ကောင်လေးတစ်ယောက်က သူ့ရဲ့မူလတန်းကျောင်းမှာ ပထမဆုံးအကြိမ်အဖြစ် မိဘဆရာအစည်းအဝေးအတွက် သူ့အမေကို ဖိတ်ခိုင်းခြင်းခံရသည်။ သူက ကျောင်းက ဆရာဆရာမတွေ ဖိတ်ခိုင်းသည့်အတိုင်း သူ့အမေကို ဖိတ်သည်။ သို့သော် ကောင်လေးစိတ်ထဲတွင် သူ့အမေ မိဘဆရာအစည်းအဝေးသို့ တက်ရောက်မည်ကို စိုးရိမ်နေသည်။ သူ့မိခင်ကို အတန်းဖော်သူငယ်ချင်းများနှင့် ဆရာဆရာမများ၊ အခြားမိဘများတွေ့မည်ကို ထိတ်လန့်နေမိသည်။
သူ့မိခင်က ပင်ကိုယ်ရုပ်ရည် ချောမောသူတစ်ယောက်ဖြစ်သည်။ သို့သော်လည်း အမေ့မျက်နှာ ညာဘက်ခြမ်းတွင် ကြီးမားသော အမာရွတ်ကြီးတစ်ခုက ဆိုးဆိုးဝါးဝါးဖြင့် ထင်းထင်းကြီးဖြစ်နေသည်။
ကောင်လေးသည် အမာရွတ်အကြောင်းကို မကြားချင်။ ထို အမာရွတ်ကြီး ဘာကြောင့် ရ ရသည်ကိုလည်း မသိချင်။ ဒါကြောင့် သူ ဘယ်တော့မှ ထိုအမာရွတ်အကြောင်းကို မမေး။ ထို့အတူ အခြားသူများကိုလည်း သူ့အမေက အမာရွတ်ကြီးဖြင့် ရုပ်ဆိုးသူဖြစ်ကြောင်းကိုလည်း မသိစေချင်။
မိဘဆရာအစည်းအဝေးမှာ ပင်ကိုယ်ရုပ်ရည်ချောသော၊ သဘောထားကောင်းသော၊ ယဉ်ကျေးပျူငှာသော သူ့အမေကို အားလုံးက တလေးတစား ဆက်ဆံကြသော်လည်း ကောင်လေးက ရှက်ရွံ့စိတ်မပြယ်ဘဲ ရှောင်ပုန်း၍သာ နေ နေသည်။
သို့သော် တစ်နေရာရောက်သောအခါ ဆရာမနှင့် သူ့အမေ ပြောနေသော စကားများကို သူ ကြားလိုက်ရသည်။
“မျက်နှာပေါ်က အမာရွတ်က ဘယ်လိုရတာလဲ”
ဆရာမက မေးသည်။
“သားလေး နို့စို့အရွယ်တုန်းက ရခဲ့တာပါ။ အဲဒီနေ့က သူ့အခန်းထဲမှာ မတော်တဆမီးလောင်တော့ သားက ခုတင်လေးထဲမှာလေ၊ အခန်းထဲမှာလည်း မီးက တအားပြင်းနေတာဆိုတော့ ဘယ်သူကမှ ၀င်မကယ်ရဲကြဘူး။ အဲဒီချိန်မှာဘဲ အပေါ်က တုတ်တန်းကြီးတစ်ခုက သားအပေါ်ကို ပြုတ်ကျတာ။ အဲဒါနဲ့ ကျွန်မက သားဆီအတင်းပြေးပြီး သားအပေါ်ကနေ ကာလိုက်တာ။ ကျွန်မနဲ့ တုတ်တန်း ရိုက်မိသွားပြီး မေ့လဲသွားခဲ့တယ်။ ကံကောင်းတယ်ပဲ ဆိုရမလား၊ မီးသတ်သမားက အချိန်မီရောက်လာခဲ့လို့ သားလေးကော ကျွန်မကော အသက်ချမ်းသာရာ ရခဲ့တယ်၊ ဒါပေမယ့် ရိုက်မိတဲ့ဒဏ်ရာကတော့ အမာရွတ်ကျန်ခဲ့တာပေါ့”
သူ့အမေက မျက်နှာပေါ်မှ အမာရွတ်ကလေးကို စမ်းရင်း ဆရာမအား ပြောပြနေသည်။
“ဒါပေမယ့် ကျွန်မ သားလေးအသက်ချမ်းသာရာရခဲ့တာကိုပဲ ကျွန်မ ၀မ်းသာပါတယ်၊ နောက်ပြီး ဒီဒဏ်ရာအတွက်လည်း ကျွန်မ တစ်ခါမှ နောင်တမရခဲ့ပါဘူး”
လို့ အမေက ဆိုတယ်။
သည်စကားကို ကြားလိုက်တော့မှ ကောင်လေးက သူ့အမေနားကို မျက်ရည်တွေအ၀ိုင်းသားနဲ့ ပြေးထွက်လာပြီး သူ့အမေကို ဖက်လိုက်တယ်။ သူ့အတွက် အသက်ပေးကာကွယ်ပေးခဲ့သည့် အမေ့ရဲ့ စေတနာ၊ အမေ့ရဲ့ မေတ္တာတွေကို ခံစားရကာ သူ့ရင်ထဲမှာ လှိုက်ဖိုနေသည်။ အဲဒီနေ့ တစ်နေ့လုံးလုံး အမေ့အနားက လုံးဝမခွာဘဲ အမေ့လက်ကို တစ်ချက်မှ မလွှတ်ဘဲ တင်းတင်းဆုပ်ကိုင်ပြီး နောက်ဆို အမေ့ကို သူ တစ်သက်လုံး စိတ်ချမ်းသာအောင် ထားတော့မည်ဟု ဆုံးဖြတ်ချက်ချနေမိတော့သည်။
[မူရင်း။ ။ Lih Yuh Kuo ၏ The Scar]
Sunday, September 2, 2007
အမာရွတ်လေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment