(၁၃)
“မင်း မေမြတ်နိုးကို ချစ်နေတယ်ဆိုတာ သေချာလို့လား မိုးမြင့်ယံရာ”
သက်ဇော်၏ မျက်နှာကိုကြည့် ပြီး မိုးမြင့်ယံ ရုတ်တရက်ဘာပြောရမှန်းမသိဖြစ်နေသည်။ ဒီမေးခွန်းကို ဟိုး အရင် သက်ဇော်မမေးခင်အချိန်ကတည်းက သူ့ကိုယ်သူ အကြိမ်ကြိမ်မေးခဲ့ပြီးပြီဖြစ်သည်။ မေမြတ်နိုးအပေါ် တကယ်ချစ်ခြင်းလား၊ စိတ်ဝင်စားခြင်းလား၊ သာယာနေမိခြင်းလား၊ ဘ၀တစ်လျှောက်လက်တွဲချင်တာလား ဆိုတာကို မိုးမြင့်ယံ ကိုယ့်ကိုယ်ကို သေချာစွာ အကြိမ်ကြိမ်မေးခဲ့သည်။ ကိုယ့်ကိုယ်ကို မေးခဲ့သောမေးခွန်း များက မရေတွက်နိုင်ပေ။ သူ ကိုယ့်ကိုယ်ကို ဘယ်လောက်မေးမေး ဘယ်လိုမေးမေး နောက်ဆုံးတွင်တော့ အဖြေတစ်ခုကိုသာ ရှာဖွေလို့ရခဲ့သည်။ အဲဒါကတော့ သူ မေ့အား တကယ်ချစ်သည်၊ ဘ၀တစ်လျှောက်လုံး လက်တွဲသွားချင်သည်ဆိုသော အဖြေ။
“မင်းနဲ့သူက ဟိုးအရင်ကတည်းက ဆုံခဲ့တာဆိုပေမယ့် တကယ်တမ်းပြောရရင် ခုမှခင်တာနော်၊ ပြီးတော့ သေချာပြောရရင် တစ်ခေါက်ပဲ သေချာဆုံဖူးတာလို့ ပြောလို့ရတယ်၊ ကျန်တာအားလုံးက ဖုန်းနဲ့စကား ပြောခဲ့ကြတာပဲရှိတာ၊ ဟုတ်မှလည်းလုပ်နော် မိုးမြင့်ယံ၊ မင်းအကြောင်း ငါသိလို့ ပြောနေရတာ၊ ပြီးမှ အားလုံးစိတ်ညစ်ရတာမျိုးဖြစ်မယ်”
“မင်းကလည်းကွာ၊ ဟိုခေတ်ကအတွေးတွေကြနေတာပဲ၊ အပြင်မှာတစ်ခါပဲ တွေ့ ဖူးတယ်၊ ကျန်တာက ဖုန်းထဲမှာ စကားပြောတယ်ဆိုတာနဲ့ပဲ မချစ်ရတော့ဘူးလား၊ အရေးကြီးတာက သူ့စိတ်ထား၊ ငါ့စိတ်ထားပါ၊ အပြင်မှာ တွေ့နေရပြီး သူ့စိတ်ထားကိုမသိတော့ကော ဘယ်လိုလုပ်ရမှာလဲ၊ တစ်ခါမှမမြင်ဖူးလဲဘဲ စကားပြောကြည့် ပြီးတော့ သူ့စိတ်ကို သိပြီဆိုလည်း ချစ်လို့ရတာပဲ”
“မင်းနဲ့တော့ ခက်တယ် မိုးမြင့်ယံ၊ ဘာမဆိုလုပ်ချင်ရင် အတင်းပဲ”
သက်ဇော်က မိုးမြင့်ယံအား စိတ်ပျက်စွာကြည့်ရင်း ပြောလိုက်သည်။
“ငါက ခက်တာမဟုတ်ဘူး၊ မင်းက ခက်နေတာ၊ မင်းသိတယ်မဟုတ်လား ၀င်းနိုင်ကိုလေ”
“မင်းအကြောင်းပြောနေရာက ဘယ်ကဘယ်လို ၀င်းနိုင်က ရောက်လာရပြန်တာလဲ”
“ဒါကြောင့် ငါခက်တာမဟုတ်ဘူး၊ မင်းခက်တာလို့ပြောတာ”
“အင်းပါ ထားပါတော့၊ ၀င်းနိုင်က ဘာဖြစ်လို့လဲ”
“သူဆို အွန်လိုင်းမှာ ကလျာကို တွေ့ ပြီး စကားပြောရာက ချစ်ခဲ့ကြတာပဲလေ၊ ခုဆို မင်္ဂလာတောင်ဆောင်ပြီး နေပြီ၊ နောက်ပြီး ချစ်လိုက်ကြတာကလဲ အပြင်မှာတွေ့ ပြီး ချစ်ကြတဲ့ ချစ်သူတွေထက်တောင် ပိုသေးတယ်”
“ဒီတော့ မင်းကလည်း သူ့လမ်းစဉ်လိုက်မယ်ဆိုပါတော့”
“သူ့လမ်းစဉ်လိုက်တာ မဟုတ်ဘူး သက်ဇော်၊ ငါပြောတာက အပြင်မှာတွေ့တာ မတွေ့တာက မဆိုင်ဘူးလို့ ပြောတာ၊ ဘယ်လိုအခြေအနေ ဘယ်လိုပုံစံနဲ့ဆုံဆုံ အရေးကြီးတာ တစ်ယောက်နဲ့တစ်ယောက် နားလည်ပြီး တကယ်ချစ်ကြဖို့ပဲ”
“အင်း ခုတော့ဒီလိုပြောတာပါပဲ၊ နောက်မှ သက်ဇော်ရေ မင်းပြောတုန်းက နားမထောင်မိတာမှားပြီလို့တော့ လာမပြောနဲ့၊ လုံးဝကို သနားမှာမဟုတ်ဘူး”
“ဘယ်တော့မှ မပြောဘူး စိတ်ချ”
“ဒါဖြင့် မင်း ဒီကနေပြန်ရင် သူ့ကိုဖွင့်ပြောတော့မယ်ပေါ့”
“အင်း ငါဒီကပြန်ရင် သူက ရန်ကုန်ကို ရောက်နေပြီလေ၊ အဲတော့ အဲချိန်မှာပဲ ဖွင့်ပြောလိုက်တော့မယ်၊ ဒါပေမယ့် တစ်ခုပဲ ရှိတယ် …”
မိုးမြင့်ယံက စကားကို မဆက်သေးဘဲ ရပ်ထားလိုက်သည်။
“ဘာလဲ ဘုန်းမင်းခန့်ကိစ္စမဟုတ်လား”
ဒီလိုဆိုတော့လည်း မိုးမြင့်ယံ သက်ဇော်ကို ဆရာတင်ချင်သွားသည်။ အရာရာကို အကွက်ကြိုမြင်တတ်ပြီး ဆရာခေါ်ထိုက်နေသည်။ မိုးမြင့်ယံစိတ်ထဲမှ သက်ဇော်အား အမှတ်တစ်မှတ် ပေးလိုက်မိ၏။
“ဟုတ်တယ် သက်ဇော်၊ မေ့စကားအရဆိုရင် သူတို့က တော်တော်ကို ခင်ကြတာ၊ ဘုန်းမင်းခန့်ကိုခင်တဲ့ အချိန်နဲ့ ငါတို့ခင်တဲ့အချိန် သိပ်မကွာပေမယ့် မေက သူ့ကို တော်တော်ခင်တယ်၊ နောက်ပြီး အစစအရာရာ လည်း တော်တော်အားကိုးပုံရတယ်၊ သူတို့က အဲလောက်ရင်းနှီးနေကြတော့ နောင်တစ်ချိန်မှာ အဲဒါက ငါတို့ ကြားမှာ ပြဿနာဖြစ်လာမှာ ငါနည်းနည်းတော့ စိုးရိမ်မိတယ်”
“ဒါဆိုလည်း မင်း မေမြတ်နိုးကို သေချာမေးကြည့်လိုက်ပေါ့”
“ဘာကိုလဲ သက်ဇော်”
“သူတို့အခြေအနေကိုပေါ့”
“အာ … အဲလိုမေးလို့ ဘယ်ကောင်းပါ့မလဲကွ”
“ဘာမကောင်းစရာရှိလဲ၊ အစကတည်းက ရှင်းရှင်းလင်းလင်းသိထားတော့ ပိုကောင်းတာပေါ့၊ အဲလိုမေးထား တော့ နောက်ပိုင်းမှာလည်း မင်းစိုးရိမ်တဲ့ကိစ္စတွေ ဖြစ်မလာနိုင်တော့ဘူးပေါ့”
“အင်း အဲဒါက ထားလိုက်ပါအုံးကွာ၊ လောလောဆယ် ငါကလည်း သူ့ကိုဖွင့်ပြောသေးတာမှ မဟုတ်တာ၊ ဖွင့်ပြောပြီးတော့မှဘဲ ကျန်တာဆက်လုပ်ရတာပေါ့”
“အင်းလေ … မင်းအဆင်ပြေရင် ပြီးတာပါပဲ၊ ငါက ကာယကံရှင်မှ မဟုတ်ဘဲ၊ ကာယကံရှင်ဖြစ်တဲ့မင်း ကျေနပ်ဖို့ပဲလိုတယ်”
“အင်း … ဒီလိုပဲ ကြည့်လုပ်ရတာပေါ့ကွာ၊ ဟင်း …”
မိုးမြင့်ယံက ပြောပြီးနောက် သက်ပြင်းချလိုက်လေတော့သည်။ အစကတော့ ဒါတွေကို သိလို့မချစ်ခဲ့ခြင်း ဖြစ်သည်။ ခုချစ်တော့မည်ဆိုတော့ အကြောင်းအရာတွေက ဟိုကတစ်စ ဒီကတစ်စဖြင့် ခေါင်းထဲကို ၀င်ရောက်လာတော့သည်။ မေမြတ်နိုးက မိမိကို လက်မခံမည်ကိုလည်း စိုးရိမ်မိသည်။ လက်ခံပြီးလျှင်လည်း အဆင်မပြေမှုများ ဖြစ်လာမည်ကို စိုးရိမ်မိပြန်သည်။ အချစ်ဆိုတာ ဘယ်လိုတွေးတွေး အေးချမ်းမှု၊ ပူလောင်မှု တွေနဲ့ ရောနှောနေတာပဲလေ။ မေမြတ်နိုးအချစ်ကို ရပြီးလျှင်တော့ သူတို့ဘယ်လောက် ပျော်ရွှင်ရမည်မသိ။ ခုတော့ သူ့ရင်ထဲမှာ အလွန်ကိုပူလောင်နေသည်။
“မင်း ဘုန်းမင်းခန့်ကို တွေ့ဖူးလား မိုးမြင့်ယံ”
“မတွေ့ဘူး ဖူး”
“မင်း သူနဲ့တွေ့ဖို့နည်းနည်းပါးပါး ကြိုးစားလေကွာ၊ သူ့အကြောင်းတွေ ဘာတွေလည်း နည်းနည်းပါးပါး စုံစမ်းထားအုံးမှပေါ့၊ ကိုယ့်ပြိုင်ဘက်ဖြစ်လာနိုင်တဲ့သူအကြောင်းကို မင်း ဘာမှမသိဘူးဆိုရင် မင်း ရှုံးမှာပေါ့ သူငယ်ချင်း”
“အင်း ငါလည်း စဉ်းတော့စဉ်းစားထားပါတယ်၊ စုံစမ်းဖို့ကို၊ ရန်ကုန်ပြန်ရောက်မှဘဲ ကြည့်လုပ်ကြတာပေါ့၊ ဒါပေမယ့် တစ်ခုတော့ရှိတယ်ကွ၊ မေက သူ့မွေးနေ့ကို ခမ်းခမ်းနားနားလုပ်မလားမသိဘူး၊ အဲကျရင်တော့ ဘုန်းမင်းခန့်နဲ့ တွေ့နိုင်တယ်”
“အင်း ဒါဆိုရင်လည်း အဲမှာတွေ့ပြီးမှ ဆက်လှုပ်ရှားပေါ့”
“အင်း အဲဒါပဲကောင်းပါတယ်လေ”
သက်ဇော်ပြောသည့်အတိုင်းလုပ်တာက အကောင်းဆုံးနှင့် အမှန်ဆုံးနည်းလမ်းဖြစ်မည်ဟု မိုးမြင့်ယံ လက်ခံ လိုက်ပါသည်။ သို့ပေမယ့် မေ့ကို ဒီအကြောင်းတွေပြောဖို့ လောလောဆယ် သူ အင်အားတွေ၊ သတ္တိတွေ မွေးရဦးမည်။ အချိန်ဘယ်လောက်ကြာကြာ သူသတ္တိမွေးရမည်ကိုတော့ သူမသိသေးပေ။
Tuesday, July 31, 2007
အချစ်နှင့်အတူ (၁၃)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment