Monday, July 23, 2007

အချစ်နှင့်အတူ (၅)

(၆)

“မောင်နှံကျွန်း” မှပြန်လာပြီး နောက်ပိုင်းတွင် မေမြတ်နိုးနှင့် ဘုန်းမင်းခန့်တို့၏ ခင်မင်မှုက တစ်စတစ်စ တိုးလာခဲ့သည်။ တကယ့် မောင်နှမရင်းများသဖွယ် ဆိုးတိုင်ပင် ကောင်းတိုင်ပင် အဖော်များ ဖြစ်ခဲ့သည်။ တစ်ယောက်၏ အခက်အခဲကို တစ်ယောက်က နားလည်ဖြေရှင်းပေးရင်း တစ်ဦးအပေါ်တစ်ဦး နားလည်မှုက တိုးလာခဲ့သည်။ တစ်ခါတစ်လေတော့လည်း မောင်နှမတွေကဲ့သို့ပင် ရန်ဖြစ်သည့်အခါများလည်း ရှိခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် အဆင်ပြေ၍ ပျော်ရွှင်စရာ အမှတ်ရစရာ အဖြစ်များသာ ဖြစ်ခဲ့တော့သည်။

သဲသောင်ပြင်ပေါ်တွင် မေမြတ်နိုးတို့အတူ လမ်းလျှောက်လာခဲ့ကြ၏။ ညနေခင်းမို့ လေပြေနုလေးများက တိုက်ခတ်နေသည်။ ပင်လယ်လေကို တ၀ကြီးရှူရှိုက်ရသောကြောင့် မေမြတ်နိုး စိတ်များက လန်းဆန်း တက်ကြွနေသည်။ သို့သော်လည်း မေ အနည်းငယ်လည်း စိတ်မကောင်းဖြစ်မိသည်။ မနက်ဖြန်ဆိုလျှင် မေ့ အစ်ကိုရင်းသဖွယ် ချစ်ခင်လေးစားအားကိုးရသော အစ်ကိုဒေါက်တာဘုန်းမင်းခန့်က ရန်ကုန်သို့ ပြန်တော့ မည် မဟုတ်ပါလား။ မေ ကိုဘုန်းအားတစ်ချက်လှည့်ကြည့်လိုက်ရင်း

“ကိုဘုန်း ...”

“ဗျာ …”

“မနက်ဖြန်ဆို ကိုဘုန်း ရန်ကုန်ပြန်တော့မှာနော်၊ မေတော့ ကိုဘုန်းပြန်သွားရင် ပျင်းနေတော့မှာ”

“သတိရနေမယ်တော့ မဟုတ်ဘူး၊ ပျင်းနေတော့မယ်တဲ့၊ တော်တော်ကောင်းတဲ့ ညီမပဲ”

“ဟိ … သတိရနေမယ်ဆိုတာက ထည့်ပြောစရာမှ မလိုဘဲလေ၊ မေ့ အကြောင်း ကိုဘုန်းသိသားပဲ၊ မေ နှုတ်က မပြောပေမယ့် ကိုဘုန်းကို မေ သတိရနေမယ်ဆိုတာ သိရဲ့သားနဲ့”

“ဟုတ်ပါပြီဗျာ၊ ကိုယ်လည်း မြတ်နိုးကို သတိရနေမှာပေါ့၊ ဒီညီမလေးတစ်ယောက်ရှိတာ၊ နောက်ပြီး ကိုယ်အဆင်ပြေရင်ပြေသလို ဖုန်းလည်းဆက်မှာပေါ့ ဟုတ်ပြီလား”

“ဟုတ်”

“အင်း နောက်ပြီး စိတ်မကောင်းလည်း ဖြစ်မနေနဲ့ ဟုတ်လား၊ နောက်လည်း တွေ့ ကြရမှာဘဲကို၊ ဟိုကောင်လေးကိုလည်း သတိရပြီး တစ်ယောက်တည်းကျိတ်ပြီးတော့လဲ ငို ငိုမနေနဲ့အုံး၊ လျှောက်လည်း မသွားနဲ့အုံး၊ ဟိုတစ်ခါလိုလေ၊ အဲတုန်းက အစ်ကိုသာ မရှိရင် မြတ်နိုးတစ်ယောက်တည်း ဘယ်လိုလုပ်မလဲ၊ မိုးတွေကြားမှာ၊ “မောင်နှံကျွန်း” လည်း သူ့အလှည့် မှဘဲ အလွမ်းဖြေရာကျွန်းဖြစ်တော့တယ်၊ သူများတွေရဲ့ အချစ်နဲ့ဆုံစည်းရာကျွန်းက သူနဲ့ မှ နာမည်ပြောင်းရတော့မယ်”
ဘုန်းမင်းခန့်က ပြောလည်းပြော မေမြတ်နိုး၏ ခေါင်းလေးကိုလည်း လှမ်းထုလိုက်သည်။

မေက ဇက်ကလေးပုရင်း
“ဟုတ်ပါပြီ ကိုဘုန်းရဲ့နော်၊ လူကို ပြောနေတာများ … ဟင်း”
ဆူပုတ်ပုတ်ကလေးနှင့် ပြောလိုက်သည်။

“ဒါဖြင့် မဟုတ်လို့လား”

“ဟုတ်တယ်လေ၊ ဟိဟိ”
မေမြတ်နိုးက ပြောင်စပ်စပ်ဖြင့် ဖြေလိုက်တော့၏။ ထို့နောက် …

“ဒါနဲ့ ကိုဘုန်းက မေတို့ဟိုတယ်မှာ မင်္ဂလာဧည့်ခံပွဲလာလုပ်မှာဆို၊ အဲဒါလုပ်ဖြစ်လား”

“ဘာဖြစ်လို့လဲမြတ်နိုး”

“သြော် … ဒီလိုလေ ကိုဘုန်းရဲ့၊ ကိုဘုန်းလာမယ့်နေ့က မန်နေဂျာဦးလေးက မေတို့ကို ပြောတယ်လေ၊ ကိုဘုန်းက ကိုဘုန်းမင်္ဂလာဧည့်ခံပွဲကို ဒီမှာလာလုပ်ဖြစ်ချင်လုပ်ဖြစ်မှာတဲ့၊ ဒါကြောင့် ကိုဘုန်းကို အားလုံးက ဂရုစိုက်ရမယ်လို့ပြောလို့”

“ဟုတ်လား”

“ဟုတ်”

“အင်း၊ ဟုတ်တယ် မြတ်နိုးရဲ့၊ ဒါပေမယ့် ခုချက်ချင်းတော့ မဟုတ်သေးပါဘူး၊ နောက်နှစ်ဆန်းလောက်မှဘဲ ဖြစ်မယ် ထင်တယ်”

“ဟုတ်လား”

“အင်း”

“ဒါဆို မေ ရန်ကုန်ပြန်လာရင် ကိုဘုန်းရဲ့ ဇနီးလောင်းလေးနဲ့ မေ့ ကို မိတ်ဆက်ပေးလေနော်၊ ယောင်းမ ချောချောလေးနဲ့လေ၊ မိတ်ဆက်ပေးမယ် မဟုတ်လား”

“အင်းပါ၊ ဟုတ်ပါပြီ”

“နာမည်ကကော ဘယ်လိုခေါ်လည်း ကိုဘုန်း”

“မြတ်နိုး ရန်ကုန်လာမှဘဲ လူကော နာမည်ကော မိတ်ဆက်ပေးမယ်၊ ဟုတ်ပြီလား”

“ဟုတ်ပါပြီ၊ ကပ်စေးနည်းကြီး ဦးဘုန်းမင်းခန့်ရဲ့၊ နာမည်လေးပြောရမှာတောင် ကပ်စေးနည်းတယ်၊ ဦးကပ်စေးကြီး”

မေမြတ်နိုး၏ အပြောကြောင့် ဘုန်းမင်းခန့် သဘောကျကာ ရယ်မိတော့သည်။ ထိုကောင်မလေးက ဘယ်လို ကောင်မလေးမှန်းမသိ။ လူကြီးဆန်လျှင်လည်း သူ့လောက် လူကြီးဆန်သည့်သူမရှိ၊ ကလေးဆန်ပါကလည်း ဘယ်သူမှ လိုက်မမှီ။ တစ်ဦးတည်းသောသမီးဖြစ်ပေမယ့် အခြားသူများနှင့်မတူ။ တစ်ကိုယ်ကောင်းဆန်ခြင်း မရှိ။ တစ်ဖက်သားအပေါ် အလွန်ပင်ညှာတာနားလည်တတ်သောသူကလေးဖြစ်သည်။ ထို့ကြောင့်လည်း ထိုကောင်မလေးအား သူ့ ညီမအငယ်ဆုံးပမာ တကယ်ပင်ချစ်ခင်မိခြင်းဖြစ်သည်။ သူ့အတွက်တော့ တကယ်ကို ညီမဆိုးလေးတစ်ယောက် ကောက်ရထားသလိုပင်။

“ဦးကပ်စေးကြီး၊ ဘာတွေများ ဒီလောက်တွေးနေလဲ၊ သိပ်မတွေးနဲ့လေနော်၊ တော်ကြာ မေ့လို ဆံပင်တွေ ဖြူလာမယ်”
မေက ဘာတွေ တွေးနေမှန်းမသိသော ကိုဘုန်းအား နောက်တောက်တောက်ဖြင့် ပြောလိုက်တော့၏။

“ဒီကောင်မလေးနော်၊ လူကြီးကို နောက်တောက်တောက်နဲ့၊ ဟင်း … ခေါင်းခေါက်လိုက်ရမလား၊ ဒါမှမဟုတ်လည်း နာနာလေးရိုက်လိုက်မှနဲ့တူတယ်”

“ဟော … ပြောရင်းဆိုရင်း ဦးကပ်စေးကနေ ဦးစိတ်ပုပ်ဖြစ်တော့မယ်၊ ဒါပေမယ့် ရပါတယ်လေ၊ အစ်ကိုလုပ်သူက ရိုက်ရက်မှတော့ ညီမလုပ်သူက ထွက်ပြေးရမှာပေါ့၊ ဟုတ်ဖူးလား”

“ဟင် … ညီမလုပ်သူက အရိုက်ခံမှာ ဟုတ်ဖူးလား”
ဘုန်းမင်းခန့်က နားမလည်ဟန်ဆောင်၍ မေ့အား မေးလိုက်လေသည်။

“လူများတွေကတော့ ဟုတ်တယ် ကိုဘုန်းရဲ့၊ ဒါပေမယ့် မေကတော့ ဟုတ်ဖူး၊ မေ့ အတွက်ကတော့ အစ်ကို လုပ်သူ ကိုဘုန်းက မရိုက်ခင် ညီမလုပ်သူ မေက ဟောလိုအရင်ရိုက်ပြီး ထွက်ပြေးမှာ၊ သိပြီလား ကိုဘုန်းရဲ့”
မေက ပြောလည်းပြော ရိုက်လည်းရိုက်ရင်း ထွက်ပြေးလေတော့သည်။

“ဒီကောင်မလေးကတော့ …”
ဘုန်းမင်းခန့် မေမြတ်နိုး၏ အပြုအမူအတွက် သဘောကျကာ ပြုံးမိရင်း ပြောလိုက်သည်။ ထို့နောက် ဆက်၍ …
“လွတ်အောင်ပြေးနော်၊ မိလို့ကတော့ မလွယ်ဘူး မိမြတ်နိုး”
ပြောလိုက်တော့သည်။

မေမြတ်နိုးက ဘုန်းမင်းခန့်အား လျှာထုတ်ပြောင်ပြရင်း ပြေးလေတော့သည်။ ဘုန်းမင်းခန့်က ပြောသာ ပြောလိုက်သော်လည်း တကယ်တမ်းမှာတော့ မလိုက်မိ။ အနီးတွင်ရှိသော ခုံတန်းလေးသို့သာ သွားရောက် ထိုင်လိုက်သည်။

ဘုန်းမင်းခန့်၏ အပြုအမူက ရုတ်တရက်မို့ မေမြတ်နိုး အံ့သြသွားမိသည်။ ထို့ကြောင့် ဆက်မပြေးတော့ဘဲ ဘုန်းမင်းခန့် ရှိရာ ခုံတန်းလေးနားသို့သာ ပြန်လျှောက်လာလိုက်တော့သည်။ ထို့နောက်
“ဘာဖြစ်လို့လဲဟင် ကိုဘုန်း”
အလျင်စလိုဖြင့် မေးလိုက်သည်။

ဘုန်းမင်းခန့်က ဘာမှမပြောဘဲ မေမြတ်နိုးအား ကြည့်လိုက်သည်။

“ကိုဘုန်း ... ဘာဖြစ်တာလဲလို့ဆို၊ မေ့ကို စိတ်ဆိုးသွားတာလား”
မေ ဘုန်းမင်းခန့်အား ထပ်မေးလိုက်သည်။

“ဟား ဟား ဟား”
ဘုန်းမင်းခန့်က ဘာမှမပြောဘဲ ရယ်လိုက်တော့သည်။ ထို့နောက်တွင်မှ

“ကောင်မလေးတစ်ယောက် သနားပါတယ်ကွာ၊ မျက်နှာငယ်လေးနဲ့၊ သိပ်လန့်သွားသလားဟင်၊ ကိုယ်က မြတ်နိုးကို စတာပါ၊ ဘာမှမဖြစ်ဘူး”
ရယ်မောရင်း ပြောလိုက်တော့သည်။

“ကိုဘုန်းနော် ... မေကဖြင့် တကယ် စိတ်ပူသွားတာ၊ သူက ရယ်နေသေးတယ်၊ မခေါ်ဘဲ နေလိုက်တော့ မယ်နော်”
စိတ်ကောက်သလိုဖြင့် ဘုန်းမင်းခန့်အား မေမြတ်နိုး ပြောလိုက်၏။

“မခေါ်ဘဲတော့ မနေပါနဲ့ မမလေးရယ်၊ ကိုယ်က စတာပါ”

“အဲလို စ စရာလားလို့၊ မေ လန့်သွားတာပဲ၊ ပြန်လျော်ပေး၊ ဒါပဲ”

“ဟုတ်ပါပြီ ဗျာ၊ ကဲ ပြော ... ဘယ်လိုလျော်ပေးရမလဲ”

“ဘယ်လိုမှ မလျော်ပေးတော့နဲ့”

“ဘာဖြစ်လို့လဲ မြတ်နိုးရဲ့၊ စိတ်ဆိုးသွားတာလား”

“ဟုတ်တယ်”

“ဟင် … တကယ်စိတ်ဆိုးသွားတာလား၊ မဆိုးပါနဲ့ မြတ်နိုးရယ်၊ မြတ်နိုးစလို့ ကိုယ်က ပြန်စတာပဲလေ”

“စိတ်ဆိုးသွားတယ်လို့ ဘယ်သူပြောလို့လဲလို့၊ ကိုဘုန်း ပြန်အညာခံလိုက်ရပြီ”
မေမြတ်နိုးက ပြောင်စပ်စပ်ဖြင့် ပြောလိုက်လေသည်။

“ဟုတ်ပါပြီ၊ မိမြတ်နိုးရယ်၊ ပြောကို မပြောချင်ဘူး၊ တော်တော်ပျော်နေတယ်ပေါ့လေ၊ ဟုတ်လား”

“ဟုတ် ပျော်တာပေါ့ ကိုဘုန်းရဲ့”

“အင်းပါ၊ သိပါတယ်၊ မနက်ဖြန် ကိုယ်ပြန်တော့မှာမို့ ပျော်နေတယ်မဟုတ်လား၊ နားညည်းသက်သာပြီဆိုပြီး တော့လေ”

“အင်းပေါ့၊ ဟုတ်တာပေါ့ ကိုဘုန်းရဲ့”
မေမြတ်နိုးက ခပ်တည်တည်ဖြင့် ပြောလိုက်တော့သည်။ ထို့နောက်မှ

“ကိုဘုန်းကလဲနော်၊ အဲလိုသဘောမျိုး မေ့မှာမရှိတာ သိရဲ့သားနဲ့၊ မနက်ဖြန်ဆို ကိုဘုန်းက ပြန်တော့မှာ မဟုတ်လား၊ ဒါကြောင့် မေက ကိုဘုန်းပျော်အောင် စနေတာပါ”
စိတ်မကောင်းသံဖြင့် မေ ပြောလိုက်မိပြန်သည်။

“အင်းပါ၊ ဟုတ်ပါပြီ မြတ်နိုးရဲ့၊ ခု တခြားအကြောင်းပြောကြရအောင်နော်”
ဘုန်းမင်းခန့်က မေမြတ်နိုးအား ကြည့်ရင်းပြောလိုက်တော့၏။

“ဟုတ်၊ ဘာအကြောင်းပြောမလဲ ကိုဘုန်း”

“ရန်ကုန်ကို မြတ်နိုး ဘာမှာအုံးမလဲ၊ နောက်ပြီး မြတ်နိုးကော ရန်ကုန်ကို ဘယ်တော့လောက်ပြန်လာမလဲ”

“ထွေထွေထူးထူးတော့ မှာစရာမရှိပါဘူး ကိုဘုန်း၊ မေ အိမ်ကိုလည်း အမြဲလိုလို ဖုန်းဆက်ဖြစ်တယ်လေ၊ မေ ဒီမှာအားလုံးအဆင်ပြေတယ်ဆိုတာ မေ့ မိဘတွေကို ပြောပြထားပါတယ်၊ ရန်ကုန်ကိုကတော့ မေ အောက်တိုဘာလောက် ပြန်လာဖြစ်မယ်ထင်တယ်၊ သီတင်းကျွတ်မှာ မေ့မိဘတွေကို ပြန်ကန်တော့ဖို့လေ၊ ခွင့်လည်းရမယ်ထင်ပါတယ်”

“အင်း မြတ်နိုး”

“မေက နည်းနည်းဆိုးတယ် မဟုတ်လား ကိုဘုန်းရယ်၊ မေ့ ၀ါသနာကြောင့် အားလုံးတားနေတဲ့ကြားက ဒီကို ဇွတ်ထွက်လာခဲ့တယ် မဟုတ်လား၊ ဒါကြောင့် တစ်ခါတစ်လေတော့လည်း မေ စိတ်မကောင်း ဖြစ်မိတယ်”
အသံတိမ်တိမ်ကလေးနှင့် မေမြတ်နိုး ပြောလိုက်မိသည်။ မေ့ မျက်ဝန်းတွင်လည်း မျက်ရည်များ ဝေ့တက် လာတော့သည်။

ဘုန်းမင်းခန့်က မေမြတ်နိုးအား စိတ်မကောင်းစွာဖြင့် ကြည့်လိုက်မိ၏။ ထို့နောက် မေမြတ်နိုးလက်ကလေး အား လှမ်းကိုင်လိုက်ရင်း နှစ်သိမ့်လိုက်မိသည်။

“ဒီလိုလည်း ဘယ်ဟုတ်မလဲ မြတ်နိုးရယ်၊ မြတ်နိုးမိဘတွေက မြတ်နိုးကို နားလည်မှာပါ၊ မြတ်နိုးက မကောင်းတာ လုပ်တာမှ မဟုတ်ဘဲလေ၊ ၀ါသနာပါတဲ့ အလုပ်ကိုလုပ်တာပဲ မဟုတ်လား၊ ဒါကြောင့် ဘာမှ စိတ်မကောင်းဖြစ်မနေပါနဲ့၊ ဟုတ်ပြီလား”

“ဟုတ်ကဲ့ပါ ကိုဘုန်းရယ်”

“ကဲ ဒါဖြင့် သွားကြရအောင် မြတ်နိုး၊ ကိုယ်လည်း မနက်အတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ရအုံးမယ် လေ”

“ဟုတ် ကိုဘုန်း”
ထို့နောက် မေတို့ ဘာစကားမှ ထပ်မပြောဖြစ်တော့ဘဲ ကိုယ့်အတွေးနှင့်ကိုယ် နေလိုက်ရင်း ဟိုတယ်သို့ ပြန်ခဲ့ကြတော့သည်။

♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠

နောက်တစ်နေ့နံနက်ခင်းစာ စားပြီးသည်နှင့် ဘုန်းမင်းခန့်တစ်ယောက် ရန်ကုန်သို့ ပြန်ရန် ပြင်ဆင်တော့ သည်။ တကယ်တမ်းပြန်ရတော့မည်ဆိုတော့လည်း ဘုန်းမင်းခန့်ရော မေမြတ်နိုးပါ စိတ်မကောင်း အလွန် ဖြစ်မိသည်။ ခင်မင်တာမကြာသေးပေမယ့် သူတို့ရဲ့ခင်မင်မှုက နက်ရှိုင်းသည်မဟုတ်လား။ ထို့ကြောင့်လည်း နှစ်ယောက်စလုံး အလွန်ပင်ခံစားကြရသည်။ နှုတ်ဆက်စကားဆိုရင်း မေမြတ်နိုးကတော့ မျက်ရည်များ ၀ဲနေတော့သည်။

“ကိုဘုန်း ကားကို သတိထားမောင်းနော်”

“အင်းပါ မြတ်နိုးရယ်၊ မြတ်နိုးလည်း အစစအရာရာ ဂရုစိုက်နော်”

“ဟုတ်ကဲ့ ကိုဘုန်း”

“စိတ်ချသွားပါ ကိုဘုန်းမင်းခန့်ရယ်၊ သစ္စာတို့အားလုံး မေ့ကို ဂရုစိုက်မှာပါ”
မသစ္စာက ဘုန်းမင်းခန့်အား စိတ်ချလက်ချသွားနိုင်ရန် ၀င်ပြောလိုက်လေသည်။ ဒေါက်တာဘုန်းမင်းခန့်က ယခုတော့ဖြင့် မေမြတ်နိုးနှင့် ပတ်သက်ပြီး သူတို့အတွက်လည်း သူငယ်ချင်းသဖွယ် ဖြစ်နေပြီမဟုတ်ပါလား။

ဘုန်းမင်းခန့်က မသစ္စာအား ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် ကားပေါ်တက်လိုက်ကာ အားလုံးကို လက်ပြနှုတ်ဆက်ပြီး ကားကို မောင်းထွက်လာခဲ့တော့သည်။ ထွက်ခွာသွားသောကားလေးအားကြည့်ရင်း မေတစ်ယောက် ငိုမိလေတော့သည်။

“မငိုပါနဲ့ မေရယ်၊ နောက်လည်း ပြန်တွေ့ ကြမှာဘဲလေ”
မသစ္စာက မေ့အား ကရုဏာသက်စွာကြည့်ရင်း ပြောလိုက်သည်။

“ဟုတ်သားပဲ မေရယ်၊ ၀မ်းနည်းမနေပါနဲ့တော့နော်”
မခိုင်မာနှင့် ကိုအာကာတို့ကလည်း မေ့အား ၀ိုင်းနှစ်သိမ့်ကြသည်။ ထို့နောက် အားလုံးက မေ့အား ရယ်စရာ အကြောင်းများ ပြောရင်း လုပ်စရာရှိသည်များကို ဆက်လက်လုပ်ကိုင်ကြတော့သည်။

------------------------

No comments:

---------------------------------------------