တစ်ခါတုန်းက စာရေးဆရာလောင်းလျာ တစ်ယောက်မှာ ထူးခြားသောဇနီးသည်တစ်ယောက် ရှိခဲ့ဖူးသည်။
သူမနာမည်က ဆိုဖီယာဖြစ်သည်။
သူမ၏ခင်ပွန်းသည် အကောက်ခွန်ရုံးအမှုထမ်းတစ်ဦးဖြစ်၍ တစ်နေ့တွင် အိမ်သို့ အကြီးအကျယ် မှိုင်တွေလျက် ပြန်ရောက်လာသည်။ သူ အလုပ်ပြုတ်ခဲ့ပြီဖြစ်ကြောင်း ဇနီးသည်ကို စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။ ထိုအခါ ဇနီးသည်က ၀မ်းသာအားရထအော်သည်။ မိန်းမဘယ်လိုဖြစ်သွားပါလိမ့်ဟု သူ ငေးမောကြည့်နေစဉ် ဇနီးသည်က
“ဟန်ကျပြီ၊ ရှင်ရေးချင်နေတဲ့ ၀တ္ထုကို အခုမှ ရေးရတော့မယ်”
ဟု ပြောလေသည်။
“အေးကွာ၊ အားသွားတာတော့ မှန်ပါတယ်၊ ဒါပေမယ့် စာထိုင်ရေးနေတော့ ဘာနဲ့သွားစားကြမလဲ”
ဟု ယောက်ျားလုပ်သူက စိတ်ဓာတ်ကျစွာဖြင့် ပြန်ပြောလေသည်။
ဇနီးသည်က စားပွဲအံဆွဲတစ်ခုကို ဆွဲဖွင့်ပြီး အထဲမှ ငွေစက္ကူတစ်ထုပ်ကို ယူ၍ ထောင်ပြလိုက်သည့်အခါ သူက အလွန်အံ့သြသွားသည်။
“မင်း ဘယ်ကရတာလဲ”
သူ တအံ့တသြဖြင့် မေးလိုက်သည်။
“ကျွန်မက ရှင့်မှာ ပါရမီရှိတယ်ဆိုတာကို ယုံကြည်ထားပြီးသား၊ တစ်နေ့ကျရင် ဂန္တ၀င်တွင်မယ့် ၀တ္ထုကြီးတစ်ပုဒ် ရှင်ရေးဖြစ်မယ်ဆိုတာ ကျွန်မက သိနေတယ်၊ အဲဒါကြောင့်မို့လို့ ရှင် အပတ်စဉ်ပေးတဲ့ငွေထဲက နည်းနည်းစီကို ကျွန်မ ဖဲ့ဖဲ့ပြီး စုထားတာ၊ အခု ဒီပိုက်ဆံတွေနဲ့ဆိုရင် ကျွန်မတို့နှစ်ယောက် တစ်နှစ်လောက်တော့ ထိုင်စားလို့ရပါတယ်၊ ဒါကြောင့် ရှင် ဘာမှ စိတ်မပူဘဲ အေးအေးဆေးဆေးသာ စာ ရေးပေးတော့”
ဟု တက်ကြွစွာ ပြောလိုက်သည်။
မိမိကို ယုံကြည်မှုအပြည့်ရှိပြီး အားထားသော ဇနီးသည်ထံမှ တက်ကြွသော စကားများကြောင့် သူလည်း ထက်သန်တက်ကြွစိတ်များ ကူးစက်ကာ သူသည် တစ်ချိန်တွင် အထင်ရှားဆုံး ကမ္ဘာသိ စာရေးဆရာတစ်ယောက်ဖြစ်လာခဲ့သည်။
[မူရင်း။ ။ Nido Qubein ၏ Encouragement]
Friday, September 14, 2007
ပါရမီဖြည့်ဖက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment