Tuesday, August 28, 2007

ပြတင်းပေါက်

တစ်ခါက ဆေးရုံကြီးတစ်ရုံရှိ လူနာခန်းကျဉ်းလေးတစ်ခုထဲမှာ လူနှစ်ယောက်ရှိကြသည်။ နှစ်ယောက်စလုံးပင် ရောဂါသည်းသော လူနာများဖြစ်သည်။ အခန်းလေးက ကျဉ်းပြီး အပြင်လောကကို ကြည့်စရာ ပြတင်းပေါက်တစ်ခုသာပါသည်။

လူနာနှစ်ယောက်အနက် တစ်ယောက်က နေ့လည်ပိုင်းတွင် သူ့အဆုတ်ထဲက ရေတွေကို ပိုက်နှင့် စုပ်ထုတ်ရသောကြောင့် တစ်နာရီခန့်ထိုင်ခွင့်ရသည်။ သူ့ခုတင်က ပြတင်းပေါက်အနီးတွင်ရှိသည်။ တစ်ဖက် ခုတင်ရှိ လူနာကတော့ တစ်ချိန်လုံးပက်လက်လှန်ကာ စန့်စန့်ကြီးလှဲနေရလေသည်။

နေ့လည်ခင်းတိုင်း ပြတင်းပေါက်အနီးရှိ လူနာက သူထိုင်ခွင့်ရသည့်အခါတိုင်း ပြတင်းပေါက်မှ မြင်ရသည့်အရာများအား သူ့ကို ဖောက်သည်ချလေ့ရှိသည်။ ပြတင်းပေါက်မှတဆင့် ပန်းခြံကြီးတစ်ခုအား တွေ့ရသည်ဟု သူက ပြောသည်။ ထိုပန်းခြံကြီးထဲ၌ ရေကန်တစ်ခုကို တွေ့ရသည်။ ထိုရေကန်ကြီးထဲ၌ ဘဲတွေ၊ ငန်းတွေ ရေကူးနေကြသည်။ ကလေးငယ်လေးများက သူတို့ကို ပေါင်မုန့်လေးများ ပစ်ကျွေးကြသည်။ တစ်ချို့ကလေးများက ရေကန်ထဲသို့ စက္ကူလှေလေးများ မျှောနေကြသည်။ ချစ်သူစုံတွဲများက သစ်ပင်ကြီးများအောက်တွင် လက်ချင်းတွဲကာ လျှောက်နေကြသည်။ ပန်းတွေက ဝေေ၀ဆာဆာ ပွင့်နေသည်။ လိပ်ပြာလေးများက ဟိုမှ ဒီမှ ခုန်ကူးနေကြသည်။ ဟိုးအဝေးကို မျှော်ကြည့်လိုက်လျှင်မူ ထိုးထွက်နေသော တိုက်တာ အဆောက်အအုံများကို လှမ်းမြင်နေရသည်။ ထို့နောက် ပြာလဲ့နေသော မိုးကောင်းကင်။

ပက်လက်လှဲနေသောလူနာသည် တစ်ဖက်လူနာ ခရေစေ့တွင်းကျပြောနေသော စကားများကို အရသာတွေ့လျက်ရှိသည်။ ကလေးတစ်ယောက် ချော်လဲသွားတာ၊ ရောင်စုံကောင်မလေးတွေ အရမ်းကို လှပနေသည့်အကြောင်းများကို သူ့မျက်စိထဲတွင် အသေးစိပ်မြင်တွေ့ရသည်။

တစ်နေ့မှာတော့ သူ့ခေါင်းထဲသို့ အတွေးတစ်ခု ၀င်ရောက်လာခဲ့သည်။ သူကိုယ်တိုင် ထိုမြင်ကွင်းများကို ကြည့်ချင်သောစိတ်ဖြစ်သည်။ တစ်ဖက်လူက ရှုခင်းများကို သေချာစွာ သိမြင်ခွင့်ရသည်။ သူကိုယ်တိုင်ကတော့ ပြောပြနေသည်ကိုသာ နားထောင်နေရသောကြောင့် အားမရနိုင်ဖြစ်မိသည်။ သူ့ကိုယ် ဘာကြောင့် ထိုနေရာမှာ မထားပေးသလဲ ဟု အနည်းငယ် မကျေမနပ်ဖြစ်မိသည်။ ထို့ကြောင့် ဘယ်လိုနည်းနဲ့မဆို ထိုသူနှင့် နေရာချင်းလဲမှ ဖြစ်မည်ဆိုတာမျိုးထိ သူ တွေးမိသည်။

တစ်ခုသောညမှာတော့ သူ ဟိုတွေးဒီတွေးဖြင့် မအိပ်နိုင်ဖြစ်နေစဉ် တစ်ဖက်ခုတင်မှ လူနာက ရုတ်တရက်နိုးလာကာ ချောင်းဆိုးသည်။ ချောင်းဆိုးရင်း သီးလာသည်။ သူနာပြုဆရာမအား အရေးပေါ်ခေါ်ရန် အရေးပေါ်ခလုတ်အား စမ်းတ၀ါးဝါးဖြင့်ရှာနေသည်။

သို့သော် သူကတော့ မလှုပ်ရှားဘဲ မသိချင်ယောင်ဆောင်ကာ နေလိုက်သည်။ ခဏကြာတော့ တစ်ဖက်ခုတင်မှ အသံက ငြိမ်ကျသွားသည်။

နောက်တစ်နေ့မနက်ခင်းတွင် သူနာပြုဆရာမက တစ်ဖက်ခုတင်မှ လူနာသေဆုံးကြောင်းတွေ့ရှိကာ အလောင်းကို တိတ်ဆိတ်စွာပင် သယ်ယူသွားသည်။

ဣနြေ္ဒမပျက်လောက်ဘူး ဟု သူထင်သောအချိန်တွင် သူနာပြုဆရာမအား ပြတင်းပေါက်ရှိသော တစ်ဖက်လူနာ၏ ခုတင်ဘက်သို့ ပြောင်းပေးရန် သူပြောလိုက်သည်။ သူနာပြုဆရာမကလည်း သူ့သဘောအတိုင်းပင် တစ်ဖက်သို့ ပြောင်းပေးသည်။

ပြောင်းရွှေ့ပြီး သူနာပြုဆရာမနှင့် အလုပ်သမားများ ထွက်သွားသည်နှင့်တစ်ပြိုင်နက် တံတောင်တစ်ဖက်ကို အားယူကာ ကြိုးစားထသည်။ နာကျင်မှုဝေဒနာကို ကျိတ်မှိတ်ခံစားရင်း သူ့ကိုယ်သူ ကြိုးစားထူမကာ ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်လိုက်သည်။ သူ အံ့သြမင်သက်သွားကာ ရုတ်တရက် ရင်ဘက်တစ်ချက်အောင့်ပြီး ငြိမ်ကျသွားသည်။

သူ မြင်လိုက်ရသည်က တစ်ဖက်လူနာပြောခဲ့သလို သာယာသော ရှုခင်းများမဟုတ်။

အဖြူရောင် တံတိုင်းကြီးတစ်ခုသာ။

------------------------

No comments:

---------------------------------------------