Thursday, August 30, 2007

သစ်စေ့လေး နှစ်စေ့

သာယာလှပသော နွေဦးပေါက်ရာသီဖြစ်သည်။

မြေဆီသြဇာပြည့်ဝသည့် ခြံဝင်းကြီးတစ်ခုထဲမှာ သစ်စေ့လေးနှစ်စေ့ ဘေးချင်းယှဉ်၍ တည်ရှိနေကြသည်။

ပထမသစ်စေ့က စတင်ပြီး စကားဆိုတာက …

“ငါ အပင်ဖြစ်ချင်တယ်၊ ကြီးထွားချင်တယ်၊ ငါ့အမြစ်တွေ အောက်ဘက်မြေကြီးထဲ နက်နက်ရှိုင်းရှိုင်း တွန်းပို့ချင်တယ်၊ ငါ့ အစို့အညှောင့်တွေ အထက်မြေလွှာကို ဖောက်ထွင်းပြီး အပြင်ဘက် ထွက်ချင်တယ်၊ နူးညံ့တဲ့ အဖူးကလေးတွေက ပွင့်အာလာတဲ့ အချပ်အလွှာလေးတွေနဲ့ အောင်လံထူပြီး နွေဦးကို ကြိုဆိုချင်တယ်၊ ငါ့မျက်နှာပေါ် နွေးထွေးတဲ့ နေရောင်ခြည်ကျရောက်တာ ငါ ခံယူချင်တယ်၊ အေးမြတဲ့ နံနက်ခင်းနှင်းပွင့်လေးတွေက ငါ့ ပွင့်လွှာချပ်လေးတွေပေါ် ဖျန်းပက်တာလဲ ငါ ခံစားချင်တယ်”
လို့ဆိုတယ်။ အဲလိုနဲ့ပဲ သူဟာ တဖြည်းဖြည်းနဲ့ ကြီးထွားရှင်သန်သွားခဲ့တယ်။

ဒုတိယသစ်စေ့ကတော့ …

“အပင်ပေါက်ရမှာ ငါ ကြောက်တယ်၊ အမြစ်တွေကို မြေကြီးထဲ ထိုးထည့်တော့ အမှောင်ထဲမှာ ဘာတွေနဲ့ ရင်ဆိုင်ရမှန်း ငါ မသိဘူး၊ အပေါ်က မာကျောနေတဲ့မြေကို ဖောက်ထွက်တော့လည်း ငါ့ရဲ့ အစို့အညှောင့်လေးတွေ ပဲ့ရွဲ့သွားမှာ၊ ပျက်စီးသွားမှာ ငါ စိုးရိမ်တယ်၊ ငါ့ရဲ့ အဖူးအငုံလေးတွေ ပွင့်အာစမှာ အကောင်တွေက စားသွားရင်ကော၊ ပန်းလေးတွေ ပွင့်အာလာမှ ကလေးငယ်တွေက ခူးယူသွားရင်ကော ဘယ်လိုလုပ်မလဲ၊ ဒါကြောင့် မဖြစ်ဘူး၊ စိတ်ချရတဲ့ အချိန်အတိုင်းအတာတစ်ခုထိတော့ ငါ စောင့်မှဖြစ်မယ်”
ဟု ဆိုသည်။ ဒါကြောင့် သူက အချိန်ကောင်းကို စောင့်နေခဲ့သည်။

ဒါပေမယ့် တစ်နေ့မှာတော့ ခြံဝင်းထဲမှာ အစာရှာဖွေတဲ့ ကြက်မတစ်ကောင်က အစာရှာဖို့အတွက် ဟိုဟိုသည်သည် ယက်ရင်း နောက်ဆုံးမှာ သစ်စေ့လေးကို တွေ့သွားတယ်။ အဲဒီမှာတင် အဲဒီကြက်မက စိတ်ချရတဲ့အချိန်ကို စောင့်နေတဲ့သစ်စေ့လေးကို ဆတ်ခနဲ ကောက်စားပစ်လိုက်တော့တယ်။


ဒီပို့စ်လေးကို ဖတ်ပြီး ကောင်းကင်တို့အားလုံးလည်း ပထမသစ်စေ့လေးကို အတုယူပြီး လောကအလယ်မှာ သတ္တိရှိရှိရပ်တည်နိုင်အောင် ကြိုးစားရမယ်။ လောကရဲ့ လေပြည် မုန်တိုင်း၊ ကောင်းကျိုးဆိုးကျိုး အားလုံးကို လက်ခံနိုင်ရမယ်။ လုပ်သင့်လုပ်ထိုက်တယ်ဆိုရင် ဖြစ်လာမယ့် အခက်အခဲတွေကို တွေးမကြောက်ဘဲ ရဲရဲဝံ့ဝံ့နဲ့ ရင်ဆိုင်ဖြတ်ကျော်နိုင်ကြရမယ်။ အဲဒါမှ ဒုတိယသစ်စေ့လေးလိုမျိုး ဘာမှမလုပ်လိုက်ရဘဲ ဘ၀ကို အဓိပ္ပါယ်မရှိ ဖြတ်သန်းလိုက်ရတာမျိုး၊ အချိန်လွန်မှ နောင်တရရတာမျိုးတွေက ကင်းဝေးနိုင်မှာဖြစ်ပါတယ်။

------------------------

No comments:

---------------------------------------------