“ဟယ်လို …”
“မြတ်နိုး … ဘာလုပ်နေလဲ၊ အိပ်နေပြီလား”
“မအိပ်သေးပါဘူး ကိုဘုန်း”
“ပင်ပန်းနေတာ စောစောအနားမယူဘူးလား၊ တော်ကြာနေမကောင်းဖြစ်နေအုံးမယ်”
“မအိပ်ချင်သေးလို့ပါ ကိုဘုန်းရဲ့၊ ဒါနဲ့ ကိုဘုန်း မေ့ဆီဆက်တာ ပြောစရာရှိလို့လား”
“ဟုတ်တယ် မြတ်နိုးရဲ့၊ ပြောစရာလည်းရှိတယ်၊ နောက်ပြီး ညနေက မြတ်နိုးကို သေချာ wish မလုပ်လိုက် ရတာနဲ့”
“ရပါတယ်ကိုဘုန်းရယ်”
“လက်ဆောင်ကို သဘောကျရဲ့လား မြတ်နိုးလေး”
“ဟုတ် အရမ်းသဘောကျတယ် ကိုဘုန်း၊ မေ့ သူငယ်ချင်းတွေကတောင် ကိုဘုန်းရွေးတာအရမ်းတော်တာပဲ လို့ ချီးမွမ်းနေကြသေးတယ်၊ မေနဲ့လည်း အရမ်းလိုက်တယ်တဲ့”
“ဟုတ်လား မြတ်နိုးလေး”
“ဟုတ်ကဲ့”
“ခု အဲဒီဆွဲကြိုးလေးကို ဆွဲထားတာလား မြတ်နိုးလေး”
“ဟုတ်တယ် ကိုဘုန်း၊ မေ အဲဒီဆွဲကြိုးလေးကို ဆွဲထားတာ”
“အင်း မြတ်နိုး၊ ကိုယ် ဘာဖြစ်လို့ မြတ်နိုးကို ဆွဲကြိုးလေးပေးလဲသိလား”
ဘုန်းမင်းခန့်အမေးကြောင့် မေမြတ်နိုး ခဏမျှဘာမှမပြောဘဲ စဉ်းစားနေလိုက်သည်။
“သိလား မြတ်နိုး”
“မေ့ မွေးနေ့အတွက် ပေးတာမဟုတ်ဘူးလား ကိုဘုန်းရဲ့၊ မေ့မွေးနေ့လက်ဆောင်အဖြစ်နဲ့လေ”
မေမြတ်နိုးက ဘုန်းမင်းခန့်အား ဖြေလည်းဖြေ မေးလည်းမေးလိုက်၏။
“အဲလိုမျိုး မွေးနေ့လက်ဆောင်အနေနဲ့ တစ်ခုထဲတော့ မဟုတ်ဘူး မြတ်နိုးလေး၊ ကိုယ်အဲဒါကို ပေးတာ မြတ်နိုးပြောပြဖူးတဲ့ အကြောင်းတစ်ခုကိုလည်း သတိရမိလို့ပေါ့”
“မေ ပြောပြဖူးတဲ့အကြောင်းတစ်ခုကို သတိရလို့၊ ဘာအကြောင်းများလဲ ကိုဘုန်း”
မေမြတ်နိုးက နားမလည်ဟန်ဖြင့် ပြန်မေးလိုက်သည်။
“မြတ်နိုး ပြောဖူးတယ်လေ၊ မြတ်နိုးက ဆွဲကြိုးကို အလှဆွဲတာသပ်သပ်မဟုတ်ဘူး၊ အဆောင်အဖြစ်နဲ့လည်း ဆွဲတယ်ဆိုတာလေ”
“ဟုတ်တယ် ကိုဘုန်း၊ အဲဒါ ဘာဖြစ်လို့လဲဟင် ကိုဘုန်း”
“အဲဒါကြောင့် ကိုယ်က မြတ်နိုးကို ဆွဲကြိုးပေးတာလေ၊ မြတ်နိုးအတွက် အဆောင်အနေနဲ့ပေါ့၊ အဲဒီ ဆွဲကြိုးလေးနှင့်အတူ ကိုယ်က မြတ်နိုးကို အမြဲစောင့်ရှောက်နေမယ်ဆိုတဲ့သဘောနဲ့ပေါ့”
“ဟုတ်ပါပြီရှင်၊ ကိုဘုန်းကို ကျေးဇူးတင်ပါတယ်”
“မလိုပါဘူးဗျာ၊ ပြီးတော့ ကိုယ့်မှာ မြတ်နိုးကိုပေးဖို့ နောက်ထပ်လက်ဆောင်တစ်ခုရှိသေးတယ်”
“နောက်ထပ်လက်ဆောင်”
မြတ်နိုးက အသံတိုးတိုးလေးဖြင့် ရေရွတ်လိုက်မိသည်။
“ဟုတ်တယ် မြတ်နိုး၊ နောက်ထပ်လက်ဆောင်လေ”
“ဘာများလဲဟင် ကိုဘုန်း”
“ဘာဖြစ်မယ်လို့ထင်လဲ မြတ်နိုး”
ဘုန်းမင်းခန့်က မပြောသေးဘဲ မြတ်နိုးအား မေးလိုက်သည်။
“မေ မထင်တတ်ဘူး ကိုဘုန်းရဲ့”
“မှန်းကြည့်ပါအုံး မြတ်နိုးလေးရဲ့”
“ဟုတ် ဒါဖြင့် မေမှန်းကြည့်မယ်နော်၊ မှားရင် မရယ်ရဘူးနော်”
“ဟုတ်ပါပြီဗျာ၊ မရယ်ပါဘူး”
“ကိုဘုန်းက မေ့ကို …”
မေမြတ်နိုးက ဘာမှဆက်မပြောဘဲ ရပ်ထားလိုက်သည်။
“ဆက်ပြောလေ မြတ်နိုး”
“ကိုဘုန်းက မေ့ကို … မေ့ကို ညီမအဖြစ် တကယ်မွေးစားမလို့ မဟုတ်လား”
“ပုဏ္ဏားလေးရှိလား မြတ်နိုး”
“ဘယ်သူ့မှာလဲ ကိုဘုန်း”
“ဘယ်သူရှိမလဲ၊ မြတ်နိုးဆီမှာပေါ့”
“မေ့ဆီမှာ … ဘာဖြစ်လို့လဲ ကိုဘုန်း”
“ကိုယ့်စိတ်ထဲမှာ ဘာရှိနေလဲဆိုတာ သိလို့ပေါ့”
“သိတာပေါ့၊ တခြားသူမှမဟုတ်ဘဲလေ၊ ကိုဘုန်း ညီမပဲဟာ”
မေမြတ်နိုးက ဘုန်းမင်းခန့်အားနောက်ရင်း ပြန်ပြောလိုက်တော့သည်။
“ဟုတ်ပါပြီဗျာ”
“ဒါဖြင့် မေ ပြောတာဟုတ်တယ်ပေါ့”
“ဟုတ်တာပေါ့ဗျာ၊ မြတ်နိုးက ဒီနေ့ကစပြီး ကိုယ့်ညီမလေးဖြစ်သွားပြီနော်၊ ကိုယ့်အစ်ကိုကို ဘာကိစ္စပဲဖြစ်ဖြစ် ပြောပြရမယ်နော်၊ အားနာတာတွေဘာတွေမရှိရဘူး”
“ဟုတ်ကဲ့ပါရှင်”
“ဒီနေ့ မြတ်နိုးမွေးနေ့မှာ ပျော်ရဲ့လား”
“ပျော်တာပေါ့ ကိုကိုရဲ့”
“မြတ်နိုး ကိုယ့်ကို ဘယ်လိုခေါ်လိုက်တယ်”
“ကိုကိုလို့ပေါ့”
“ဘာဖြစ်လို့အဲလိုခေါ်တာလဲ”
“ကိုဘုန်းက မေ့အစ်ကိုဖြစ်သွားပြီလေ၊ ဒါကြောင့် အဲလိုခေါ်တာပေါ့၊ "အစ်ကို" လို့တော့ မခေါ်ချင်ဘူး၊ ဘာလို့လဲဆိုတော့ အဲဒါလူတိုင်းခေါ်နိုင်လို့ပေါ့၊ မေက သူများခေါ်သလို ခေါ်ရတာမကြိုက်ဘူး၊ နောက်ပြီး ဟိုးအရင်ကတည်းက မေက အစ်ကိုတစ်ယောက်လိုချင်ခဲ့တာ၊ မေ့အစ်ကိုကို "ကိုကို" လို့ပဲ ခေါ်ဖို့လည်း ဆုံးဖြတ်ထားပြီးသားလေ၊ ခု ကိုဘုန်းက မေ့အစ်ကို ဖြစ်သွားပြီဆိုတော့ မေခေါ်ခွင့်ရသွားပြီပေါ့၊ ဟုတ်တယ် မဟုတ်လား ကိုဘုန်း၊ မေ အဲလို ခေါ်လို့ဖြစ်တယ် မဟုတ်လား”
“မဖြစ်ပါဘူး”
ဘုန်းမင်းခန့်က မေမြတ်နိုးအား အတည်ပေါက်အသံဖြင့် ပြောလိုက်သည်။
“တကယ်မဖြစ်ဘူးလား ကိုဘုန်း”
“အင်း”
“ဟုတ်ကဲ့ပါ ကိုဘုန်း၊ ဒါဖြင့် မေ အဲလိုမခေါ်တော့ဘူးနော်”
စိတ်မကောင်းသံဖြင့် မေ ပြောလိုက်မိသည်။
“အလကားစတာပါ ညီမလေးရယ်၊ ခေါ်ပါ ရပါတယ်”
“မခေါ်တော့ဘူး ကိုဘုန်း”
“ကိုယ့်အစ်ကိုကို စိတ်မဆိုးရဘူးလေ”
“မေ စိတ်မဆိုးပါဘူး ကိုဘုန်း၊ စိတ်မကောင်းဖြစ်မိတာပါ”
“အဲဒါက ပိုဆိုးတယ်”
“ဟုတ်လား”
“ဟုတ်တယ်လေ”
“ကိုကို အညာမိသွားပြီ”
မေမြတ်နိုးက ပြောလည်းပြော ရယ်လည်းရယ်လိုက်မိသည်။
“ဟုတ်လား”
“ဟုတ်တာပေါ့၊ မေက ကိုကို မခေါ်ခိုင်းလည်း မရမကခေါ်မှာဘဲ၊ လုံးဝမခေါ်ရဘူးဆိုရင်တော့ ကိုကို့ကို အစ်ကိုမတော်တော့ဘဲ နေလိုက်မှာပေါ့”
“ဟုတ်ပါပြီဗျာ၊ မမလေး သဘောအတိုင်းပါပဲဗျာ”
“စောစောကတည်းက အဲလိုပြောလိုက်ရင် ပြီးရော”
“ဟုတ်ကဲ့ပါ မမရယ်၊ ကဲ … နက်ဖြန်ညီမဘယ်သွားချင်လဲ၊ မောင်နှမဖြစ်သွားတဲ့ အထိမ်းအမှတ်အနေနဲ့ ကိုကို့ညီမသွားချင်တဲ့နေရာ လိုက်ပို့မယ်”
“တကယ်လား ကိုကို”
“တကယ်ပေါ့ဗျ”
“ဒါဖြင့် ညီမတို့ ဘုရားသွားပြီး မနက်စာတူတူစားကြမယ်လေ၊ ဘယ်လိုလဲ ကောင်းလား ကိုကို”
“ကောင်းပါ့ဗျာ”
“ဘယ်အချိန်သွားကြမလဲ”
“မနက်ငါးနာရီခွဲလောက်လေ”
“ဟုတ်ပါပြီဗျာ”
“ဒါနဲ့ ကိုကို့ကို ညီမမေးမလို့ မေ့နေတာ၊ ဘာဖြစ်လို့ မမသက်မှူးပိုင်ကို မခေါ်လာတာလဲ”
“ညီမရဲ့မမက ဒီနေ့ဂျူတီကြနေတယ်လေ ညီမလေးရဲ့”
“ဟုတ်လား နိုက်ဂျူတီကြတာလား၊ ဒါဆို မနက်ဖြန်လည်း ကိုကို မမသက်မှူးပိုင်ကို ခေါ်လာလို့မရဘူးပေါ့”
“အင်း မရဘူးလေ၊ ရလည်း ကိုကိုက ခေါ်မလာပါဘူး”
“ဘာဖြစ်လို့လဲ ကိုကိုရဲ့”
“ရှုပ်လို့လေ၊ ဟား … ဟား”
ဘုန်းမင်းခန့်က မေမြတ်နိုးအား ပြောပြီးနောက် အားရပါးရဖြင့် အော်ရယ်လိုက်တော့သည်။
“တကယ်လား၊ မမသက်မှူးကို ပြန်တိုင်လိုက်မှာနော်၊ မမရေ ကိုကိုက မမကို အဲလိုပြောနေပါတယ်ဆိုပြီး”
“တိုင်ပေါ့ တိုင်တစ်လုံးမှ ငါးပြားထဲရယ်”
“တကယ်နော်၊ ဒါဖြင့် ညီမတကယ်တိုင်လိုက်မှာ”
“ဟား … ဟား … အလကားနောက်တာပါ ညီမရယ်၊ ညီမကို သပ်သပ်လိုက်ပို့ချင်လို့ပါ၊ နောက်တော့မှ သက်နဲ့ တူတူသွားတာပေါ့”
“ဟုတ်ပါပြီရှင်”
“ဟုတ်ပါပြီဗျာ”
“ကိုကို့ကို ညီမပြောစရာရှိတယ် သိလား”
“ဟုတ်လား၊ ဘာများလဲ ညီမ”
“ဘာလို့ထင်လဲ ကိုကိုက”
မေမြတ်နိုးက မပြောသေးဘဲ ဘုန်းမင်းခန့်အား ပြန်မေးလိုက်သည်။
“မိုးမြင့်ယံအကြောင်း မဟုတ်လား ညီမ”
“တယ်တော်တဲ့ ကိုကိုပါလား”
ရယ်သံနှောလျက် မေမြတ်နိုးက ပြောလိုက်၏။
“တော်တာပေါ့၊ ညီမကိုကိုပဲကိုး”
ဘုန်းမင်းခန့်ကလည်း နောက်ရင်း ပြန်ပြောလိုက်သည်။
“ဟုတ်ပါပြီရှင်”
“ဘယ်လိုလဲ ညီမ၊ ကိုကို သူ့ကို ယောက်ဖလေးလို့ ခေါ်လိုက်ရတော့မလား”
“ဟာကွာ … ကိုကိုနော်၊ ဘာတွေပြောနေမှန်း မသိဘူး”
မေမြတ်နိုးက ရှက်သွားသံဖြင့် ဘုန်းမင်းခန့်အား ပြောလိုက်တော့သည်။
“ဒါဖြင့် မဟုတ်လို့လား”
“ဟုတ်တော့ဟုတ်တယ်လေ၊ ဒါပေမယ့် မဟုတ်ဘူး”
“ဟင် … ကိုကို့ညီမကတော့ လုပ်ပြီ၊ ဟုတ်တာတွေကော မဟုတ်တာတွေကော”
“ကိုမိုးယံက ဒီနေ့ ညီမကို propose လုပ်တယ် ကိုကိုရဲ့”
“တယ်ဟုတ်နေပါ့လား၊ ဘယ်ချိန်ကများလုပ်လိုက်တာပါလိမ့်၊ တော်တော်လျင်တဲ့သူပဲ၊ သိတောင်မသိလိုက်ဘူး”
“မဟုတ်ဘူး ကိုကိုရဲ့”
“ဘာကို မဟုတ်တာလဲ ညီမရဲ့”
မေမြတ်နိုးက ဘုန်းမင်းခန့်အား အစအဆုံးပြောပြလိုက်သည်။
“အဲလိုလား …”
“ဟုတ်တယ် ကိုကိုရဲ့”
“ပြောပြောက စောမှပေါ့၊ ကိုကိုက ဘယ်အချိန်ကများပြောလိုက်တာလဲလို့ အံ့သြနေတာ”
“ဟုတ်ပါပြီရှင်”
“အဖြေကော ရပြီလား ညီမလေး”
“ရပြီလိုပဲ ကိုကို”
“ကိုကို့ညီမကတော့ လုပ်ချလိုက်ပြန်ပြီ၊ ရရင်လည်းရတယ်ပေါ့၊ ဘယ်လိုလဲ ရပြီလိုလိုဆိုတာက”
“ညီမ သူ့ကို ချစ်သွားမိပြီထင်တယ် ကိုကိုရဲ့၊ ခုနက ညီမ သူငယ်ချင်းတွေ မေးတဲ့အထိ သိပ်မသေချာခဲ့ပေမယ့် သေချာ ပြန်စဉ်းစားကြည့်လိုက်တော့ ညီမ သူ့ကို ချစ်နေမိပြီ ထင်တယ်”
လေသံတိုးတိုးဖြင့် မေမြတ်နိုး ပြောလိုက်မိသည်။
“ဟုတ်လား”
“ဟုတ်တယ် ကိုကို”
“ဘယ်တုန်းကလဲ”
“ညီမသေချာတော့ မသိဘူး ကိုကို၊ ဒါပေမယ့် သေချာတာတစ်ခုကတော့ ညီမ သူ့ကိုချစ်နေပြီဆိုတာပဲ”
“ဟိုးအရင်ကတည်းက ညီမလေး သူ့ကို ချစ်နေခဲ့တာ၊ ကိုကိုပြောခဲ့ဘူးတယ် မဟုတ်လား၊ ညီမလေး သူ့ကို ချစ်နေတာလို့လေ”
“ဟုတ်ကဲ့ ကိုကို”
“ကောင်းပါတယ် ညီမရယ်၊ ညီမလေးပျော်နေတာကိုပဲ ကိုကို မြင်ချင်ပါတယ်”
“ဟုတ် ကိုကို၊ ကိုမိုးယံကတော့ အရင်လူတွေတုန်းကလို ညီမကို မလုပ်လောက်ပါဘူးနော် ကိုကို”
“မလုပ်ပါဘူး ညီမရယ်၊ အရမ်းစိုးရိမ်မနေပါနဲ့၊ စိုးရိမ်လွန်းတာလည်း မကောင်းဘူး ညီမလေးရဲ့”
“ဟုတ်ကဲ့ ကိုကို”
“ကဲ … ဖုန်းပြောတာလည်း တော်တော်ကြာသွားပြီ၊ ညီမလေး နားလိုက်တော့နော်၊ ကိုကို မနက်မှ လာခေါ်မယ်နော်၊ အိုကေ”
“အိုကေ ကိုကို၊ ဂွတ်နိုက်နော် ကိုကို”
“ဂွတ်နိုက်ပါဗျာ”
မေမြတ်နိုး ဟန်းဖုန်းလေးအား ဖြည်းညင်းစွာဖြင့် ပိတ်လိုက်သည်။ ကိုဘုန်းမင်းခန့်နှင့် ပြောဆိုခဲ့သည်များကို တွေးရင်း မေ ကြည်နူးစွာဖြင့် ပြုံးလိုက်မိသည်။ မေ့အတွက် အရာရာက လှပလို့နေသည်။မေ တွေးနေချိန်လေးမှာဘဲ မေ့ လက်ကိုင်ဖုန်းလေးက ထပ်မြည်လာပြန်သည်။
♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠
Thursday, August 2, 2007
အချစ်နှင့်အတူ (၁၅)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment