Tuesday, August 14, 2007

အချစ်နှင့်အတူ (၂၁)

“မင်းပြောတဲ့အတိုင်းဆို ငါတောင် နားလည်ရခက်နေပြီ၊ မင်းတို့ ပြဿနာဖြစ်ပြီးနောက်ပိုင်း လုံးဝမတွေ့ ကြ တော့ဘူးလား”
မိုးမြင့်ယံ ခေါင်းကို လေးပင်စွာခါပြရင်း

“မတွေ့ ဖြစ်ပါဘူးကွာ၊ ငါလည်း သူ့ဆီ ဖုန်းမဆက်ဖြစ်ဘူး၊ သူလည်း ငါ့ဆီ ဖုန်းဆက်မလာဘူးလေ”
စိတ်ပျက်စွာဖြင့် ပြောလိုက်မိသည်။

“မင်းတို့မတွေ့တာ တော်တော်ကြာပြီမဟုတ်လား၊ မင်းကောင်မလေးကကော ခုဒီမှာလား”

“ကြာပြီလေ၊ တစ်ပတ်ကျော်လောက်ရှိပြီ၊ သူ ဒီမှာပဲလား ဟိုမှာလား ဆိုတာတော့ ငါလည်း မသိတော့ဘူး”

မိုးမြင့်ယံ သက်ပြင်းကိုသာ အခါခါချမိတော့သည်။ ဒီကာလအတွင်းမှာ မေတော့မသိ။ သူကတော့ မေ့ကို သတိရစိတ်နှင့် ဘာလုပ်လုပ် ကောင်းကောင်းကို အဆင်မပြေ။ တွေ့ချင်စိတ်ကို မြိုသိပ်ထားရတာကလည်း သူ့ရင်ထဲမှာ မခံချိမခံသာဖြစ်မိသည်။ သူကပဲ အားလုံးကို အလျှော့ပေးလိုက်ရမည်လား၊ မေ ပြောတာတွေ အားလုံးကို သူ ယုံကြည်လိုက်ရတော့မည်လား၊ ဒီတိုင်းပဲ သူတို့ဇာတ်လမ်းကို ရပ်လိုက်ရတော့မည်လား၊ ခေါင်းထဲတွင် အတွေးပေါင်းစုံဖြင့် ယောက်ယတ်ခတ်နေသည်။ သို့သော်လည်း သူ ယခုတိုင် ဝေခွဲမရနိုင် ဖြစ်နေရသည်။ နောက်ဆုံးတော့ သူ့အဖြစ်ကို သက်ဇော်ကိုသာပြောပြရင်း ရင်ဖွင့်မိတော့သည်။

“မင်း ပြောတာနားထောင်ကြည့်ပြီး ငါလည်း မင်းကောင်မလေးကို သိပ်နားမလည်တော့ဘူး မိုးမြင့်ယံ”

“အင်း ငါလည်း မေ့ကို ဘယ်လိုပုံစံနဲ့ နားလည်ရမလဲဆိုတာ မစဉ်းစားတတ်တော့ဘူး”

“အင်း မင်းတောင် မသိတာ ငါက ပိုဆိုးတာပေါ့ကွ”

“ငါနဲ့မေနဲ့ ချစ်သူတွေဆိုတာ ဘုန်းမင်းခန့်မသိတာကော ဖြစ်နိုင်လား သက်ဇော်”

“သေချာတော့ ငါမပြောတတ်ဘူး၊ ဒါပေမယ့် သူမသိဘူးလို့တော့ ငါမထင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို ခပ်တုံးတုံးသူတစ်ယောက်ဖြစ်မယ်လို့ ငါမထင်ဘူး၊ ဘုန်းမင်းခန့်က အဲလိုလူတစ်ယောက်ဖြစ်တယ် ဆိုရင် မင်းကောင်မလေးနဲ့ ဒီလိုတွေဖြစ်လာစရာအကြောင်းမရှိဘူး”

“ငါကတော့ သူတို့နှစ်ယောက်ပတ်သက်မှုက မရိုးသားဘူးလို့ ထင်တာပဲ၊ တစ်ယောက်နဲ့တစ်ယောက် ကြင်နာနေကြတာ ငါ ပြောကို မပြောချင်ဘူး၊ ဒါကို သူတို့က မောင်နှမတွေပါ၊ ရိုးသားပါတယ်လို့ပြောတာ ငါ ဘယ်လိုယုံရမလဲ သက်ဇော်”

“ငါကတော့ မေမြတ်နိုးကိုပဲ မယုံချင်တော့ဘူး မိုးမြင့်ယံ၊ သူ မရိုးသားတာလို့ပဲ ငါထင်တယ်၊ ငါ့ အထင်ကို မင်းကို ပြောပြမယ်၊ စိတ်တော့မဆိုးနဲ့၊ သူလုပ်နေတဲ့ပုံစံက ငါးရံ့နှစ်ကောင်ဖမ်းနေတဲ့ပုံစံမျိုး ဖြစ်နေတယ်လို့ ငါထင်တယ်၊ သူလုပ်နေတာတွေကို ငါသေချာမမြင်ရပေမယ့် မင်းပြောတဲ့စကားအတိုင်းအရဆို အဲလိုဖြစ်ဖို့ များနေတယ်”

သက်ဇော်ပြောတဲ့စကားလုံးတိုင်းက မိုးမြင့်ယံရင်ထဲသို့ ပူလောင်စွာဖြင့် စီးဝင်သွားသည်။ မိုးမြင့်ယံစိတ်ထဲ တွင်လည်း အသက်ရှူရပ်တော့မတတ် ခံစားနေရသည်။ သက်ဇော်ပြောတဲ့စကားလုံးတွေက မဖြစ်နိုင်ဘူးဟု မိုးမြင့်ယံလည်း မငြင်းရဲ။ ချစ်သူတွေမို့ သူ့နှုတ်က ဖွင့်မပြောရက်လို့ ခုလိုရေငုံနှုတ်ပိတ်နေခဲ့ပေမယ့်လည်း စိတ်ထဲတွင်တော့ သက်ဇော်ပြောသလိုပင် ခံစားနေရသည်။ ခုတော့ သက်ဇော်က သူ့ကို ပြောခဲ့ပြီ။ သူ ဘယ်လိုဖြေရှင်းရမလဲဆိုတာလည်း မစဉ်းစားတတ်တော့။ ခေါင်းတွေသာ ပူလာသည် အဖြေကတော့ ရှာလို့ မရပေ။ စိတ်ညစ်တာ စိတ်ပျက်တာတွေကိုသာ ခံစားနေရတော့သည်။ ဒီလိုအခြေအနေသို့ရောက်အောင် တွန်းပို့နေသော မေ့ကိုသာ ရက်စက်သည်ဟု သူဆိုချင်တော့သည်။

“ငါတော့ သေချာမသိတော့ပါဘူး သက်ဇော်ရာ၊ ဒီလိုဖြစ်နေတာကို စိတ်ပျက်သလို စိတ်လည်းညစ်တယ်၊ ငါတို့ဇာတ်လမ်းကို ဘယ်လိုဆက်ရမလဲဆိုတာတောင် မသိတော့ဘူး”

“အင်း … တကယ်ဆိုရင် မေမြတ်နိုးက သေသေချာချာ ပြောထားသင့်တယ်”

“ဘာကိုလဲ”

“မင်းတို့အကြောင်းကိုပေါ့၊ မင်းနဲ့ မေမြတ်နိုးက ချစ်သူတွေဖြစ်နေပြီဆိုတာကို ဘုန်းမင်းခန့်ကို သူက ပြောထားသင့်တာပေါ့၊ ငါ့အထင်တော့ မင်းကိုတော့ တစ်မျိုးပြောလိုက်၊ ဘုန်းမင်းခန့်ကိုတော့ တစ်မျိုး ပြောလိုက် လုပ်နေလားမသိဘူး။ မင်းတို့ချစ်သူတွေ တကယ်ဖြစ်သွားပြီဆိုတာကို ဘုန်းမင်းခန့်က မသိဘဲ မင်းကပဲ မေမြတ်နိုးကို တစ်ဖက်သတ်ကြိုက်ပြီး အတင်းလိုက်ကပ်နေတယ်လို့ ထင်နေတာ ဖြစ်နေအုံးမယ်”

သက်ဇော် ပြောသလိုပဲ မိုးမြင့်ယံလည်း စဉ်းစားခဲ့ဘူးသည်။ မေမြတ်နိုးက အခြားအရာတွေမှာ ပွင့်လင်း ရိုးသားပေမယ့် ဘုန်းမင်းခန့်နှင့်ပတ်သက်လျှင်တော့ တစ်ခုခုကို ဖုံးကွယ်ထားသလို၊ မပြောချင်သလိုဖြင့် အရမ်းကို လျှို့ဝှက်လွန်းလှသည်။ မေမြတ်နိုး ယခုပုံစံနှင့်တော့ ကြာလျှင် ဘုန်းမင်းခန့်နှင့်သူတော့မလွယ်။

“မေက ရိုးသားတဲ့မိန်းကလေးတစ်ယောက်လို့တော့ ငါယူဆပါတယ် သက်ဇော်၊ ဒါပေမယ့် ဘုန်းမင်းခန့်နဲ့ ပတ်သက်လာရင်တော့ အဲလိုမဟုတ်တော့ပြန်ဘူး၊ ဘုန်းမင်းခန့်နဲ့ပတ်သက်လာရင်ကွာ … ဘယ်လိုပြောရ မလဲ … ငါကကွာ နောက်လူဖြစ်သွားတယ်လို့ ငါ့ကိုယ်ငါခံစားရတယ်၊ အဲဒါကိုပဲ ငါက သည်းမခံနိုင်တာ”

“အင်း … ဒါဆို ဒီလိုကော မဖြစ်နိုင်ဘူးလား မိုးမြင့်ယံ”

“ဘယ်လိုလဲ သက်ဇော်”

“မေမြတ်နိုးက ဘုန်းမင်းခန့်ကို ချစ်နေပြီး ဘုန်းမင်းခန့်က သူ့ကို ဖွင့်မပြောလို့ စိတ်ဆိုးပြီး မင်းနဲ့ အရွဲ့တိုက်ပြီး တွဲပြတာမျိုးလေ”

စိတ်ညစ်လို့တိုင်ပင်မိကာမှ သက်ဇော်စကားတွေက တစ်ခုမှမသက်သာ။ တစ်ခါပြောလိုက်တိုင်း သူ့ရင်ဝကို တစ်ခါထိုးလိုက်သလို နင့်နင့်သွားရသည်။ ကြားရမသက်သာသောစကားတွေချည်း ပြောနေတော့သည်။

“ဘာပဲဖြစ်ဖြစ်ပေါ့ သက်ဇော်၊ ငါ မေ့ကို အရမ်းချစ်တယ်၊ သူက ငါ့ဘ၀အတွက် ထူးခြားတဲ့မိန်းကလေး တစ်ယောက်ပဲလေ၊ နောက်ပြီး ငါ့ဘ၀မှာ သံယောဇဉ်အဖြစ်ရဆုံး မိန်းကလေးမို့ အရမ်းမြတ်နိုးပြီး တန်ဖိုး ထားရတယ်၊ ဒါကြောင့်လည်း တော်ရုံ စိတ်မကျေနပ်စရာကိစ္စတွေကိုတော့ ဘာမှမပြော ဘာမှမဝေဖန်ဘဲ နားလည်ပေးခဲ့တယ်၊ ဒါပေမယ့် ဒီတစ်ခါတော့ ငါ ဘယ်လိုလုပ်ရမလဲဆိုတာ မသိတော့ဘူး”

“မင်းစိတ်ထဲမှာ လုပ်သင့်တယ်လို့ ယူဆတာကို လုပ်လိုက်ပေါ့ကွာ၊ ဒါပေမယ့်လည်း မဟုတ်တာတွေတော့ မလုပ်နဲ့”

“ငါ ဘုန်းမင်းခန့်နဲ့ သွားတွေ့ပြီး ပြောရင်ကောင်းမလား သက်ဇော်”

“မဟုတ်တာကတော့ စလုပ်နေပြီ၊ မင်းက သူ့ကို သွားတွေ့ပြီးတော့ ဘာပြောမလို့လဲ၊ မေမြတ်နိုးနဲ့ ကျွန်တော်က တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်တဲ့ချစ်သူတွေပါလို့ သွားပြောမလို့လား”

“မသိဘူးလေကွာ၊ သွားတွေ့ရင် ကောင်းမလားလို့စဉ်းစားမိလို့ပါ၊ မင်းကလဲ”

“မင်းကလဲ လုပ်မနေနဲ့၊ အဲလို အူကြောင်ကြောင်တွေလုပ်လို့ ခုလိုဖြစ်နေတာ၊ ဟိုက ဘာမှန်းမသိဘဲနဲ့ သွားပြောတော့ မင်း သူ့ကိုသွားစော်ကားသလိုဖြစ်မှာပေါ့ကွ၊ စဉ်းစဉ်းစားစားလေးလည်း လုပ်ပါကွာ၊ မင်းလုပ်ပုံက မေမြတ်နိုးကို ရမရတော့ မသိဘူး၊ လက်သီးစာတော့ ရတော့မှာ သေချာသလောက်ပဲ”

“မင်းကတော့ အပြောလေးနဲ့ ဟုတ်တယ်ကွ၊ ဟိုမှာက ငါ့ကို ငါတို့ဇာတ်လမ်းကို သူ့ဘက်ကပဲ စရပ် ပါတယ်၊ ပျော်ရွှင်ပါစေလို့ ပြောသွားတာကွ၊ သူ့ကို မယုံသင်္ကာနဲ့ ထပ်သွားပြောရင်လည်း တကယ်ပြတ် ကြရုံရှိတော့မယ်၊ ဒါကြောင့် ဘုန်းမင်းခန့်နဲ့တွေ့ပြီး ရှေ့ဆက်သင့်ဆက် မဆက်သင့်လည်း ဆက်လို့ရမယ့် နည်းလမ်းရှာရမှာကွ”

“မင်း မေမြတ်နိုးကို ဘယ်လိုပဲဖြစ်ဖြစ် အပြတ်မခံနိုင်ဘူးပေါ့”

“ဟုတ်တယ် သက်ဇော်၊ မေ့ကို ငါတကယ်ချစ်တာ၊ လက်ထပ်ဖို့အထိ ရည်ရွယ်ထားပြီးသား”

“ဒါဖြင့်လည်း မင်းအကောင်းဆုံးနည်းလမ်းကို ရှာပေါ့ကွာ၊ ဖြစ်နိုင်မယ်ဆိုရင်တော့ မေမြတ်နိုးပြောသလို သူတို့နှစ်ယောက်ကို မင်းယုံကြည်ပြီး နားလည်ပေးလိုက်ပေါ့၊ ဒါဆို အားလုံးက ပြေလည်သွားမှာပါ၊ အရေးကြီးတာက မင်းတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချစ်နေကြဖို့ပဲ၊ ချစ်နေကြမှတော့ ကျန်တာတွေကို မေ့ပစ်ပြီး ယုံယုံကြည်ကြည်နဲ့ လက်တွဲကြပေါ့ကွာ”

“အင်း၊ မင်းပြောသလိုပဲ လုပ်ရတော့မှာပေါ့ကွာ၊ ချစ်မိပြီဆိုမှတော့ အတတ်နိုင်ဆုံး ယုံကြည်နားလည်ပေး ရမှာပေါ့”

“အင်း … အဲဒါအကောင်းဆုံးပဲ မိုးမြင့်ယံ”

------------------------

No comments:

---------------------------------------------