Thursday, July 19, 2007

အချစ်နှင့်အတူ (၁)

မေမြတ်နိုး
ကောင်းကင်ကို မော့ကြည့်ရင်း မေမြတ်နိုး ကြည်နူးစွာ ပြုံးလိုက်မိသည်။ ကောင်းကင်က ကြည်လင် ရှင်းသန့်ပြီး မေ့ကို အားပေးနေသယောင် … အဝေးကို မျှော်ကြည့်လိုက်ရင်လည်း အဆုံးမဲ့တဲ့ ပင်လယ်ပြာကြီးက မေ့အား နွေးထွေးစွာ ကြိုဆိုလို့နေသယောင်… မြင်ရတွေ့ရတဲ့ အရာအားလုံးဟာ မေ့အတွက်တော့ လှပနေပါသည်။ ဒီမြင်ကွင်း ဒီအခြေအနေအားလုံးက စာဖွဲ့လို့ လိုက်မမီနိုင်လောက်အောင် အလှကြီး လှပနေသည်။

မေတစ်ယောက် တာဝန်နဲ့ ဒီဒေသကို ရောက်လာတာ … ယနေ့ပါနဲ့ဆိုမှ နှစ်ရက်သာ ရှိသေးသည်။ မနက်ဖြန်ဆို မေ လုပ်ငန်းစ ၀င်ရတော့မည်။ မနက်ဖြန်ဆိုသော အရာကိုတွေးရင်း မေ အပျော်ကြီး ပျော်နေမိ သည်။ မေတာဝန်ကျသော ဟိုတယ်နာမည်လေးက ခပ်ဆန်းဆန်းလေးပင်။ ဒီ "သံယောဇဉ်" ဟိုတယ်လေးသို့ ဟိုတယ်ဝန်ထမ်းတစ်ယောက်အနေနဲ့ မေ ရောက်လာခဲ့ခြင်းဖြစ်သည်။ ၀ါသနာပါရာ အလုပ်လည်းဖြစ်၊ နောက် ငယ်စဉ်ကတည်းက မေအရမ်းကို ကြိုက်နှစ်သက်တဲ့ပင်လယ်ကမ်းခြေတွင် တာဝန် ထမ်းဆောင်ရခြင်းဆိုတော့ မေ အကျေနပ်ကြီး ကျေနပ်နေမိသည်။ ဒါကြောင့် မေတစ်ယောက် အားလုံး တားနေသည့်ကြားမှ ဒီအရပ် ဒီဒေသကို ဇွတ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

ဒီလိုနေရာ ဒီလိုအခြေအနေတွေနဲ့ "မေမြတ်နိုး" ဆိုတဲ့ ကောင်မလေးတစ်ယောက်၏ရင်ထဲကို ကံကြမ္မာရဲ့ စေခိုင်းချက်အတိုင်း ချစ်ရသူနှစ်ယောက် ၀င်ရောက်လာသောအခါ …


ဘုန်းမင်းခန့်
အထွေထွေသမားတော်ကြီး ဒေါက်တာ ဦးမင်းခန့်၊ ရောဂါဗေဒဆရာဝန်ကြီး ဒေါက်တာ ဒေါ်နန်းဒေ၀ီတို့ရဲ့ တစ်ဦးတည်းသော သားရတနာ။ ဘ၀မှာ လိုတရအားလုံးပြည့်စုံသူဖြစ်သည်။ ကိုယ်တိုင်ကလည်း ခွဲစိတ် အထူးကုဆရာဝန်တစ်ယောက်မို့ အားလုံးက အားကျရသောသူတစ်ဦးလည်း ဖြစ်ပြန်သည်။ လိမ္မာရေးခြား ရှိလွန်းပြီး မိဘများ ဂုဏ်ယူရသော သားကောင်းတစ်ယောက်ဖြစ်သည်။
ချစ်ရသောသူကျပြန်တော့လည်း ချောမောလှပလွန်းသော ငယ်သူငယ်ချင်း နှလုံးအထူးကုဆရာဝန်မလေး ဒေါက်တာသက်မှူးပိုင်။ ဘုန်းမင်းခန့်လောက် ကံကောင်းသောသူ၊ ပြည့်စုံသောသူ ဤကမ္ဘာမှာ ရှိနိုင်ပါအုံး မလား ဟု စဉ်းစားစရာကောင်းလောက်အောင် အစစအရာရာ ပြည့်စုံလွန်းသူဖြစ်သည်။

ဘ၀မှာ အကောင်းချည်းပဲ ရခဲ့သူ၊ ဖြစ်ခဲ့သူ၏ ဘ၀ထဲကို "မေမြတ်နိုး" ဆိုတဲ့ ကောင်မလေး မမျှော်လင့်ဘဲ ၀င်ရောက်လာသောအခါ …


မိုးမြင့်ယံ
စီးပွားရေး ပါရဂူဘွဲ့ရ ဒေါက်တာဦးမိုးယံ၊ ကလေးအထူးကု ဒေါက်တာ ဒေါ်သက်ထားနွယ်တို့၏ သားကြီး ဒေါက်တာ မိုးမြင့်ယံ။ မိုးမြင့်ယံကိုယ်တိုင်ကလည်း ဖခင်ကဲ့သို့ပင် စီးပွားရေးပါရဂူဘွဲ့ရခဲ့သူတစ်ဦး ဖြစ်သည်။ အသက်ငယ်ငယ်နှင့် ပါရဂူဘွဲ့ရခဲ့သူဖြစ်သောကြောင့် လူတိုင်း၏ အထင်ကြီးလေးစားခြင်းကို ရရှိနေသူဖြစ်၏။ နိုင်ငံတစ်ဝှမ်းတွင် "မိုးယံ" စတိုးဆိုင်တွေ … ကုန်တိုက်တွေ … ဟိုတယ်တည်းခိုခန်းတွေ အများအပြားဖွင့်လှစ်ထားသည်။ စီးပွားရေးအကွက်မြင်သူဖြစ်သောကြောင့်လည်း အောင်မြင်မှုသရဖူများ ဆက်တိုက်ရရှိခဲ့ခြင်းဖြစ်သည်။

အောင်မြင်မှုရသလောက် စည်းကမ်းအလွန်ကြီးသော၊ မာနအလွန်ကြီးသော၊ တစ်ခါတစ်ရံ အတ္တလည်း ကြီးတတ်သော လူငယ်တစ်ဦးဖြစ်သည်။ ထိုကဲ့သို့သော လူတစ်ဦး၏ ရင်ထဲသို့ အမှတ်မထင်ဆုံတွေ့ခဲ့သော ကောင်မလေးက အမှတ်တမဲ့ဖြင့် ၀င်ရောက်လာသောအခါ …


(၁)
အလုပ်စ၀င်ရမည့်နေ့မို့ မေမြတ်နိုးတစ်ယောက် အလွန်ပင်တက်ကြွနေမိသည်။ မနက်အစောကြီးကတည်းက ရေမိုးချိုးပြီး အလှဆုံးဖြစ်အောင် ပြင်ဆင်ထားမိသည်။
"ဒီနေ့ကစပြီး ကျွန်တော်တို့နဲ့အတူတူလုပ်ဖို့ရောက်လာတဲ့ ၀န်ထမ်းအသစ်လေ" မန်နေဂျာ ဦးစိုးနိုင်က အားလုံးနဲ့ မိတ်ဆက်ပေးလိုက်သည်။
"ဟုတ်၊ ကျွန်မနာမည် မေမြတ်နိုးပါရှင်၊ အားလုံးကူညီပေးကြပါနော်" မေက အားလုံးအား အပြုံးလှလှလေးနှင့် နှုတ်ဆက်လိုက်သည်။
ဝန်ထမ်းများဖြစ်တဲ့ မခိုင်မာ၊ မသစ္စာ၊ ကိုအာကာ၊ ကိုလှိုင်ထွန်းတို့ကလည်း မေမြတ်နိုးအား လှိုက်လှဲစွာဖြင့် ကြိုဆိုကြလေသည်။ မေတစ်ယောက် သဘောကောင်းတဲ့ လုပ်ဖော်ကိုင်ဖက်များကြောင့် အလွန်ပင်ကျေနပ် ပျော်ရွှင်မိလေသည်။
"ကဲ အားလုံးကို မေမြတ်နိုးနဲ့တော့ မိတ်ဆက်ပေးပြီးပြီ၊ နောက်တစ်ခု ပြောစရာရှိသေးတယ်၊ အဲဒါက ဒီနေ့ ကျွန်တော်တို့ဆီကို အထူးဧည့်သည်တစ်ယောက် လာလိမ့်မယ်၊ ဒါကြောင့် အားလုံးပဲ သူ့ကို ဂရုစိုက်ပြီး ဧည့်ခံပေးစေချင်တယ်" ဟု မန်နေဂျာကြီးက အားလုံးကို ဆက်ပြောလိုက်၏။
"ဘယ်သူများလဲ ဆရာ"
ကိုလှိုင်ထွန်းက စိတ်ဝင်စားစွာနဲ့ လှမ်းမေးလိုက်လေသည်။
"ဒေါက်တာဦးဘုန်းမင်းခန့်တဲ့၊ အပန်းလည်းဖြေရင်း ကျွန်တော်တို့ဟိုတယ်ကိုလည်း လာလေ့လာတာလေ"
"ဆရာဝန်က ကျွန်မတို့ဟိုတယ်ကို လာလေ့လာတယ်၊ ဆေးမကုဘဲ ဟိုတယ်ဖွင့်တော့မလို့လား ဆရာ"
မသစ္စာရဲ့ အမေးကြောင့် အားလုံးက မသစ္စာကို ကြည့်လိုက်ရင်း အားရပါးရ ရယ်လိုက်မိသည်။
"သစ္စာတို့ကတော့ ပြောလိုက်ရင် အမြဲတလွဲချည်းပဲနော်၊ ဒါကြောင့် ခုထိအဲလိုဖြစ်နေတာ"
"ဘာကို ဘယ်လိုဖြစ်တာလဲ၊ ရှင်းရှင်းပြောနော်"
ကိုလှိုင်ထွန်းအား ပြောလည်းပြော မျက်စောင်းလည်းလှမ်းထိုးလိုက်သော မသစ္စာကြောင့် မေမြတ်နိုး သဘောကျပြီး ပြုံးလိုက်မိပြန်သည်။ သဘောကောင်းပွင့်လင်းကျသူများနှင့် ဆုံတွေ့ရသည်မို့ မေ အလွန်ကို ပျော်မိသည်။ အစစအရာရာ အဆင်ပြေမည်ဟု မေယုံကြည်မိသည်လေ။
"ကျွန်တော်က အကောင်းပြောတာပါ မမသစ္စာရယ်၊ စိတ်မဆိုးပါနဲ့၊ တော်ကြာ ဒီထက်ပိုဆိုး လာအုံးမယ်"
"ဒီလူနော် ပြောလေဆိုးလေ ဖြစ်လာပြီ … ဟင်း …"
"ကဲ မသစ္စာနဲ့ ဒီလူရေ … ကျွန်တော်ပြောပါရစေအုံး"
မန်နေဂျာဦးစိုးနိုင်က ၀င်ပြောလိုက်တော့မှ အားလုံး ဇက်ကလေးတွေပုရင်း ငြိမ်သွားလေတော့၏။
"သူက မကြာခင်လက်ထပ်တော့မှာလေ၊ ခုက မင်္ဂလာမဆောင်ခင် အပန်းလာဖြေတာ၊ နောက်ပြီး သူအဖေက ဒီဟိုတယ်ပိုင်ရှင်ဦးမင်းခေါင်ရဲ့ကျေးဇူးရှင်၊ ဒါကြောင့် သူဋ္ဌေးကိုယ်တိုင်က ဂရုတစိုက် လုပ်ဖို့ ကျွန်တော့ကို သေချာမှာကြားထားတယ်၊ နောက်ထပ် ပိုအရေးကြီးတာက သူ့မင်္ဂလာ ဧည့်ခံပွဲကိုလည်း ကျွန်တော်တို့ ဟိုတယ်မှာ လုပ်ဖို့များတယ်၊ ဒါကြောင့် အားလုံးက အထူး ဂရုစိုက်ကြပါ"
မန်နေဂျာကြီးက စကားကို တရစပ်ပြောရင်း ပြီးမှ အားလုံးကိုလှည့်ကြည့်လိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာ…"
အားလုံးတက်ညီလက်ညီနဲ့ သံပြိုင်အော်ကာ ဖြေလိုက်ကြသည်။ ထို့နောက် လုပ်စရာရှိတာများကို အသီးသီးဆက်လုပ်ကြရင်း မန်နေဂျာဦးစိုးနိုင်ပြောသော ကိုယ်ရွှေဧည့်သည်ကို မျှော်နေမိကြသည်။ မေ တစ်ယောက်လည်း အားလုံးနည်းတူ ထိုဧည့်သည်ကို မျှော်နေမိသည်။ ထိုသူက မေ တာဝန်စထမ်းဆောင်တဲ့ နေ့တွင် ထူးခြားသော အဖြစ်နဲ့ ဤဟိုတယ်သို့လာမည် မဟုတ်ပါလား။
"ဒေါက်တာ ဦးဘုန်းမင်းခန့် …"
မေ နှုတ်မှ ခပ်တိုးတိုးရေရွတ်လိုက်မိသည်။ ဆရာဝန်ကြီးတစ်ယောက်က ရန်ကုန်ရွှေမြို့တော်ကြီးမှာ မင်္ဂလာဧည့်ခံပွဲမလုပ်ဘဲ ကမ်းခြေဟိုတယ်မှာလာလုပ်မည်ဆိုတော့ မေ နည်းနည်းတော့ စိတ်ဝင်စား မိသည်။
"မင်္ဂလာဧည့်ခံပွဲလည်းလုပ် ဟန်းနီးမွန်းလည်းထွက်ပြီးသားဖြစ်အောင် တစ်ချက်ခုတ်နှစ်ချက်ပြတ် လုပ်တာ ဖြစ်မှာပါလေ…" ဟု မေ တွေးမိရင်း ပြုံးလိုက်သည်။ ထို့နောက် အတွေးကို ဖြတ်ကာ လုပ်စရာရှိသည်များကို ဆက်လုပ်လိုက်သည်။

Read More...

------------------------

အစားထိုးမရသော အမေ့အကြင်နာ

“လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် အတူတကွ ရှိနေစဉ်မှာ တန်ဖိုးထားရမှန်း မသိတတ်ဘူး” ဆိုတဲ့ စကားလေးဟာ အလွန်မှန်ကန်မှန်း အခုတော့ သူမ သိခဲ့ရပါပြီ။ အထူးသဖြင့် မိဘနှင့်အတူနေထိုင်စဉ်မှာ မိဘ၏ မေတ္တာကို တန်ဖိုးမထားတတ်ခဲ့တဲ့ သူမအတွက်တော့ ဝေးသွားတော့မှ ခံစားရခဲ့တဲ့ နောင်တတစ်ခုပါ ပဲ။ သူမ နောင်တနှင့်အတူ တစ်ချိန်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များက ရုပ်ရှင်ပြကွက်များပမာ မျက်လုံးထဲတွင် တဖြည်းဖြည်းချင်း ထင်ဟပ်လာခဲ့တော့သည်။

သူမ၏ မေမေက အလွန်သဘောကောင်းသည်။ သားသမီးများအပေါ်တွင်လည်း လိုလေသေးမရှိ အစစ အရာရာ မညည်းမညူလုပ်ကိုင်ပေးသည်။ အလုပ်ကတစ်ဖက်၊ သားသမီးတာဝန်က တစ်ဖက်နှင့်မို့ မေမေ့မှာ မအားရသည်ကများသည်။ ဒါပေမယ့် ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း မေမေကတော့ သားသမီးအတွက် ဆိုလျှင် အပြုံး တစ်ချက်မပြတ် လုပ်ပေးခဲ့သည်။ ဒါပေမယ့် ထိုအချိန်က သူမကတော့ မေမေ့ရဲ့ အကြင်နာ၊ မေတ္တာတွေကို နားမလည်ခဲ့ဘူး။ အလုပ်ပင်ပန်းလို့ တစ်ခါတစ်လေ သူမတို့လုပ်သည်များကို စိတ်တိုင်းမကျ လို့ မေမေက သူမတို့အား အနည်းငယ် ဆူပူသည်ကိုပင် သူမက မကျေမနပ်ဖြစ်မိသည်။ တစ်ခါတစ်လေ များဆို သူမက “ရှုပ်ကို ရှုပ်တယ်၊ အေးအေးကို မနေရဘူး” ဟုပင် စိတ်ထဲမှာ ရေရွတ်လိုက်သေးသည်။

မေမေကတော့ တစ်ခါတစ်လေ ဆူပူတတ်သည်က လွဲလို့ အမြဲတမ်း သူမတို့အတွက် လိုလေသေးမရှိ ဖြည့်ဆည်းပေးခဲ့သည်။ သူမ စာမေးပွဲဖြေချိန်ဆို စာမေးပွဲဖြေရသည့်အလျောက်၊ နေမကောင်းဖြစ်လျှင် နေမကောင်းဖြစ်သည့်အလျောက် သူမကို အစစ ဂရုစိုက်ခဲ့သည်။ သူမကတော့ မေမေ့ကို တစ်ခါတစ်လေ သူမ စိတ်ကြည်လင်နေသည့်အချိန်ကလွဲလို့ တော်ရုံတန်ရုံ ဂရုမစိုက်မိခဲ့ပေ။

“သူမ နိုင်ငံခြားမှာ ကျောင်းသွားတက်ချင်သည်” ဟု ပြောသောအခါ မေမေက သူမအား မသွားစေလိုဘူး။ အမှန်တော့ မေမေက သူမအကျိုးအတွက် မသွားစေလိုခဲ့တာ။ ခဏခဏ ချူချာတတ်တဲ့သူမအတွက် အဝေးမှာ အခက်အခဲကြုံတွေ့ရမှာစိုးလို့ မသွားစေချင်ခဲ့တာ။ ဒါပေမယ့် သူမကတော့ ပေးမသွားရကောင်း လား ဆိုပြီး မေမေနဲ့ အတိုက်အခံတွေလုပ်ခဲ့တယ်။ ပိုက်ဆံလည်း တတ်နိုင်ရဲ့သားနဲ့ သူမရဲ့ ဆန္ဒတွေကို မဖြည့်ဆည်းပေးရကောင်းလား ဆိုပြီး မေမေ့ကို မကျေမနပ်ဖြစ်ခဲ့သည်။ နောက်ဆုံးပြောရမယ်ဆိုလျှင်တော့ သားသမီးကို မျက်နှာတစ်ချက် အညှိုးမခံဘဲ အမြဲစိတ်ချမ်းသာစေချင်တဲ့မေမေက သူမအလိုအတိုင်း နိုင်ငံခြား ကို ပို့ပေးပြီး ကျောင်းတက်စေခဲ့တယ်လေ။ သူမ သွားမည့်နေ့မှာတော့ မေမေက မျက်ရည်ဝိုင်းလျက် သူမအား စကားလေးတစ်ခွန်း မှာလိုက်တယ်။ “သမီး … ကျန်းမာရေးကို ဂရုစိုက်ပါ၊ မေမေ သမီးလိုတဲ့ အခါ သမီးဆီကို အချိန်မရွေးလာ နိုင်အောင် အမြဲအဆင်သင့် လုပ်ထားမယ်” တဲ့လေ။ အဲချိန်တုန်းကတော့ သူမက သွားချင်တာပဲ သိတာမို့ မေမေ့ရဲ့ အမှာစကားကို သေချာတောင် ဂရုမစိုက်လိုက်မိပါဘူး။ အလို ပြည့်တဲ့ ကလေးတစ်ယောက်အတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ မေမေ့ရင်ခွင်ကနေ အဝေးတစ်နေရာကို ထွက်ခွာခဲ့ တယ်။

သူမ ရောက်စမှာတော့ ပျော်သလိုလို ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အခက်အခဲတွေ ကြုံတွေ့လာရတဲ့အခါ မေမေ့ရဲ့ စေတနာတွေကို နားလည်သဘောပေါက်လာခဲ့တယ်။ တစ်ချိန်က ဆူပူခဲ့သည်ဟု သူမထင်ခဲ့သော မေမေရဲ့ ဆုံးမစကားများကို ခုတော့ သူမ သေချာ သိမြင်ခံစားလာနိုင်ခဲ့ပြီ။ အရာရာကို ပေါ့ပေါ့လေး လုပ်ကိုင်နေခဲ့သော သူမ၏ အကျင့်က ခုတော့ သူမကို ဒုက္ခကောင်းကောင်းပေးနေခဲ့ပြီလေ။ နေ့စဉ်နေ့တိုင်း လိုလို မျက်ရည်များနှင့်သာ ကုန်လွန်ခဲ့ရသည်။ နောက်ဆုံးတော့ သူမ စိတ်ဓာတ်တွေ အကြီးအကျယ်ကျပြီး ဆေးရုံတက်ရသည့် အခြေအနေသို့ပင် ရောက်ခဲ့ရသည်။ မေမေကတော့ သူမ ဆေးရုံတင်ရသည် ကြားသည် နှင့်တပြိုင်နက် သူမရှိရာသို့ အမြန်ဆုံးလိုက်လာခဲ့သည်။ မေမေ့ရဲ့ အကြင်နာ မေတ္တာကြောင့် သူမ ဝေဒနာ တွေ တဖြည်းဖြည်းသက်သာခဲ့ရသည်။ မျှော်လင့်ချက်မပါ ပေးဆပ်မှုသပ်သပ်ဖြင့် သမီးတစ်ယောက်အပေါ်မှာ ထားခဲ့တဲ့ မေမေရဲ့ အစားထိုးမရတဲ့ အကြင်နာတွေကို သူမ ကောင်းကောင်းကို သိမြင်ခံစားလာရသည်။ တစ်ချိန်က မှားယွင်းခဲ့တဲ့သူမ၏ အပြုအမူများအတွက် ဖြေမဆည်နိုင်အောင် ၀မ်းနည်းနောင်တရမိသည်။ နောက်ဆိုလျှင် မေမေ့စကားကို နားထောင်၍ သမီးကောင်းတစ်ယောက်အဖြစ်ဖြင့် မေမေနှင့်အတူ သေတပန် သက်တစ်ဆုံး နေသွားတော့မည် ဟု သူမ ခိုင်မာစွာ ဆုံးဖြတ်ချက်ချလိုက်မိတော့သည်။

မျှော်လင့်ချက်မပါဘဲ ပေးဆပ်မှုသပ်သပ်ဖြင့် သားသမီးတစ်ယောက်အပေါ်တွင်ထားသော၊ ဘယ်အရာနှင့်မျှ အစားထိုးလို့မရနိုင်သော မိဘ၏ အကြင်နာ မေတ္တာကို ခံစားနိုင်ကြပါစေလို့ …

Read More...

------------------------

Wednesday, July 18, 2007

တုနှိုင်းမဲ့စွာ အဖေ့မေတ္တာ


“ဟူး … စိတ်ပျက်လိုက်တာကွာ …”


သူ အိမ်ရှေ့တံခါးဝရှိ အုတ်ခုံပေါ်တွင်ထိုင်နေရင်း စိတ်လက်မအီသာစွာဖြင့် သက်ပြင်းတွေ အခါခါချရင်း ရေရွတ်လိုက်မိသည်။ အဖေ့ကို သူ တကယ်ကို မကျေမနပ်ဖြစ်နေမိသည်။ မကြာမီ သူ့ မွေးနေ့သို့ ရောက်တော့မည်။ သူ့ မွေးနေ့အတွက် မွေးနေ့လက်ဆောင်အဖြစ် အဖေ့ကို နာရီတစ်လုံး ၀ယ်ပေးဖို့ ပူဆာထားသည်။ သို့ပေမယ့်လည်း အဖေက သူ့အား ၀ယ်ပေးမည့် အရိပ်အယောင်မရှိ။ ဒါကြောင့် သူ စိတ်ဓာတ်ကျနေမိသည်။ အဖေ့အကြောင့် သူ့ဆန္ဒတွေ ပျက်စီးရတော့မည်။ သူက သူ့မွေးနေ့တွင် နာရီအသစ်လေးဝတ်ပြီး သူငယ်ချင်းများအား ကြွားချင်နေမိခြင်းဖြစ်သည်။

“သားရေ … အဖေပြန်လာပြီကွ၊ အဖေ့ဆီ လာပါအုံး”

သူ အဖေ့ခေါ်သံကို ကြားသော်လည်း မသိချင်ယောင်ဆောင်နေမိသည်။ နာရီကိစ္စအတွက် အဖေ့ကို သူ လုံးဝကို မကျေနပ်နိုင်ပေ။ ဒါကြောင့် အဖေ့ကို မခေါ်ဘဲနေမည်ဟု သူ ဆုံးဖြတ်ထားသည်။

“ဟေ့  သားကြီး၊ အဖေ ခေါ်တာမကြားဘူးလား၊ ဘာတွေများအတွေးလွန်နေလဲကွ”

အဖေက သူ့ ပုခုံးကို ပုတ်ရင်း ထပ်မေးလိုက်သည်။

“ဟုတ်ကဲ့ အဖေ၊ ကျွန်တော်မကြားလိုက်မိဘူး”

“အင်း ဟုတ်ပါပြီ၊ ရော့ သား … ဒီမှာကြည့်ပါအုံး၊ အဖေ မင်းအတွက်ဝယ်လာခဲ့တာ”

အဖေက ပြောပြောဆိုဆိုဖြင့် သူ့အား အထုပ်တစ်ထုပ် လှမ်းပေးလိုက်သည်။ သူက အထုပ်ကို လှမ်းယူလိုက်ရင်း

“ဘာတွေလဲ အဖေ”
မေးလိုက်သည်။

“အင်္ကျီလေ၊ လမ်းမှာ လှတာလေးတွေ့လို့ သားအတွက် ၀ယ်လာခဲ့တာ”

“အာ … အဖေကလဲ၊ ဘယ်ကနေ ၀ယ်လာတာလဲ ဗျာ၊ အညံ့စားတွေကို …”
သူ မကျေမနပ်လေသံဖြင့် အဖေ့အား အပြစ်တင်ရင်း ပြောလိုက်သည်။

“ပုံစံလေးက လှသားပဲ သားရယ် …”

“အဲဒါမျိုးတွေ သား မ၀တ်ချင်ပါဘူး၊ ဒီမှာ နာရီမရလို့ စိတ်ညစ်နေတာကို”
သူ မကျေမနပ်ဖြင့် ထပ်မံ၍ ပြောလိုက်သည်။

“နာရီက မနှစ်ကလေးတင် ၀ယ်ပေးထားတာကို သားရယ်၊ အကောင်းကြီးရှိသေးတယ် မဟုတ်လား”

“ဟာ ဗျာ အဖေကလဲ၊ မနှစ်က ၀ယ်ပေးထားတာက တော်တော်ဟောင်းနေပြီပဲ၊ သားရေကြိုးတွေကလည်း မကောင်းတော့ ဘူး၊ လွှင့်ပစ်ဖို့တောင် ကောင်းနေပါပြီ အဖေရာ …”

“အေးလေ … ဒါဆိုလည်း အဖေ လခထုတ်တဲ့အခါ ၀ယ်ပေးပါ့မယ်၊ ဟုတ်ပြီလား”

သူ နာရီဟောင်းလေးကို ငုံ့ကြည့်ပြီး လမ်းမသို့ တစ်ချက်မော့ကြည့်လိုက်သည်။ ဒီနေ့ အဖေ လခထုတ်သည့်နေ့။ သူ့အတွက် မွေးနေ့လက်ဆောင် နာရီလေး ၀ယ်လာမည် ဟု အဖေက မနက်က ပြောခဲ့ သည်။ ဒါကြောင့် သူ ရင်ခုန်ရင်း အဖေ့ပြန်အလာကို စောင့်နေမိသည်။

သူ မျှော်နေတုန်းပင် အဖေက သူတို့လမ်းထဲသို့ ၀င်လာသည်ကို လှမ်းတွေ့လိုက်သည်။ သူ အဖေ့ဆီသို့ ပြေးသွားရင်း ပစ္စ္စည်းတွေကို လှမ်းယူလိုက်သည်။

“အဖေ … ကျွန်တော်အတွက် နာရီလေး ပါလာ လား အဖေ”

“အင်း ပါ ပါတယ် ကွာ … ဒီအိတ်ထဲမှာ ရော့”

အဖေက သူ့လက်ထဲမှာ အိတ်တွေကို ပြန်ယူလိုက်ပြီး နာရီထည့်ထားသော အိတ်ကလေးကို ပြန်ပေးလိုက်သည်။ သူ အိတ်ကလေးကို
လျင်မြန်စွာ ဖောက်လိုက်သည်။

“ဟာ … လှလိုက်တာ အဖေရာ၊ အဖေက ကျွန်တော့်အကြိုက်ကို သိတယ်နော်၊ ဈေးတော့ တော်တော်ကြီးမယ်နော် အဖေ၊ ဘယ်လောက်ပေးရလဲ အဖေ”

“တစ်သိန်းသုံးသောင်း ပေးရတယ်သား”

“အား … တော်တော်ဈေးကြီးတယ်နော် အဖေ”
သူ အဖေ့အား ပြောရင်း ရုတ်တရက် အဖေ့လက်ဆီသို့ အမှတ်မထင်ဖြင့် ကြည့်လိုက်မိသည်။

“ဟင် … အဖေရာထူးတိုးတုန်းက အဖေ့ သုဋ္ဌေး ဆုချထားတဲ့ နာရီကော အဖေ …”

“အင်း … ရောင်းလိုက်ပြီ သား”

“ဟင် … ဘာဖြစ်လို့လဲ အဖေ”

“အဖေ့နာရီနဲ့ အလိုက်နည်းနည်းထပ်ပေးပြီး သားအတွက် နာရီဝယ်လိုက်တာလေ”

“ဟင် … ဒါဆို အဖေ့မှာ နာရီ ဘယ်ရှိတော့မလဲ”

“သားနာရီဟောင်းလေး ရှိသားပဲ၊ သားရေကြိုးလဲလိုက်ရင် အဖေ ပတ်လို့ ဖြစ်ပါတယ်”

“ဟာ … အဖေရယ်…”

သူ ရင်ထဲတွင် အရမ်းကို ၀မ်းနည်းသွားမိသည်။ အဖေ့ရဲ့ မေတ္တာကို သူ ခုတော့ ကောင်းကောင်း သိမြင်ခဲ့ပြီ။ သူ ဒီနာရီလေးကိုလည်း မလိုချင်တော့။ ကြွားချင်သောစိတ်ကလေးတစ်ခုနှင့် အဖေ့ကို ပူဆာမိသည်ကိုလည်း နောက်တရနေမိ သည်။ မနက်ဖြန်ရောက်လျှင် သူ နာရီဆိုင်လေးသို့သွား၍ အဖေ့နာရီလေးအား ပြန်တောင်းမည်ဟု သန္နိဋ္ဌာန်ချလိုက်မိသည်။

သားသမီးပေါ်တွင် ထားသော ဖခင်တစ်ယောက်၏ တုနှိုင်းမဲ့မေတ္တာကို ခံစားနိုင်ကြပါစေလို့ …

Read More...

------------------------

Monday, July 16, 2007

ကျွန်မမှတ်သားမိသော ပျော်ရွှင်ခြင်း၏ သော့ချက်များ

ကမ္ဘာပေါ်မှာ မိမိ၏ဘ၀မှာ ပျော်ပျော်ရွှင်ရွှင်မနေချင်တဲ့သူရယ်လို့ရှိလိမ့်မယ်လို့ ကျွန်မ မထင်ပါဘူး။ ဖြစ်နိုင်မယ် ဆိုရင်တော့ လူတိုင်းဟာ သူတို့ရဲ့ဘ၀တစ်လျှောက်လုံးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေချင်ကြတာပါပဲ။ ဒါပေမယ့် လက်တွေ့မှာတော့ ဒဏ္ဍာရီထဲကလို ဘ၀မှာပျော်ရွှင်မှုတွေနဲ့ပဲ ပြည့်နေဖို့ဆိုတာကတော့ အလွန်ခက်ခဲလှပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ဟာ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုဆိုရင် ကံဆိုးမှုများနဲ့ ကြုံတွေ့လာတဲ့အခါ ကျွန်မတို့ ဆက်လက်ပျော်ရွှင်နိုင်အောင် ဘယ်လိုလုပ်သင့်ပါသလဲ။

ပထမဆုံးအနေနဲ့ ပြောရမယ်ဆိုရင်တော့ ကောင်းကောင်းနေထိုင်တယ် မနေထိုင်ဘူးဆိုတာက ကျွန်မတို့ရဲ့ တွေးခေါ်မှုနည်းလမ်း နဲ့ပဲ သက်ဆိုင်တာပါ။ ဆိုလိုချင်တာကတော့ ကျွန်မတို့ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ဘယ်လောက်အတိုင်းအတာထိ လက်ခံနိုင်တယ်၊ လက်မခံနိုင်ဘူးဆိုတဲ့စွမ်းရည်ပေါ်မှာဘဲ မူတည်တာပါ။ ကျွန်မ တို့ရဲ့ ဆန္ဒတွေအတိုင်း လက်တွေ့ဘ၀မှာ အားလုံးဖြစ်လာဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါဆို ဒီလို ကိုယ်ဖြစ်ချင်တိုင်းဖြစ်မလာရတဲ့အခြေအနေမျိုးမှာ ဆက်လက်ပျော်ရွှင်နိုင်ဖို့ ကျွန်မတို့ ဘယ်လိုလုပ်သင့်သလဲ။ ကျွန်မတို့ဟာ “ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်လာဖို့ မမျှော်လင့်ဘဲနဲ့ ဖြစ်လာတဲ့အတိုင်း လက်ခံလိုက်ပါ။ အဲဒါဆိုရင် သင်ဟာ ပျော်ရွှင်နိုင်မှာပါ” ဆိုတဲ့ စကားပုံလေးအတိုင်း ဖြစ်လာသမျှကို လက်ခံနိုင်အောင် ကြိုးစားဖို့လိုအပ်ပါတယ်။ ဒါပေမယ့် အဲဒါဟာ ကျွန်မတို့မှာ အိပ်မက်တွေ၊ ဆန္ဒတွေမရှိရဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ဆန္ဒတွေ၊ အိပ်မက်တွေမရှိတဲ့ဘ၀ဟာ ကန္တာရလိုပါပဲ။ ကန္တာရအတွက် အိုအေစစ်က အရေးကြီးသလိုပဲ ကျွန်မတို့လူသားတွေအတွက်တော့ ဆန္ဒတွေ၊ အိပ်မက်တွေက အလွန်ပဲအရေးကြီးပါတယ်။ ကျွန်မတို့မျှော်လင့်ထားတဲ့အတိုင်း အားလုံးဟာ ဖြစ်မလာနိုင်ဘူးဆိုပေမယ့်လည်း ကျွန်မတို့ဟာ လူသားတွေ ဖြစ်နေတာကြောင့် ရည်ရွယ်ချက်ဆိုတာကတော့ ရှိဖို့လိုအပ်ပါတယ်။ ကျွန်မအနေနဲ့ ပြောရမယ် ဆိုရင်တော့ အရေးကြီးတာက အခြေအနေပေါ်မူတည်ပြီး ကိုယ့်ဘာသာကိုယ် မျှမျှတတစဉ်းစားနိုင်ဖို့ပါပဲ။

ဒုတိယအနေနဲ့ ပြောရမယ်ဆိုရင်တော့ ဘ၀မှာ ပျော်ပျော်နေနိုင်ဖို့ အရာသုံးခုကို စွန့်လွှတ်နိုင်ဖို့ လိုအပ်ပါ တယ်။ အဲဒါတွေကတော့ အခြားသူတွေရဲ့ ကိုယ့်အပေါ်ထင်မြင်ယူဆချက်၊ သူများကို မကောင်းမြင်စိတ်နဲ့ သူများအပေါ် မနာလိုစိတ်တို့ပဲ ဖြစ်ပါတယ်။ အခြားသူတွေရဲ့ ကိုယ့်အပေါ်ထင်မြင်ယူဆချက်ဆိုတာကတော့ တစ်ခါတစ်လေမှာ သူများတွေရဲ့ ကိုယ့်ကို ဝေဖန်ပြစ်တင်မှုတွေကို ဥပေက္ခာပြုနိုင်ဖို့ လိုအပ်ပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ လူတစ်ယောက်ဟာ ကိုယ့်ဝါသနာအရ၊ နောက်ပြီး အထွေထွေဗဟုသုတ ရနိုင်ဖို့၊ အတွေးအခေါ်တွေဖလှယ်နိုင်ဖို့စတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ ဧည့်လမ်းညွှန်တစ်ယောက်အဖြစ် အလုပ်လုပ်ဖို့ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းလက်တွေ့လုပ်တဲ့အခါမှာတော့ သူဟာ သူ့ရဲ့ ရည်ရွယ်ချက်တွေအစား သူ့ရဲ့ကိုယ်ကျင့်သိက္ခာနဲ့ပတ်သက်ပြီး လူအများစုရဲ့မကောင်းပြောဆိုခြင်းကိုသာ လက်ခံရရှိခဲ့ပါတယ်။ ဒီလိုအချိန်မျိုးမှာ သူဟာ သူ့ရဲ့ရည်မှန်းချက်တွေကို စွန့်ပစ်ဖို့လိုအပ်ပါသလား။ ကျွန်မအမြင်ကတော့ ဘာပဲဖြစ်လာဖြစ်လာ ကိုယ်ဆက်ပြီးပျော်ရွှင်စွာနေနိုင်တယ်ဆိုရင်တော့ ဝေဖန်ပြစ်တင်မှု တွေကို ဂရုမစိုက်ဘဲ ကိုယ့်ဆန္ဒအတိုင်း လုပ်ခွင့်ရှိပါတယ်။ ပျော်ပျော်နေနိုင်ဖို့ နောက်ထပ် နည်းလမ်းတစ်ခု ကတော့ သူများတွေရဲ့ ဝေဖန်ရှုံ့ချမှုတွေကို စိတ်မဆိုးဘဲ နားလည်ပေးလိုက်ဖို့ပါပဲ။ အဆိုးထဲက အကောင်းကို ရှာဖွေကြည့်လိုက်ခြင်းကိုဆိုလိုတာပါ။ မနာလိုစိတ်၊ ဒေါသ၊ မောဟနဲ့ တစ်ကိုယ်ကောင်းစိတ်တွေကလည်း ပျော်ရွှင်မှုကို ဟန့်တားစေတဲ့အရာတွေပါပဲ။ ဒါကြောင့် အဲဒါတွေကို အတတ်နိုင်ဆုံးကင်းအောင် ကြိုးစားဖို့ လည်း လိုအပ်ပါတယ်။ တစ်ချိန်တည်းမှာဘဲ ရက်ရောမှု၊ တစ်ယောက်အပေါ်တစ်ယောက် နားလည်ပေးမှု၊ ရိုးသားမှုစတာတွေ ရှိဖို့လည်း လိုအပ်ပါတယ်။ အဲဒါဆိုရင် ကျွန်မတို့ဟာ ဘ၀မှာဆက်လက်နေထိုင်နိုင်ဖို့ နူးညံ့တဲ့လမ်းကြောင်းကို ရှာဖွေတွေ့နိုင်မှာပါ။

နောက်တစ်ခုကတော့ ဘ၀မှာ ကောင်းကောင်းမွန်မွန်နဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့အတွက်က ကိုယ့်ဘ၀ကို ကံကောင်းခြင်းထက် ပိုပြီးချစ်နေဖို့ပါပဲ။ ကျွန်မတို့ဟာ အမြဲတမ်း မပျော်ရွှင်နိုင်သလို အမြဲတမ်းလည်း စိတ်မညစ်ရပါဘူး။ တကယ်လို့သာ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ဘ၀ကို ကံကောင်းခြင်းဆိုတာထက် ပိုပြီးနှစ်သက်မယ်ဆိုရင်တော့ ကျွန်မတို့ဟာ ဘ၀ရဲ့ နူးညံ့တဲ့အနှစ်သာရကို နားလည်နိုင်ပြီး တစ်ချိန်တည်း မှာဘဲ ကံကောင်းခြင်းကိုရော ကံဆိုးခြင်းကိုပါ လက်ခံနိုင်မှာပါ။ ဒီလိုဆိုရင် ကျွန်မတို့ဟာ ဘ၀မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေနိုင်မှာပါ။

နောက်တစ်ခုကတော့ ကျွန်မတို့ရဲ့ရွေးချယ်မှုတွေဟာ ကျွန်မတို့ကိုဆန့်ကျင်ပြီး တုံ့ပြန်လာနိုင်တယ်ဆိုတဲ့ အသိရှိုဖို့လိုအပ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင်တော့ ကျွန်မဟာ အချိန်ကုန်သက်သာစေဖို့ ရှုခင်းတွေကို ကောင်းကောင်းကြည့်ချင်လို့ ကားနဲ့ခရီးသွားရတာကို ပိုပြီးနှစ်သက်ပါတယ်။ ဒါပေမယ့် ကားပျက်ခြင်း၊ မတော်တဆဖြစ်ခြင်းစတဲ့ မထင်မှတ်ထားတဲ့ ကြန့်ကြာမှုတွေနဲ့ ကြုံတွေ့လာနိုင်တယ်ဆိုတာကိုလည်း သိထားဖို့ လိုအပ်ပါတယ်။ “ဘ၀ဆိုတာ မျှော်မှန်းထားတာထက် တစ်ခါတစ်လေမှာ ပိုပြီးဆိုးရွားတတ်ပါတယ်။ ဒါကြောင့် စိတ်ကို ပေါ့ပေါ့ပါးပါးလေးထားဖို့ လိုအပ်ပါတယ်။” အဲဒီစကားလေးက ကျွန်မအတွက်တော့ ဘ၀မှာ ပေါ့ပေါ့ပါးပါးနေနိုင်ဖို့ နည်းလမ်းလေးတစ်ခုပါပဲ။ တကယ်တမ်းပြောရရင်တော့ ဖြစ်လာတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေ နေထိုင်နိုင်ဖို့ ကိုယ့်ဘာသာပြန်ပြီး အားပေးတဲ့စကားစုလေးပါပဲ။ ကိစ္စတစ်ခုကို လုပ်တော့မယ် ဆိုရင် နောက်ဖြစ်လာမယ့်အကျိုးဆက်ကို သံသယမရှိဘဲနဲ့ လုပ်နိုင်ဖို့လိုအပ်ပါတယ်။ မစဉ်းစားဘဲ လုပ်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ လုပ်ရမယ့်လုပ်ရပ်၊ ဖြစ်လာမယ့်အခြေအနေပေါ် မှာ သင့်တော်သလောက် စဉ်းစားချင့်ချိန်ပြီး မဖြစ်လာသေးတာတွေအပေါ်မှာ အရမ်းစိုးရိမ်မနေဘဲ လုပ်ဖို့ကို ပြောချင်တာပါ။ အဲလိုဆိုရင် ကျွန်မတို့ဟာ ပူပင်မှုမရှိဘဲ လွတ်လပ်စွာ ပျော်ရွှင်နိုင်ပါမှာ။

နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ ဘ၀မှာလွတ်လပ်ပျော်ရွှင်စွာနေနိုင်ဖို့အတွက် ကြောက်လန့်ခြင်းတွေကို အနိုင်ယူဖို့လိုအပ်ပါတယ်။ ဆိုလိုတာကတော့ သေဆုံးခြင်းဆိုတာကို မကြောက်ဖို့ပါဘဲ။ သေဆုံးခြင်းဆိုတာကို မကြောက်တော့ဘူးဆိုရင် ကျွန်မတို့မှာ ၀မ်းနည်းစရာတွေ၊ အလိုမကျတာတွေဆိုတာ မရှိလာနိုင်တော့ပါဘူး။ ကျွန်မတို့ဟာ ဖြစ်လာသမျှအားလုံးကို လက်ခံလာနိုင်ပြီး ပျော်ပျော်ရွှင်ရွှင်နေနိုင်မှာပါ။ ကျွန်မ လောကကြီးမှာ ကောင်းမွန်စွာ ရှင်သန်နေထိုင်နိုင်ဖို့ ကူညီတဲ့အရာတစ်ခုကတော့ သေဆုံးခြင်းကို သင်ယူခြင်းပါပဲ။ “လူ့ဘ၀ဟာ အလွန်တိုတောင်းလှတယ်၊ ဒါကြောင့် ရတဲ့အချိန်လေးကို ဘာကြောင့် ၀မ်းနည်းပူဆွေးမှုတွေ၊ အလိုမကျမှု၊ မကျေနပ်မှုတွေနဲ့ ကုန်လွန်စေမလဲ”။ အဲဒီမေးခွန်းလေးကို စဉ်းစားမိလိုက်တာနဲ့ တပြိုင်နက် ကျွန်မမှာ ပူဆွေးဝမ်းနည်းမှုတွေ၊ အလိုမကျမှုတွေ မရှိတော့ပါဘူး။ အဲဒီအမေးစကားလေးကပဲ ဘ၀ကို ကျွန်မ ပျော်ရွှင်စွာနေသွားနိုင်ဖို့ ခွန်အားတွေပေးနေခဲ့တာပါ။

သူငယ်ချင်းတို့လည်း ဒီပို့စ်လေးကို ဖတ်ရင်း ကိုယ့်ဘ၀မှာ ပျော်ရွှင်စွာနေထိုင်နိုင်ဖို့ နည်းလမ်းလေးတစ်ခုကို ရှာတွေ့နိုင်ပါစေလို့ ဆန္ဒပြုရင်း …

Read More...

------------------------

Sunday, July 15, 2007

စိတ်ထားလေးတစ်ခု၏နောက်ဝယ်

ငယ်ငယ်တုန်းက ကျွန်မက ဆရာမတွေအတွက် လိမ္မာတဲ့ကျောင်းသူကောင်းတစ်ယောက်ဖြစ်ခဲ့ပေမယ့် သူငယ်ချင်းတွေ အတွက်တော့ သူငယ်ချင်းကောင်းတစ်ယောက် မဟုတ်ခဲ့ဘူး။
သူငယ်ချင်းဆိုတာလည်း ပြောသာပြောရတာ ကျွန်မမှာ မရှိခဲ့သလောက်ပါဘဲ။
ဘာလို့လည်းဆိုတော့ ကျွန်မက မိဘချစ်၊ ဆရာချစ်အားလုံးကိုရထားတော့ ဘာရယ်မဟုတ်ဘူး မာနက နည်းနည်းကြီးချင် တယ်။
ဘယ်သူ့ကိုမှလည်း ဂရုမစိုက်ဘူး။ သူတို့နဲ့ မခင်ရလို့လည်း ဘာမှမဖြစ်ဘူးလို့ဘဲ အမြဲခံယူထားခဲ့တာ။
ကျွန်မက နည်းနည်းလေးမှ အတိမ်းအစောင်းမခံဘူး။ တစ်ခုခုများ ကျွန်မကို မှားပြောမိတာ၊ လုပ်မိတာတွေများရှိရင် နှစ်ဆ၊ သုံးဆလောက် ပြန်လုပ်မှ ကျေနပ်တတ်သူတစ်ယောက်။
ဒါကြောင့်လည်း ကျွန်မမှာ သူငယ်ချင်းရယ်လို့ ပြစရာသေချာမရှိခဲ့တာ။
ဒီလိုစိတ်ဓာတ်မျိုးရှိမှတော့ ကျွန်မကို ဘယ်သူက အပေါင်းအသင်းလုပ်ချင်တော့ပါ့မလဲနော်။
ဒါပေမယ့် ကျွန်မ တက္ကသိုလ်တက်တဲ့အချိန် သူနဲ့တွေ့ပြီးနောက်ပိုင်းမှာတော့ ကျွန်မစိတ်တွေ ပြောင်းလဲလာခဲ့ တယ်။
သူ့ကြောင့်ပဲ ကျွန်မမှာ သူငယ်ချင်းတွေများလာခဲ့ရတာ။
သူက ကျွန်မရဲ့ စိတ်တွေကို နူးညံ့လာအောင်၊ သူတစ်ပါးအပေါ်မှာ စိတ်ထားတတ်လာအောင်၊ သည်းခံနိုင်စွမ်းတွေရှိလာ အောင် ရှေ့ဆောင်လမ်းပြပေးခဲ့တဲ့သူတစ်ယောက်ပေါ့။
စကားနဲ့ ပြောပြခဲ့တာ မဟုတ်ပေမယ့်လည်း သူ့ရဲ့ပြောဆိုနေထိုင်ပုံတွေက ကျွန်မကို သင်ပေးခဲ့တာ။
ကျွန်မမှာ သူငယ်ချင်းက ရှားသလောက် သူ့ဘေးမှာတော့ သူငယ်ချင်းတွေက ၀ိုင်းလို့နေတယ်။
သူက သူများကို တော်ရုံစိတ်မဆိုးဘူး။ အတတ်နိုင်ဆုံးသည်းခံတယ်။
တက္ကသိုလ်မှာ ကျွန်မတို့အဖွဲ့က သူအပါအ၀င်လေးယောက်။
ကျွန်မနဲ့ နောက်သူငယ်ချင်းတစ်ယောက်က စိတ်ဆတ်တယ်။
သူများကို ကိုယ်က ပြဿနာမရှာတတ်ပေမယ့်လည်း ကိုယ့်ကိုတစ်ခုခု ပြဿနာရှာလာရင်လည်း ကြီးကြီး သေးသေး သည်းမခံဘူး။
ကျွန်မတို့နှစ်ယောက်က တော်ရုံခွင့်မလွှတ်တတ်ဘူး။
အဲတော့ သူက ကျွန်မတို့နှစ်ယောက်ကိုပြောတယ်။
“နည်းနည်းလေးတော့ သည်းခံပါအုံး၊ လွှတ်ထားလိုက်တဲ့၊ တစ်ခါတစ်လေများ ဥပေက္ခာထားလိုက်ပေါ့တဲ့”
အစကတော့ ကျွန်မလက်မခံနိုင်ဘူး။ ဘာကိစ္စ သည်းခံရမလဲပေါ့။ ကိုယ်လည်း ပြဿနာရှာတာမဟုတ်ဘူးပေါ့။ ဥပေက္ခာလည်း မထားနိုင်ပါဘူးပေါ့။
ဒါပေမယ့် ကျွန်မ တဖြည်းဖြည်းနားလည်လာတယ်။
အဲဒါက ဘာလဲဆိုတော့ သူက ဥပေက္ခာတရားကို လက်ကိုင်ထားနိုင်တော့ သူငယ်ချင်းတွေများတာပေါ့လို့လေ။
နည်းနည်းရှုပ်သွားပြီထင်တယ်။ ကျွန်မဆိုလိုတာကိုလေ။
အမှန်ကတော့ သူက သူ့ကို ဘယ်သူက ဘာလာလုပ်လုပ် ဥပေက္ခာနဲ့ လျစ်လျူရှုလိုက်တော့ လာလုပ်တဲ့သူကလည်း ထပ်ပြီးလာမလုပ်နိုင်တော့ဘူးလေ။
ဖြစ်စအချိန်မှာ ချက်ချင်းသည်းခံခွင့်လွှတ်နိုင်လို့မဟုတ်ပေမယ့် သူက ဥပေက္ခာတရားကို လက်ကိုင်ထားတဲ့သူ ဆိုတော့ တဖြည်းဖြည်းချင်း ခွင့်လွှတ်နိုင်သွားတာပေါ့။
ဘယ်လိုပြောရမလဲ။ ဘာမှမဖြစ်သလို လျစ်လျူရှုပြီးနေလိုက်တဲ့အခါကျတော့ သွေးအေးသွားတဲ့အခါ သူ့ဘက် ကိုယ့်ဘက် သေချာပြန်စဉ်းစားရင်း တဖြည်းဖြည်း ခွင့်လွှတ်နိုင်သွားတယ်လေ။
နောက်ဆုံးပြောရမယ်ဆိုရင်တော့ ဘယ်သူနဲ့မှ တော်ရုံအခင်အမင်မပျက်ဘူးပေါ့လေ။
ကျွန်မတို့ကတော့ သည်းလဲမခံနိုင်၊ ဥပေက္ခာလည်း မပြုနိုင်ဆိုတော့ ကြာတော့မိတ်ပျက်တာပေါ့။
နောက်ဆုံးတော့ ကျွန်မလည်း သူ့ကိုကြည့်ရင်း ကျွန်မစိတ်တွေကို တဖြည်းဖြည်း ပြောင်းလဲပစ်ခဲ့တယ်။
ခုတော့ ကျွန်မမှာ ကျွန်မကို ချစ်တဲ့၊ ခင်တဲ့ သူငယ်ချင်းတွေနဲ့ ပျော်စရာကြီးပေါ့။

ဒါကြောင့် သူငယ်ချင်းတို့လည်း တော်ရုံတန်ရုံစိတ်မဆိုးမိအောင် ဥပေက္ခာတရားလေးကို လက်ကိုင်ထားကြပါ လို့၊ တဆက်တည်း ဥပေက္ခာပြုတာတစ်ခုတည်းမဟုတ်ဘဲ တဖြည်းဖြည်းချင်း ခွင့်လွှတ်နိုင်အောင်လည်း ကြိုးစားကြပါ လို့ တိုက်တွန်းရင်း …

Read More...

------------------------
---------------------------------------------