(၁၄)
သာယာလှပသော ညနေခင်းတစ်ခု။
“ချယ်ရီသစ္စာ” အိမ်ခြံဝင်းကြီး၏ ရေကူးကန်နံဘေး စိမ်းလန်းကျယ်ဝန်းသော မြက်ခင်းပြင်ကြီးပေါ်တွင် ပျော်စရာကောင်းသော “မွေးနေ့ဧည့်ခံပွဲ” တစ်ခုကို စည်ကားသိုက်မြိုက်စွာ၊ ခံ့ညားထည်ဝါစွာဖြင့် ကျင်းပ နေလေသည်။ မွေးနေ့ရှင်ကတော့ ဦးအောင်မြင့်မြတ်နှင့် ဒေါ်မြတ်နိုးဝေတို့၏ တစ်ဦးတည်းသောသမီးလေး “မေမြတ်နိုး”။
ခြံဝင်းကြီးတစ်ခုလုံးက ရောင်စုံမီးလုံးများအောက်တွင် အလှပကြီးလှပလို့နေသည်။ ဂုဏ်သရေရှိလူကြီး လူကောင်းများ၊ ဆွေမျိုးမိတ်သင်္ဂဟများ၊ မွေးနေ့ရှင်၏ သူငယ်ချင်းများဖြင့် “မွေးနေ့ဧည့်ခံပွဲ” လေးက စည်ကားသိုက်မြိုက်လှသည်။ သာယာငြိမ့်ညောင်းလှသော ဂီတသံများကြားမှ ထွက်ပေါ်လာသော ဇွန်းသံ ခရင်းသံ၊ ပန်းကန်ခွက်ယောက်သံများနှင့် ဧည့်ပရိတ်သတ်အပေါင်း၏ စကားသံ ရယ်မောသံတို့က မွေးနေ့ပွဲ လေးအား ပို၍စည်ကားအောင် ဖန်တီးပေးနေကြလေသည်။
မကြာမီအချိန်လေးမှာပဲ မွေးနေ့ရှင်လေး “မေမြတ်နိုး” က မွေးနေ့ပွဲကျင်းပရာ မြက်ခင်းပြင်ဆီသို့ လှပ ကြော့ရှင်းစွာဖြင့် ၀င်လာသည်။ အပြာနုရောင်ပိုးသားဂါဝန်လေးနှင့် မေမြတ်နိုးက အလှကြီးလှနေတော့သည်။ မေမြတ်နိုး ၀င်လာသည်နှင့်တပြိုင်နက် ၀န်ထမ်းများက ရောင်စုံမီးပန်းများကို ထွန်းညှိလိုက်ကြသောကြောင့် ကောင်းကင်တစ်ခုလုံးလင်းထိန်သွားတော့သည်။ အလင်းရောင်ကြောင့် မွေးနေ့ရှင်လေးက ပို၍လှပတောက်ပ သွားလေသည်။
မွေးနေ့ရှင်က ပရိတ်သတ်များကို အလှဆုံးအပြုံးလေးဖြင့် လိုက်လံနှုတ်ဆက်လို့နေသည်။ ဧည့်သည်များ များပြားလှသောကြောင့် မေမြတ်နိုးတစ်ယောက် သူငယ်ချင်းများ၏ စားပွဲဝိုင်းသို့တော်တော်နှင့် မရောက်နိုင် ဖြစ်နေတော့သည်။ အချစ်ဆုံးသူငယ်ချင်းလေး၏ မျက်နှာပေါ်မှ ပီတိအပြုံးက နွေးထွေး၊ မြူနှင်းနှင့် နွယ်နီ တို့ဆီသို့ ကူးဆက်ကာ သူတို့၏စိတ်ကိုလည်း အမှန်တကယ်ကို အေးချမ်းစေသည်။
မေမြတ်နိုးအားကြည့်ရင်း ဘုန်းမင်းခန့်တစ်ယောက် အရမ်းကိုကြည်နူးဝမ်းသာလို့နေသည်။ ပြုံးပျော်ရွှင်နေ သောမျက်နှာလေးက တကယ့်ကို ပကတိကလေးတစ်ယောက်လို အပြစ်ကင်းစင်လှသည်။ ဒီကောင်မလေးနှင့် သူ့ရေစက်ကလည်း အံ့သြလောက်အောင် ဆန်းကြယ်လှသည်။ ဘုန်းမင်းခန့် ဘယ်တုန်းကမှ ဘယ်သူနှင့်မှ မခံစားရဘူးသော ခံစားမှုတို့က ထိုကောင်မလေးနှင့်မှခံစားရသည်။ ဘာပဲဖြစ်ဖြစ် ယခုတော့ သူ မြတ်နိုးအား ချစ်၍ မ၀နိုင်လောက်အောင်ကို ချစ်နေမိပြီ။
မိုးမြင့်ယံကလည်း မေမြတ်နိုးအားကြည့်ရင်း ချစ်ခင်နှစ်သက်စိတ်များ တဖွားဖွားဖြစ်ပေါ်နေလေသည်။ မိမိ နှစ်သက်သူလေးက ပြုံးပျော်ရွှင်နေတော့ သူလည်း အလိုလို ပျော်ရွှင်လို့နေသည်။ ထိုကောင်မလေးသာ မိမိ ချစ်သူဖြစ်သွားလျှင်တော့ မိုးမြင့်ယံလောက်ပျော်ရွှင်မည့်သူ ရှိမည်ဟုမထင်။ အတွေးနှင့်ပင် ကြည်နူးမှုတို့က အတိုင်းမသိ။
“မွေးနေ့ရှင်မမလေး ခုမှပဲ နွေးတို့နားရောက်လာတော့တယ်နော်”
“ဟုတ်သားပဲ၊ အချစ်ဆုံးသူငယ်ချင်းတွေကို ဒီလိုပဲ ပစ်ထားရလား”
“အင်းလေ၊ ခုတော့မေ့ပြီပေါ့ နွယ်တို့ကို”
တစ်ယောက်တစ်ခွန်းပြောလိုက်သော အပြုံးတွေကို မေက ဘာမှပြန်မပြောဘဲ ရယ်လို့သာနေသည်။
“မဟုတ်ရပါဘူးရှင်၊ ဟိုမှာ ဖေနဲ့မေက သူ့မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးနေလို့ပါ”
မေက ပြုံးပြရင်း ပြောလိုက်သည်။
“ဘာလဲ ချွေးမတော်ဖို့ မိတ်ဆက်ပေးနေတာလား”
“မဟုတ်ပါဘူး နှင်းရယ်၊ ဒီတိုင်းမိတ်ဆက်ပေးတာပါ”
မေ့စကားအဆုံး၌ အားလုံးသဘောကျစွာ ရယ်လိုက်ကြသည်။
“နှင်းတို့နွယ်တို့က ကိုဘုန်းနဲ့ ကိုမိုးမြင့်ယံနဲ့ တစ်ဝိုင်းထဲထိုင်နေပြီး မိတ်မဆက်ရသေးဘူးလား”
“မဆက်ရသေးဘူးလေ၊ သူတို့မှန်းမှမသိတာ”
“ခုမိတ်ဆက်ပေးလိုက်လေ မိနိုး”
နွေးထွေးက မေမြတ်နိုးအား ပြောလိုက်လေသည်။ ထို့နောက် ဘယ်သူ့မှ မမြင်အောင် မျက်စိတစ်ဖက်ပင် မှိတ်ပြပြီး မေ့ကို စလိုက်သေးသည်။
“အင်း မိတ်ဆက်ပေးမယ် နွေး”
“နွေး … နှင်း … နွယ် … သူက ကိုဘုန်းမင်းခန့်တဲ့၊ ဟိုဘက်က ကိုမိုးမြင့်ယံ”
“ကိုဘုန်း … ကိုမိုးယံ … ဒါက မေ့အချစ်ဆုံးသူငယ်ချင်းသုံးယောက် … မြူနှင်း၊ နွယ်နီနဲ့ နွေးထွေးတဲ့”
မေက ကိုဘုန်းမင်းခန့်နှင့် ကိုမိုးမြင့်ယံအား မေ့သူငယ်ချင်းသုံးယောက်နှင့် မိတ်ဆက်ပေးလိုက်သည်။
“တွေ့ရတာဝမ်းသာပါတယ် ခင်ဗျာ”
“ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ရှင်”
ထို့နောက် ဘုန်းမင်းခန့်နှင့် မိုးမြင့်ယံအား ထပ်မံမိတ်ဆက်ပေးလိုက်သည်။
“ကိုဘုန်း … ဒါက ကိုမိုးမြင့်ယံတဲ့”
“ကိုမိုးယံ … မေ ပြောပြောနေတဲ့ ကိုဘုန်းမင်းခန့်”
“တွေ့ရတာဝမ်းသာပါတယ် ကိုမိုးမြင့်ယံ”
“ကျွန်တော်လည်း ၀မ်းသာပါတယ် ကိုဘုန်းမင်းခန့်”
ဘုန်းမင်းခန့်နှင့် မိုးမြင့်ယံက တစ်ယောက်နှင့်တစ်ယောက်ပြောရင်း လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။
“ကိုဘုန်းတို့ ဟိုဘက်ကို လိုက်ခဲ့တော့နော်၊ မေ မွေးနေ့ကိတ်လှီးတော့မှာမို့”
“ဟုတ်ပါပြီ ဗျာ”
“ကိုမိုးယံနဲ့ နှင်းတို့ကော လာလေ”
“အင်း လာပြီ မိနိုး”
“အင်း မေ”
မေတို့အားလုံး မွေးနေ့ကိတ်ရှိရာ စားပွဲဆီသို့ထွက်ခဲ့ကြတော့သည်။
စင်မြင့်ထက်မှ မွေးနေ့ဆုတောင်းသီချင်းသံလေးက သာယာငြိမ့်ညောင်းစွာဖြင့် ပျံ့လွင့်လို့လာသည်။ မေ့ မျက်နှာလေးက ပျော်ရွှင်ကြည်နူးမှုကြောင့် အပြုံးများဖြင့် ပြည့်လျှံလို့နေသည်။ သီချင်းလေးအဆုံး၌ မေက ဖယောင်းတိုင်လေးများကို မှုတ်လိုက်ပြီး ကိတ်မုန့်လေးကို စတင်လှီးလိုက်တော့သည်။ ထို့နောက် ကိတ်မုန့် လေးအား မေက တစ်ယောက်ချင်းဆီ လိုက်ခွံ့ကျွေးလိုက်သည်။ ပထမဦးဆုံး မေ့ဖေဖေနှင့် မေမေ၊ ထို့နောက် မေ အခင်ဆုံး အချစ်ရဆုံးဖြစ်သော ကိုဘုန်း၊ ကိုမိုးယံ၊ နှင်း၊ နွယ်၊ နွေး။
မေမြတ်နိုး၏မွေးနေ့ပွဲလေးက မေ့ကို ချစ်မြတ်နိုးသူ၊ မေက ချစ်မြတ်နိုးရသူများနှင့် စည်ကားသိုက်မြိုက်စွာ ပြီးဆုံးသွားတော့သည်။ အမှတ်တရပေါင်းများစွာ၊ ကြည်နူးဝမ်းသာမှုများစွာဖြင့် မေ့ဘ၀အတွက် ဘယ်တော့မှ မမေ့နိုင်သောမွေးနေ့ပွဲလေးဖြစ်ခဲ့သည်။ မွေးနေ့ပွဲလေးက ပြီးသွားပြီဖြစ်သော်လည်း မွေးနေ့ရှင်မေကတော့ ယခုထိတိုင် ရင်ခုန်ဆဲ၊ ကြည်နူးဝမ်းသာဆဲဖြစ်သည်။
“မိနိုး လက်ဆောင်တွေ ဖောက်သေးဘူးလား”
ခုတင်ထက်တွင်ထိုင်ရင်း ငေးနေသောမေက နွယ့်စကားကြောင့် နွယ့်အားပြုံးပြလိုက်မိသည်။
“ကဲ … လက်ဆောင်မဖောက်ဘူးလားဆိုတာ ပြုံးပြနေတယ်၊ ဖောက်ပါ ကိုဘုန်းမင်းခန့်နှင့် ကိုမိုးမြင့်ယံ လက်ဆောင်ကို၊ ဒီမှာ သိချင်လှပြီ”
“အင်း ဟုတ်တယ် မိနိုး မြန်မြန်ဖောက်”
နွေးကလည်း စိတ်ဝင်စားစွာဖြင့် ၀င်ပြောလိုက်လေသည်။
“ဟုတ်ပါပြီရှင်၊ ကိုဘုန်းလက်ဆောင်ကို အရင်ဖောက်ကြတာပေါ့”
“အင်း”
မေက ကိုဘုန်းမင်းခန့်လက်ဆောင်အားလှမ်းယူလိုက်ပြီးနောက် တဖြည်းဖြည်းချင်းဖောက်လိုက်တော့သည်။ ပါကင်လေးအတွင်းမှ လှပသောဗူးလေးက ၀င့်ထည်စွာထွက်ပေါ်လာသည်။ မေက ဗူးလေးအား ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ ဗူးလေးအတွင်း၌ ပလက်တီနမ်ဆွဲကြိုးလေးက တဖျတ်ဖျတ်လက်လို့။ လော့ကတ်လေးက ဂီတသင်္ကေတပုံစံလိုလို အင်္ဂလိပ်အက္ခရာ "S" ပုံစံလိုလို။ သေချာတာကတော့ ချစ်စရာကောင်းသောပုံစံလေး ဖြစ်သည်။
“ချစ်စရာကောင်းလိုက်တာ မိနိုးရယ်၊ ကိုဘုန်းမင်းခန့်တို့ကတော့ တကယ်ကို စိတ်ကူးကောင်းတယ်နော်၊ ရွေးလည်းရွေးတတ်တယ်”
“ဟုတ်တယ်၊ နွယ်တို့ဆိုရင်တောင် အဲလို ရွေးတတ်မှာ မဟုတ်ဘူး”
“အင်း ဟုတ်တယ်”
နွေးထွေးတို့က တစ်ယောက်တစ်ခွန်း ပြောလိုက်ကြသည်။
“မိနိုး ဆွဲကြည့်လိုက်လေ”
“အင်း မိနွယ်”
“နှင်း ဆွဲပေးမယ် နိုး”
မြူနှင်းက မေ့အား လာရောက်ဆွဲပေးလိုက်သည်။ ဆွဲကြိုးလေးက မေ့လည်ဂုတ်ဖွေးဖွေးပေါ်တွင် လှပလို့နေ သည်။
“အရမ်းလှတယ် သိလား မိနိုး၊ ဆွဲလိုက်တော့ ခုနကြည့်တာထက် ပိုလှတယ်”
“အင်းပေါ့ ဒီလိုပဲဖြစ်ရမှာပေါ့၊ ဆွဲထားတဲ့သူကိုလည်း ကြည့်လိုက်အုံးလေ၊ ဒီလောက်လှပြီး ဒီလောက် ချစ်စရာကောင်းတာ”
မေက နှင်းတို့အား နောက်လိုက်တော့သည်။ မေ့မျက်ဝန်းလေးကတော့ ကျေနပ်မှုဖြင့် တောက်ပလို့နေသည်။
“အင်း တစ်ယောက်တော့ ပြီးသွားပြီ၊ ကိုမိုးမြင့်ယံလက်ဆောင်ကိုဖောက်၊ ခု”
“ဟုတ်တယ် ဖောက်တော့ သူ့လက်ဆောင်”
“ဟုတ်ပါပြီရှင်၊ ဖောက်ပါ့မယ်”
မေက ပြောပြီးသည်နှင့် ကိုမိုးမြင့်ယံ၏ လက်ဆောင်ထုပ်လေးအား လှမ်းယူ၍ ဖြေလိုက်တော့သည်။ အထုပ်လေးထဲမှ ဗူးလေးတစ်ဗူးက ထွက်ပေါ်လာသည်။ မေ ထိုဗူးလေးအား ထပ်မံဖွင့်ကြည့်လိုက်သည်။ ဗူးလေးထဲတွင် ဗူးအသေးလေးတစ်ဗူးနှင့် မွေးနေ့ကဒ်လေးတစ်ကဒ်က မေ ဖွင့်အကြည့်အားစောင့်နေဟန်။ မေ ဦးစွာ ကဒ်လေးအား ထုတ်ယူပြီး ဖွင့်ကြည့်လိုက်တော့သည်။ ကဒ်လေးထဲမှာတော့ မေ့ကို ရင်ခုန်စေသော စာကြောင်းလေး ခြောက်ကြောင်း။ စာကြောင်းလေးများအား မေ ထပ်မံဖတ်လိုက်မိသည်။
ချစ်ရသောမေ
မေ့မွေးနေ့မှာ မေ့အတွက်လက်ဆောင်အဖြစ် ကျွန်တော့်နှလုံးသားကို ပေးလိုက်တယ်။
ကျွန်တော်ပေးတဲ့လက်စွပ်လေးက ကျွန်တော့်အချစ်ကို ကိုယ်စားပြုတဲ့သက်သေပါ။
မေ့ကို ကျွန်တော်ချစ်တယ်။
မေ ကျွန်တော့်အချစ်ကို လက်ခံပါလို့ အလေးအနက်တောင်းဆိုလိုက်ပါတယ်။
မေနဲ့အတူ ကျန်ရှိနေတဲ့ ကျွန်တော့်ဘ၀ကို လျှောက်လှမ်းချင်ပါတယ်။
ပျော်ရွှင်ကြည်နူးသော အမှတ်တရမွေးနေ့လေး ဖြစ်ပါစေ …
မေ့ကိုအရမ်းချစ်တဲ့
မိုးမြင့်ယံ
မေ စာကို ဖတ်ပြီးနောက်မှာပေါ့ ဘေးမှာရှိနေသောဗူးလေးအား ဖွင့်ကြည့်လိုက်သည်။ ဗူးလေးအတွင်းမှတော့ ဒီဇိုင်းရိုးရိုးလေးနှင့် လက်စွပ်လေးတစ်ကွင်း။ ဖဲပြားပုံစံလေးနှင့် အလယ်တွင် စိန်လေးတစ်လုံးထည့်ထား၏။ လက်စွပ်ဗူးလေးတစ်ဖက်၊ မွေးနေ့ကဒ်လေးတစ်ဖက်ကိုင်ရင်း မေမြတ်နိုး အူကြောင်ကြောင်ဖြစ်နေတော့သည်။ မွေးနေ့မှာ ဒီလိုချစ်ခွင့်တောင်းခံရလိမ့်မည်လို့ သူမ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူးပေ။ ပျော်ရွှင်ကြည်နူးမှု၊ စိတ်လှုပ်ရှားမှု၊ ရင်ခုန်မှု၊ အံ့သြ၀မ်းသာမှုတို့ဖြင့် မေ့ရင်ထဲတွင် ပြည့်နှက်လို့နေသည်။
“မိနိုး …”
မြူနှင်း၏ခေါ်သံကြောင့် မေ အတွေးကိုဖြတ်ရင်း မြူနှင်းအား လှမ်းကြည့်ကာမေးလိုက်သည်။
“ဘာလဲ နှင်း …”
“ဘာလုပ်မယ်လို့စိတ်ကူးလဲ နိုး”
“နိုး လောလောဆယ်တော့ မသိသေးဘူး နှင်း”
“နိုး သူ့ကိုစိတ်ဝင်စားတယ် မဟုတ်လား၊ အမြဲလည်း သတိရနေတာပဲ မဟုတ်လား”
“ဟုတ်တော့ဟုတ်ပါတယ် နှင်း၊ ဒါပေမယ့် နိုး စဉ်းစားအုံးမယ်”
“ကိုယ့်စိတ်ကိုယ်ကို သေချာမသိသေးဘူးလား နိုး”
နွေးထွေးက မေမြတ်နိုးအား ၀င်မေးလိုက်သည်။
“အဲလိုလို့ထင်တယ် နွေး၊ နိုး သူ့ကို ချစ်လားမချစ်လားဆိုတာ တစ်ခါမှမစဉ်းစားခဲ့ဘူးလေ၊ နိုး ခုမှစစဉ်းစား ရမှာလေ”
“အင်း သေချာစဉ်းစားပေါ့”
“အင်းပါ နွယ်”
“စဉ်းစားပြီးရင်လည်း နွယ်တို့ကို ပြောအုံးနော်၊ တိတ်တိတ်ကလေး လုပ်မနေနဲ့နော်”
“ဟုတ်ပါပြီရှင်၊ နိုး ပြောပါ့မယ်”
“အင်း”
“ကဲ စပ်စုလို့လည်း ပြီးပြီ၊ ပြန်ကြရအောင် နွေးနဲ့နွယ်”
“အင်း ပြန်ကြမယ်လေ နှင်း”
“ကဲ မွေးနေ့ရှင်လေး နှင်းတို့ပြန်မယ်နော်၊ တစ်ယောက်တည်း စိတ်ကူးယဉ်ရင်း နေခဲ့ပေတော့”
“ဟုတ်ပါပြီရှင်”
“သွားပြီနော် နိုး၊ တာ့တာ”
“တာ့တာ နွေး၊ တာ့တာ နွယ်၊ တာ့တာ နှင်း”
နွေးထွေးတို့ ပြန်သွားကြပြီးနောက် မေ အိပ်ရာထက်တွင် ထိုင်နေရာမှ မထသေးဘဲ လက်စွပ်လေးကို ကြည့်နေမိသည်။ လက်စွပ်လေးကို သူ ၀တ်ရမလား မ၀တ်ရမလား ဝေခွဲမရဖြစ်နေတော့သည်။ ကိုမိုးယံက သူ့အချစ်သက်သေဆိုတော့ ဒါကို မေ၀တ်လိုက်ရင် သူ့အချစ်ကို မေလက်ခံခြင်းဟု ထင်သွားမလား။ ဟိုးအရင်ပြန်မတွေ့ရချိန်ကတော့ မေ သူ့ကိုအရမ်းကို တွေ့ချင်နေခဲ့မိသည်။ ယခုလို ပြန်တွေ့ရသည့်အပြင် သူ့အချစ်ကိုပါ ရချိန်ကြတော့လည်း မေ့စိတ်တွေက ဘယ်လိုမှန်းမသိ။ ဒါပေမယ့် မေ မိုးမြင့်ယံနှင့်တွေ့တိုင်း ဘယ်သူနှင့်မှမတူသော ခံစားမှုတစ်ခုကို အမြဲခံစားရသည်။ အဲဒီခံစားမှုက ဘာဆိုတာ သူကိုယ်တိုင်လည်း မသိ။ ကိုမိုးမြင့်ယံ ခရီးသွားနေချိန်တွင်လည်း မေ သူ့ကို အရမ်းကိုသတိရမိခဲ့သည်။ တစ်ခုခုလိုသလိုလိုခံစား ရသည်။ အဲလိုခံစားချက်က အချစ်ဆိုလျှင်တော့ မေ ကိုမိုးမြင့်ယံကို ချစ်နေမိပြီပေါ့။
တယ်လီဖုန်းမြည်သံက မေ့အား အတွေးကမ္ဘာမှ လှုပ်နှိုးလိုက်သည်။ မေ ခုတင်ထက်မှထကာ စားပွဲပေါ်တွင်တင်ထားသော လက်ကိုင်ဖုန်းလေးအား ကောက်ယူလိုက်သည်။ ထို့နောက် ဖုန်းလေးအား ဖွင့်ရင်း မေ ထူးလိုက်သည်။
♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠
Wednesday, August 1, 2007
အချစ်နှင့်အတူ (၁၄)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment