Showing posts with label သူငယ်ချင်းများထံမှ အမှတ်တရ. Show all posts
Showing posts with label သူငယ်ချင်းများထံမှ အမှတ်တရ. Show all posts

Saturday, September 22, 2007

ဖန်ဆင်းပေးပါ

ချစ်သူငယ်ချင်း "ဆေးဗား" ရဲ့ ကဗျာတစ်ပုဒ်ပါ။ ကောင်းကင်ကြိုက်လို့ အတင်းတောင်းယူထားတာပါ။ ဖတ်ကြည့်ပြီး အားပေးကြပါအုံးလို့ ...


ယုံကြည်ချင်ပါတယ်
မင်းပြောတတ်တဲ့ စကားလှလှတွေကို ...

ကြည်ဖြူချင်ပါတယ်
မင်းပေးမယ့် အချစ်နွေးနွေးတွေကို ...

ခံယူချင်ပါတယ်
မင်းဆီက အနမ်းချိုချိုတွေကို ...

ဒါပေမယ့် မင်း မတတ်နိုင်ပါဘူး ...
ငါ့အသည်းက ကျောက်ခဲလို အေးစက် မာကျော နေတာကို....

"........................................."

ခုနေများဖန်ဆင်းရှင်နဲ့ တွေ့မယ်ဆိုရင်
တစ်ခုတည်း တောင်းဆိုချင်ပါတယ်
"ငါ့နှလုံးသားကိုဖယောင်းနဲ့သာပြောင်းလဲဖန်ဆင်းပေးပါ" လို့ ...

အဲဒါမှ...
မင်းပေးတဲ့ အချစ်မီးက
ငါ့အသည်းနှလုံးကို ပူနွေး လောင်မြိုက်စေနိုင်မှာ...

ငွေအဆင်း

ချစ်သူငယ်ချင်းလေးရေ ... ဒီကဗျာလေးကို ကောင်းကင်ကို အမှတ်တရလက်ဆောင်အဖြစ်ပေးလို့ ကျေးဇူး အထူးအထူးပါနော် ... :P

Read More...

------------------------

Monday, September 17, 2007

အခုချိန်မှာသာ တစ်ခုခုဖြစ်ခွင့်ရရင် ဘာအဖြစ်ချင်ဆုံးလဲ

ကောင်းကင်က သူငယ်ချင်းများကို Tag ဖို့ စိတ်ကူးလိုက်တဲ့အခါ ကောင်းကင်ရဲ့ဘလော့ကို နေ့တိုင်းလာအားပေးနေတဲ့ သူငယ်ချင်းညီမလေးတစ်ယောက်ကိုလည်း Tag ဖို့ စိတ်ကူးမိပါတယ်။ နေ့တိုင်း ကောင်းကင်ရေးသမျှတွေကို မညည်းမညူလာဖတ်ပြီးအားပေးတဲ့ ညီမလေးကို သူနဲ့ပတ်သက်ပြီး အမှတ်တရလေးတစ်ခု ကောင်းကင် Blog မှာ ထားချင်တဲ့ ရည်ရွယ်ချက်လည်း ပါ ပါတယ်။ ဒါပေမယ့် ညီမလေးက ဘလော့မလုပ်တဲ့သူဆိုတော့ ရေးပေးပါ့မလားလို့တော့ စိတ်ပူမိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ ညီမလေးကို ရေးပေးနိုင်မလားလို့ မေးကြည့်မိတယ်။ ညီမလေးကလည်း အားတက်သရောနဲ့ “ရေးပေးမှာပေါ့ မမရယ်” လို့ ပြောတော့ အရမ်းကို ၀မ်းသာမိတယ်။

ကောင်းကင်ရဲ့ သူငယ်ချင်းများက ကောင်းကင်ကို အားပေးသလို ကောင်းကင် ညီမလေးရေးထားတဲ့ ဒီပို့စ်လေးကိုလည်း အားပေးကြပါအုံးလို့ …

မမရေ … မမမေးတဲ့ “အခုချိန်မှာသာ တစ်ခုခုဖြစ်ခွင့်ရရင် ဘာဖြစ်ချင်လဲ” ဆိုတဲ့ မေးခွန်းလေးအတွက် ညီမလေးရဲ့ အဖြေကတော့ “ပြည့်စုံကောင်းမွန်တဲ့ ဘ၀လေးတစ်ခု” ကို လိုချင်ပါတယ်ဆိုတဲ့အဖြေလေးပါပဲ။ ဘယ်လိုဘ၀မျိုးလဲဆိုတာ သေချာပြောရရင်တော့ ဖြစ်ချင်တာတွေက အများကြီးပါပဲ။ လူတွေမှာ မိသားစုရယ်၊ အလုပ်ရယ်၊ သူငယ်ချင်းတွေရယ်က အဓိကပဲ မဟုတ်လား။ ဒါကြောင့် ညီမလေးရဲ့ဆန္ဒတွေကလည်း အဲဒါတွေနဲ့ပဲ အများဆုံးသက်ဆိုင်တာပေါ့ မမရယ် …။

ပထမဆုံးအနေနဲ့ကတော့ မိဘတွေနဲ့အတူတူနေခွင့်ရချင်တယ်။ မိဝေးဖဝေးအရပ်မှာ နေရတာ မိသားစုကို လွမ်းတယ်။ ထမင်းစားတဲ့အခါတိုင်း အမေချက်ပေးတဲ့ဟင်းကို သတိရတယ်။ အိပ်ယာဝင်ရင်လည်း ကိုယ်အိပ်ခဲ့ဘူးတဲ့ ခုတင်လေးကို သတိရတယ်။ ကိုယ့်အခန်းလေးကို လွမ်းတယ်။

နောက်တစ်ခုကတော့ အလုပ်မှာ အခုထက်ပိုပြီး ကောင်းတဲ့၊ အဆင့်မြင့်တဲ့ နေရာမျိုးကို ရချင်တယ်။ သူငယ်ချင်းတွေအားလုံးရဲ့ ချစ်တာ၊ ဂရုစိုက်တာ ခံချင်တယ်။ တစ်ခါတစ်လေကျရင်တော့ ကိုယ့်ကို မေ့ထားပြီး လိုအပ်လာမှ ကူညီခိုင်းတဲ့ လူတွေကို စိတ်နာချင်တယ်၊ မုန်းချင်တယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ မမုန်းနိုင်၊ စိတ်မနာနိုင်ပါဘူး။ တစ်ခုတော့ရှိတယ်။ သူတို့ကို ကိုယ့်ရဲ့စေတနာကို နားလည်စေချင်တယ်။ ကိုယ်က သူတို့အပေါ်ထားတဲ့ စိတ်ထားမျိုး ကိုယ့်အပေါ် ပြန်ထားစေချင်တယ်။ ကိုယ့်ရဲ့ ဖြူစင်တဲ့ စေတနာဟာ သူတို့အတွက် ဟားစရာ၊ လှောင်စရာ၊ အခွင့်အရေးယူစရာဖြစ်မှာကိုတော့ ကြောက်တယ်။

နောက်ဆုံးအနေနဲ့ကတော့ သောကတွေနည်းပါးတဲ့ဘ၀မျိုးကို လိုချင်တယ်။ ဘ၀ဆိုမှတော့ သောကတွေ လုံးဝကင်းစင်တဲ့ဘ၀မျိုးတော့ ဘယ်ရနိုင်ပါ့မလဲနော်။ ဒီတော့ အတတ်နိုင်ဆုံး သောကတွေ နည်းပါးချင်တယ်။ အချစ်နဲ့ ပိုက်ဆံနဲ့ ပတ်သက်တဲ့ စိတ်ဒုက္ခတွေ၊ အလုပ်ပတ်ဝန်းကျင်က စိတ်ဖိစီးမှုတွေ၊ လူမှုရေး ပြဿနာတွေ အနည်းဆုံးပဲ ဖြစ်စေချင်တယ်။

အကယ်၍ ကြုံတွေ့လာခဲ့ရင်လည်း ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ခံနိုင်ရည်အားတွေ၊ စိတ်ဓာတ်ခွန်အားတွေ၊ ပြဿနာတွေကို ကျော်လွှားဖို့ ပိုပြီးရင့်ကျက်တဲ့ အသိဥာဏ်တွေ လိုချင်ပါကြောင်း …

မမရေ … ညီမလေးကတော့ လောဘကြီးစွာနဲ့ ဆန္ဒပြုလိုက်ပြီနော် …


ညီမလေးရေ …

မမရဲ့ တောင်းဆိုချက်ကို မငြင်းပယ်ဘဲ အားကြိုးမာန်တက်နဲ့ ရေးဖြစ်အောင် ရေးပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါကြောင်း ဒီကနေ ထပ်ဆင့်ပြောလိုက်ပါတယ်နော်။ ညီမလေး လိုချင်တဲ့ ကောင်းမွန်ပြည့်စုံပြီး သောကတွေ ကင်းဝေးတဲ့ဘ၀လေးကို အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါကြောင်း …

Read More...

------------------------
---------------------------------------------