Saturday, August 4, 2007

အချစ်နှင့်အတူ (၁၇)

(၁၅)

တစ်လအတွင်းတွင် မိုးမြင့်ယံရော မေမြတ်နိုးပါ တစ်ယောက်ဆီတစ်ယောက် ဖုန်းလည်းမဆက်ဖြစ်၊ အပြင်မှာလည်း မတွေ့ဖြစ်ကြပေ။ မိုးမြင့်ယံကလည်း တွေ့ချင် စကားပြောချင်စိတ်များကို ချုပ်တည်းထားခဲ့ သည်။ တစ်လပြည့်သောနေ့ညမှာတော့ မိုးမြင့်ယံက မေမြတ်နိုးဆီ ရင်ခုန်ခြင်းများစွာဖြင့် ဖုန်းဆက်လိုက် သည်။ မိမိအတွက် ပျော်ရွှင်ရသောအဖြေဖြစ်ပါစေလို့လည်း အကြိမ်ကြိမ်ဆုတောင်းမိသည်။ မကြာမီမှာဘဲ တစ်ဖက်မှ မေမြတ်နိုး၏ အသံအက်တက်တက်လေးက ထွက်ပေါ်လာတော့သည်။

“ဟယ်လို …”

“ဒီနေ့တစ်လပြည့်သွားပြီထင်တယ်နော် မေ”
မိုးမြင့်ယံက ရွှတ်နောက်နောက်လေသံဖြင့် ပြောလိုက်လေသည်။

တစ်ဖက်မှ မေမြတ်နိုး၏ ရယ်သံလေးက တိုးညင်းစွာ ထွက်ပေါ်လာသည်။ ထို့နောက် ခဏငြိမ်သက်သွားပြီးမှ မိုးမြင့်ယံက မေ့အား စခေါ်လိုက်၏။

“မေ …”

“ရှင် …”

“ကျွန်တော့်ကို ပြောအုံးလေ”

“ဘာပြောရမှာလဲ ကိုမိုးယံ”

“ဟာဗျာ … အဲလိုမလုပ်နဲ့လေဗျာ”

“ဒါဖြင့် ဘယ်လိုလုပ်ရမလဲ ကိုမိုးယံရဲ့”
မေမြတ်နိုးက ရယ်လိုက်ရင်း ပြောလိုက်သည်။

“ကျွန်တော်လုပ်ခိုင်းတာ တကယ်လုပ်မှာလား၊ လုပ်မယ်ဆို ပြောမယ်လေ”

“ဟုတ်၊ တကယ်လုပ်မှာလေ၊ ပြောမှာသာပြောပါ”

“ဒါဖြင့် ကိုမိုးမြင့်ယံကို မေ ချစ်ပါတယ်ရှင် ဆိုပြီးပြောလိုက်လေ”

“လူလည်ကြီးပါလား၊ နစ်နာနေပါ့မယ်ရှင်”

“ဒါမျိုးဆို မိုးမြင့်ယံတို့က အနစ်နာခံပြီးသားပဲ၊ ကဲ ပြောလိုက်ပါ၊ ကျွန်တော်လုပ်ခိုင်းတာ လုပ်မယ်လို့ ကတိ ပေးထားတယ်လေ”

“ဟုတ်ကဲ့ပါရှင်၊ မေက ကိုမိုးမြင့်ယံကို ချစ်ပါသတဲ့ရှင်”
မေ့အသံလေးက တိုးလျနေသော်လည်း ကြည်လင်ပြတ်သားကာ တည်တည်ငြိမ်ငြိမ်လေး ရှိလှသည်။

“မေ တကယ်ပြောတာလား၊ နောက်တစ်ခေါက်လောက်ပြောပါအုံးဗျာ”

“ဟာ ပြောတော့ဘူးကွာ”

“ပြောပါမေရယ်၊ ကျွန်တော်ကြားချင်လို့ပါ”

“ဒါဆို တစ်ခေါက်ပဲ ထပ်ပြောမှာနော်”

“ဟုတ်ပါပြီ ဗျာ”

“မေ ကိုမိုးယံကို ချစ်ပါသတဲ့ရှင်”

မေမြတ်နိုးအသံလေးက တုန်ရီလို့နေလေသည်။ ဘယ်တော့မှ မေနှင့်သူ ပြန်မတွေ့နိုင်၊ ပြန်မဆုံနိုင် တော့ဘူးလို့ မေ ထင်ထားခဲ့ပေမယ့်၊ ယုံကြည်ထားခဲ့ပေမယ့် ယခုတော့ သူနှင့်မေက တရားဝင်ချစ်သူများပင် ဖြစ်သွားကြရပြီ။ ဆန်းကြယ်လှသောကံကြမ္မာနှင့် မှန်းရခက်သောဖူးစာကို မေ အလွန်ကို အံ့သြမိတော့သည်။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတစ်ခုကတော့ ယခုချိန်မှာ မေ အရမ်းကို ပျော်နေတယ် ဆိုတာပဲလေ။

မေမြတ်နိုးစကားအဆုံးမှာတော့ မိုးမြင့်ယံ မိမိနားကိုမယုံသလိုတောင် ဖြစ်သွားမိသည်။ ကိုယ် ချစ်မြတ်နိုးရသူ လေးဆီမှ ကိုယ့်အား ပြန်လည်ချစ်မြတ်နိုးပါသည်ဆိုသော အဖြေစကားက ဘာနှင့်မှနှိုင်းယှဉ်၍မရပေ။ ရင်ထဲ တွင် ဖြစ်ပေါ်လာသော ကြည်နူးဝမ်းသာခြင်းကလည်း ဘယ်အရာနှင့်မှ အစားထိုးလို့မရနိုင်ချေ။ ရင်ခုန်သံက သူ့ရင်ထဲမှ ဆူညံစွာထွက်ပေါ်လာသည်လို့ပင် ခံစားရလောက်အောင် မိုးမြင့်ယံ အပျော်ကြီး ပျော်နေမိသည်။ ချစ်သူတစ်ယောက်ရပြီဆိုသောအသိကလည်း သူ့ရင်ခုန်သံကို ပိုမြန်လာစေပြီး အားမာန်များလည်း ပြည့်လျှံ လာတော့သည်။ ဘ၀အတွက် ခွန်အားများ တမဟုတ်ချင်း ရောက်လာသလို သူ့စိတ်တွေက တက်ကြွလန်းဆန်းလို့နေသည်။

“ကျွန်တော် အရမ်းဝမ်းသာတာပဲ မေရာ၊ အမှန်တကယ်ပြောရရင်တော့ ခုချိန်မှာ ကျွန်တော်ခံစားနေရတဲ့ ကြည်နူးပျော်ရွှင်မှုက ခုကျွန်တော်ပြောနေတဲ့စကားလောက်နဲ့ မလုံလောက်နိုင်ပါဘူး၊ ဒါပေမယ့် ကျွန်တော် ထပ်မပြောတတ်တော့ဘူး မေရယ်၊ ကျွန်တော် အရမ်းကိုဝမ်းသာတာပါပဲ၊ ကျွန်တော့်ကို ပြန်ချစ်တဲ့ မေ့ကို ကျွန်တော်အရမ်းကို ကျေးဇူးတင်ပါတယ်ဗျာ၊ ကျွန်တော် မေ့ကို အမြဲတမ်းပျော်ရွှင်အောင်ထားမယ်၊ ပိုပိုပြီးတော့လည်း ချစ်သွားမယ်ဗျာ”

ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ကြိုးစားထားသော်လည်း မိုးမြင့်ယံအသံတွေက အနည်းငယ် တုန်ရီလို့နေလေသည်။

“မေ တစ်လလုံးလုံးသေချာစဉ်းစားခဲ့တယ် ကိုမိုးယံ၊ ဘယ်လိုပဲ စဉ်းစားစဉ်းစား နောက်ဆုံးမှာတော့ မေ အဖြေတစ်ခုပဲရတယ်၊ အဲဒါကတော့ ကိုမိုးယံကို မေ မြတ်မြတ်နိုးနိုးနဲ့ကို ချစ်နေမိပြီဆိုတာပါပဲ”

“ကျွန်တော်က မေချစ်တာထက်ကို အဆများစွာပိုချစ်ပါတယ်ဗျာ” လို့ ပြန်မပြောနိုင်အောင်ကို မိုးမြင့်ယံ ကြည်နူးပျော်ရွှင်နေမိသည်။ မေက သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာသို့ တိုးဝင်ရောက်ရှိသွားပြီလေ။

“မေ မနက်ဖြန်ကျရင် ကျွန်တော်တို့ ဘုရားသွားရင်း မနက်စာတူတူစားကြရအောင်နော်၊ မေ့ကို ကျွန်တော် အရမ်းကိုတွေ့ချင်လို့၊ ခုတောင် ဖြစ်နိုင်ရင် ပြေးပြီးလာတွေ့ချင်တာ”

“ကိုမိုးယံ …”
အားနာသံဖြင့် မေမြတ်နိုး ခေါ်လိုက်သည်။

“ဗျာ …”

“ဟိုလေ …”
မေမြတ်နိုးစကားကို မဆက်သေးဘဲ ရပ်ထားလိုက်ပြန်သည်။

“ဘာလဲ မေ၊ ပြောလေ”

“ဟုတ်၊ ကိုမိုးယံကို မေ တစ်ခုပြောမလို့ပါ”

“အင်း ပြောလေ မေ”

“မေက ခု ရန်ကုန်မှာမဟုတ်ဘူး”

“အင်း … အဲတော့ မေ မနက်ဖြန် ကိုမိုးယံနဲ့ လိုက်နိုင်မှာ မဟုတ်တော့ဘူးလေ၊ မေ့ကို စိတ်မဆိုးပါနဲ့နော်”

“စိတ်မဆိုးပါဘူး မေရဲ့၊ မေ ရန်ကုန်မှာ မဟုတ်တော့ဘူးဆိုတာ ကျွန်တော်သိပါတယ်”
မိုးမြင့်ယံစကားကြောင့် မေမြတ်နိုးအနည်းငယ် အံ့သြသွားသည်။

“ဒါဖြင့် မနက်စာစားဖို့ပြောတာက”

“ကျွန်တော် ခု မေတို့ဟိုတယ်မှာဘဲလေ၊ အရင်အခန်းမှာဘဲ တည်းတယ်လေ”

“ဟုတ်လား၊ ကိုမိုးယံ ဒီနေ့ညနေမှရောက်တာလား၊ ကိုမိုးယံရောက်တာလည်း မေ မသိလိုက်ပါလား”
မေ အံ့သြသွားသံဖြင့် မေးလိုက်မိသည်။

“ဟုတ်တယ် မေရဲ့၊ ညနေကမှရောက်တာလေ၊ မေ မသိတာက ကျွန်တော်က မေ မသိအောင် တခြား နာမည်နဲ့ ဘိုကင်လုပ်ထားလို့”

“ဟုတ်လား၊ ဒါကြောင့် မေ မသိတာ”

“အင်း”

“ဒါပေမယ့် မနက်ဖြန် မေက တစ်နေကုန်ဂျူတီလေ၊ ညနေမှ ပြီးမှာ ကိုမိုးယံ”

“ဟုတ်လား၊ ဒါဆို ညနေမှသွားစားကြတာပေါ့”

“ဟုတ်ကဲ့ ကိုမိုးယံ”

“အင်း၊ မေ့ကို ငါးနာရီခွဲလောက် ကျွန်တော်လာခေါ်မယ်လေ၊ မေ့ အခန်းကပဲစောင့်နေနော်”

“ဟုတ်ကဲ့”

အဲဒီနေ့ရဲ့ ညနေခင်းလေးကတော့ မေတို့နှစ်ယောက်အတွက် အလွန်လှပပြီး ကြည်နူးစရာကောင်းလှတဲ့ ညနေခင်းလေးတစ်ခုဖြစ်ခဲ့သည်။ ချစ်သူဖြစ်ပြီးပြီးချင်းစားသော ညစာစားပွဲလေးဆိုတော့ ရင်ခုန်ခြင်းရော ကြည်နူးခြင်းပါ ရောနှောနေတဲ့ ညစာစားပွဲလေးတစ်ခုပါပဲ။ ထမင်းစားပွဲမှာ နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်ပြီး တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ဘာပြောရမလဲမသိ ရှက်ကိုးရှက်ကန်း ဖြစ်နေခဲ့ကြသည်။ သေချာတာတစ်ခုတော့ မေရော ကိုမိုးမြင့်ယံပါ အရမ်းကို ပျော်ရွှင်နေခဲ့ကြသည်လေ။

♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠

------------------------

No comments:

---------------------------------------------