Saturday, August 11, 2007

အချစ်နှင့်အတူ (၁၈)

ချစ်သူတွေဖြစ်ကြပြီးနောက်မှာတော့ သူတို့ချစ်သူနှစ်ဦးက တစ်လမှာ သုံးလေးရက်လောက်သာ တွေ့ဖြစ်ကြ သည်။ တစ်ယောက်တစ်နယ်ဆီဖြစ်နေတော့လည်း တွေ့ချင်တိုင်း မတွေ့နိုင်ပေ။ မိုးမြင့်ယံက သွားတွေ့လို့ သာ တစ်ယောက်နှင့်တစ်ယောက် တွေ့ဖြစ်ခြင်းဖြစ်သည်။ မဟုတ်ရင်တော့ ဖုန်းနဲ့ပင် နှစ်ပါးသွားရတော့မည် ထင်သည်။ မေ့ကို သူအလုပ်ပြောင်းရန် ပြောပေမယ့်လည်း မေက လုံးဝကို လက်မခံခဲ့ပေ။ ချစ်သူတွေ ဖြစ်ကြတော့မှဘဲ သူ့ချစ်သူမေက ဒီလောက်ထိ ခေါင်းမာမှန်း သိခဲ့ရတော့သည်။ ယခုလည်း မနေနိုင်သော သူကသာ မေ့ဆီသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

“မေ …”

“ရှင် …”

“ကိုယ့်စကားကိုလည်း မေက နားမထောင်ဘူးနော်”

“ဘယ်စကားကိုလဲ ကိုမိုး”

“အားလုံးပဲလေ”

“အားလုံး …”
မေ ခပ်တိုးတိုးလေး ပြောလိုက်မိသည်။

“ဟုတ်တယ်”

“ဘာတွေများလဲ ကိုမိုးရဲ့”

“အဲဒီ “ကိုမိုး”လို့ ခေါ်တာကစလို့ တော်တော်များများပေါ့”

“ “ကိုမိုး” လို့ခေါ်တာက ဘာဖြစ်လို့လဲ ကိုမိုးရဲ့”

“ကိုယ့်ချစ်သူကို “ကိုမိုး” လို့ခေါ်တာ ဘာဖြစ်လို့လဲလို့ မေးဖို့လိုသေးလို့လား”

“ဟုတ်ပါပြီ ကိုမိုးရယ်၊ ပြီးတော့ကော ဘာကျန်သေးလဲ”

“မေ့ကို အလုပ်ကို ရန်ကုန်ပြောင်းပါဆိုတာလည်း မေက မပြောင်းဘူးလေ”

“အဲဒါက ကိုမိုးလည်း သိသားပဲလေ၊ မေ ဒီအလုပ်ကို ဘယ်လောက်ထိဝါသနာပါပြီး နှစ်သက်လည်းဆိုတာ”

“ကိုယ်သိပါတယ်၊ မေ့ကို ကိုယ်က မလုပ်နဲ့လို့ပြောတာမှ မဟုတ်ဘဲလေ၊ ရန်ကုန်ရုံးချုပ်မှာဘဲလုပ်ဖို့ ပြောတာပဲ”

“မေက ဒီအလုပ်ထက် ဒီလိုကမ်းခြေမှာ လုပ်နေရတာကို ပျော်တာ ကိုမိုးရဲ့”
မိုးမြင့်ယံ သက်ပြင်းချလိုက်မိသည်။

“ကိုယ်က မေ့ချစ်သူသာဆိုတယ်၊ မေက ကိုယ် ပြောတာတွေ ဘာမှမလိုက်လျောဘူးနော်”

“အဲလိုမဟုတ်ပါဘူး ကိုမိုးရယ်၊ မေ အရမ်းကို မြတ်နိုးတဲ့အလုပ်ဖြစ်လို့ပါ၊ နောက်ဆိုရင် မေ လုပ်နိုင်တော့မှာ ဟုတ်ဖူးလေ”

“ဒါဆိုရင် ကိုယ်က အဲဒါကို လျှော့ပေးမယ်၊ မေ လုပ်ချင်ရင်ဆက်လုပ်လေ၊ ဒါပေမယ့်တစ်ခုတော့ရှိတယ်နော်၊ အဲဒါက ကိုယ်နဲ့လက်ထပ်ပြီးရင်တော့ ဒီမှာမလုပ်ရတော့ဘူး”

“ဟုတ်ကဲ့ပါ ကိုမိုးရယ်”

“ခု မေကလည်း ကိုယ့်ကိုတစ်ခုလိုက်လျောရမယ်၊ အဲဒါက ကိုမိုးလို့မခေါ်ဘဲ တခြားလို ပြောင်းခေါ်ဖို့ပဲ”

“ဘယ်လိုပြောင်းခေါ်ရမှာလဲ ကိုမိုး၊ “ဦးမိုး”လို့ ပြောင်းခေါ်ရမှာလား”

“ဟာ … မေကလည်း မဟုတ်တာ”

မိုးမြင့်ယံ စကားအဆုံးမှာတော့ မေရော မိုးမြင့်ယံပါ သဘောကျစွာဖြင့် ရယ်လိုက်ကြတော့သည်။ မေမြတ်နိုး ရယ်သံလေးကို ကြားလိုက်ရတိုင်း မိုးမြင့်ယံရင်ထဲတွင် အေးချမ်းသွားကာ ကြည်နူးမှုကို ခံစားရသည်ကတော့ အမှန်ပင်။ ကလေးငယ်တစ်ယောက်လို အပြစ်ကင်းစင်သော မေ့မျက်နှာလေးကို မြင်ရတိုင်း မေ့ကို သူ ဘယ်လိုမှ ချစ်၍မ၀နိုင်ပေ။

“ကိုမိုး … ဘယ်ကောင်မလေးကို သတိရနေလဲ မှန်မှန်ပြော”

“မေမြတ်နိုးဆိုတဲ့ ခေါင်းမာတဲ့ကောင်မလေးကိုပေါ့ဗျာ”
မိုးမြင့်ယံစကားကြောင့် မေ သဘောကျကာ ပြုံးလိုက်မိသည်။

“တကယ်လား”

“တကယ်ပေါ့ဗျာ”

“ဟုတ်ပါပြီ၊ ဒါနဲ့ မေ့ကို ပြောပါအုံး၊ ကိုမိုးကို ဘယ်လိုခေါ်စေချင်လဲဆိုတာကို”

“အင်း၊ “မောင်” လို့ခေါ်”

“ဘာလို့ အဲလိုခေါ်ခိုင်းတာလဲ၊ သူများတွေဆို သူတို့ကို “ကိုကို” လို့ခေါ်ခိုင်းကြတာ၊ “မောင်” ဆိုတာက တောဆန်တယ်တဲ့”

“အမှန်အတိုင်းဆိုရင်တော့ ကိုယ်က “ကိုကို” လို့ခေါ်တာကို ပိုကြိုက်တာ၊ ဒါပေမယ့် မေက ဘုန်းမင်းခန့်ကို “ကိုကို” လို့ခေါ်တယ်မဟုတ်လား၊ အဲတော့ ကိုယ်ကဘယ်လိုခေါ်ခိုင်းရမလဲ၊ ဒီလိုပဲ ခေါ်ခိုင်းဖို့ ရှိတော့တာ ပေါ့”
မိုးမြင့်ယံ မကျေမနပ်ဖြင့် ပြောလိုက်မိသည်။

“ကိုမိုးကလည်း အဲဒါအတွက် မေ့ကို စိတ်မဆိုးပါနဲ့၊ မေ တကယ်ကို စိတ်မကောင်းဘူး၊ ကိုဘုန်းမင်းခန့်ကို “ကိုကို” လို့ခေါ်လို့ ကိုမိုးကို “ကိုကို” လို့ ခေါ်ခိုင်းလို့မရတာ မဟုတ်ပါဘူး၊ ကိုဘုန်းမင်းခန့်မရှိဘဲ ကိုမိုးက ကိုမိုးကို “ကိုကို” လို့ ခေါ်ပါလို့ပြောလည်း မေ အဲလိုမခေါ်နိုင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လူတော်တော်များများက အဲလို ခေါ်ကြလို့ပဲ၊ မေက လူများခေါ်တိုင်း ခေါ်ရတာမကြိုက်ဘူး၊ နောက်ပြီး “ကိုကို” ဆိုတာက ချစ်သူတွေ မဟုတ်ဘဲလည်း ခေါ်ကြတာရှိတယ်၊ အဲလို ရောနှောနေတဲ့ စကားလုံးနဲ့ မေက ကိုမိုးကို မခေါ်ချင်တာ၊ “မောင်” ဆိုတာကတော့ လူတိုင်းခေါ်လေ့မရှိဘူး၊ တခြားသူတွေကလည်း အဲလိုမခေါ်နိုင်ဘူး၊ ဒါကြောင့် မေက ခေါ်မယ်ဆိုရင်တော့ “မောင်” လို့ပဲ ခေါ်မယ်၊ ကိုမိုးကို မေ ဒီအချိန်ထိ ကိုမိုးလို့ ခေါ်တာက မေ နည်းနည်းရှက်နေသေးလို့ပါ၊ နောက်ဆိုရင် ကိုမိုး ခေါ်စေချင်သလို ခေါ်ပါ့မယ်၊ ကိုဘုန်းမင်းခန့်ကို “ကိုကို” လို့ခေါ်တဲ့အတွက်တော့ မေ့ကို စိတ်မဆိုးပါနဲ့၊ ကိုဘုန်းက မေ့အစ်ကိုပါ၊ ကိုမိုး မေ့ကို နားလည်ပေးပါနော်”

စကားကို တသီကြီးပြောသွားသော မေ့ကို ကြည့်ကာ သူ သဘောကျမိသည်။ မေက သူများတွေနှင့်မတူတာ သူ ဟိုးအရင်ကတည်းက သတိထားမိခဲ့သည်။ သို့ပေမယ့် ဒီလိုအတွေးမျိုးရှိနေလိမ့်မယ်လို့တော့ သူ မထင်မိခဲ့ပေ။ သူ့စကားနှင့်သူတော့ မေက အမြဲတမ်းကို မှန်နေတော့သည်။ သူလည်း ဘာပြန်ပြောရမှန်းမသိ ဖြစ်ခဲ့ရသောအကြိမ်ကလည်း မနည်းတော့။ ဘာပဲဖြစ်ဖြစ် သည်လိုမိန်းကလေးကို သူချစ်မိမှတော့ အတတ်နိုင်ဆုံး နားလည်ပေးဖို့သာ သူ စဉ်းစားရတော့မည်။ မဟုတ်လျှင်လည်း လွယ်မယ်မထင်။ အမြဲမာနကြီးခဲ့သော မိုးမြင့်ယံ မေမြတ်နိုးဆိုသော ကောင်မလေးနှင့်တွေ့မှဘဲ မကြာခဏဆိုသလို ခံနေရတော့ သည်။

“မေ …”

“ရှင် …”

“မေ့ကို ကိုယ်နားလည်ပေးနိုင်အောင် ကြိုးစားပါ့မယ်၊ မေ ဘာမှစိတ်မကောင်းမဖြစ်နဲ့တော့နော်”

“ဟုတ်ကဲ့ပါ မောင်”

မေမြတ်နိုး၏ စကားအဆုံးတွင်တော့ မိုးမြင့်ယံ ကျေနပ်စွာဖြင့် ပြုံးလိုက်မိသည်။ ဒီလိုဆိုပြန်တော့လည်း သူ့ ချစ်သူ မေက အရမ်းကို ချစ်ဖို့ကောင်းသည်ဟု သူထင်မိသည်လေ။

“မေ … မောင်တစ်ခုစဉ်းစားမိတယ် သိလား”

“ဟုတ်လား၊ ဘာများလဲ မောင်”

“မေနဲ့မောင် ဘာလို့စောစောမတွေ့ခဲ့လည်းလို့ပေါ့”

“အစောကတည်းက မေတို့တွေ့ခဲ့ပါတယ် မောင်ရဲ့”

“တွေ့တာကတော့ ဟုတ်တယ်လေ၊ နောက်ပြီး မောင်တို့အကြာကြီးမတွေ့ခဲ့ရဘူး မဟုတ်လား၊ မောင်တို့ ပြန်တွေ့တာကလည်း မမျှော်လင့်ဘဲ ပြန်တွေ့ခဲ့တာလေ”

“ဟုတ်တယ်နော် မောင်၊ မေ တစ်ခါတစ်လေ စဉ်းစားမိတယ်၊ မောင်သာ မေ့ကို မမှတ်မိဘူးဆိုရင် မေတို့ ခုလိုချစ်သူတွေ ဖြစ်လာနိုင်မှာ မဟုတ်ဘူးနော်”

“ဒါကြောင့် မေ့ကို မောင်ပြောတာပေါ့၊ မောင်က မေ့ကို ပိုချစ်တာလို့”

“ဟုတ်ပါပြီရှင်၊ ဒါနဲ့ မောင့်စကားကို ဆက်ပါအုံး၊ မေတို့စောစောတွေ့တော့ ဘာဖြစ်လို့လဲမောင်”

“စောစောတွေ့ရင် မေနဲ့ စောစောချစ်ကြမှာပေါ့လို့ စဉ်းစားမိလို့ပါ”

“မောင်ကတော့ လုပ်ပြီ၊ ခုလည်း ချစ်နေတာပဲကို”

“ဒီထက် နည်းနည်းစောတဲ့အချိန်ကတည်းက ချစ်ချင်လို့ပေါ့ မေရယ်”

“ဟုတ်ပါပြီရှင်”
မိုးမြင့်ယံတို့နှစ်ယောက် လွတ်လပ်ပေါ့ပါးစွာဖြင့် ရယ်မောလိုက်မိကြပြန်သည်။

“မေ …”

“ရှင် …”

“မနက်ဖြန် နေ့လည်စာတစ်ခုခုသွားစားကြမလား”

“နေ့လည်စာ”

“အင်း”
မေက ခဏငြိမ်သက်သွားတော့သည်။

“ဘာဖြစ်လို့လဲ မေ၊ မေ မအားလို့လား၊ ဂျူတီရှိလို့လား”

“ဂျူတီမရှိပါဘူး မောင်၊ ဒါပေမယ့် …”

“ဒါပေမယ့် ဘာဖြစ်လို့လဲ မေ”

“မေ ကိုကိုနဲ့ နေ့လည်စာ စားမယ်လို့ပြောထားလို့ပါ၊ ချိန်းပြီးသား ဖြစ်နေလို့လေ”

“ဘုန်းမြင့်ယံက ဒီကိုရောက်နေတာလား မေ”

“ဟုတ်တယ် မောင်”
မေ့စကားအဆုံးမှာတော့ မိုးမြင့်ယံ သက်ပြင်းချလိုက်မိသည်။

“သူက ဒီမှာဘာလာလုပ်တာလဲ မေ၊ ဒီလိုပဲ ခဏခဏလာနေတာလား”

“အလုပ်ရှိလို့လာတာပါ မောင်၊ နှစ်ပတ်တစ်ခါလောက်တော့ လာတတ်တယ်လေ”

“ဟုတ်လား၊ ဒါဆို မေတို့ ခဏခဏ ဒီလိုစားကြတာပေါ့”

“မေ နေ့လည်ဂျူတီမရှိတဲ့နေ့တွေဆိုရင်တော့ တစ်ခါတစ်လေ စားဖြစ်တယ်လေ မောင်၊ ဘာဖြစ်လို့လဲ မောင်”

“ဒါဖြင့် မေက မောင့်ထက်တောင် သူနဲ့ပိုပြီးစားဖြစ်ကြတာပေါ့၊ မောင့်ထပ်လည်း သူနဲ့ပိုပြီးတွေ့ဖြစ်တာပေါ့၊ ဒါဆိုလည်း နောက်နေ့မှ သူနဲ့ထပ်သွားစားကြတာပေါ့၊ မောင်က သူ့လောက်အချိန်မရဘူးလေ”
မိုးမြင့်ယံ မကျေမနပ်ဖြင့် ပြောလိုက်မိပြန်သည်။

“ဘယ်ဖြစ်မလဲ မောင်၊ မေသွားမယ်လို့ ကိုကို့ကို ပြောပြီးသွားပြီလေ၊ ခုမှပြောတော့ ဘယ်ကောင်းမလဲ”

“မောင်နဲ့ ညစာအတူသွားစားကြမယ်လေနော်၊ မောင်လည်း နောက်သုံးရက်လောက် နေအုံးမှာ မဟုတ်လား”

“သြော် … မောင့်ထပ် မေ့ကိုကိုက ပိုအရေးကြီးတယ်ပေါ့၊ ဟုတ်လား မေ”

“စိတ်ဆိုးသွားတာလား မောင်ရယ်၊ မေ့ကို စိတ်မဆိုးပါနဲ့နော်၊ ကိုကိုနဲ့က ချိန်းပြီးသားဖြစ်နေလို့ပါ၊ မေ့ကို နားလည်ပေးပါ မောင်ရယ် နော်”

“နားလည်ပေးပါ”

ဆိုသော စကားလေးက မိုးမြင့်ယံရင်ထဲမှစကားများ ထွက်မလာနိုင်အောင် တားဆီးပိတ်ပင် လိုက်စေတော့သည်။ သို့ပေမယ့်လည်း သူဘယ်လောက်အတိုင်းအတာအထိ နားလည်ပေးနိုင်မည်ဆိုတာတော့ သူ့ကိုယ်သူ မသိတော့ပေ။ မေ့ကို သူသိပ်ချစ်သော်လည်း သူ နောက်တစ်ယောက်နဲ့မျှဝေချစ်နိုင်ဖို့လောက်ထိတော့ သူ မတတ်နိုင်ချေ။ သူ့ကိုလည်း နားလည်ဖို့ ကြိုးစားပေးပါလို့ သူ မေ့ကို ဘယ်လိုပြောရမလဲ။ သူ့ခံစားချက်တွေကို မေ နားလည်သဘောပေါက်အောင် သူ ဘယ်လိုရှင်းပြရပါ့မလဲ။ လောလောဆယ်တော့ မိုးမြင့်ယံရင်ထဲမှာ ကြေကွဲဝမ်းနည်းမှုကို ခံစားနေရတော့သည်။

♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠

“မင်းမျက်နှာကြီးက ဘယ်လိုဖြစ်နေရတာလဲ မိုးမြင့်ယံ”

သက်ဇော်အမေးကို အဖြေမပေးနိုင်လောက်အောင်ကို မိုးမြင့်ယံရင်ထဲမှာ မွန်းကြပ်လို့နေတော့သည်။ ဟန်မဆောင်နိုင်ဘဲ ဘေးလူသိလောက်အောင် အမူအရာပျက်နေသော သူ့ကိုယ်သူလည်း စိတ်ပျက်မိသည်။ ဒါပေမယ့်လည်း ဘုန်းမင်းခန့်နှင့်မေတို့ရဲ့ ရင်းနှီးမှုက သူ့စိတ်ကို အမျိုးမျိုးနှိပ်စက်လို့နေသည်။ လူကသာ အလုပ်ထဲရောက်နေသော်လည်း မိုးမြင့်ယံ၏ စိတ်ကတော့ ဟိုရောက်ဒီရောက်ဖြစ်နေသည်။ အလုပ်ကိုသာ ဦးစားပေးခဲ့သော မိုးမြင့်ယံတစ်ယောက် ချစ်သူရလာတော့မှဘဲ အလုပ်ကို ကောင်းစွာမလုပ်နိုင်ဘဲ ဖြစ်နေရ တော့သည်။

ဘုန်းမင်းခန့်နှင့်မေ့အကြောင်းကို စဉ်းစားလိုက်သည်နှင့် သူ့စိတ်တွေက လေးလံလို့သွားသည်။ သူတို့အကြောင်းကို မတွေးဘဲနေရင်ဖြစ်သော်လည်း လက်တွေ့မှာတော့ မိုးမြင့်ယံ မတွေးဘဲမနေနိုင်အောင် ဖြစ်နေမိသည်။ ခံနိုင်ရည်မရှိသော ကိုယ့်အဖြစ်ကို စဉ်းစားမိတိုင်းလည်း သူ့ကိုယ်သူအံ့သြမိသည်။

“ဟေ့ကောင် မိုးမြင့်ယံ၊ အသက်မှရှိသေးရဲ့လား ငါ့သူငယ်ချင်း”
သက်ဇော်စကားက မိုးမြင့်ယံ၏အတွေးကို ရပ်တန့်လို့သွားစေသည်။

“ဘာတွေဖြစ်နေတာလဲ မိုးမြင့်ယံ၊ မင်း ကောင်မလေးနဲ့အဆင်မပြေဘူးလား”

“အဆင်မပြေဘူးလို့လည်း မဟုတ်ပါဘူးကွာ၊ ဒါပေမယ့်”
မိုးမြင့်ယံစကားကို ဆက်မပြောသေးဘဲ ရပ်ထားလိုက်သည်။

“အင်း ဒါပေမယ့် ဘာဖြစ်လဲ မိုးမြင့်ယံ”

“ဒါပေမယ့် ငါ တစ်ခုခုကို စိုးရိမ်နေတယ် သက်ဇော်၊ မေနဲ့ငါ့အတွက် တစ်ခုခုက ဟန့်တားနေတယ်လို့ ငါခံစားနေရတယ်”

“ဘာတစ်ခုခုလဲ ဟေ့ကောင်၊ ရှင်းရှင်းပြောစမ်းပါ၊ မင်းဟာက အစမရှိ အဆုံးမရှိ”

“ငါသေချာတော့ မပြောတော့ဘူး သက်ဇော်ရာ၊ ဒါပေမယ့် တစ်စုံတစ်ယောက်က ငါတို့ကြားမှာ ခံနေတယ်”

“နောက်ဆုံးတော့လည်း ဘုန်းမင်းခန့်ကိစ္စပဲ မဟုတ်လား မိုးမြင့်ယံ”

“ဟုတ်တယ် သက်ဇော်”

“မင်းကလည်းကွာ၊ ပူစရာမရှိ ပူနေပြန်ပြီ၊ မေက မင်းချစ်သူဖြစ်နေပြီလေ၊ ဘာကြောင့် ဘုန်းမင်းခန့်က မင်းတို့ကြားမှာ ဟန့်တားနိုင်ရမှာလဲ”

“သူတို့ အခြေအနေကို မင်းကမှ သေချာမသိတာဘဲ သက်ဇော်”
သက်ပြင်းချရင်း မိုးမြင့်ယံ ပြောလိုက်သည်။

“သူတို့အခြေအနေ၊ သူတို့က ဘာဖြစ်နေလို့လဲ မိုးမြင့်ယံ”
နားမလည်သလို မေးနေသော သက်ဇော်ကို ကြည့်ရင်း မိုးမြင့်ယံ သက်ပြင်းကိုသာ ထပ်ချလိုက်မိသည်။

“ဟေ့ကောင် … သက်ပြင်းတွေပဲ ချမနေနဲ့၊ ငါမေးတာကို သေချာပြောအုံး”
စိတ်မရှည်သောလေသံဖြင့် သက်ဇော်က ထပ်မေးလိုက်သည်။

“ဒီလိုကွာ …”
မိုးမြင့်ယံက သက်ဇော်အား မေမြတ်နိုးနှင့် ဘုန်းမင်းခန့်တို့အကြောင်းအား ပြောပြလိုက်တော့သည်။

“ဒါဖြင့် မင်းက ဘာလုပ်ချင်နေလို့လဲ မိုးမြင့်ယံ”

“ငါ ဘာလုပ်ရမလဲဆိုတာတော့ ငါ့ကိုယ်ငါလည်း မသိသေးဘူး၊ ဒါပေမယ့် ရေရှည်ဆိုရင်တော့ ငါ နားလည်ပေးနိုင်မယ်လို့မထင်ဘူး၊ နောက်ပြီး မေက ဘယ်တော့မှ ဘုန်းမင်းခန့်နဲ့ အဆက်အသွယ်မလုပ်ဘဲ နေမယ်လို့လည်းမထင်ဘူး၊ ငါ သိသလောက်ဆိုရင် မေက ဘုန်းမင်းခန့်နဲ့ပတ်သက်ရင် ငါ့ကိုပဲ နားလည် ခိုင်းတယ်၊ လျှော့ခိုင်းတယ်၊ ပြီးတော့ ငါ့ထက် သူ့ကိုပဲ ပိုဦးစားပေးတယ်၊ ငါနဲ့မေ လက်တွဲမယ့်ကိစ္စမှာ ဘုန်းမင်းခန့်က တကယ့်ကိုပဲ ပြဿနာ ဖြစ်နေတယ်။ မေ့ သူ့ပုံစံကို မပြင်မချင်း ငါတို့နှစ်ယောက် လက်တွဲဖို့မလွယ်လောက်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ငါက သာမန်လူတစ်ယောက်လေ၊ ဘယ်လောက် ကြာကြာ သူတို့ကို နားလည်ကြည်ဖြူနိုင်မှာလဲ၊ ဒါကြောင့် မင်းကို ငါပြောတာ သက်ဇော်၊ ငါတို့နှစ်ယောက် ကြားမှာ ဘုန်းမင်းခန့်က လုံးဝကို အဟန့်အတားတစ်ခုဖြစ်နေပြီ”

“အင်း၊ ခက်တာပဲကွာ”
သက်ဇော် သူ့သူငယ်ချင်းကို ကြည့်ရင်း သက်ပြင်းရှည်ကိုသာ ချလိုက်မိသည်။

“ငါ ဘယ်လိုလုပ်ရမလဲ သက်ဇော်”
မိုးမြင့်ယံ စိတ်ပျက်အားလျော့စွာဖြင့် သက်ဇော်အား မေးလိုက်သည်။

“ငါ့အနေနဲ့ကတော့ မင်း သူ့ကိုတကယ်ချစ်ရင် နားလည်ပေးနိုင်အောင်သာ ကြိုးစားပါလို့ပဲ ပြောချင်တယ်၊ မေမြတ်နိုးက လှေနံနှစ်ဖက်နင်းမယ့်သူတစ်ယောက်တော့ မဟုတ်လောက်ဘူးလို့ ငါထင်ပါတယ်၊ နောက်ပြီး မင်းစိတ်ကို သူနားလည်အောင်လည်း တဖြည်းဖြည်းချင်းတော့ ပြောပြပေါ့ကွာ”

“ငါလည်း မင်းပြောသလိုလုပ်ဖို့ပဲ စိတ်ကူးရှိပါတယ်ကွာ၊ ဒါပေမယ့် တစ်ခါတစ်ခါကျတော့ လက်တွေ့မှာက ပြောသလောက်မလွယ်ဘူးလေ”

“ဟုတ်တော့ဟုတ်တယ်လေ မိုးမြင့်ယံ၊ ဒါပေမယ့် မင်းကသူ့ကိုချစ်မိမှတော့ အတတ်နိုင်ဆုံး လိုက်လျောနိုင် အောင်၊ နားလည်နိုင်အောင် ကြိုးစားရုံပဲရှိတော့တာပေါ့၊ နောက်ပြီး သူတို့ခင်နေကြတယ်ဆိုတာကို မင်းလည်း အစောကတည်းက သိထားခဲ့တာပဲ၊ ခုမှ ထူးပြီး ခင်ကြတာမှမဟုတ်ပဲကွာ၊ နားလည်ဖို့သာ ကြိုးစားပါတော့၊ ကိုယ်က ချစ်နေမှဘဲ”

“အင်းလေ၊ မင်းပြောတာဟုတ်ပါတယ်ကွာ၊ သူ့ကိုချစ်မိမှတော့ ဒါတွေကို ခံနိုင်အောင်ပဲ ကြိုးစားရတော့မှာပဲ”
မိုးမြင့်ယံ သက်ပြင်းအခါခါချရင်းဖြင့် သက်ဇော်အား ပြောလိုက်တော့သည်။

------------------------

No comments:

---------------------------------------------