည်၊ ငိုစရာရှိလျှင် ငိုပစ်မည်။

ကျွန်မခင်ပွန်းထမ်းဆောင်နေရသည့် တာဝန်များကိုလည်း ယခုထက်ပိုပြီး မျှဝေကာ တာဝန်ယူပေးမည်။

နေမကောင်းဖြစ်သည့်အခါမှာလည်း ကျွန်မမရှိလျှင် တစ်လောကလုံး ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ကြမည်ဆိုသော အတွေးကို ဖျောက်ပြီး ကျွန်မအိပ်ရာထဲမှာ လှဲနေမည်။

ပစ္စည်းတစ်ခုကို တကယ်အသုံးတည့်သည်၊ အာမခံသည်၊ တစ်သက်လုံး သုံးနိုင်သည်၊ အာမခံသည်ဟု ပြောရုံမျှဖြင့် ထိုပစ္စည်းကို ကျွန်မ မ၀ယ်တော့။

ကိုယ်ဝန်ဆောင်ချိန် ကိုးလကိုလည်း မြန်မြန်ကုန်ဆုံးပါစေလို့ ဆုမတောင်းတော့ဘဲ အံ့သြဖွယ်ကောင်းသော အရာလေး ကျွန်မ ကိုယ်ထဲမှာ ကြီးထွားလာနေခြင်းကို ဘုရားသခင်၏ ဖန်တီးစီရင်မှုတစ်ခုတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခွင့်ရသည်ဟု သိမှတ်ကာ ထိုအချိန်ကို နှစ်သက်မြတ်နိုးမည်။

ကျွန်မကလေးငယ်က ကျွန်မကို ရုတ်တရက် ၀င်တိုးဖက်ပြီး နမ်းသည့်အခါမှာလည်း “သွားစမ်း၊ နောက်တော့မှ နမ်း၊ အခုထမင်းစားတော့မယ်၊ လက်တွေခြေတွေ သွားဆေးစမ်း” ဟု အော်ဟစ်ခြင်း မပြုတော့။

နောက်ပြီး “I Love You” တွေ “I'm sorry” တွေလည်း ယခုထက် ပိုပြောမည်။

ဒီထက်အရေးကြီးဆုံးက တကယ်လို့သာ စောစောက ပြောခဲ့သလို သည်ဘ၀ကို နောက်တစ်ကြိမ် တကယ်သာ နေခွင့်ရမည်ဆိုလျှင် မိနစ်တိုင်း မိနစ်တိုင်းကို အမိအရ ဆုပ်ကိုင်ပြီး သေသေချာချာ မှတ်မှတ်ရရကြည့်မည်၊ ပြည့်ပြည့်၀၀ နေမည်၊ နောက်ပြီး ထိုအချိန်ကို ဘယ်တော့မှလည်း ပြန်ပေးမှာ မဟုတ်တော့။


[မူရင်း။ ။ Erma Bombek ၏ If I Had My Life to Live Over]

Read More...

------------------------

Sunday, September 2, 2007

အမာရွတ်လေး

ကောင်လေးတစ်ယောက်က သူ့ရဲ့မူလတန်းကျောင်းမှာ ပထမဆုံးအကြိမ်အဖြစ် မိဘဆရာအစည်းအဝေးအတွက် သူ့အမေကို ဖိတ်ခိုင်းခြင်းခံရသည်။ သူက ကျောင်းက ဆရာဆရာမတွေ ဖိတ်ခိုင်းသည့်အတိုင်း သူ့အမေကို ဖိတ်သည်။ သို့သော် ကောင်လေးစိတ်ထဲတွင် သူ့အမေ မိဘဆရာအစည်းအဝေးသို့ တက်ရောက်မည်ကို စိုးရိမ်နေသည်။ သူ့မိခင်ကို အတန်းဖော်သူငယ်ချင်းများနှင့် ဆရာဆရာမများ၊ အခြားမိဘများတွေ့မည်ကို ထိတ်လန့်နေမိသည်။

သူ့မိခင်က ပင်ကိုယ်ရုပ်ရည် ချောမောသူတစ်ယောက်ဖြစ်သည်။ သို့သော်လည်း အမေ့မျက်နှာ ညာဘက်ခြမ်းတွင် ကြီးမားသော အမာရွတ်ကြီးတစ်ခုက ဆိုးဆိုးဝါးဝါးဖြင့် ထင်းထင်းကြီးဖြစ်နေသည်။

ကောင်လေးသည် အမာရွတ်အကြောင်းကို မကြားချင်။ ထို အမာရွတ်ကြီး ဘာကြောင့် ရ ရသည်ကိုလည်း မသိချင်။ ဒါကြောင့် သူ ဘယ်တော့မှ ထိုအမာရွတ်အကြောင်းကို မမေး။ ထို့အတူ အခြားသူများကိုလည်း သူ့အမေက အမာရွတ်ကြီးဖြင့် ရုပ်ဆိုးသူဖြစ်ကြောင်းကိုလည်း မသိစေချင်။

မိဘဆရာအစည်းအဝေးမှာ ပင်ကိုယ်ရုပ်ရည်ချောသော၊ သဘောထားကောင်းသော၊ ယဉ်ကျေးပျူငှာသော သူ့အမေကို အားလုံးက တလေးတစား ဆက်ဆံကြသော်လည်း ကောင်လေးက ရှက်ရွံ့စိတ်မပြယ်ဘဲ ရှောင်ပုန်း၍သာ နေ နေသည်။

သို့သော် တစ်နေရာရောက်သောအခါ ဆရာမနှင့် သူ့အမေ ပြောနေသော စကားများကို သူ ကြားလိုက်ရသည်။

“မျက်နှာပေါ်က အမာရွတ်က ဘယ်လိုရတာလဲ”
ဆရာမက မေးသည်။

“သားလေး နို့စို့အရွယ်တုန်းက ရခဲ့တာပါ။ အဲဒီနေ့က သူ့အခန်းထဲမှာ မတော်တဆမီးလောင်တော့ သားက ခုတင်လေးထဲမှာလေ၊ အခန်းထဲမှာလည်း မီးက တအားပြင်းနေတာဆိုတော့ ဘယ်သူကမှ ၀င်မကယ်ရဲကြဘူး။ အဲဒီချိန်မှာဘဲ အပေါ်က တုတ်တန်းကြီးတစ်ခုက သားအပေါ်ကို ပြုတ်ကျတာ။ အဲဒါနဲ့ ကျွန်မက သားဆီအတင်းပြေးပြီး သားအပေါ်ကနေ ကာလိုက်တာ။ ကျွန်မနဲ့ တုတ်တန်း ရိုက်မိသွားပြီး မေ့လဲသွားခဲ့တယ်။ ကံကောင်းတယ်ပဲ ဆိုရမလား၊ မီးသတ်သမားက အချိန်မီရောက်လာခဲ့လို့ သားလေးကော ကျွန်မကော အသက်ချမ်းသာရာ ရခဲ့တယ်၊ ဒါပေမယ့် ရိုက်မိတဲ့ဒဏ်ရာကတော့ အမာရွတ်ကျန်ခဲ့တာပေါ့”
သူ့အမေက မျက်နှာပေါ်မှ အမာရွတ်ကလေးကို စမ်းရင်း ဆရာမအား ပြောပြနေသည်။

“ဒါပေမယ့် ကျွန်မ သားလေးအသက်ချမ်းသာရာရခဲ့တာကိုပဲ ကျွန်မ ၀မ်းသာပါတယ်၊ နောက်ပြီး ဒီဒဏ်ရာအတွက်လည်း ကျွန်မ တစ်ခါမှ နောင်တမရခဲ့ပါဘူး”
လို့ အမေက ဆိုတယ်။

သည်စကားကို ကြားလိုက်တော့မှ ကောင်လေးက သူ့အမေနားကို မျက်ရည်တွေအ၀ိုင်းသားနဲ့ ပြေးထွက်လာပြီး သူ့အမေကို ဖက်လိုက်တယ်။ သူ့အတွက် အသက်ပေးကာကွယ်ပေးခဲ့သည့် အမေ့ရဲ့ စေတနာ၊ အမေ့ရဲ့ မေတ္တာတွေကို ခံစားရကာ သူ့ရင်ထဲမှာ လှိုက်ဖိုနေသည်။ အဲဒီနေ့ တစ်နေ့လုံးလုံး အမေ့အနားက လုံးဝမခွာဘဲ အမေ့လက်ကို တစ်ချက်မှ မလွှတ်ဘဲ တင်းတင်းဆုပ်ကိုင်ပြီး နောက်ဆို အမေ့ကို သူ တစ်သက်လုံး စိတ်ချမ်းသာအောင် ထားတော့မည်ဟု ဆုံးဖြတ်ချက်ချနေမိတော့သည်။

[မူရင်း။ ။ Lih Yuh Kuo ၏ The Scar]

Read More...

------------------------

Thursday, August 30, 2007

သစ်စေ့လေး နှစ်စေ့

သာယာလှပသော နွေဦးပေါက်ရာသီဖြစ်သည်။

မြေဆီသြဇာပြည့်ဝသည့် ခြံဝင်းကြီးတစ်ခုထဲမှာ သစ်စေ့လေးနှစ်စေ့ ဘေးချင်းယှဉ်၍ တည်ရှိနေကြသည်။

ပထမသစ်စေ့က စတင်ပြီး စကားဆိုတာက …

“ငါ အပင်ဖြစ်ချင်တယ်၊ ကြီးထွားချင်တယ်၊ ငါ့အမြစ်တွေ အောက်ဘက်မြေကြီးထဲ နက်နက်ရှိုင်းရှိုင်း တွန်းပို့ချင်တယ်၊ ငါ့ အစို့အညှောင့်တွေ အထက်မြေလွှာကို ဖောက်ထွင်းပြီး အပြင်ဘက် ထွက်ချင်တယ်၊ နူးညံ့တဲ့ အဖူးကလေးတွေက ပွင့်အာလာတဲ့ အချပ်အလွှာလေးတွေနဲ့ အောင်လံထူပြီး နွေဦးကို ကြိုဆိုချင်တယ်၊ ငါ့မျက်နှာပေါ် နွေးထွေးတဲ့ နေရောင်ခြည်ကျရောက်တာ ငါ ခံယူချင်တယ်၊ အေးမြတဲ့ နံနက်ခင်းနှင်းပွင့်လေးတွေက ငါ့ ပွင့်လွှာချပ်လေးတွေပေါ် ဖျန်းပက်တာလဲ ငါ ခံစားချင်တယ်”
လို့ဆိုတယ်။ အဲလိုနဲ့ပဲ သူဟာ တဖြည်းဖြည်းနဲ့ ကြီးထွားရှင်သန်သွားခဲ့တယ်။

ဒုတိယသစ်စေ့ကတော့ …

“အပင်ပေါက်ရမှာ ငါ ကြောက်တယ်၊ အမြစ်တွေကို မြေကြီးထဲ ထိုးထည့်တော့ အမှောင်ထဲမှာ ဘာတွေနဲ့ ရင်ဆိုင်ရမှန်း ငါ မသိဘူး၊ အပေါ်က မာကျောနေတဲ့မြေကို ဖောက်ထွက်တော့လည်း ငါ့ရဲ့ အစို့အညှောင့်လေးတွေ ပဲ့ရွဲ့သွားမှာ၊ ပျက်စီးသွားမှာ ငါ စိုးရိမ်တယ်၊ ငါ့ရဲ့ အဖူးအငုံလေးတွေ ပွင့်အာစမှာ အကောင်တွေက စားသွားရင်ကော၊ ပန်းလေးတွေ ပွင့်အာလာမှ ကလေးငယ်တွေက ခူးယူသွားရင်ကော ဘယ်လိုလုပ်မလဲ၊ ဒါကြောင့် မဖြစ်ဘူး၊ စိတ်ချရတဲ့ အချိန်အတိုင်းအတာတစ်ခုထိတော့ ငါ စောင့်မှဖြစ်မယ်”
ဟု ဆိုသည်။ ဒါကြောင့် သူက အချိန်ကောင်းကို စောင့်နေခဲ့သည်။

ဒါပေမယ့် တစ်နေ့မှာတော့ ခြံဝင်းထဲမှာ အစာရှာဖွေတဲ့ ကြက်မတစ်ကောင်က အစာရှာဖို့အတွက် ဟိုဟိုသည်သည် ယက်ရင်း နောက်ဆုံးမှာ သစ်စေ့လေးကို တွေ့သွားတယ်။ အဲဒီမှာတင် အဲဒီကြက်မက စိတ်ချရတဲ့အချိန်ကို စောင့်နေတဲ့သစ်စေ့လေးကို ဆတ်ခနဲ ကောက်စားပစ်လိုက်တော့တယ်။


ဒီပို့စ်လေးကို ဖတ်ပြီး ကောင်းကင်တို့အားလုံးလည်း ပထမသစ်စေ့လေးကို အတုယူပြီး လောကအလယ်မှာ သတ္တိရှိရှိရပ်တည်နိုင်အောင် ကြိုးစားရမယ်။ လောကရဲ့ လေပြည် မုန်တိုင်း၊ ကောင်းကျိုးဆိုးကျိုး အားလုံးကို လက်ခံနိုင်ရမယ်။ လုပ်သင့်လုပ်ထိုက်တယ်ဆိုရင် ဖြစ်လာမယ့် အခက်အခဲတွေကို တွေးမကြောက်ဘဲ ရဲရဲဝံ့ဝံ့နဲ့ ရင်ဆိုင်ဖြတ်ကျော်နိုင်ကြရမယ်။ အဲဒါမှ ဒုတိယသစ်စေ့လေးလိုမျိုး ဘာမှမလုပ်လိုက်ရဘဲ ဘ၀ကို အဓိပ္ပါယ်မရှိ ဖြတ်သန်းလိုက်ရတာမျိုး၊ အချိန်လွန်မှ နောင်တရရတာမျိုးတွေက ကင်းဝေးနိုင်မှာဖြစ်ပါတယ်။

Read More...

------------------------

Wednesday, August 29, 2007

ကျောက်ဆစ်သမား

တစ်ခါတုန်းက ကျောက်ဆစ်သမားတစ်ယောက်ရှိသည်။ သူက သူ့လက်ရှိဘ၀ကို မကျေနပ်ဘူး။

တစ်နေ့မှာ သူဟာ ချမ်းသာကြွယ်ဝတဲ့ ကုန်သည်သူဋ္ဌေးကြီးတစ်ဦးရဲ့ အိမ်ရှေ့က သူ ဖြတ်လျှောက်မိသည်။ ဂိတ်တံခါးကြီးက ပွင့်နေတော့ သူဋ္ဌေးကြီးရဲ့ အိမ်ထဲကို လှမ်းမြင်နေရတယ်။ သူဋ္ဌေးကြီးပိုင်ဆိုင်တဲ့ အဖိုးတန်အသုံးအဆောင်ပစ္စည်းတွေရော၊ သူ့ဆီကို လာကြတဲ့ အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေကိုရောပေါ့။

“အင်း … သူတို့ကျတော့လည်း သြဇာတိက္ကမတော်တော်ကြီးပေမှာပဲ”
ဟု ကျောက်ဆစ်သမားက တွေးသည်။

သူ့စိတ်ထဲမှာလည်း ကုန်သည်သူဋ္ဌေးကြီးကို အရမ်းအားကျလာတယ်။ သူလည်း အဲလိုမျိုးဖြစ်ရင် ကောင်းမှာဘဲ၊ အဲဒါဆိုရင် အခုလို ဆင်းဆင်းရဲရဲနဲ့ သြဇာမရှိတဲ့ဘ၀နဲ့ နေရတော့မှာ မဟုတ်ဘူးလို့ တွေးမိတယ်။

ဒီလိုတွေးနေရင်းက ရုတ်တရက် အံ့သြစရာ။ သူက ချက်ချင်းလက်ငင်းဆိုသလို ကုန်သည်သူဋ္ဌေးကြီးဘ၀ ရောက်သွားတယ်။ စည်းစိမ်ချမ်းသာတွေ၊ သြဇာတိက္ကမတွေဆိုတာ အို … သူ မျှော်လင့်ထားတာထက်တောင် အများကြီးပိုသေးတယ်။ သူ့လောက် မချမ်းသာတဲ့သူတွေသာ သူ့ကို မြင်ရင် မနာလိုချင်စရာပေါ့။

ဒါပေမယ့် မကြာခင်ဘဲ သူ့အိမ်ရှေ့ကို စီးတော်ကုလားထိုင်မှာ အကျအနထိုင်နေတဲ့ အရာရှိကြီးတစ်ယောက်က ဖြတ်သွားတယ်။ အထမ်းသမားတွေ၊ နောက်လိုက်နောက်ပါတွေ၊ ကိုယ်ရံတော်တွေနဲ့ အကျအနပေါ့။ မောင်းတီးခတ်သူတွေကလည်း တီးခတ်လို့ပေါ့။ သူ ကြွချီလာပြီဆိုရင် လမ်းဘေးဝဲယာရှိသူ မှန်သမျှ ဆင်းရဲချမ်းသာမရွေး ဦးညွှတ်အရိုအသေ ပြုကြရတယ်။

အဲဒီမှာတင် ကုန်သည်သူဋ္ဌေးကြီးဖြစ်လာတဲ့ ကျောက်ဆစ်သမားက
“အင်း … အရာရှိကြီးတွေများ၊ တယ်လည်း တန်ခိုးကြီးပေတာပဲ၊ ငါသာ သူ့လို ထိပ်တန်းအရာရှိကြီးတစ်ယောက်ဖြစ်ရင် သိပ်ကောင်းမှာဘဲ”
လို့ တွေးပြန်တယ်။

အဲဒီမှာတင် သူ ထိပ်တန်းအရာရှိကြီး ဖြစ်သွားပြန်ရော။ လှပစွာ ခြယ်မှုန်းထားတဲ့ စီးတော်ကုလားထိုင်မှာ ထိုင်လို့၊ သွားလိုသမျှနေရာတွေကို အထမ်းသမားတွေက သယ်ပိုး ပို့ဆောင်လို့၊ ပတ်ဝန်းကျင်က သူတွေက သူ့ကို ဦးခိုက်အရိုအသေပြုလို့။

ဒါပေမယ့် စီးတော်ကုလားထိုင်က ရထားလုံးများလို ၀ိုင်းရံထားတော့ နွေရာသီဆိုရောက်လာတော့ အတွင်းမှာ လှောင်ပိတ်ပြီး တအားပူလာတာပေါ့။ ချွေးတပြိုက်ပြိုက်နဲ့ အရမ်းကို အိုက်စပ်နေတယ်။ အဲဒါနဲ့ စီးတော်ယာဉ်ထဲကနေ နေကို မော့ကြည့်လိုက်မိတယ်။ နေမင်းကြီးက ကောင်းကင်ထက်မှာ အရောင်အ၀ါ တောက်ပစွာဖြင့် ၀င့်ထည်နေတာပေါ့။ သူ့လို အရာရှိကြီးကိုလည်း ရှိနေသည်လို့တောင် စိုးစဉ်းမျှ အသိအမှတ်မပြုဘဲပေါ့။

“နေဟာ အင်မတန် တန်ခိုးကြီးပါကလား၊ ငါသာ နေမင်းကြီးဖြစ်လိုက်ရရင် …”
လို့ အရာရှိကြီးက တွေးပြန်တယ်။

အဲဒီမှာတင် သူက နေဖြစ်သွားပြန်တယ်။ အောက်က ရှိရှိသမျှသတ္တ၀ါတွေအပေါ် တောက်ပ ပူပြင်းလိုက်၊ လယ်ကွင်းပြင်တွေကို မီးလောင်အောင် အပူတိုက်ပြလိုက်၊ လယ်သမားတွေ၊ အလုပ်သမားတွေရဲ့ တောင်းပန်သံတွေကို ဥပေက္ခာပြုလို့ပေါ့။

အဲဒီအချိန်မှာဘဲ သူနဲ့ ကမ္ဘာမြေကြီးအကြားမှာ ဧရာမတိမ်တိုက်ကြီးတစ်ခု ဖြတ်ဝင်လာတယ်။ သူရဲ့ အရောင်အ၀ါတွေက အောက်ကို ဘယ်လိုမှ မကျရောက်နိုင်တော့ဘူး။

“မိုးသား တိမ်တိုက်တွေဟာ တော်တော်လည်း တန်ခိုးကြီးပါလား” ဟု တွေးပြန်သည်။ “ငါသာ မိုးတိမ်တိုက် ဖြစ်ရင် …” ဟု စိတ်ထဲမှာ ဆုတောင်းမိပြန်သည်။

ဒီတစ်ခါမှာလည်း သူက သူဆုတောင်းသလို တိမ်တိုက်ကြီးဖြစ်သွားပြန်တယ်။ လယ်ကွင်းပြင်တွေ၊ ကျေးရွာတွေအပေါ်ကို အုပ်မိုးလို့ပေါ့။

ဒါပေမယ့် မကြာမီမှာဘဲ သူ့ကို အင်မတန်ကြီးမားပြင်းထန်တဲ့ အင်အားတစ်ခုက တွန်းရွှေ့မောင်းနှင်တာ ခံရသည်။ သူ ကြည့်လိုက်တော့ “လေ” ဖြစ်နေတယ်။

“ဟာ … လေကမှ တကယ်အင်အားကြီးတာပါကလား၊ ငါ “လေ” ဖြစ်ချင်လိုက်တာ”
ဟု သူ တောင်းတလိုက်ပြန်သည်။

ဒီတော့ သူ “လေ” ဖြစ်သွားပြန်တယ်။ အရှိန်အဟုန်နဲ့ တိုက်ခတ်နေတဲ့ “လေပြင်း”။ အိမ်ခေါင်မိုး အုတ်ကြွပ်ပြားတွေကို တိုက်ချပစ်တယ်။ သစ်ပင်ကြီးတွေကို အမြစ်ပါမကျန် လန်အောင် လှဲချပစ်တယ်။ အောက်မှာရှိတဲ့ လူတွေ၊ သတ္တ၀ါတွေကလည်း ကြောက်လန့်တကြား အော်ဟစ်ပြေးလွှားလို့ပေါ့။

ဒါပေမယ့် သိပ်မကြာပါဘူး။ သူ ဘယ်လိုမှ တွန်းထုတ် ဖျက်ဆီးလို့မရတဲ့၊ သူ တွန်းထုတ်မှုကို တုတ်တုတ်မျှမလှုပ်တဲ့အရာတစ်ခုကို သွားတိုက်မိတယ်။ အဲဒါက မားမားစွင့်စွင့် မြင့်တဲ့ ကျောက်စိုင်ကျောက်တုံးကြီး။ သူ ဘယ်လောက်အားသုံးပြီး တိုက်တိုက် လုံးဝကို မဖြုံဘူး။

“ကျောက်စိုင်ကျောက်ခဲများဟာ တယ်လဲ တန်ခိုးစွမ်းအား ကြီးမားလှပါလား၊ ငါလည်း ကျောင်စိုင်ကျောက်ခဲ ဖြစ်ချင်လိုက်တာ …”

သူ အဲလို ဆုတောင်းလိုက်တဲ့အခါ ကမ္ဘာမြေပေါ်မှာ အင်အားကြီးမားတဲ့ ဧရာမကျောက်တုံးကြီးဖြစ်သွားတယ်။

ဒါပေမယ့် သူ မားမားစွင့်စွင့်ကြီး ရပ်နေဆဲမှာဘဲ အောက်ဘက်ဆီက တထောက်ထောက် အသံကြားရတယ်။ “ဟာ … ငါ့ကိုယ်ကြီးက ကျောက်စိုင်ကျောက်သားတွေကို တူတစ်လက် ဆောင့်တစ်လက်နဲ့ ထွင်းထုဖဲ့ရွဲ့နေပါကလား၊ ငါ့ခန္ဓာကိုယ်ကြီးက တဖြည်းဖြည်း ပုံစံပြောင်းလာသလိုပါပဲလား” ဟု သူခံစားမိလိုက်သည်။

အောက်ဘက်ကို သူ ငုံ့ကြည့်လိုက်တော့ သူ့ခြေရင်းနားမှာ မြင်လိုက်ရသည်က အခြားသူမဟုတ်၊ ကျောက်ဆစ်သမားတစ်ယောက်ပါကလား။


ဘယ်သူမဆို သူ့နေရာနဲ့သူ အရေးပါ ပါတယ်။ ခွန်အားကြီးသူကလည်း ကြီးတဲ့အလျောက် ခွန်အားနည်းသူကလည်း နည်းတဲ့အလျောက် အရေးပါကြပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ အားနည်းတဲ့သူ ဖြစ်စေကာမူ စိတ်ဓာတ်မကျဘဲ ကိုယ့်ကိုကိုယ် ယုံကြည်ပြီး ဘ၀ကို ကြိုးစားဖြတ်သန်းကြရအောင်နော် ...

Read More...

------------------------

Tuesday, August 28, 2007

ရိုးသားဖြူစင်ခြင်း၏ အကျိုးကျေးဇူး

ပတ်ဝန်းကျင်တွင် မြူနှင်းများဖြင့် ဖုံးလွှမ်းနေသော နံနက်ခင်းတစ်ခုတွင် ဖြစ်သည်။

“စံပယ်ပန်းတွေ ရမယ်၊ စံပယ်ပန်းတွေ”

ကားတွေ၊ လူတွေရှုပ်ယှက်ခတ်နေသော လှည်းတန်းလမ်းဆုံ မီးပွိုင့်ကြီးတစ်ခုတွင် ဖြစ်သည်။

“ဟာ … မီးပွိုင့်နီသွားပြီ၊ စံပယ်ပန်းတွေ … စံပယ်ပန်းတွေ၊ အန်တီ စံပယ်ပန်းယူပါအုံးလား”

“မယူဘူး … မယူဘူး၊ သွားသွား … အလုပ်နောက်ကျနေလို့ စိတ်ညစ်နေရတဲ့ကြားထဲ”
ပြောပြောဆိုဆိုနှင့် ကားပိုင်ရှင်အန်တီကြီးက သူ့ကားမှန်ကို ချက်ချင်းပိတ်ပစ်လိုက်သည်။

“ဟာ … မီးပွိုင့်စိမ်းသွားပြီ၊ ဒီနေ့ဘယ်လိုဖြစ်နေလဲ မသိဘူး၊ ငါ့ စံပယ်ပန်းတွေ ရောင်းမကောင်းပါလား၊ အမေ့ဆေးဖိုးကို ဘယ်လိုလုပ်ရမလဲ၊ ညနေကျရင်လည်း ဆေးခန်းလိုက်ပို့ရအုံးမယ်၊ ဒုက္ခ္ခပါပဲ၊ အမေ့ဆေးဖိုးနဲ့ ဆေးခန်းပြခမှ ရပါ့မလား၊ ဟူး … စိတ်ညစ်လိုက်တာနော်၊ ဘယ်လိုလုပ်ရပါ့မလဲ”

ပလက်ဖောင်းအုတ်ခုံပေါ်တွင် ထိုင်ရင်း သူမတစ်ယောက်တည်း ညည်းနေမိသည်။ အလယ်တန်းကျောင်းသူဖြစ်သော သူမအတွက် ဘ၀ဆိုတာ တော်တော်ခက်ခဲလှသည်။ အမေနေကောင်းစဉ်က အမေက အကြော်ရောင်းတော့ ထမင်းနပ်မှန်အောင်စားရပြီး ကျောင်းအေးဆေးတက်နိုင်ခဲ့သော်လည်း ယခုအမေနေမကောင်းတော့ စားဝတ်နေရေးက သူမတာဝန်ဖြစ်လာခဲ့သည်။ ညီအစ်ကို မောင်နှမမရှိဘဲ အမေတစ်ခု၊ သမီးတစ်ခုဘ၀မို့ အစစအရာရာ သူမ တာဝန်ဖြစ်လာခြင်းဖြစ်သည်။ ထို့ကြောင့် ကျောင်းမသွားခင် ပန်းလေးရောင်းရင်း သူမ အမေ့ဆေးဖိုးကို အတတ်နိုင်ဆုံး ကြိုးစားရှာနေခြင်းဖြစ်သည်။ ဒီနေ့တော့ သူမကျောင်းစာအုပ်ဖိုးတွေ ပေးဖို့ကလည်း နောက်ဆုံးရက်ဖြစ်သောကြောင့် သူမ အနည်းငယ် စိတ်မောနေရသည်။

“ဟူး …”
သူမ သက်ပြင်းရှည်ကြီးချလိုက်မိသည်။

“ဟေ့ … ကလေးမ … ဟေ့ … ကလေးမ … ဦးလေးကို စံပယ်ပန်းတစ်ရာဖိုးလောက် ပေးကွာ၊ ဟေ့ … ကလေးမ”

“ရှင် … ဟုတ်ကဲ့၊ ရမယ် ဦးလေး၊ သမီးက မီးပွိုင့်နီသွားတာကို သတိမထားလိုက်မိလို့”

“ကလေးမက ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဘာတွေများ ဒီလောက် တွေးနေတာလဲကွ”

“ရှင် … ဘာမှမတွေးပါဘူး ဦးလေး၊ ဒီမှာ ဦးလေးအတွက် စံပယ်ပန်းတစ်ရာဖိုး”

“အေး အေး၊ ရော့ တစ်ရာ”

ရုတ်တရက် သူမအံ့သြသွားသည်။ ဦးလေးကြီး သူမအား ပေးလိုက်သည်က ငါးဆယ်တန်တစ်ရွက်နှင့် တစ်ထောင်တန်အသေးတစ်ရွက် ဖြစ်နေသည်။ သူမတွေဝေသွားမိသည်။ ဒီတစ်ထောင်နဲ့ဆို သူမအမေအား ဆေးခန်းမပြနိုင်သည့်တိုင် ဆေးဖိုးလောက်တော့ ရနိုင်သည်။ ထို့ကြောင့် ထိုငွေကို ပြန်မပေးဘဲ သူမ ယူထားလိုက်ရမလား၊ ပြန်ပေးရမလား ဝေခွဲမရနိုင်ဖြစ်နေမိသည်။

“ရှုပ်တယ်ကွာ … ယူထားလိုက်တော့မယ်၊ ဒီတစ်ထောင်နဲ့ဆိုရင် အမေ့အတွက် မနက်စာရယ်၊ ဆေးဖိုးရယ်လောက်တော့ ရမှာပါ၊ အမေလည်း ခုချိန်ဆို ဆာနေလောက်တော့မယ်”
ဟု သူမဘာသာ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

လှည်းတန်းမီးပွိုင့်ဆိုတော့ အနည်းဆုံး ဆယ့်ငါးမိနစ်လောက်တော့ ကြာသည်။ ဟိုဦးလေးကြီးကတော့ မသိသလို နေနေသည်။

ရုတ်တရက် အမေပြောသောစကားကို နားထဲတွင် ပြန်ကြားယောင်လာမိသည်။

“သမီး … လိမ္မာတဲ့ကလေးဆိုတာ သူများ ဥစ္စာပစ္စည်းကို ဘယ်တော့မှ အလကားမယူရဘူး၊ မတရားလည်း ဘယ်တော့မှ မလိုချင်ရဘူး၊ ဘယ်လောက်ဆင်းရဲဆင်းရဲ စိတ်ထားနဲ့ ကိုယ်ကျင့်တရားကိုတော့ ဘယ်တော့မှ မဆင်းရဲစေနဲ့” တဲ့။

ဖျတ်ခနဲသတိဝင်လာပြီး ခုနက ပိုက်ဆံပိုပေးခဲ့သော ဦးလေးကြီး၏ကားဆီသို့ အပြေးအလွှား သွားလိုက်ပြီး
“ဦးလေး … ခုနက ဦးလေးပိုက်ဆံမှားပေးလိုက်လို့၊ သမီး သူများပစ္စည်းကို အလကားမလိုချင်ပါဘူး၊ သမီးကို ငါးဆယ်ပဲ ထပ်ပေးပါ ဦးလေး၊ ဒီမှာ ဦးလေးပေးလိုက်တဲ့ တစ်ထောင်တန်ပါ”
ဦးလေးကြီးအား ပြောလည်းပြော တစ်ထောင်တန်ကိုလည်း ပြန်ပေးလိုက်တော့သည်။

“သြော် … သမီးက တယ်လိမ္မာတာကိုး၊ ဒါနဲ့ ခုနကတော့ ချက်ချင်းပြန်မပေးဘဲ ခုမှ ပြန်ပေးတာလဲ”
ဦးလေးကြီးက သူမအား ပြုံးပြရင်း မေးလိုက်သည်။

“ဟို … အစကတော့ သမီးအမေရဲ့ဆေးဖိုးရတယ်ဆိုပြီး ယူထားလိုက်တော့မလို့ပါ၊ ဒါပေမယ့် အမေပြောထားတဲ့ လိမ္မာတဲ့ကလေးဆိုရင် သူများပစ္စည်းကို မတရားမယူရဘူးဆိုတဲ့ စကားလေးကို သတိရလိုက်လို့ပါ၊ ဒါကြောင့် သမီး ဒီပိုက်ဆံကို မတရားမယူချင်တော့ပါဘူး၊ ဦးလေးကို ဒါကြောင့် ပြန်လာပေးတာပါ၊ သမီးကို ခွင့်လွှတ်ပါနော်”

“အင်း သမီးရဲ့ အမှားကို သတ္တိရှိရှိ ၀န်ခံရဲတဲ့ စိတ်ဓာတ်ကိုတော့ ဦးလေးတကယ်ကို သဘောကျတယ်၊ ဦးလေးက အစကတည်းက မှားပေးလိုက်မှန်းသိတယ်၊ ဒါပေမယ့် ကလေးမ ဘယ်လောက်ရိုးသားတယ်ဆိုတာကို သိချင်လို့ စမ်းသပ်လိုက်တာ၊ ဦးလေးကို အဲတစ်ထောင်ကို ပြန်မပေးနဲ့တော့၊ ကလေးမ ယူထားလိုက်၊ ကလေးမရဲ့ ရိုးသားမှုကို ဦးလေးက ဆုချလိုက်တယ်လို့ သဘောထားပေါ့၊ ဒါပေမယ့် အကျိုးရှိရှိတော့ သုံးရမယ်နော်၊ ဦးလေးကို ကတိပေးနိုင်မလား၊ အကျိုးရှိရှိ သုံးပါ့မယ်လို့”

“ရှင် … ဟုတ်ကဲ့ ဦးလေး၊ သမီး ကတိပေးနိုင်ပါတယ်”
သူမ တက်ကြွစွာဖြင့် ဖြေလိုက်သည်။

“အေး အေး၊ ဒါဆို ကောင်းပါပြီကွယ်၊ ကဲ … မီးလည်းစိမ်းပြီဆိုတော့ ဦးလည်းသွားတော့မယ်၊ ကလေးမလည်း သွားတော့ သွားတော့ …”

သူမ ခေါင်းကိုသာ အခါခါ ညိမ့်ပြရင်း ပလက်ဖောင်းဘက်သို့ ပြေးလာလိုက်မိသည်။ သူမ ရင်ထဲတွင် ၀မ်းသာမှုက ဘာနဲ့မှ နှိုင်းလို့မရ။ ဘာပဲဖြစ်ဖြစ် သူမ၏ ရိုးသာမှုကြောင့် သူမ လိပ်ပြာလုံလုံဖြင့် အမေ့အတွက် လိုအပ်သော ဆေးတစ်ချို့ကို ၀ယ်နိုင်ပြီ။

နောက် သူမ ဆုံးဖြတ်ချက် တစ်ခုကို ခိုင်ခိုင်မာမာ ချလိုက်မိသည်။

ဘ၀ကို ဘယ်လောက်ပဲဆင်းရဲဆင်းရဲ အခက်အခဲမှန်သမျှကို အမေပြောခဲ့သလို ကိုယ်ကျင့်သိက္ခာမဆင်းရဲဘဲ ရိုးသားဖြူစင်စွာဖြင့် လျှောက်လှမ်းသွားတော့မည် ဟု …

Read More...

------------------------

ပြတင်းပေါက်

တစ်ခါက ဆေးရုံကြီးတစ်ရုံရှိ လူနာခန်းကျဉ်းလေးတစ်ခုထဲမှာ လူနှစ်ယောက်ရှိကြသည်။ နှစ်ယောက်စလုံးပင် ရောဂါသည်းသော လူနာများဖြစ်သည်။ အခန်းလေးက ကျဉ်းပြီး အပြင်လောကကို ကြည့်စရာ ပြတင်းပေါက်တစ်ခုသာပါသည်။

လူနာနှစ်ယောက်အနက် တစ်ယောက်က နေ့လည်ပိုင်းတွင် သူ့အဆုတ်ထဲက ရေတွေကို ပိုက်နှင့် စုပ်ထုတ်ရသောကြောင့် တစ်နာရီခန့်ထိုင်ခွင့်ရသည်။ သူ့ခုတင်က ပြတင်းပေါက်အနီးတွင်ရှိသည်။ တစ်ဖက် ခုတင်ရှိ လူနာကတော့ တစ်ချိန်လုံးပက်လက်လှန်ကာ စန့်စန့်ကြီးလှဲနေရလေသည်။

နေ့လည်ခင်းတိုင်း ပြတင်းပေါက်အနီးရှိ လူနာက သူထိုင်ခွင့်ရသည့်အခါတိုင်း ပြတင်းပေါက်မှ မြင်ရသည့်အရာများအား သူ့ကို ဖောက်သည်ချလေ့ရှိသည်။ ပြတင်းပေါက်မှတဆင့် ပန်းခြံကြီးတစ်ခုအား တွေ့ရသည်ဟု သူက ပြောသည်။ ထိုပန်းခြံကြီးထဲ၌ ရေကန်တစ်ခုကို တွေ့ရသည်။ ထိုရေကန်ကြီးထဲ၌ ဘဲတွေ၊ ငန်းတွေ ရေကူးနေကြသည်။ ကလေးငယ်လေးများက သူတို့ကို ပေါင်မုန့်လေးများ ပစ်ကျွေးကြသည်။ တစ်ချို့ကလေးများက ရေကန်ထဲသို့ စက္ကူလှေလေးများ မျှောနေကြသည်။ ချစ်သူစုံတွဲများက သစ်ပင်ကြီးများအောက်တွင် လက်ချင်းတွဲကာ လျှောက်နေကြသည်။ ပန်းတွေက ဝေေ၀ဆာဆာ ပွင့်နေသည်။ လိပ်ပြာလေးများက ဟိုမှ ဒီမှ ခုန်ကူးနေကြသည်။ ဟိုးအဝေးကို မျှော်ကြည့်လိုက်လျှင်မူ ထိုးထွက်နေသော တိုက်တာ အဆောက်အအုံများကို လှမ်းမြင်နေရသည်။ ထို့နောက် ပြာလဲ့နေသော မိုးကောင်းကင်။

ပက်လက်လှဲနေသောလူနာသည် တစ်ဖက်လူနာ ခရေစေ့တွင်းကျပြောနေသော စကားများကို အရသာတွေ့လျက်ရှိသည်။ ကလေးတစ်ယောက် ချော်လဲသွားတာ၊ ရောင်စုံကောင်မလေးတွေ အရမ်းကို လှပနေသည့်အကြောင်းများကို သူ့မျက်စိထဲတွင် အသေးစိပ်မြင်တွေ့ရသည်။

တစ်နေ့မှာတော့ သူ့ခေါင်းထဲသို့ အတွေးတစ်ခု ၀င်ရောက်လာခဲ့သည်။ သူကိုယ်တိုင် ထိုမြင်ကွင်းများကို ကြည့်ချင်သောစိတ်ဖြစ်သည်။ တစ်ဖက်လူက ရှုခင်းများကို သေချာစွာ သိမြင်ခွင့်ရသည်။ သူကိုယ်တိုင်ကတော့ ပြောပြနေသည်ကိုသာ နားထောင်နေရသောကြောင့် အားမရနိုင်ဖြစ်မိသည်။ သူ့ကိုယ် ဘာကြောင့် ထိုနေရာမှာ မထားပေးသလဲ ဟု အနည်းငယ် မကျေမနပ်ဖြစ်မိသည်။ ထို့ကြောင့် ဘယ်လိုနည်းနဲ့မဆို ထိုသူနှင့် နေရာချင်းလဲမှ ဖြစ်မည်ဆိုတာမျိုးထိ သူ တွေးမိသည်။

တစ်ခုသောညမှာတော့ သူ ဟိုတွေးဒီတွေးဖြင့် မအိပ်နိုင်ဖြစ်နေစဉ် တစ်ဖက်ခုတင်မှ လူနာက ရုတ်တရက်နိုးလာကာ ချောင်းဆိုးသည်။ ချောင်းဆိုးရင်း သီးလာသည်။ သူနာပြုဆရာမအား အရေးပေါ်ခေါ်ရန် အရေးပေါ်ခလုတ်အား စမ်းတ၀ါးဝါးဖြင့်ရှာနေသည်။

သို့သော် သူကတော့ မလှုပ်ရှားဘဲ မသိချင်ယောင်ဆောင်ကာ နေလိုက်သည်။ ခဏကြာတော့ တစ်ဖက်ခုတင်မှ အသံက ငြိမ်ကျသွားသည်။

နောက်တစ်နေ့မနက်ခင်းတွင် သူနာပြုဆရာမက တစ်ဖက်ခုတင်မှ လူနာသေဆုံးကြောင်းတွေ့ရှိကာ အလောင်းကို တိတ်ဆိတ်စွာပင် သယ်ယူသွားသည်။

ဣနြေ္ဒမပျက်လောက်ဘူး ဟု သူထင်သောအချိန်တွင် သူနာပြုဆရာမအား ပြတင်းပေါက်ရှိသော တစ်ဖက်လူနာ၏ ခုတင်ဘက်သို့ ပြောင်းပေးရန် သူပြောလိုက်သည်။ သူနာပြုဆရာမကလည်း သူ့သဘောအတိုင်းပင် တစ်ဖက်သို့ ပြောင်းပေးသည်။

ပြောင်းရွှေ့ပြီး သူနာပြုဆရာမနှင့် အလုပ်သမားများ ထွက်သွားသည်နှင့်တစ်ပြိုင်နက် တံတောင်တစ်ဖက်ကို အားယူကာ ကြိုးစားထသည်။ နာကျင်မှုဝေဒနာကို ကျိတ်မှိတ်ခံစားရင်း သူ့ကိုယ်သူ ကြိုးစားထူမကာ ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်လိုက်သည်။ သူ အံ့သြမင်သက်သွားကာ ရုတ်တရက် ရင်ဘက်တစ်ချက်အောင့်ပြီး ငြိမ်ကျသွားသည်။

သူ မြင်လိုက်ရသည်က တစ်ဖက်လူနာပြောခဲ့သလို သာယာသော ရှုခင်းများမဟုတ်။

အဖြူရောင် တံတိုင်းကြီးတစ်ခုသာ။

Read More...

------------------------

Monday, August 27, 2007

သော့ပိုလေးတစ်ချောင်း

“စကားလုံး တစ်ထောင်ထက်
ဆောင်ရွက်မှု တစ်ခုက
ပို၍ အရာထင်သည်”

ကြားဖူးခဲ့တဲ့ စကားလေးတစ်ခွန်းပါ။ ဘယ်သူပြောခဲ့တာလည်း ဆိုတာတော့ မမှတ်မိတော့ဘူး။ ပြောတုန်းကတော့ သူက ပုံပြင်လေးတစ်ခုနဲ့အတူ ကောင်းကင်ကို ပြောပြခဲ့တာပါ။ ခု ကောင်းကင်က အခြားသူတွေကို ပြန်ပြီး ပြောပြလိုက်ပါတယ်။

သူမငယ်စဉ်တုန်းက ကျောင်းသွားပြီး အိမ်ပြန်ရောက်တဲ့အခါတိုင်း တစ်နေ့တာ ကြုံတွေ့လာခဲ့ရသမျှကို အိမ်မှာပြန်ပြီး ပြောပြလေ့ရှိတတ်ပါတယ်။ သူမ ထိုသို့အားရပါးရ ပြောပြသည့်အခါတိုင်း သူမ၏ဖခင်က လုပ်လက်စ အလုပ်များကို ချပြီး သူမ ပြောသည်များကို ဂရုတစိုက် လာရောက်နားထောင်လေ့ရှိပါတယ်။

အဖေနဲ့ သူမကြားမှာ မပြောဖြစ်တဲ့စကားဆိုတာ မရှိသလောက်ပါဘဲ။ သူမ အသက် (၁၃) နှစ်၊ (၁၄) နှစ်လောက်က ထင်တယ်။ သူမ လမ်းလျှောက်တာက မပြေမပြစ်ဖြစ်နေတော့ သူမ ဖေဖေက သူမအား မည်ကဲ့သို့လျှောက်ရမည်ကို သင်ကြားပေးခဲ့သည်။ မိန်းကလေးတစ်ယောက်က ဘယ်လိုဟန်ပန်မျိုးနဲ့ လျှောက်သင့်သည်ကို သူမဖခင်က ပြောပြပေးခဲ့သည်။ ထိုမျှမက ကျောင်းက ကောင်လေးတွေနှင့် ပတ်သက်၍လည်း သူမဖခင်က ဘယ်လိုဘယ်ပုံ ပြောဆိုဆက်ဆံသင့်သည်၊ ဘယ်လိုအမူအရာဆိုရင်တော့ ဘယ်လိုအဓိပ္ပါယ်မျိုး သက်ရောက်နိုင်သည်ကို သူငယ်ချင်းအရင်းတစ်ယောက်ပမာ ရင်းရင်းနှီးနှီးဖြင့် ပြောဆိုဆုံးမကာ သင်ကြားပေးခဲ့သည်။

တက္ကသိုလ်ပြီးတော့ သူမ အပြင်လောကကြီးထဲသို့ ကိုယ့်အားကိုယ်ကိုးရင်း ၀င်ရောက်ခဲ့သည်။ အထက်တန်းကျောင်းတစ်ခုမှာ ဆရာမတစ်ယောက်အဖြစ် သူမ၀င်လုပ်ခဲ့သည်။ သူမ၏အိမ်နှင့် ကျောင်းက မိုင် (၁၆၀)ကျော်လောက် ဝေးသည်။

သူမအလုပ်က အဆင်ပြေသော်လည်း အရမ်းအကောင်းကြီးတော့မဟုတ်။ သွားရေးလာရေး ကြန့်ကြာသည့်အပြင် ကျောင်းအနီးဝန်းကျင်တွင် လမ်းသရဲများရှိသည်။ သူမ သင်ကြားပေးနေသော သူမ၏ တပည့်များထဲတွင်ပင် လုယက်မှု၊ မူးယစ်ဆေးသုံးစွဲမှု၊ အလစ်သုတ်မှုများ ကျူးလွန်ခဲ့ဘူးသူများ ဖြစ်သည်။

“သမီး သွားရင် လာရင် လမ်းမှာ သတိထားနော်”ဟု စနေ၊ တနင်္ဂနွေ သွားရောက်လည်တိုင်း အဖေက သတိပေးလေ့ရှိသည်။ သူမတစ်ယောက်တည်း အိမ်ငှားနေတာ အဖေက စိတ်မချ။ သို့သော်လည်း သူမက လူငယ်ဘာဝ လွတ်လပ်မှုကို ခုံမင်တာရော၊ တစ်ယောက်တည်း ရပ်တည်ချင်တာရောကြောင့် အိမ်ခွဲနေခဲ့သည်။ အတွေ့အကြုံနည်းသလောက် လူက တက်တက်ကြွကြွ။ အဖေတားသည့်ကြားက တစ်ယောက်တည်း နေခဲ့သည်။ အလုပ်တစ်ခုရဖို့ကလည်း ထိုအချိန်က မလွယ်။ သူမ အလွန် ကံကောင်း၍ ရခဲ့ခြင်းဖြစ်သည်။ ဒါကြောင့်လည်း လူက ပိုတက်ကြွခြင်းဖြစ်သည်။ ထို့ကြောင့်လည်း အဖေက သတိထားဖို့ပြောသည့်အခါတိုင်း “မစိုးရိမ်ပါနဲ့ အဖေရယ်” လို့ သူမ အေးအေးဆေးဆေးပင် ပြန်ပြောခဲ့မိသည်။

တစ်နေ့ညနေခင်းမှာတော့ အတန်းနှင့်ပတ်သက်သောကိစ္စများကို ပြီးဆုံးအောင်လုပ်နေရသောကြောင့် အခန်းထဲမှ အတော်ကြာမှ ထွက်ဖြစ်ခဲ့သည်။ မီးပိတ်၊ စာသင်ခန်းတံခါးပိတ်ပြီး ဂိတ်ပေါက်ဝရောက်တော့ ဂိတ်တံခါးက ပိတ်ထားပြီ။ ဆရာ၊ဆရာမလည်း တစ်ယောက်မှမရှိ။ ဂိတ်ပေါက်စောင့်သော ဦးလေးကြီးအားလည်း ရှာလို့မတွေ့။ အခြား မည်သူတစ်ဦးတစ်ယောက်ကိုမှလည်း မတွေ့ရပေ။ နာရီက ၆နာရီ ထိုးတော့မည်။ ခုနကတော့ အလုပ်ဇောကပ်နေသောကြောင့် နာရီကိုလည်း သေချာမကြည့်မိ။ သူမ ရှိနေသည်ကိုလည်း မည်သူတစ်ဦးတစ်ယောက်မှ သတိမထားမိဘဲ ထွက်သွားကြပုံပင်။

ကျောင်းတစ်ပတ် ထွက်ပေါက်ရှိလေမလားလို့ လိုက်ရှာမိတော့ ကျောင်းအနောက်ဘက် ဂိတ်ပေါက်တံခါးအောက်က ကတ်ကတ်သတ်သတ် လျှိုထွက်လျှင် ရနိုင်မည့်အခြေအနေကို သွားတွေ့ရသည်။ ထို့ကြောင့် လက်ကိုင်အိတ်ကို အရင်ထိုးထည့်လိုက်ပြီး နောက် သူမကတော့ ပက်လက်လှန်ကာ တံခါးအောက်မှ တဖြည်းဖြည်းချင်း လျှိုထွက်ခဲ့သည်။

ထို့နောက် အိတ်ကို ယူပြီး ကားရှိရာသို့ လျှောက်လာခဲ့သည်။ ကားက ကျောင်းရှေ့တွင် ရပ်ထားသောကြောင့် ကျောင်းကို တစ်ပတ်ပြန်ပတ်ရလေသည်။ မှောင်ရိပ်သန်းနေသော ကျောင်းပတ်ဝန်းကျင်က တော်တော်ကို ချောက်ချားဖို့ ကောင်းလှသည်။

ထိုအခိုက် ဆူဆူညံညံအသံတွေကို သူမကြားလိုက်ရသည်။ သူမ လှည့်ကြည့်လိုက်တော့ တက္ကသိုလ်ကျောင်းသားအရွယ် လူငယ် ၉ဦး၊ ၁၀ဦးခန့် သူမရှိရာဘက်သို့ လျှောက်လာသည်ကို မြင်လိုက်ရသည်။ မှောင်ရိပ်ကြားကပင် သူတို့ပုံစံက လူဆိုးပုံပေါက်နေသည်ကို သူမ သတိထားလိုက်မိသည်။

“ဟေ့ … ခင်ဗျားက ဒီကျောင်းက ဆရာမလား”
သူတို့ထဲမှ တစ်ယောက်က သူမအား လှမ်းမေးလိုက်သည်။

“မဟုတ်လောက်ပါဘူးကွ၊ ကောင်မလေးကြည့်ရတာ ငယ်ငယ်လေးပဲ၊ ကျောင်းသူ ဒါမှမဟုတ်လည်း အကူလောက်ပဲဖြစ်မှာပါ”
သူတို့ထဲမှ တစ်ယောက်က စောစောက မေးသူ၏ မေးခွန်းကို ၀င်ဖြေလိုက်သည်။

သူမ အနည်းငယ်ထိတ်လန့်ကာ ခပ်သွက်သွက်လျှောက်တော့ သူတို့ကလည်း အမျိုးမျိုးပြောကြကာ သူမနောက်မှ ဆက်လိုက်လာကြသည်။

သူမက ခြေလှမ်းတွေကို ပိုမြန်လိုက်ရင်း အိတ်ထဲသို့လက်နှိုက်ကာ ကားသော့ကို ရှာဖွေနေမိသည်။ သော့ကို ရလျှင် ကားဆီသို့ သည်ထက်ပိုပြီး အမြန်ပြေးပြီး အမြန်တံခါးဖွင့် အမြန်ဝင်ပြီး တံခါးပိတ်ကာ မောင်းပြေးမည်ဟု စိတ်ကူးလိုက်သည်။ သူမ ရင်တွေက တဒိန်းဒိန်းခုန်လာသည်။ အလောတကြီးရှာနေသောကြောင့်လား မသိ။ သော့ကွင်းလေးကို သူမ ဘယ်လိုမှ ဆန်းလို့မမိပေ။ ဘယ်လိုရှာရှာမတွေ့။

“ဟေ့ကောင်တွေ မြန်မြန်လိုက်ကြကွ၊ မလွတ်စေနဲ့”
သူတို့ထဲမှ တစ်ယောက်က အော်ပြီး ကျန်သူများကို ပြောလိုက်သည်။

သူမ အလွန်ကို တုန်လှုပ်သွားသည်။ “ဘုရား တပည့်တော်မကို ကယ်တော်မူပါ” ဟု စိတ်ထဲမှနေ၍ ဆုတောင်းလိုက်မိသည်။ ထို့နောက် ရုတ်တရက် သူမလက်ချောင်းလေးများက သော့တစ်ချောင်းကို စမ်းမိလိုက်သည်။ ကားသော့ ဟုတ်၊ မဟုတ် သူမ သေချာမစဉ်းစားနိုင်။ သော့ကို သေချာ ဆုပ်ကိုင်ပြီး သူမကားဆီသို့ အလောတကြီး ပြေးတော့သည်။ ထို့နောက် သော့တံကို ထိုးထည့်ကာ ဖွင့်လိုက်သည်။

သော့က ကံကောင်းစွာဖြင့် ပွင့်သွားခဲ့သည်။ သူမ ကားထဲသို့ အမြန်ဝင်ပြီး လော့ချကာ ချောက်ချားစွာဖြင့်ပင် ထိုနေရာမှ မောင်းပြေးခဲ့တော့သည်။

ထို့နောက်တော့ အနီးအနားက လူကြီးများနှင့် ဆရာမတစ်ယောက်ကို ခေါ်၍ ပြန်သွားကြည့်ကြသည်။ သူမ၏ သော့ကွင်းလေးက တံခါးစောင့်ဦးလေးကြီးအား သူမသွားရှာရင်း ထိုဦးလေးကြီး၏ တဲတံခါးဘောင်တွင် သူမ မေ့ကျန်ခဲ့ခြင်းဖြစ်သည်။

သူမ အခန်းသို့ သူမပြန်ရောက်တော့ အချိန်က တော်တော်ကိုနောက်ကျနေပြီ။ ထိုအခိုက် ဖုန်းမြည်သံကြားရသောကြောင့် ကောက်ကိုင်လိုက်သောအခါ သူမဖေဖေဆီမှ ဆက်လာခြင်းဖြစ်သည်။ ပူပူနွေးနွေး ကြုံတွေ့ခဲ့ရသော ပြဿနာအား အဖေစိတ်ပူမည်ဆိုး၍ အဖေ့အား မပြောပြတော့။

အဖေနှင့် ဟိုအကြောင်း ဒီအကြောင်းတွေ ပြောရင်း နောက်ဆုံးပြောလိုက်သော အဖေ့စကားကြောင့် သူမ အဖေ့အား အလွန်ကို ကျေးဇူးတင်ကာ မျက်ရည်ပင်ကျမိသည်။ အဖေပြောလိုက်သည်က …

“သမီး … အဖေ သမီးအိတ်ထဲမှာ ကားသော့အပိုတစ်ချောင်း ထည့်ပေးထားတယ်၊ အရေးတကြီးလိုတဲ့အခါ သုံးလို့ရအောင်လို့လေ၊ ဟိုနေ့က အဖေ သမီးကို မပြောလိုက်ရလို့” တဲ့။

ဘယ်လောက် တိုက်ဆိုင်လိုက်သလဲ။ ခုလေးတင်ပင် အဖေ အမြော်အမြင်ကြီးကြီးဖြင့် လုပ်ပေးလိုက်သော သော့ပိုလေးက သူမအား ကယ်တင်ခဲ့သည်။ ယခုအချိန်ထိ သူမ အဖေလုပ်ပေးထားသော သော့ပိုလေးအား မြတ်နိုးစွာ သိမ်းထားဆဲဖြစ်သည်။ ထို့အတူ စဉ်းစားလုပ်ကိုင်စရာရှိသည့်အခါတိုင်း၊ အရေးကြီးကိစ္စများ ဆုံးဖြတ်ရသည့်အခါတိုင်း အဖေ့ရဲ့ လမ်းညွှန်ချက်၊ အဖေ့ရဲ့ ဥာဏ်အမြော်အမြင်နှင့် အဖေ့ရဲ့ အားပေးအတည်ပြုချက်များကို သူမ ရယူဆဲဖြစ်သည်။ အဖေဥာဏ်အမြော်အမြင်ကြီးစွာ လုပ်ပေးခဲ့သော သော့ပိုလေးတစ်ချောင်းက သူမ၏ဘ၀ကို ဘေးရန်တစ်ခုမှ လွတ်မြောက်အောင် ခြွင်းချက်မရှိ ကူညီပေးခဲ့သည် မဟုတ်လား။

ထို့အတူ သူမ အသိတစ်ခု ရခဲ့ရသည်။

မိဘများသည် သူတို့၏ သားသမီးများအား မေတ္တာတရားဖြင့် ဘေးအန္တရာယ်အပေါင်းမှ လွတ်ကင်းအောင် အချိန်နေရာမလပ် စောင့်ရှောက်နေကြောင်း …

Read More...

------------------------

Sunday, August 26, 2007

မြို့နှစ်မြို့

တစ်ခါက မြို့ကြီးတစ်ခု၏ မြို့အ၀င်ဝသို့ ခရီးသည်တစ်ဦးရောက်လာခဲ့သည်။ ထိုခရီးသည်က မြို့ထဲသို့ မ၀င်မီ လမ်းဘေးတွင် ထိုင်နေသည့် မိန်းမတစ်ဦးအား မေးလိုက်သည်။

“ဒီမြို့က သူတွေက ဘယ်လို စိတ်နေစိတ်ထားမျိုး ရှိကြပါသလဲ”

ထိုအခါ အမျိုးသမီးက ထိုခရီးသည်အား ပြန်မေးလိုက်သည်။
“ရှင် ထွက်လာတဲ့ မြို့က မြို့သူမြို့သားတွေကရော ဘယ်လို စိတ်သဘောထားမျိုးရှိပါသလဲ”

ခရီးသည်က
“အမလေး … မပြောပါနဲ့တော့ဗျာ၊ ရိုင်းလိုက်ကြတာ ပြောမနေပါနဲ့တော့၊ ယုံကြည်လို့လည်း မရဘူး၊ ယုတ်မာကောက်ကျစ်ကြတာလဲ မပြောပါနဲ့တော့ဗျာ၊ တကယ့်ကို ကောင်းကွက်တစ်ကွက်မှကို မရှိပါဘူး”
ဟု ရှုံ့မဲ့ကာ ဖြေလေသည်။

“အင်း … ဒီမြို့ထဲက လူတွေကိုလဲ အဲဒီပုံစံအတိုင်း ရှင်တွေ့ရအုံးမှာပါ”
ဟု အမျိုးသမီးက ပြန်ဖြေလိုက်သည်။

ထို့နောက် မကြာမီ ဒုတိယခရီးသည်ရောက်လာပြီး ထိုအမျိုးသမီးကြီးအား အလားတူ မေးခွန်းကိုပင် မေးလေသည်။ ထိုအခါ အမျိုးသမီးကလည်း ရှေးကအတိုင်း ထိုခရီးသည်အား ယခင်က ထွက်လာခဲ့သော မြို့ရှိလူများ၏ စိတ်သဘောထားကို ပြန်မေးလေသည်။

“အင်မတန် စိတ်သဘောထားဖြူစင်ကြပါတယ်ဗျာ၊ အလွန်လည်း ဖော်ရွေကြပါတယ်၊ ရိုးသားတယ်၊ ကြိုးစားတယ်၊ သူမတူအောင်လည်း ရက်ရောကြပါတယ်၊ အဲဒီက ထွက်လာရတာ ကျွန်တော် တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်ဗျာ”
ဟု စိတ်အားထက်သန်စွာ၊ လှိုက်လှဲစွာ ဖြေလေသည်။

ထိုအခါ ပညာရှိအမျိုးသမီး ဖြေလိုက်သည်က
“ဒီမြို့ထဲမှာလည်း အဲဒီလိုလူမျိုးတွေကိုပဲ ရှင်တွေ့ရမှာပါ”
ဟူ၍ ဖြစ်လေသည်။

လူတစ်ယောက်နဲ့တစ်ယောက်အမြင်ဟာ အရမ်းကို အရေးကြီးပါတယ်။ လူတစ်ယောက်က ကိုယ့်ကို အကောင်းမြင်နိုင်ဖို့ဆိုတာက ကိုယ်ကိုယ်တိုင်လည်း သူတစ်ပါးကို အကောင်းမြင်စိတ်နဲ့ ကြည့်တတ်မှ ဖြစ်မှာပါ။ သူများကို အကောင်းမမြင်ဘဲ ကိုယ့်ကို အကောင်းမြင်စေဖို့ဆိုတာ တကယ်ကို မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဘယ်သူ့အပေါ်ကိုမဆို အကောင်းမြင်နိုင်အောင် ကြိုးစားကြပါလို့ …

Read More...

------------------------

Wednesday, August 22, 2007

အဖေ

ကျွန်တော် အသက် ၄ နှစ်သားတုန်းက ငါ့ဖေဖေကြီး ဘာမဆိုလုပ်တတ်တယ်။

၅နှစ် ... ငါ့ဖေဖေကြီး မသိတာ မရှိဘူး။

၆နှစ် ... ငါ့အဖေက မင်းအဖေထက် တတ်တယ်ကွ။

၈နှစ် ... တို့အဖေက အကုန်လုံးတော့လည်း အတိအကျမသိဘူး။

၁၀နှစ် ... အဖေတို့ ငယ်ငယ်တုန်းကနဲ့ ခုက တစ်ခြားစီပဲ။

၁၂နှစ် ... အင်း အဲဒါတော့ အဖေလည်း ဘယ်သိပါ့မလဲ၊ သူက အသက်ကြီးပြီဆိုတော့ ကလေးတုန်းက အကြောင်းတွေ မမှတ်မိနိုင်တော့ဘူး။

၁၄နှစ် ... အဖေတော့ ထည့်မပြောနဲ့၊ သူက ရှေးရိုးသမားကြီး။

၂၁နှစ် ... အဘိုးကြီးလား ... ထားပါ၊ အောက်နေပြီ၊ လုံးဝအောက်နေပြီ။

၂၅နှစ် ... အဖေလည်း နည်းနည်းပါးပါးတော့ သိတယ်၊ မသိလို့လည်း မဖြစ်ဘူးလေ၊ လူကြီးပဲဟာ။

၃၀ ... အဖေ့ကို နည်းနည်းပါးပါး မေးမြန်းကြည့်ရင် ကောင်းမယ်ထင်တယ်၊ ဘာပဲပြောပြော သူက အတွေ့အကြုံအများကြီးရှိတယ်။

၃၅နှစ် ... အဖေနဲ့ တိုင်ပင်ပြီးမှဘဲ ဒီကိစ္စအတွက် ငါတစ်ခုခု လုပ်နိုင်မယ်။

၄၀ … အဖေသာဆိုရင် ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ မသိဘူး၊ အဖေက အတွေ့အကြုံ စုံတယ်၊ အမြော်အမြင်လည်း ရှိတယ်။

၅၀ … ဒီကိစ္စ အခုနေသာ အဖေနဲ့ တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ပေးရပေးရ ငါ ပေးပါတယ်။ အဖေ့ အရည်အချင်းတွေ သူ သူရှိနေတုန်းက ကောင်းကောင်းသတိမထားခဲ့မိတာ သိပ်နှမြောစရာကောင်းတယ်၊ တကယ်ဆို ငါ အဖေ့ဆီက အများကြီး ရလိုက်ဖို့ကောင်းတယ်။

[မူရင်း။ ။ Ann Landers ၏ My Father When I was]

မိဘတစ်ယောက်ရဲ့ အရည်အချင်း၊ အတွေ့အကြုံ ဗဟုသုတတွေကို အထင်မသေးဘဲ ကောင်းကောင်းတန်ဖိုးထားတတ်နိုင်ပါစေလို့ ...

Read More...

------------------------

Sunday, August 19, 2007

အဲသည်လို အစ်ကိုမျိုး

ကျွန်တော့်သူငယ်ချင်း ပေါလ်မှာ ခရစ္စမတ်လက်ဆောင်အဖြစ် သူ့အစ်ကိုကြီးထံမှ ကားတစ်စီးရသည်။

ခရစ္စမတ်အကြိုနေ့တွင် သူရုံးခန်းကထွက်လာသောအခါ လမ်းဘေးတွင် ကောင်လေးတစ်ယောက်က တောက်ပသော သူ့ကားသစ်ကြီးကို သဘောကျစွာ လှည့်ပတ်ကြည့်နေသည်ကို မြင်လိုက်သည်။ ထိုကောင်လေးက သဘောကျစွာ လှည့်ပတ်ကြည့်ရုံနှင့် အားမရဘဲ သူ့ကို မေးလေသည်။

“ဒါ အစ်ကို့ကားလား”

ပေါလ်က ခေါင်းညိမ့်ပြီး
“အေးကွ၊ ငါ့အစ်ကိုက ခရစ္စမတ်လက်ဆောင် ပေးထားတာ”
ဟု ဖြေလိုက်သည်။

ကောင်လေးက အလွန်အံ့အားသင့်သွားပြီး
“ဟာ … ခင်ဗျားအစ်ကိုက ခင်ဗျားကို အလကားပေးတာ … ဟုတ်လား၊ ခင်ဗျား ပိုက်ဆံတစ်ပြားမှ မကုန်ဘူးပေါ့၊ ဟာဗျာ … ကျွန်တော်သာ ဆုတောင်းလို့ရမယ်ဆိုရင် …”
ဆိုပြီး ကောင်လေးက ဆက်မပြောဘဲ ရပ်နေသည်။

တကယ်လို့သာ ဆုတောင်းလို့ရရင် ကောင်လေးဘာစဉ်းစားမည်လဲ ဟု ပေါလ် တွေးနေမိသည်။ သူ့မှာလည်း အဲလို အစ်ကိုမျိုး တစ်ယောက်လောက်ရပါစေ ဟု ဆုတောင်းမှာပဲပေါ့ ဟု ပေါလ်ထင်မိသည်။

သို့သော် ကောင်လေးထံမှ နောက်ထပ်ကြားလိုက်ရသော စကားကြောင့် ပေါလ် ကြက်သီးမွေးညင်း ထသွားသည်။
“ကျွန်တော် အဲလိုအစ်ကိုမျိုး ဖြစ်ချင်လိုက်တာဗျာ” တဲ့။

ကောင်လေးကို သူ အံ့အားသင့်စွာ ငေးကြည့်မိသည်။ ထို့နောက် သူကိုယ်တိုင် ဘယ်လိုဖြစ်သွားသည်ကို မသိလိုက်ဘဲ ကောင်လေးအား
“မင်း ငါ့ကား လိုက်စီးကြည့်မလား”
ဟု မေးလိုက်မိသည်။

“ဟုတ်ကဲ့၊ စီးချင်တာပေါ့ဗျာ”

ကားစီးပြီး ခဏကြာတော့ ကောင်လေးက “ကျွန်တော်တို့ အိမ်ဘက်က လှည့်မောင်းပေးလို့ရမလား ခင်ဗျာ” ဟု မေးသည်။

ကောင်လေးရဲ့ တောက်ပနေသော မျက်လုံးကို ကြည့်ပြီး ပေါလ် ပြုံးမိသည်။ ကောင်လေး စိတ်ထဲ ဘာတွေ တွေးနေလဲ ဘာတွေရှိနေလဲ သူတွေးမိသည်။ သူ့ရဲ့ ကားသစ်ကြီးစီးပြီး အိမ်ပြန်လာတာကို အိမ်နီးနားချင်းများကို ကြွားချင်သည်ဟု ပေါလ်ထင်မိသည်။

သို့သော် သည်တစ်ခါတွင်လည်း ပေါလ်အထင်မှားပြန်သည်။

“ဟို လှေကားနှစ်ဆင့်နဲ့ အိမ်ရှေ့မှာ ရပ်ပေးပါ ခင်ဗျာ”
ကောင်လေးက ပြောသည်။

ထို့နောက် ကောင်လေးက လှေကားထစ်တွေအတိုင်း ပြေးတက်သွားသည်။ ခဏကြာသောအခါ ပြန်ဆင်းလာသော ခြေသံကို ကြားရသည်။ သို့သော် ခြေသံက တက်သွားတုန်းကလောက် မမြန်။ ကောင်လေးက ကလေးတစ်ယောက်ကို ချီယူကာ ဆင်းလာခြင်းဖြစ်သည်။ ခြေထောက်မသန်သော သူ့ ညီလေး။ ကောင်လေးက သူ့ညီလေးအား ချပြီး အောက်ဆုံး လှေကားထစ်မှာ ထိုင်ခိုင်းလိုက်သည်။ ထို့နောက် သူ့ညီလေးအား တင်းတင်းဖက်ထားပြီး ကားကိုပြလေသည်။

“ဟိုမှာ တွေ့လား ညီလေး၊ အပေါ်မှာတုန်းက အစ်ကိုကြီးပြောတဲ့ ကားလေ၊ အဲဒါ သူ့အစ်ကိုကြီးက သူ့ကို ခရစ္စမတ်လက်ဆောင်ပေးတာတဲ့၊ သူ့ပိုက်ဆံတစ်ပြားမှ မကုန်ဘူး၊ အစ်ကိုကြီးလဲ နောက်ကျရင် ညီလေးကို ဒီလိုကားမျိုးတစ်စီး ၀ယ်ပေးမယ်၊ အဲဒီအခါကျရင် ညီလေးကို အစ်ကိုကြီးပြောထားတဲ့ ခရစ္စမတ်ဆိုင်တွေမှာ ပြထားတဲ့ အလှအပ ပစ္စည်းမျိုးစုံကို ညီလေး လိုက်ကြည့်နိုင်ပြီကွ” ဟု ကောင်လေးက အားရပါးရ ပြောနေသည်။

ပေါလ် ကားထဲမှ ထွက်လာပြီး ခြေမသန်သော ကလေးငယ်လေးကို ချီ၍ ကားရှေ့ခန်းထဲသို့ ထည့်လိုက်သည်။ အစ်ကိုလုပ်သည့်ကောင်လေးက ၀မ်းသာအားရဖြင့် သူ့ညီလေးဘေးမှ ၀င်ထိုင်လိုက်သည်။

အဲဒီနေ့က သူတို့သုံးယောက် လျှောက်လည်ကြသည့် အတွေ့အကြုံက သုံးယောက်လုံးအတွက် တစ်သက်မမေ့နိုင်စရာ အဖြစ်အပျက်လေး ဖြစ်သည်။

အထူးသဖြင့် ပေါလ်အဖို့ သင်ခန်းစာတစ်ခု မှတ်မှတ်သားသား ရခဲ့သည်။ ယူရခြင်းအရသာထက် ပေးရခြင်းကြောင့်ရရှိသော ပီတိက ပို၍ နှစ်သက်ဖွယ် ချိုမြိန်လှသည် … ဟူသော အသိတရားပင်။

(မူရင်း။ ။ Dan Clark ၏ A Brother Like That)

ဒီဝတ္ထုတိုလေးကို ဖတ်ပြီး အားလုံးလည်း ရယူခြင်းထက် ပေးကမ်းရခြင်းကြောင့် ရရှိသော ပီတိက ပို၍ ချိုမြိန်ကြောင်းကို ခံစားနားလည်နိုင်ပါစေလို့ …

Read More...

------------------------

Thursday, August 16, 2007

ငါ အိုသွားတဲ့အခါ

မှတ်သားဖူးခဲ့တဲ့ စာသားလေးတွေပါ ... ကောင်းကင်ကြိုက်နှစ်သက်သလို အားလုံးလည်း ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ် ...

ငါ အိုသွားတဲ့အခါ ငါဟာ အရင်က ငါ မဟုတ်တော့ဘူး…
ငါ့ကို နားလည်ပေးပါ၊ ငါ့ကို စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ …

ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ်လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့ မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့ …
ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာကို ကျေးဇူးပြုပြီး သတိရပေးပါ …

အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ …
ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါ ချော့သိပ်ခဲ့ဘူးတာတွေကို သတိရပေးပါ …

မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့ …
ငယ်ငယ်တုန်းက ချော့တစ်ခါ ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဘူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ …

ခေတ်သစ်နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့ …
ငယ်ငယ်တုန်းက “ဘာကြောင့်” ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါ ပြန်ဖြေခဲ့တာကို သတိရပေးပါ …

စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့လက်တစ်စုံနဲ့ ငါ့ကို ကူတွဲပေးပါ …
လမ်းလျှောက်သင်စအရွယ်တုန်းက တစ်လှမ်းချင်း လမ်းလျှောက်ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ …

အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာတွေကို ငါ မေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ …
စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှ နားထောင်ပေးရင် ကျေနပ်ပါပြီ။

တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့ …
နားလည်ပေးပါ …
အားပေးပါ …
အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါ လမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံးအချိန်တွေအတွက် ငါ့ကို အဖော်ပြုပေးပါ …
အချစ်နဲ့ အေးမြမှုတွေကို ငါ ပြုံးပြုံးလေး လက်ခံမှာပါ …
အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေကို တွေ့ရမှာပါ …

Read More...

------------------------
---------------------------------------------