Friday, August 3, 2007

အချစ်နှင့်အတူ (၁၆)

“ဟယ်လို …”

“ဟယ်လို … မေ၊ မအိပ်သေးဘူးလား”

“ဟုတ် မအိပ်သေးပါဘူး ကိုမိုးယံ”

“ဆယ့်နှစ်တောင် ထိုးတော့မယ်နော်”

“ဟုတ်ကဲ့”

“ကျွန်တော် မေ့ဆီ ခေါ်နေတာ ကြာပြီ၊ ခုမှရတာ”

“ဟုတ်၊ မေ ဖုန်းပြောနေလို့ပါ ကိုမိုးယံ”

“ဟုတ်လား၊ ကိုဘုန်းမင်းခန့်နဲ့ ပြောနေတာလား မေ”

“ဟုတ် ကိုမိုးယံ”

“မေ …”

“ရှင် …”

“ကျွန်တော့်လက်ဆောင်ကို ဖွင့်ကြည့်ပြီးပြီလားဟင်”

“ဟုတ်ကဲ့”

“ကျွန်တော် မေ့ကို တကယ်ကို မြတ်မြတ်နိုးနိုးနဲ့ ချစ်နေမိတာပါ၊ ဟိုးအရင် မေ့ကို စတွေ့ကတည်းက မေက ကျွန်တော့်နှလုံးသားကို လှုပ်ရှားအောင် လုပ်နိုင်ခဲ့တာပါ၊ မေ့ကို ကျွန်တော့်ဘ၀ရဲ့ လက်တွဲဖော်အဖြစ် ကျွန်တော်ရွေးချယ်ထားပါတယ်၊ မေ့ဘက်ကလည်း ကျွန်တော့်ရဲ့ ကမ်းလှမ်းမှုကို သေချာအလေးအနက် ထားပြီး စဉ်းစားပေးစေချင်ပါတယ်”

မိုးမြင့်ယံက စကားတွေအများကြီးကို တဆက်တည်း ပြောချလိုက်သည်။ သူ မိန်းကလေးတစ်ယောက်ကို ချစ်ခွင့်တောင်းတာက နားထောင်ကောင်းချင်မှ ကောင်းလိမ့်မည်။ ဒါပေမယ့် သူကတော့ တကယ်ကို အလေးအနက်ထားပြီး သူ ပြောချင်တာကို အရိုးသားဆုံး၊ အပွင့်လင်းဆုံး ပြောလိုက်ခြင်းဖြစ်သည်။

သူ ပြောတာတွေက မေ့အတွက် အဆင်ပြေပြေဖြစ်နိုင်ပါစေလို့ သူ ဆုတောင်းရင်း မျှော်လည်းမျှော်လင့် မိသည်။ မေမြတ်နိုးဘက်မှ မိုးမြင့်ယံထံသို့ တုန့်ပြန်မှုတစ်စုံတစ်ရာမလာသေးပေ။ မေ စိတ်ဆိုးသွားတာလား၊ ရှက်နေတာလား၊ ဒါမှမဟုတ် စဉ်းစားနေတာများလား၊ မိုးမြင့်ယံ မေမြတ်နိုး၏ စိတ်ကူးနဲ့ မျက်နှာကို ပုံဖော် ကြည့်နေမိသည်။

“မေ … ဒီလောက်အချိန်တိုအတွင်းမှာ ကျွန်တော် မေ့ကို ချစ်ခွင့်တောင်းတဲ့အတွက် စိတ်များဆိုးသွားလား၊ ဒါပေမယ့် ကျွန်တော် မေ့ကို ပြောတာတွေ အားလုံးကတော့ ကျွန်တော့်ရင်ထဲက စကားတွေပါ၊ ကျွန်တော် ပေါ့ပေါ့တန်တန် ပြောခဲ့တာမဟုတ်ပါဘူး၊ အလေးအနက်ထား စဉ်းစားပြီးမှ မေ့ကို ဖွင့်ပြောခဲ့တာပါ”

မိုးမြင့်ယံ ရှင်းပြသလိုဖြင့် ထပ်ပြောလိုက်မိသည်။ သို့သော်လည်း မေမြတ်နိုးဘက်မှတော့ စကားသံတစ်ခွန်း တစ်လေမှ မလာသေးပေ။

“မေ ကျွန်တော့်ကို စဉ်းစားဖို့ အချိန်တစ်ခုလိုတယ်ဆိုရင်လည်း ကျွန်တော်စောင့်နိုင်ပါတယ်၊ မေ ဘာတွေ စဉ်းစားနေတယ်ဆိုတာ ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း ပြောပြစေချင်တယ်၊ ကျွန်တော် မေ့ စိတ်ရင်းအမှန်နဲ့ ပြောတဲ့စကားကို နားထောင်ချင်ပါတယ်”

“ကိုမိုးယံက မေ့ကို မြတ်နိုးတယ်၊ စိတ်ဝင်စားတယ်ဆိုတဲ့အတွက် မေ အရမ်းကို ကျေးဇူးတင်မိပါတယ်။ ကိုမိုးယံကို မေ နည်းနည်းတော့မေးချင်တယ်၊ လက်တွဲဖော်အဖြစ် စဉ်းစားထားတယ်ဆိုတော့ ကိုမိုးယံ မေ့ကို ဘယ်လောက်အတိုင်းအတာအထိ နားလည်ပေးနိုင်မလဲ၊ နောက်ပြီး ဘယ်လိုအကြောင်းအရာတွေပဲရှိရှိ မေ့ကို ယုံကြည်နိုင်မလား၊ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတဲ့နေရာမှာ နားလည်ပေးနိုင်မှုနဲ့ ယုံကြည်မှုက အရမ်းကို အရေးကြီးတယ်လို့ မေ ယူဆတယ်၊ အဲလို ယုံကြည်နားလည်မှလည်း သာယာချမ်းမြေ့တဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ မေ ထင်တယ်လေ၊ ဒါကြောင့် ကိုမိုးယံမေးတာကို မေ အဖြေမပေးခင် မေ မေးတာတွေကို ကိုမိုးယံ သေချာစဉ်းစားပြီး အရင်ဖြေစေချင်ပါတယ်”

သက်ပြင်းဖွဖွလေးချရင်း မေ ခပ်တိုးတိုးဖြင့် ပြောလိုက်သည်။ ပြောမယ့်ပြောတော့လည်း မေက စကားတွေ အများကြီးကို တစ်ခါပြောချလိုက်တော့သည်။

မိုးမြင့်ယံ မေမြတ်နိုးစကားကြောင့် သဘောကျကာ ပြုံးလိုက်မိသည်။

“မေ ပြောတာတွေကို ကျွန်တော် နားလည်ပါတယ်၊ မေ ပြောသလို ယုံကြည်မှု၊ နားလည်ပေးနိုင်မှုတွေက အရမ်းကို အရေးကြီးပါတယ်၊ အဲဒါလိုပဲ သစ္စာရှိမှုကလည်း အဓိကနေရာမှာ ရှိပါတယ်၊ အားလုံးက သူ့အတိုင်းအတာနဲ့သူပါ၊ တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိနေမယ်ဆိုရင် အဲဒါတွေက အားလုံးအဆင်ပြေ သွားမှာပါ”

“ဟုတ်ပါပြီ ကိုမိုးယံ၊ ခုလောလောဆယ်တော့ ဒီအကြောင်းတွေကို ဒီလောက်နဲ့ပဲ ခဏရပ်ထားကြရအောင်၊ မေ သေချာစဉ်းစားပြီး ကိုမိုးယံအတွက် အကောင်းဆုံးအဖြေတစ်ခုပေးနိုင်အောင် မေ ကြိုးစားပါ့မယ်၊ မေ့ကို တစ်လလောက်တော့ အချိန်ပေးပါ၊ တစ်လပြည့်ပြီးတဲ့အခါ မေ ကိုမိုးယံကို အကြောင်းပြန်ပါ့မယ်၊ အဲလောက်တော့ ကိုမိုးယံ မေ့ကို အချိန်ပေးနိုင်မှာပါနော်”

“ကောင်းပါပြီ မေ”

မိုးမြင့်ယံပြုံးလိုက်ရင်း မေ့အား ပြောလိုက်သည်။ သူ့အတွက် အကောင်းဆုံးအဖြေဖြစ်နိုင်ပါစေ လို့လည်း စိတ်ထဲမှ ဆုတောင်းလိုက်မိသည်။

------------------------

No comments:

---------------------------------------------