Wednesday, August 15, 2007

အချစ်နှင့်အတူ (၂၂) ဇာတ်သိမ်း

(၁၇)

ဘုန်းမင်းခန့်က “ကျွန်တော်တို့တွေ့ကြရအောင်” ဟု ဖုန်းဆက်ပြောလာသောကြောင့် မိုးမြင့်ယံတစ်ယောက် သူတို့ချိန်းဆိုထားရာ ကော်ဖီဆိုင်လေးသို့ ထွက်လာခဲ့လိုက်သည်။ သက်ဇော်နှင့် ပြောပြီးနောက်ပိုင်း သူ မေရှိရာ “သံယောဇဉ်” ဟိုတယ်သို့လိုက်သွားချင်သော်လည်း ရုတ်တရက်ပေါ်လာသော အရေးကြီး အလုပ်ကိစ္စကြောင့် ချက်ချင်းမသွားနိုင်သေးပေ။ ချစ်စိတ်ကြောင့် သူအရာအားလုံးကို နားလည်ခွင့်လွှတ်ပြီး ချက်ချင်းလိုက်သွားချင်ပေမယ့်လည်း တစ်ဖက်မှာတော့ နောက်တစ်ကြိမ် အလားတူကိစ္စများ ထပ်မံဖြစ်မှာကို လည်း သူအလွန်စိုးရိမ်မိသည်။ ဒါကြောင့်လည်း သူ မေ့ဆီသို့ မလိုက်သွားခင် ဘုန်းမင်းခန့်နှင့်တွေ့ရန် စဉ်းစားခဲ့သည်။ ယခုလို ဘုန်းမင်းခန့်က သူနှင့်တွေ့ရန် ပြောလာသောအခါ သူ မငြင်းဘဲ တွေ့ရန် လက်ခံလိုက်တော့သည်။

မိုးမြင့်ယံ အတွေးမဆုံးခင်မှာဘဲ သူတို့ချိန်းဆိုရာ ကော်ဖီဆိုင်သို့ရောက်လာတော့သည်။ ဆိုင်ထဲရောက်တော့ သူဘေးပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ထိုအချိန်မှာဘဲ ဘုန်းမင်းခန့်က special room မှထွက်လာပြီး သူ့ကို လှမ်းခေါ်နေတာ တွေ့လိုက်ရသည်။ မိုးမြင့်ယံ အခန်းထဲသို့ ၀င်လိုက်ရင်း စတင် နှုတ်ဆက်လိုက်တော့သည်။

“ကြာပြီလား ကိုဘုန်းမင်းခန့်”

“သိပ်မကြာသေးပါဘူး ကိုမိုးမြင့်ယံ”

“ကျွန်တော့်ကိုတွေ့ချင်တာ ဘာကိစ္စများရှိလို့လဲ ကိုဘုန်းမင်းခန့်”

“အေးအေးဆေးဆေးပြောကြတာပေါ့ ကိုမိုးမြင့်ယံ၊ တစ်ခုခုမှာပါအုံး”
ဘုန်းမင်းခန့်စကားအဆုံးမှာတော့ သူတို့ လက်ဖက်ရည်နှစ်ခွက်နှင့် စားစရာအချို့မှာလိုက်ကြသည်။

“ကျွန်တော့်ကို ဘုန်းမင်းခန့်လို့ပဲ ခေါ်ပါ ကိုမိုးမြင့်ယံ”

“အိုကေ ဘုန်းမင်းခန့်၊ ကိုယ့်ကိုလည်း မိုးမြင့်ယံလို့ပဲခေါ်ပါ”

“ကောင်းပြီ မိုးမြင့်ယံ”

“ကျွန်တော့်ကို တွေ့ချင်တဲ့ကိစ္စက …”

“အင်း … ကျွန်တော့်ညီမလေး မေမြတ်နိုးနဲ့ ပတ်သက်လို့ ကိုမိုးမြင့်ယံ အထင်မှားနေတာကို ပြောပြချင်လို့ပါ”

“သြော် …”

“မိုးမြင့်ယံက ကျွန်တော်နဲ့ ညီမလေးကို အထင်လွဲနေတယ်လို့ ညီမလေးက ပြောတယ်၊ ဟိုးအရင်ကတည်း က ကျွန်တော်ရှင်းပြမယ်လို့ ညီမလေးကို ပြောပေမယ့် ညီမလေးက တားနေလို့ မရှင်းပြဖြစ်တာပါ၊ ခုလည်း ကျွန်တော့်သဘောနဲ့ကျွန်တော် မိုးမြင့်ယံကို လာရှင်းပြတာပါ၊ ညီမလေး စိတ်မကောင်းဖြစ်နေတာကို မမြင်ချင်တာရော၊ နောက်ပြီး ချစ်တဲ့သူနှစ်ယောက် ဘာမဟုတ်တဲ့ကိစ္စနဲ့ ဝေးရမှာကိုလည်း စိုးရိမ်တာကော ကြောင့် ကျွန်တော် ပြောပြတာပါ”

“ကျွန်တော်ကတော့ မေ့ကို လက်လွှတ်မခံပါဘူး ဘုန်းမင်းခန့်၊ ကျွန်တော် အလုပ်ကိစ္စအရေးတကြီး ပေါ်လာလို့ မေ့ဆီမသွားဖြစ်သေးတာပါ၊ သူ့ကိုယုံကြည်နားလည်ပြီး ချစ်မယ်လို့ ကျွန်တော် ဆုံးဖြတ်ထား ပြီးသားပါ”

“မိုးမြင့်ယံဆီက ဒီလိုစကားကြားရတဲ့အတွက် ညီမလေးကိုယ်စား ကျွန်တော်တကယ်ကိုဝမ်းသာပါတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်ရှင်းပြတာကို နားထောင်ပြီးရင် ညီမလေးကို မိုးမြင့်ယံ ပိုနားလည်သွားမှာပါ”
မိုးမြင့်ယံ ဘာမှမပြောဘဲ ခေါင်းသာညိမ့်ပြလိုက်သည်။

“ညီမလေးက ဘယ်သူနဲ့မှမတူတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုတာကို မိုးမြင့်ယံလည်း သတိထားမိ မယ်လို့ ကျွန်တော်ထင်ပါတယ်၊ သူက တော်ရုံစကားတွေကို ထုတ်ပြောဖို့ အရမ်းကို ၀န်လေးတယ်၊ ဘာမဟုတ်တာကိုလဲ သူက အရမ်းစိတ်ပူတတ်တယ်၊ သူ့အယူအဆမှန်တယ်ထင်ရင် ဘယ်တော့မှလည်း နောက်မဆုတ်တတ်ဘူးလေ၊ မိုးမြင့်ယံတို့ကြားမှာ အဲဒီအချက်က ပြဿနာဖြစ်မှာပါ၊ ကျွန်တော်က မကြာခင်မှာ ကျွန်တော့်ချစ်သူနဲ့လက်ထပ်တော့မယ်ဆိုတာကို မိုးမြင့်ယံကို ညီမလေး ပြောပြဖူးသလား”

ဘုန်းမင်းခန့်စကားကြောင့် မိုးမြင့်ယံ အံ့သြတကြီးဖြင့် သူ့ကို ကြည့်လိုက်မိသည်။

“ကျွန်တော့်ကို တစ်ခါမှ မပြောဘူး ဘူး ဘုန်းမင်းခန့်”

“ကျွန်တော်လည်း ထင်ပါတယ် မိုးမြင့်ယံ၊ သူက သူ့ကိုယ် ယုံကြည်မှုမရှိတဲ့သူကို မကြိုက်ဘူးလေ၊ ဒီကိစ္စကို ပြောလိုက်ရင် မိုးမြင့်ယံအနေနဲ့ ကျွန်တော်တို့ကို ဒီလောက်ထိ အထင်မလွဲနိုင်ဘူးဆိုတာ သူသိရက်နဲ့ မပြောဘူး၊ ဒီလို သိသွားလို့အဆင်ပြေတာမျိုးကို သူက မလိုချင်ဘူးလေ၊ နောက် အရေးကြီးဆုံးအချက်ကိုတော့ ကျွန်တော် မိုးမြင့်ယံကို သေချာပြောပြထားမယ်၊ ကျွန်တော်တို့က မိုးမြင့်ယံကြောင့် ခင်မင်ခဲ့တာဆိုရင် မိုးမြင့်ယံ ယုံချင်မှယုံလိမ့်မယ်၊ ဒါပေမယ့် အဲဒါက တကယ်ပါပဲ၊ မိုးမြင့်ယံတို့က ဟိုးအရင်ကတည်းက တစ်ယောက်နဲ့တစ်ယောက်တွေ့ခဲ့ဘူးတယ်ဆိုတာ ကျွန်တော်သိထား ပါတယ်၊ အဲဒီအချိန်ကတည်းက ညီမလေးက မိုးမြင့်ယံကို စိတ်ဝင်စားနေခဲ့တာ၊ မိုးမြင့်ယံကို သတိရပြီး သူ “မောင်နှံကျွန်း” မှာ တစ်ယောက်တည်းကျန်နေခဲ့ရင်းက ကျွန်တော်နဲ့ခင်ခဲ့တာ၊ အဲဒါထားပါလေ၊ ကျွန်တော် အဓိကပြောချင်တာက မိုးမြင့်ယံကို ညီမလေးက အရမ်းကိုချစ်တယ်ဆိုတာပါပဲ၊ သူက သူများနဲ့မတူတော့ သူချစ်တာကို မိုးမြင့်ယံနားလည်အောင် မပြတတ်ဘူးပေါ့၊ အဓိကကတော့ အဲဒါပါဘဲ၊ နောက်တစ်ခုကတော့ ညီမလေးနဲ့ ကျွန်တော်က တကယ့်မောင်နှမတွေလိုပဲ ခင်တာပါ၊ တခြားစိတ်မရှိပါဘူး၊ ကျွန်တော်တို့က တကယ့်မောင်နှမအရင်းတွေမဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက် အရမ်းခင်ကျတော့ မိုးမြင့်ယံ အမြင်မှာ သဘောတစ်မျိုးဖြစ်ချင်စရာ ဖြစ်တာဖြစ်မှာပါ၊ အဲဒီအတွက်တော့ ဘာမှမဖြစ်ပါနဲ့လို့ ကျွန်တော် ပြောချင်ပါတယ်”

“ကျွန်တော်တစ်ခုလောက်မေးချင်တယ် ဘုန်းမင်းခန့်၊ ကျွန်တော့်စိတ်ထဲမှာ ဇဝေဇ၀ါနည်းနည်းဖြစ်နေလို့ ပါ”

“ဘာများလဲ မိုးမြင့်ယံ၊ မေးပါ ရပါတယ်”

“ကျွန်တော်တို့ ပြဿနာဖြစ်တဲ့အကြောင်းကို ခင်ဗျားသိသလား၊ အဲဒီနေ့က မေနဲ့ ခင်ဗျားကိုတွဲလျက်၊ အင်း အတိအကျပြောရရင် အထင်မှားလောက်စရာပုံစံမျိုးနဲ့ ကျွန်တော်တွေ့လိုက်တာလေ”

“အဲဒါက ဒီလိုပါ မိုးမြင့်ယံ၊ တိုက်ဆိုင်တယ်လို့ပဲ ပြောရမှာပေါ့လေ၊ ဒါပေမယ့် ကျွန်တော်မဖြေခင်တစ်ခု အရင်မေးချင်တယ်”

“ဘာများလဲ ကိုဘုန်းမင်းခန့်”

“ညီမလေး ရန်ကုန်ကို ဘာကိစ္စကြောင့်လာတယ်ဆိုတာ သိသလား”

ဘုန်းမင်းခန့်အမေးကြောင့် သူတစ်ချက် တွေဝေသွားသည်။ အဲဒီတုန်းက သူ မေနှင့်အကြီးအကျယ်သာ ရန်ဖြစ်လိုက်ရသည်။ မေ ရန်ကုန်ကို ဘာကြောင့်လာသလဲဆိုတာ သူမမေးမိသလို၊ မေကလည်း သူ့ကို မပြောပြခဲ့ပေ။ မေကတော့ သူ့ကို ရန်ကုန်လာသည့်အကြောင်းပြောဖို့လုပ်ခဲ့သေးသလား။ သူ သေချာ မမှတ်မိတော့ပေ။ သူ သိသည်က အဲချိန်က မေ့ကို သူအရမ်းကို စိတ်ဆိုးနေမိခြင်းဖြစ်သည်။

“ဘာကြောင့်လာတယ်ဆိုတာ မသိဘူးလား မိုးမြင့်ယံ”
ဘုန်းမင်းခန့်အမေးကြောင့် သူ စဉ်းစားတာကို ရပ်လိုက်ရင်း

“မသိဘူး ဘုန်းမင်းခန့်၊ ကျွန်တော်လည်း မမေးမိသလို မေကလည်း မပြောပြခဲ့ဘူးလို့ထင်တာပဲ”
ဇဝေဇ၀ါဖြင့် ပြောလိုက်သည်။

“အင်း … သူနေမကောင်းလို့လာတာ ကိုမိုးမြင့်ယံ”

“နေမကောင်းလို့ …”
သူအံ့သြစွာဖြင့် ဘုန်းမင်းခန့်ကို ကြည့်လိုက်ရင်း ရေရွတ်လိုက်သည်။

“ဟုတ်တယ်”

“မေ ဘာဖြစ်လို့လဲ ဘုန်းမင်းခန့်၊ ရောဂါတစ်ခုခုဖြစ်နေလို့လား”

“မဖြစ်ပါဘူး မိုးမြင့်ယံ၊ ဒါပေမယ့် သူခဏခဏနေမကောင်းချင်သလိုဖြစ်တယ်၊ အစားအသောက်ပျက်တယ်၊ နောက်ပြီး နားကလည်းတစ်ခါတစ်ခါကိုက်တယ်လို့ပြောလို့ ကျွန်တော်က စိတ်ချရအောင် လာစစ်ခိုင်းတာ ပါ၊ ဆေးစစ်ချက်ကတော့ အားလုံးကောင်းပါတယ်၊ အဲနေ့က ကျွန်တော်တို့ကိုတွေ့တာက ဆေးခန်းက အပြန်ဖြစ်မယ်၊ နားဆရာဝန်ပြပြီးအပြန်လေ၊ နားသွားပြရင်း သူမူးလဲသွားလို့ ကျွန်တော်တွဲခေါ်လာတာကို မိုးမြင့်ယံမြင်ပြီး အထင်မှားသွားတာဖြစ်မယ်”

“မူးလဲသွားတယ်၊ ဘာဖြစ်လို့လဲ”

“နားကြည့်ရင်းနဲ့ မတော်တဆဖြစ်သွားတာပါ၊ စိုးရိမ်စရာမရှိပါဘူး မိုးမြင့်ယံ”

“သြော် …”

“ခုလောက်ဆို မိုးမြင့်ယံစိတ်ထဲမှာ မရှင်းတာတွေ မရှိတော့ဘူး မဟုတ်လား”

“ဟုတ်ကဲ့ ကိုဘုန်းမင်းခန့်၊ ခုလို တကူးတက လာရှင်းပြတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ယခုတော့လည်း မိုးမြင့်ယံစိတ်ထဲတွင် ဘာမကျေနပ်မှု၊ မယုံကြည်မှုများ မရှိတော့ပေ။ မဆင်မခြင် စွပ်စွဲခဲ့မိသော သူ့ကိုယ်သူသာ အပြစ်တင်နေမိတော့သည်။ သူ့ကိုသိပ်ချစ်ခဲ့သော ကောင်မလေးအား သူ မညှာမတာပြောခဲ့မိသည့်အတွက် စိတ်မကောင်းလည်းဖြစ်မိသည်။ မေ ပြောခဲ့ဘူးသလိုပင် တစ်ယောက်နှင့် တစ်ယောက် ယုံကြည်မှုရှိမှသာ အချစ်က ခိုင်မြဲနိုင်မည်ဖြစ်ကြောင်း သူသိရှိနားလည်ခဲ့ပြီ။မိုးမြင့်ယံကားလေးက အဝေးပြေးကားလမ်းမကြီးပေါ်တွင် တရိပ်ရိပ်ပြေးနေလေသည်။ ကြည်နူးပျော်ရွှင်ဖွယ် ကောင်းသောအချစ်ဇာတ်လမ်းလေးအား ပြန်လည်ရှင်သန်စေရန် မေမြတ်နိုးရှိရာ “သံယောဇဉ်” ဟိုတယ်လေး ဆီသို့ ဦးတည်လျက် …

------------------------

1 comment:

Unknown said...

ma yay
novel lay ta khu tot successfully pee thwar p naw
part 1 ka nay today a hti try pe tin pay tat ma ko thanks par lo. :)
nauk lae new novels/posts tway a myar gyi tin nai par say lo. wish loat par tal
ma yat kyo sar mhu a mhat ta ya phyit tat d block lay ko ever arr pay nay par ei.
:)

---------------------------------------------