Tuesday, August 28, 2007

ရိုးသားဖြူစင်ခြင်း၏ အကျိုးကျေးဇူး

ပတ်ဝန်းကျင်တွင် မြူနှင်းများဖြင့် ဖုံးလွှမ်းနေသော နံနက်ခင်းတစ်ခုတွင် ဖြစ်သည်။

“စံပယ်ပန်းတွေ ရမယ်၊ စံပယ်ပန်းတွေ”

ကားတွေ၊ လူတွေရှုပ်ယှက်ခတ်နေသော လှည်းတန်းလမ်းဆုံ မီးပွိုင့်ကြီးတစ်ခုတွင် ဖြစ်သည်။

“ဟာ … မီးပွိုင့်နီသွားပြီ၊ စံပယ်ပန်းတွေ … စံပယ်ပန်းတွေ၊ အန်တီ စံပယ်ပန်းယူပါအုံးလား”

“မယူဘူး … မယူဘူး၊ သွားသွား … အလုပ်နောက်ကျနေလို့ စိတ်ညစ်နေရတဲ့ကြားထဲ”
ပြောပြောဆိုဆိုနှင့် ကားပိုင်ရှင်အန်တီကြီးက သူ့ကားမှန်ကို ချက်ချင်းပိတ်ပစ်လိုက်သည်။

“ဟာ … မီးပွိုင့်စိမ်းသွားပြီ၊ ဒီနေ့ဘယ်လိုဖြစ်နေလဲ မသိဘူး၊ ငါ့ စံပယ်ပန်းတွေ ရောင်းမကောင်းပါလား၊ အမေ့ဆေးဖိုးကို ဘယ်လိုလုပ်ရမလဲ၊ ညနေကျရင်လည်း ဆေးခန်းလိုက်ပို့ရအုံးမယ်၊ ဒုက္ခ္ခပါပဲ၊ အမေ့ဆေးဖိုးနဲ့ ဆေးခန်းပြခမှ ရပါ့မလား၊ ဟူး … စိတ်ညစ်လိုက်တာနော်၊ ဘယ်လိုလုပ်ရပါ့မလဲ”

ပလက်ဖောင်းအုတ်ခုံပေါ်တွင် ထိုင်ရင်း သူမတစ်ယောက်တည်း ညည်းနေမိသည်။ အလယ်တန်းကျောင်းသူဖြစ်သော သူမအတွက် ဘ၀ဆိုတာ တော်တော်ခက်ခဲလှသည်။ အမေနေကောင်းစဉ်က အမေက အကြော်ရောင်းတော့ ထမင်းနပ်မှန်အောင်စားရပြီး ကျောင်းအေးဆေးတက်နိုင်ခဲ့သော်လည်း ယခုအမေနေမကောင်းတော့ စားဝတ်နေရေးက သူမတာဝန်ဖြစ်လာခဲ့သည်။ ညီအစ်ကို မောင်နှမမရှိဘဲ အမေတစ်ခု၊ သမီးတစ်ခုဘ၀မို့ အစစအရာရာ သူမ တာဝန်ဖြစ်လာခြင်းဖြစ်သည်။ ထို့ကြောင့် ကျောင်းမသွားခင် ပန်းလေးရောင်းရင်း သူမ အမေ့ဆေးဖိုးကို အတတ်နိုင်ဆုံး ကြိုးစားရှာနေခြင်းဖြစ်သည်။ ဒီနေ့တော့ သူမကျောင်းစာအုပ်ဖိုးတွေ ပေးဖို့ကလည်း နောက်ဆုံးရက်ဖြစ်သောကြောင့် သူမ အနည်းငယ် စိတ်မောနေရသည်။

“ဟူး …”
သူမ သက်ပြင်းရှည်ကြီးချလိုက်မိသည်။

“ဟေ့ … ကလေးမ … ဟေ့ … ကလေးမ … ဦးလေးကို စံပယ်ပန်းတစ်ရာဖိုးလောက် ပေးကွာ၊ ဟေ့ … ကလေးမ”

“ရှင် … ဟုတ်ကဲ့၊ ရမယ် ဦးလေး၊ သမီးက မီးပွိုင့်နီသွားတာကို သတိမထားလိုက်မိလို့”

“ကလေးမက ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဘာတွေများ ဒီလောက် တွေးနေတာလဲကွ”

“ရှင် … ဘာမှမတွေးပါဘူး ဦးလေး၊ ဒီမှာ ဦးလေးအတွက် စံပယ်ပန်းတစ်ရာဖိုး”

“အေး အေး၊ ရော့ တစ်ရာ”

ရုတ်တရက် သူမအံ့သြသွားသည်။ ဦးလေးကြီး သူမအား ပေးလိုက်သည်က ငါးဆယ်တန်တစ်ရွက်နှင့် တစ်ထောင်တန်အသေးတစ်ရွက် ဖြစ်နေသည်။ သူမတွေဝေသွားမိသည်။ ဒီတစ်ထောင်နဲ့ဆို သူမအမေအား ဆေးခန်းမပြနိုင်သည့်တိုင် ဆေးဖိုးလောက်တော့ ရနိုင်သည်။ ထို့ကြောင့် ထိုငွေကို ပြန်မပေးဘဲ သူမ ယူထားလိုက်ရမလား၊ ပြန်ပေးရမလား ဝေခွဲမရနိုင်ဖြစ်နေမိသည်။

“ရှုပ်တယ်ကွာ … ယူထားလိုက်တော့မယ်၊ ဒီတစ်ထောင်နဲ့ဆိုရင် အမေ့အတွက် မနက်စာရယ်၊ ဆေးဖိုးရယ်လောက်တော့ ရမှာပါ၊ အမေလည်း ခုချိန်ဆို ဆာနေလောက်တော့မယ်”
ဟု သူမဘာသာ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

လှည်းတန်းမီးပွိုင့်ဆိုတော့ အနည်းဆုံး ဆယ့်ငါးမိနစ်လောက်တော့ ကြာသည်။ ဟိုဦးလေးကြီးကတော့ မသိသလို နေနေသည်။

ရုတ်တရက် အမေပြောသောစကားကို နားထဲတွင် ပြန်ကြားယောင်လာမိသည်။

“သမီး … လိမ္မာတဲ့ကလေးဆိုတာ သူများ ဥစ္စာပစ္စည်းကို ဘယ်တော့မှ အလကားမယူရဘူး၊ မတရားလည်း ဘယ်တော့မှ မလိုချင်ရဘူး၊ ဘယ်လောက်ဆင်းရဲဆင်းရဲ စိတ်ထားနဲ့ ကိုယ်ကျင့်တရားကိုတော့ ဘယ်တော့မှ မဆင်းရဲစေနဲ့” တဲ့။

ဖျတ်ခနဲသတိဝင်လာပြီး ခုနက ပိုက်ဆံပိုပေးခဲ့သော ဦးလေးကြီး၏ကားဆီသို့ အပြေးအလွှား သွားလိုက်ပြီး
“ဦးလေး … ခုနက ဦးလေးပိုက်ဆံမှားပေးလိုက်လို့၊ သမီး သူများပစ္စည်းကို အလကားမလိုချင်ပါဘူး၊ သမီးကို ငါးဆယ်ပဲ ထပ်ပေးပါ ဦးလေး၊ ဒီမှာ ဦးလေးပေးလိုက်တဲ့ တစ်ထောင်တန်ပါ”
ဦးလေးကြီးအား ပြောလည်းပြော တစ်ထောင်တန်ကိုလည်း ပြန်ပေးလိုက်တော့သည်။

“သြော် … သမီးက တယ်လိမ္မာတာကိုး၊ ဒါနဲ့ ခုနကတော့ ချက်ချင်းပြန်မပေးဘဲ ခုမှ ပြန်ပေးတာလဲ”
ဦးလေးကြီးက သူမအား ပြုံးပြရင်း မေးလိုက်သည်။

“ဟို … အစကတော့ သမီးအမေရဲ့ဆေးဖိုးရတယ်ဆိုပြီး ယူထားလိုက်တော့မလို့ပါ၊ ဒါပေမယ့် အမေပြောထားတဲ့ လိမ္မာတဲ့ကလေးဆိုရင် သူများပစ္စည်းကို မတရားမယူရဘူးဆိုတဲ့ စကားလေးကို သတိရလိုက်လို့ပါ၊ ဒါကြောင့် သမီး ဒီပိုက်ဆံကို မတရားမယူချင်တော့ပါဘူး၊ ဦးလေးကို ဒါကြောင့် ပြန်လာပေးတာပါ၊ သမီးကို ခွင့်လွှတ်ပါနော်”

“အင်း သမီးရဲ့ အမှားကို သတ္တိရှိရှိ ၀န်ခံရဲတဲ့ စိတ်ဓာတ်ကိုတော့ ဦးလေးတကယ်ကို သဘောကျတယ်၊ ဦးလေးက အစကတည်းက မှားပေးလိုက်မှန်းသိတယ်၊ ဒါပေမယ့် ကလေးမ ဘယ်လောက်ရိုးသားတယ်ဆိုတာကို သိချင်လို့ စမ်းသပ်လိုက်တာ၊ ဦးလေးကို အဲတစ်ထောင်ကို ပြန်မပေးနဲ့တော့၊ ကလေးမ ယူထားလိုက်၊ ကလေးမရဲ့ ရိုးသားမှုကို ဦးလေးက ဆုချလိုက်တယ်လို့ သဘောထားပေါ့၊ ဒါပေမယ့် အကျိုးရှိရှိတော့ သုံးရမယ်နော်၊ ဦးလေးကို ကတိပေးနိုင်မလား၊ အကျိုးရှိရှိ သုံးပါ့မယ်လို့”

“ရှင် … ဟုတ်ကဲ့ ဦးလေး၊ သမီး ကတိပေးနိုင်ပါတယ်”
သူမ တက်ကြွစွာဖြင့် ဖြေလိုက်သည်။

“အေး အေး၊ ဒါဆို ကောင်းပါပြီကွယ်၊ ကဲ … မီးလည်းစိမ်းပြီဆိုတော့ ဦးလည်းသွားတော့မယ်၊ ကလေးမလည်း သွားတော့ သွားတော့ …”

သူမ ခေါင်းကိုသာ အခါခါ ညိမ့်ပြရင်း ပလက်ဖောင်းဘက်သို့ ပြေးလာလိုက်မိသည်။ သူမ ရင်ထဲတွင် ၀မ်းသာမှုက ဘာနဲ့မှ နှိုင်းလို့မရ။ ဘာပဲဖြစ်ဖြစ် သူမ၏ ရိုးသာမှုကြောင့် သူမ လိပ်ပြာလုံလုံဖြင့် အမေ့အတွက် လိုအပ်သော ဆေးတစ်ချို့ကို ၀ယ်နိုင်ပြီ။

နောက် သူမ ဆုံးဖြတ်ချက် တစ်ခုကို ခိုင်ခိုင်မာမာ ချလိုက်မိသည်။

ဘ၀ကို ဘယ်လောက်ပဲဆင်းရဲဆင်းရဲ အခက်အခဲမှန်သမျှကို အမေပြောခဲ့သလို ကိုယ်ကျင့်သိက္ခာမဆင်းရဲဘဲ ရိုးသားဖြူစင်စွာဖြင့် လျှောက်လှမ်းသွားတော့မည် ဟု …

------------------------

No comments:

---------------------------------------------