Wednesday, August 29, 2007

သက်တန့်ရောင်စဉ်


ဟိုးအရင်တုန်းကပေါ့ … ကမ္ဘာကြီးပေါ်မှာ ရှိတဲ့အရာင်တွေဟာ ဘယ်သူက အရေးကြီးဆုံးအရောင်ဖြစ်တယ်၊ ဘယ်သူက အသုံးဝင်ဆုံးအရောင်ဖြစ်တယ်၊ ဘယ်အရောင်ကိုတော့ လူတွေက ပိုပြီး နှစ်သက်ကြတယ်စသည်ဖြင့် အငြင်းအခုံဖြစ်ကြတယ်။

စစချင်း အစိမ်းရောင်က …

"ဘာမှ ပြောနေစရာကို မလိုဘူး၊ ကမ္ဘာပေါ်မှာ အစိမ်းရောင်က အရေးကြီးဆုံးဆိုတာ ရှင်းနေတာပဲ၊ ဒါကြောင့် ကြည့်ပါလား … မြက်တွေ၊ သစ်ပင်တွေ၊ သစ်ရွက်တွေကို အစိမ်းရောင်ပဲ ရွေးတာပေါ့၊ တကယ်လို့သာ ငါ မရှိဘူးဆိုရင် သက်ရှိသတ္တ၀ါတွေ အားလုံးသေကုန်ကြမှာ။ ကြည့်ကြည့်ပါလား … ပတ်ဝန်းကျင်တစ်ခုလုံးမှာ အများစုက ငါ့အရောင်ဖြစ်တယ်ဆိုတာ မင်းတို့အားလုံး မြင်ကြတယ်မဟုတ်လား …"

အဲဒီမှာတင် အပြာရောင်က ကြားဖြတ်ပြီး

"မင်းက ကမ္ဘာမြေကြီးတစ်ခုထဲကို ကြည့်တာကိုး … ဒါပေမယ့် ကောင်းကင်နဲ့ ပင်လယ်ကို မင်းစဉ်းစားကြည့်လိုက်စမ်းပါ … ရေဆိုတာ ဘ၀ရဲ့ အခြေခံလိုအပ်ချက်အရာပဲ၊ နောက်ပြီး ကောင်းကင်က ငြိမ်းချမ်းမှုတွေ၊ အေးချမ်းမှုတွေကိုလည်း ပေးတယ်၊ တကယ်လို့သာ ငါမရှိဘူးဆိုရင် မင်းတို့အားလုံး ဘာမှဖြစ်လာစရာအကြောင်းမရှိဘူးလေ …"


အ၀ါရောင်က ဖြည်းညင်းစွာ ရယ်မောပြီး …

"မင်းတို့တွေက တော်တော်ကို ဆိုးဝါးနေကြတာပဲ၊ ငါကသာ ရယ်မောခြင်းတွေ၊ ပျော်ရွှင်ခြင်းတွေ၊ နွေးထွေးခြင်းတွေကို လောကကြီးဆီကို သယ်ဆောင်လာပေးတာပါ။ နေမင်းကြီးကလည်း အ၀ါရောင်၊ လမင်းကြီးကလည်း အ၀ါရောင်၊ ကြယ်တွေကလည်း အ၀ါရောင်ပဲ။ နေကြာပန်းကို ကြည့်လိုက်တဲ့အခါတိုင်း တစ်လောကလုံးက စတင်ပြီး ပြုံးပျော်ရွှင်လာတယ်။ တကယ်လို့သာ ငါမရှိဘူးဆိုရင် ပျော်ရွှင်မှုဆိုတာ ရှိလာမှာမဟုတ်ဘူး။"

အဲဒီအခါမှာ လိမ္မော်ရောင်က ကျယ်လောင်စွာ စတင်ရယ်မောပြီး …

"ကျန်းမာခြင်းနဲ့ အင်အားကြီးခြင်းအရောင်က ငါပါ။ ငါက ရှားပါတယ်၊ ဒါပေမယ့် ငါက လူ့ဘ၀အတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလို့ အလွန်တန်ဖိုးကြီးမားတယ်။ ငါက လူသားတွေအတွက် လိုအပ်တဲ့ ဗိုက်တာမင်တွေကို သယ်ဆောင်ပေးတယ်။ မုန်လာဥနီတွေ၊ ရွှေဖရုံသီးတွေ၊ လိမ္မော်သီးတွေ၊ သရက်သီးတွေ၊ သင်္ဘောပင်တွေကို တွေးကြည့်စမ်းပါ။ ငါက အမြဲတမ်းတော့ လောကကြီးကို မထိန်းသိမ်းထားပါဘူး၊ ဒါပေမယ့် ကောင်းကင်ကြီးမှာ နေထွက်ချိန်၊ နေ၀င်ချိန်တွေမှာ ငါ့အရောင်နဲ့ ဖြည့်ဆည်းလိုက်တဲ့အခါ ငါ့ရဲ့အလှဟာ မင်းတို့တစ်ယောက်မှ အတွေးထဲမှာတောင် မပေးနိုင်တဲ့ တောက်ပခြင်းမျိုးနဲ့ တောက်ပနေတယ်။"


အဲဒီမှာတင် အနီရောင်က ဘယ်လိုမှ သည်းမခံနိုင်တော့ဘဲ ကျယ်လောင်စွာဖြင့် အော်ပြောတော့သည် …

"ငါဟာ မင်းတို့အားလုံးရဲ့ စံပြပါ။ ငါက သွေးပါ။ ဘ၀ဆိုတာ သွေးပဲ။ ရဲရင့်ခြင်းနဲ့ အန္တရာယ်ကိုပြတဲ့အရောင်ဟာ ငါ့အရောင်ပဲ။ အားမာန်တွေကို ငါကပဲ ယူဆောင်ပေးခဲ့တာ။ ငါသာမရှိဘူးဆိုရင် ကမ္ဘာကြီးက လမိုက်ညလိုပဲဖြစ်နေမှာ။ စိတ်လှုပ်ရှားမှု၊ အချစ်၊ နှင်းဆီနီ … အဲဒါတွေဟာ ငါ့ရဲ့ အရောင်တွေပဲ။"


အဲဒီမှာတင် မရမ်းရောင်က ချောင်းတစ်ချက်ဟန့်လိုက်ရင်း လူတတ်ကြီးအသံနဲ့ …

"မင်းတို့ ဘာမှပြောမနေပါနဲ့၊ ငါကသာ တော်ဝင်အရောင်၊ အင်အားကြီးတဲ့အရောင်ပါ။ ဘုရင်တွေ၊ အရာရှိတွေ၊ ဂိုဏ်းအုပ်တွေက ငါ့အရောင်ကိုပဲ ရွေးကျတယ်။ အာဏာနဲ့ ပညာရှိအရောင်ဟာ ငါ့အရောင်ပဲ။ ဘယ်သူကမှ ငါ့ကို ဘာမေးခွန်းမှ မမေးဘူး။ အားလုံးက နားထောင်ပြီး လိုက်နာကျတယ်။"


မဲနယ်ရောင်ကတော့ သေချာတဲ့သန္နိဋ္ဌာန်နှင့်အတူ ညင်သောသော အသံနဲ့ …
"ငါ့ကို စဉ်းစားကြည့်ကြစမ်းပါ။ ငါဟာ တိတ်ဆိတ်ခြင်းရဲ့ အရောင်ပဲ။ မင်းတို့ ငါ့ကို သတိပြုဖို့ခက်လိမ့်မယ်။ ဒါပေမယ့် ငါမရှိဘူးဆိုရင် မင်းတို့အားလုံး အဓိပ္ပါယ်မရှိတော့ဘူး။ ငါက တွေးခေါ်ခြင်း၊ တုံ့ပြန်ခြင်း၊ ဆည်းဆာအရောင်တို့ကို ကိုယ်စားပြုတယ်။ မင်းတို့ဟာ ငါ့ကို မျှတမှု၊ နှိုင်းယှဉ်မှု၊ နောက်ပြီး ဆုတောင်းဖို့နဲ့ ငြိမ်းချမ်းမှု… စတာတွေအတွက် ငါ့ကို လိုအပ်တယ်။"


နောက်ဆုံးမှာတော့ သူတို့ဟာ ဘယ်သူက အရေးကြီးဆုံး၊ ဘယ်သူက အရေးပါဆုံးဆိုတာတွေကို ပြောရင်းပြောရင်း ရန်ပွဲက တဖြည်းဖြည်းနဲ့ ကြီးမားလာတယ်။ အသံတွေကလည်း တဖြည်းဖြည်းနဲ့ ကျယ်လာတာပေါ့။ အဲဒီအချိန်မှာပဲ ရုတ်တရက်ဆိုသလို လျှပ်စီးတွေလက်လာပြီး မိုးတွေက ခြိမ်းလာတော့တယ်။ မိုးဖွားလေးတွေကလည်း တဖြည်းဖြည်းကျလာတာပေါ့။ အရောင်လေးတွေကလည်း ကြောက်ရွံ့ပြီး ၀ပ်နေကြတာပေါ့။ နောက်ပြီး တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြပြီး ကာကွယ်ကြတာပေါ့။

အဲဒီအချိန်မှာဘဲ သူတို့ကြားမှာ ကြီးမားတဲ့အသံတစ်ခုပေါ်လာပြီး ဘုရားသခင်က စကား စတင်ပြောလိုက်သည်။

“သြော် … မင်းတို့လေးတွေက တစ်ယောက်နဲ့တစ်ယောက် ဘာမဟုတ်တာလေးတွေနဲ့ အချင်းများနေကြတယ် … တစ်ယောက်ကို တစ်ယောက် လွှမ်းမိုးဖို့ ကြိုးစားနေကြတယ်။ မင်းတို့မသိကြဘူးမဟုတ်လား … တကယ်တော့ မင်းတို့ဟာ ရည်ရွယ်ချက်ကောင်းတွေ၊ တူညီတဲ့စိတ်ထားတွေနဲ့ အကျိုးပြုနေကြတာ မဟုတ်လား … တစ်ယောက်လက်ကို တစ်ယောက်ကိုင်ပြီး ငါ့ဆီကို လာခဲ့ကြပါအုံး”

အရောင်လေးတွေဟာ တစ်ယောက်လက်ကို တစ်ယောက်ဆွဲပြီး ပေါင်းစည်းလိုက်ကြသည်။

ထို့နောက် ဘုရားသခင်က ဆက်ပြီး

“ကဲ … ခုချိန်ကစပြီး၊ မိုးရွာတဲ့အခါ မင်းတို့ဟာ မင်းတို့အချင်းချင်း ချစ်ခင်ငြိမ်းချမ်းစွာနေထိုင်ဖို့ကို သတိပေးတဲ့အနေနဲ့ ကောင်းကင်ကြီးမှာ ကြီးမားတဲ့ လေးတစ်ခုလို ဖြန့်ကျက်လိုက်ကြပါ။ အဲဒီ သက်တန့်ကြီးဟာ မနက်ဖြန်တွေရဲ့ မျှော်လင့်ချက်သင်္ကေတဖြစ်တယ်။”

ဒါကြောင့် ကမ္ဘာမြေကြီးကို မိုးရွာကာ သန့်စင်ပြီးတဲ့အခါတိုင်း တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်မြတ်နိုးပြီး တစ်ယောက်ရှိနေတာကို တစ်ယောက်က အသိအမှတ်ပြုဖို့ကို အမြဲသတိရစေဖို့ ကောင်းကင်ပေါ်မှာ သက်တန့်က ပေါ်လာခြင်းဖြစ်သည်။

------------------------

1 comment:

Eduardo Waghorn said...

Greetings from Chile!!
Very nice blog, visit me if you want.
I like your writing very much....

---------------------------------------------