မေမြတ်နိုး
ကောင်းကင်ကို မော့ကြည့်ရင်း မေမြတ်နိုး ကြည်နူးစွာ ပြုံးလိုက်မိသည်။ ကောင်းကင်က ကြည်လင် ရှင်းသန့်ပြီး မေ့ကို အားပေးနေသယောင် … အဝေးကို မျှော်ကြည့်လိုက်ရင်လည်း အဆုံးမဲ့တဲ့ ပင်လယ်ပြာကြီးက မေ့အား နွေးထွေးစွာ ကြိုဆိုလို့နေသယောင်… မြင်ရတွေ့ရတဲ့ အရာအားလုံးဟာ မေ့အတွက်တော့ လှပနေပါသည်။ ဒီမြင်ကွင်း ဒီအခြေအနေအားလုံးက စာဖွဲ့လို့ လိုက်မမီနိုင်လောက်အောင် အလှကြီး လှပနေသည်။
မေတစ်ယောက် တာဝန်နဲ့ ဒီဒေသကို ရောက်လာတာ … ယနေ့ပါနဲ့ဆိုမှ နှစ်ရက်သာ ရှိသေးသည်။ မနက်ဖြန်ဆို မေ လုပ်ငန်းစ ၀င်ရတော့မည်။ မနက်ဖြန်ဆိုသော အရာကိုတွေးရင်း မေ အပျော်ကြီး ပျော်နေမိ သည်။ မေတာဝန်ကျသော ဟိုတယ်နာမည်လေးက ခပ်ဆန်းဆန်းလေးပင်။ ဒီ "သံယောဇဉ်" ဟိုတယ်လေးသို့ ဟိုတယ်ဝန်ထမ်းတစ်ယောက်အနေနဲ့ မေ ရောက်လာခဲ့ခြင်းဖြစ်သည်။ ၀ါသနာပါရာ အလုပ်လည်းဖြစ်၊ နောက် ငယ်စဉ်ကတည်းက မေအရမ်းကို ကြိုက်နှစ်သက်တဲ့ပင်လယ်ကမ်းခြေတွင် တာဝန် ထမ်းဆောင်ရခြင်းဆိုတော့ မေ အကျေနပ်ကြီး ကျေနပ်နေမိသည်။ ဒါကြောင့် မေတစ်ယောက် အားလုံး တားနေသည့်ကြားမှ ဒီအရပ် ဒီဒေသကို ဇွတ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
ဒီလိုနေရာ ဒီလိုအခြေအနေတွေနဲ့ "မေမြတ်နိုး" ဆိုတဲ့ ကောင်မလေးတစ်ယောက်၏ရင်ထဲကို ကံကြမ္မာရဲ့ စေခိုင်းချက်အတိုင်း ချစ်ရသူနှစ်ယောက် ၀င်ရောက်လာသောအခါ …
ဘုန်းမင်းခန့်
အထွေထွေသမားတော်ကြီး ဒေါက်တာ ဦးမင်းခန့်၊ ရောဂါဗေဒဆရာဝန်ကြီး ဒေါက်တာ ဒေါ်နန်းဒေ၀ီတို့ရဲ့ တစ်ဦးတည်းသော သားရတနာ။ ဘ၀မှာ လိုတရအားလုံးပြည့်စုံသူဖြစ်သည်။ ကိုယ်တိုင်ကလည်း ခွဲစိတ် အထူးကုဆရာဝန်တစ်ယောက်မို့ အားလုံးက အားကျရသောသူတစ်ဦးလည်း ဖြစ်ပြန်သည်။ လိမ္မာရေးခြား ရှိလွန်းပြီး မိဘများ ဂုဏ်ယူရသော သားကောင်းတစ်ယောက်ဖြစ်သည်။
ချစ်ရသောသူကျပြန်တော့လည်း ချောမောလှပလွန်းသော ငယ်သူငယ်ချင်း နှလုံးအထူးကုဆရာဝန်မလေး ဒေါက်တာသက်မှူးပိုင်။ ဘုန်းမင်းခန့်လောက် ကံကောင်းသောသူ၊ ပြည့်စုံသောသူ ဤကမ္ဘာမှာ ရှိနိုင်ပါအုံး မလား ဟု စဉ်းစားစရာကောင်းလောက်အောင် အစစအရာရာ ပြည့်စုံလွန်းသူဖြစ်သည်။
ဘ၀မှာ အကောင်းချည်းပဲ ရခဲ့သူ၊ ဖြစ်ခဲ့သူ၏ ဘ၀ထဲကို "မေမြတ်နိုး" ဆိုတဲ့ ကောင်မလေး မမျှော်လင့်ဘဲ ၀င်ရောက်လာသောအခါ …
မိုးမြင့်ယံ
စီးပွားရေး ပါရဂူဘွဲ့ရ ဒေါက်တာဦးမိုးယံ၊ ကလေးအထူးကု ဒေါက်တာ ဒေါ်သက်ထားနွယ်တို့၏ သားကြီး ဒေါက်တာ မိုးမြင့်ယံ။ မိုးမြင့်ယံကိုယ်တိုင်ကလည်း ဖခင်ကဲ့သို့ပင် စီးပွားရေးပါရဂူဘွဲ့ရခဲ့သူတစ်ဦး ဖြစ်သည်။ အသက်ငယ်ငယ်နှင့် ပါရဂူဘွဲ့ရခဲ့သူဖြစ်သောကြောင့် လူတိုင်း၏ အထင်ကြီးလေးစားခြင်းကို ရရှိနေသူဖြစ်၏။ နိုင်ငံတစ်ဝှမ်းတွင် "မိုးယံ" စတိုးဆိုင်တွေ … ကုန်တိုက်တွေ … ဟိုတယ်တည်းခိုခန်းတွေ အများအပြားဖွင့်လှစ်ထားသည်။ စီးပွားရေးအကွက်မြင်သူဖြစ်သောကြောင့်လည်း အောင်မြင်မှုသရဖူများ ဆက်တိုက်ရရှိခဲ့ခြင်းဖြစ်သည်။
အောင်မြင်မှုရသလောက် စည်းကမ်းအလွန်ကြီးသော၊ မာနအလွန်ကြီးသော၊ တစ်ခါတစ်ရံ အတ္တလည်း ကြီးတတ်သော လူငယ်တစ်ဦးဖြစ်သည်။ ထိုကဲ့သို့သော လူတစ်ဦး၏ ရင်ထဲသို့ အမှတ်မထင်ဆုံတွေ့ခဲ့သော ကောင်မလေးက အမှတ်တမဲ့ဖြင့် ၀င်ရောက်လာသောအခါ …
(၁)
အလုပ်စ၀င်ရမည့်နေ့မို့ မေမြတ်နိုးတစ်ယောက် အလွန်ပင်တက်ကြွနေမိသည်။ မနက်အစောကြီးကတည်းက ရေမိုးချိုးပြီး အလှဆုံးဖြစ်အောင် ပြင်ဆင်ထားမိသည်။
"ဒီနေ့ကစပြီး ကျွန်တော်တို့နဲ့အတူတူလုပ်ဖို့ရောက်လာတဲ့ ၀န်ထမ်းအသစ်လေ" မန်နေဂျာ ဦးစိုးနိုင်က အားလုံးနဲ့ မိတ်ဆက်ပေးလိုက်သည်။
"ဟုတ်၊ ကျွန်မနာမည် မေမြတ်နိုးပါရှင်၊ အားလုံးကူညီပေးကြပါနော်" မေက အားလုံးအား အပြုံးလှလှလေးနှင့် နှုတ်ဆက်လိုက်သည်။
ဝန်ထမ်းများဖြစ်တဲ့ မခိုင်မာ၊ မသစ္စာ၊ ကိုအာကာ၊ ကိုလှိုင်ထွန်းတို့ကလည်း မေမြတ်နိုးအား လှိုက်လှဲစွာဖြင့် ကြိုဆိုကြလေသည်။ မေတစ်ယောက် သဘောကောင်းတဲ့ လုပ်ဖော်ကိုင်ဖက်များကြောင့် အလွန်ပင်ကျေနပ် ပျော်ရွှင်မိလေသည်။
"ကဲ အားလုံးကို မေမြတ်နိုးနဲ့တော့ မိတ်ဆက်ပေးပြီးပြီ၊ နောက်တစ်ခု ပြောစရာရှိသေးတယ်၊ အဲဒါက ဒီနေ့ ကျွန်တော်တို့ဆီကို အထူးဧည့်သည်တစ်ယောက် လာလိမ့်မယ်၊ ဒါကြောင့် အားလုံးပဲ သူ့ကို ဂရုစိုက်ပြီး ဧည့်ခံပေးစေချင်တယ်" ဟု မန်နေဂျာကြီးက အားလုံးကို ဆက်ပြောလိုက်၏။
"ဘယ်သူများလဲ ဆရာ"
ကိုလှိုင်ထွန်းက စိတ်ဝင်စားစွာနဲ့ လှမ်းမေးလိုက်လေသည်။
"ဒေါက်တာဦးဘုန်းမင်းခန့်တဲ့၊ အပန်းလည်းဖြေရင်း ကျွန်တော်တို့ဟိုတယ်ကိုလည်း လာလေ့လာတာလေ"
"ဆရာဝန်က ကျွန်မတို့ဟိုတယ်ကို လာလေ့လာတယ်၊ ဆေးမကုဘဲ ဟိုတယ်ဖွင့်တော့မလို့လား ဆရာ"
မသစ္စာရဲ့ အမေးကြောင့် အားလုံးက မသစ္စာကို ကြည့်လိုက်ရင်း အားရပါးရ ရယ်လိုက်မိသည်။
"သစ္စာတို့ကတော့ ပြောလိုက်ရင် အမြဲတလွဲချည်းပဲနော်၊ ဒါကြောင့် ခုထိအဲလိုဖြစ်နေတာ"
"ဘာကို ဘယ်လိုဖြစ်တာလဲ၊ ရှင်းရှင်းပြောနော်"
ကိုလှိုင်ထွန်းအား ပြောလည်းပြော မျက်စောင်းလည်းလှမ်းထိုးလိုက်သော မသစ္စာကြောင့် မေမြတ်နိုး သဘောကျပြီး ပြုံးလိုက်မိပြန်သည်။ သဘောကောင်းပွင့်လင်းကျသူများနှင့် ဆုံတွေ့ရသည်မို့ မေ အလွန်ကို ပျော်မိသည်။ အစစအရာရာ အဆင်ပြေမည်ဟု မေယုံကြည်မိသည်လေ။
"ကျွန်တော်က အကောင်းပြောတာပါ မမသစ္စာရယ်၊ စိတ်မဆိုးပါနဲ့၊ တော်ကြာ ဒီထက်ပိုဆိုး လာအုံးမယ်"
"ဒီလူနော် ပြောလေဆိုးလေ ဖြစ်လာပြီ … ဟင်း …"
"ကဲ မသစ္စာနဲ့ ဒီလူရေ … ကျွန်တော်ပြောပါရစေအုံး"
မန်နေဂျာဦးစိုးနိုင်က ၀င်ပြောလိုက်တော့မှ အားလုံး ဇက်ကလေးတွေပုရင်း ငြိမ်သွားလေတော့၏။
"သူက မကြာခင်လက်ထပ်တော့မှာလေ၊ ခုက မင်္ဂလာမဆောင်ခင် အပန်းလာဖြေတာ၊ နောက်ပြီး သူအဖေက ဒီဟိုတယ်ပိုင်ရှင်ဦးမင်းခေါင်ရဲ့ကျေးဇူးရှင်၊ ဒါကြောင့် သူဋ္ဌေးကိုယ်တိုင်က ဂရုတစိုက် လုပ်ဖို့ ကျွန်တော့ကို သေချာမှာကြားထားတယ်၊ နောက်ထပ် ပိုအရေးကြီးတာက သူ့မင်္ဂလာ ဧည့်ခံပွဲကိုလည်း ကျွန်တော်တို့ ဟိုတယ်မှာ လုပ်ဖို့များတယ်၊ ဒါကြောင့် အားလုံးက အထူး ဂရုစိုက်ကြပါ"
မန်နေဂျာကြီးက စကားကို တရစပ်ပြောရင်း ပြီးမှ အားလုံးကိုလှည့်ကြည့်လိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာ…"
အားလုံးတက်ညီလက်ညီနဲ့ သံပြိုင်အော်ကာ ဖြေလိုက်ကြသည်။ ထို့နောက် လုပ်စရာရှိတာများကို အသီးသီးဆက်လုပ်ကြရင်း မန်နေဂျာဦးစိုးနိုင်ပြောသော ကိုယ်ရွှေဧည့်သည်ကို မျှော်နေမိကြသည်။ မေ တစ်ယောက်လည်း အားလုံးနည်းတူ ထိုဧည့်သည်ကို မျှော်နေမိသည်။ ထိုသူက မေ တာဝန်စထမ်းဆောင်တဲ့ နေ့တွင် ထူးခြားသော အဖြစ်နဲ့ ဤဟိုတယ်သို့လာမည် မဟုတ်ပါလား။
"ဒေါက်တာ ဦးဘုန်းမင်းခန့် …"
မေ နှုတ်မှ ခပ်တိုးတိုးရေရွတ်လိုက်မိသည်။ ဆရာဝန်ကြီးတစ်ယောက်က ရန်ကုန်ရွှေမြို့တော်ကြီးမှာ မင်္ဂလာဧည့်ခံပွဲမလုပ်ဘဲ ကမ်းခြေဟိုတယ်မှာလာလုပ်မည်ဆိုတော့ မေ နည်းနည်းတော့ စိတ်ဝင်စား မိသည်။
"မင်္ဂလာဧည့်ခံပွဲလည်းလုပ် ဟန်းနီးမွန်းလည်းထွက်ပြီးသားဖြစ်အောင် တစ်ချက်ခုတ်နှစ်ချက်ပြတ် လုပ်တာ ဖြစ်မှာပါလေ…" ဟု မေ တွေးမိရင်း ပြုံးလိုက်သည်။ ထို့နောက် အတွေးကို ဖြတ်ကာ လုပ်စရာရှိသည်များကို ဆက်လုပ်လိုက်သည်။
Thursday, July 19, 2007
အချစ်နှင့်အတူ (၁)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment