Monday, August 13, 2007

အချစ်နှင့်အတူ (၂၀)

“ဒါဖြင့် ညီမလေးတို့ ခုထိအဆက်အသွယ်မရတော့ဘူးပေါ့”

“ဟုတ်တယ် ကိုကို”

“ကိုကို သွားရှင်းပြလိုက်ရမလား ညီမလေး”
ဘုန်းမင်းခန့် စိတ်မကောင်းစွာဖြင့် မေးလိုက်သည်။

“မလိုတော့ပါဘူး ကိုကိုရယ်၊ ညီမကို မယုံကြည်တဲ့သူတစ်ယောက်ကို ညီမ ဘာမှမပြောလိုတော့ပါဘူး”

“အဲလိုလည်းမဟုတ်ဘူးလေ ညီမလေး၊ သူ ဒီလိုဖြစ်တယ်ဆိုတာကလည်း ညီမလေးကို အရမ်းချစ်လို့ဖြစ် တာပဲလေ၊ ကိုကို ရှင်းပြလိုက်ရင် အဆင်ပြေမှာပါ”

“သူ ဒီလိုဖြစ်တယ်ဆိုတာ ချစ်လို့ဆိုတာကို ညီမ နားလည်ပါတယ် ကိုကို၊ ဒါပေမယ့် ညီမကို သူပြောသွားတာ တွေကို ညီမ တကယ်ကိုခွင့်မလွှတ်ချင်ဘူး ကိုကို၊ ကိုကို ညီမအကြောင်းကို သိပါတယ်၊ ညီမ ချစ်တဲ့ပုံစံနဲ့ သူချစ်တဲ့ပုံစံက လုံးဝကို မတူဘူးဖြစ်နေတယ်၊ နောက်ပြီး ရှင်းပြတယ်ဆိုတာကလည်း ရှုပ်ထားတဲ့သူတွေအတွက်သာ လိုတာပါ၊ ညီမက ဘာမှရှုပ်ထားတာမရှိတဲ့အတွက် ဘာကိုမှရှင်းပြဖို့ မလိုဘူး လို့ထင်ပါတယ် ကိုကိုရယ်”

“အင်းလေ ညီမလေးသဘောပါ၊ ညီမလေးအဆင်ပြေမယ်ထင်တာသာ လုပ်ပါ”

“ညီမ ကိုကို့ကို ပြောပြဘူးတယ်မဟုတ်လား၊ ညီမက သ၀န်တိုတာတွေ ဘာတွေကို မကြိုက်ဘူးလေ၊ နောက်ပြီး ညီမက လူတစ်ယောက်ကို ပေးဆပ်ခြင်းနဲ့ပဲချစ်ချင်တာ၊ ညီမသိပ်ချစ်တဲ့သူတစ်ယောက်က ညီမကို ပစ်ပြီး နောက်တစ်ယောက်ကို ချစ်သွားမယ်ဆိုရင်တောင် ညီမ သူတို့အတွက် ပြုံးပြုံးလေးနဲ့ ဆုမွန်ကောင်း တောင်းပေးမှာပါ၊ ညီမရင်ထဲမှာ ဘယ်လောက်ပဲ ကြေကွဲနေပါစေ၊ ညီမလုယူမှာမဟုတ်ဘူး ကိုကို၊ သူ ပျော်ရွှင်နေတယ်ဆိုရင် ပြီးတာပါပဲ၊ အမှန်တကယ်ကတော့ လူချင်းမတူကြလို့ ချစ်တဲ့ပုံစံချင်းလည်း ကွဲသွား တဲ့သဘောပါ၊ သ၀န်တိုတာပဲဖြစ်ဖြစ်၊ သ၀န်မတိုတာပဲဖြစ်ဖြစ် အားလုံးဟာ ကိုယ့်ခံယူချက်ပေါ် မူတည်ပြီး ပြောင်းသွားတာပဲ၊ ချစ်တာကတော့ အားလုံးတူတူချစ်ကြတာပါပဲ၊ အရမ်းချစ်ရင် သ၀န်တိုရမှာပေါ့လို့ ပြောလို့မရသလို တကယ်မချစ်လို့ သ၀န်မတိုတာပေါ့လို့လည်း ပြောလို့မရပါဘူး၊ ညီမရဲ့အချစ်က ရယူလိုတဲ့အချစ်မဟုတ်ဘူး၊ ညီမချစ်တဲ့သူ ပျော်နေရင် ညီမ ဘယ်လောက်ပဲ ခံစားရပါစေကျေနပ်တယ်၊ သူပျော်နေတာကိုပဲ ညီမက မြင်ချင်တာ၊ ဘယ်လိုပဲဖြစ်ဖြစ် ညီမသူ့ကိုနားလည်ပေးနိုင်တယ်၊ ဒီလို နားလည် ပေးတာဟာ ညီမ သူ့ကို အရမ်းချစ်လို့ဆိုတာ ညီမစိတ်ကို မသိရင် သူမသိနိုင်ဘူး၊ သူ ညီမကို ထင်တာက သူချစ်သလောက် ညီမက သူ့ကို မချစ်ဘူးလို့ ထင်တာလေ”

မေမြတ်နိုးက ဘုန်းမင်းခန့်အား သူ့ရင်ထဲမှစကားများကို ပြောပြလိုက်တော့သည်။ သူ့ရင်ထဲတွင် အလွန်ကို မွန်းကြပ်နေသည်လေ။ ရက်ရက်စက်စက်စကားလုံးတွေ ပြောသွားခဲ့သော မိုးမြင့်ယံကို သူ စိတ်မနာရက်ပေ မယ့် အဲဒီလိုပြောသည့်အတွက်တော့ မေမြတ်နိုး အရမ်းကို ခံစားရသည်။

“အဲဒီလို မထင်ပါဘူး ညီမရယ်”

“ကိုကိုကော ညီမကို ညီမတော်ရတာတွေ ခင်ရတာတွေ စိတ်မကုန်ဘူးလားဟင်၊ ညီမက အမြဲတစ်ခုမဟုတ် တစ်ခုဖြစ်နေတာလေ”

“မဖြစ်ပါဘူးဗျာ၊ ဘာလို့ဖြစ်ရမှာလဲ”

“ညီမ တစ်ခါတစ်လေ စဉ်းစားမိတယ် သိလား၊ မဆုံစည်းနိုင်ဘူးဆိုမှတော့ ကံကြမ္မာက ဘာလို့ မေတို့ကို ပြန်တွေ့ခိုင်းနေသေးလဲနော်၊ ပြန်တွေ့ခိုင်းတယ်ဆိုရင်လည်း ဒီလိုအဖြစ်တွေမျိုးတော့ မဖြစ်လာသင့်ဘူး မဟုတ်လား၊ ညီမ ဒီလိုအဖြစ်တွေကို မုန်းတယ်၊ စိတ်ညစ်ရတာတွေကိုလည်း မုန်းတယ်၊ ဒီလိုဖြစ်ရင် အစကတည်းက ပြန်မတွေ့ခဲ့ကြတာ ကောင်းတယ်”

“ဟာ … ညီမလေးကတော့ မဟုတ်တာတွေ ပြောနေပြန်ပြီ၊ ဒါတွေက အမြဲရှိနေမယ့်သဘောတွေပဲလေ၊ အဲဒါတွေကို ကြံ့ကြံ့ခံနိုင်အောင် ကိုကိုတို့က ကြိုးစားရမှာ မဟုတ်လား၊ တခြားဟာတွေ မစဉ်းစားပါနဲ့ ညီမရယ်၊ နောက် ပြန်အဆင်ပြေမှာပါ၊ နောက်ပြီး ကိုကို ပြောပြမယ် ညီမလေး၊ လောကမှာ စိတ်ဆင်းရဲစရာရှိမှ စိတ်ချမ်းသာရတဲ့ အရသာကို သိမယ်၊ မုန်းဘူးမှ ချစ်ရတဲ့အရသာကို သိမယ်၊ အကောင်းနဲ့အဆိုး ဒွန်တွဲနေမှသာ ဘ၀ရဲ့အနှစ်သာရကို ခံစားတတ်ကြမှာပေါ့၊ ဒါကြောင့် ညီမလေးလည်း ဘ၀ရဲ့အနှစ်သာရကို ခံစားတတ်အောင် သင်ယူရတယ်လို့ပဲ သဘောထားပါ၊ မုန်တိုင်းပြီးရင်တော့ လေပြေ လာမှာပါ ညီမလေးရယ်၊ ဟုတ်ပြီလား”

“ဟုတ်ကဲ့ပါ ကိုကိုရယ်၊ ညီမကို နားလည်ပေးတဲ့အတွက် ကိုကို့ကို အရမ်းကို ကျေးဇူးတင်ပါတယ်ရှင်”

“မလိုပါဘူးဗျာ”

“ဟုတ်ကဲ့ပါ ကိုကို”

“ဒါနဲ့ ကိုကို့မင်္ဂလာကိစ္စကော တော်တော်စီစဉ်ပြီးနေပြီလား”

“အင်း ပြီးသလောက်တော့ရှိပြီ ညီမလေး”

“ကိုကိုက ဘာလို့မင်္ဂလာပွဲကို အဲဒီမှာလုပ်တာလဲဟင်”

“သက်က အဲဒီမှာလုပ်ချင်တာ ညီမလေးရဲ့၊ သူ့စိတ်ကူးယဉ်အိပ်မက်တဲ့လေ၊ ဟိုးငယ်ငယ်လေးကတည်းက သက်က သူမင်္ဂလာဆောင်ရင် ကမ်းခြေတစ်ခုခုမှာလုပ်မှာဆိုပြီး ပြောခဲ့တာ”

“ဟုတ်လား”

“ဟုတ်တယ် ညီမလေးရဲ့”

“မမသက်က ကိုကို့ကို အရမ်းချစ်တယ်နော်၊ ကိုကို့ကိုလည်း ယုံကြည်တယ်၊ အရမ်းလည်းသဘောထားကြီး တယ်နော်”

“ကိုကိုကလည်း သူ့ကို ချစ်တာပါပဲဗျာ၊ ညည်းလေးရဲ့ မမသက်ကပဲ ကိုကို့ကို ချစ်တာမဟုတ်ပါဘူး”

“အင်းပါ ကိုကိုကလဲ၊ ကြော်ငြာဝင်နေပြန်ပါပြီ”

“ကြုံတုန်းမို့ပါ”

ဘုန်းမင်းခန့်စကားကြောင့် နှစ်ယောက်စလုံး ရယ်လိုက်မိသည်။

“ကိုကိုက မမသက်ကို ချစ်သလို ယုံကြည်သလို နားလည်သလို မောင်ကလည်း ညီမကို ချစ်ရင် ယုံကြည်ရင် နားလည်ရင် သိပ်ကောင်းမှာဘဲနော်”
မေမြတ်နိုး သက်ပြင်းလေးချရင်း ပြောလိုက်မိသည်။

“မိုးမြင့်ယံကလည်း ညီမကို သိပ်ချစ်ပါတယ်၊ ဒါကြောင့်လည်း သူ ကိုကိုတို့ကို စိတ်ဆိုးတာပေါ့၊ မချစ်ရင် အဲလိုဘယ်ဖြစ်ပါ့မလဲ ညီမရယ်”

“ညီမလည်း အဲလိုဖြစ်ပါစေလို့ပဲ မျှော်လင့်ပါတယ် ကိုကိုရယ်”

“ကဲပါ၊ အဲဒါတွေ ခဏမေ့ထားလိုက်ပါ၊ ပျော်ပျော်ပဲနေ ဟုတ်ပြီလား၊ ဒါနဲ့ ညီမလေး ဘယ်တော့ပြန်မှာလဲ”

“နောက်နှစ်ရက်လောက်ဆို ညီမပြန်တော့မယ် ကိုကို၊ ဒီတစ်ခါပြန်ပြီးရင်တော့ ညီမတော်တော်နဲ့ ပြန်လာနိုင် မယ် မထင်ဘူး၊ ညီမ ခွင့်တွေအများကြီးယူသလိုဖြစ်သွားတယ်ဆိုတော့လေ”

“အင်း၊ ဒီတစ်ခါက ကျန်းမာရေးအတွက် လာရတာပဲလေ၊ သူတို့နားလည်မှာပါ”

“ဟုတ်ကဲ့ကိုကို၊ ညီမတို့မန်နေဂျာက သဘောကောင်းတော့ ညီမအဆင်ပြေပါတယ်၊ ညီမကိုလည်း အားလုံးက နားလည်ပေးကြပါတယ်၊ ဒါကြောင့်လည်း ညီမက သူတို့ကို အားနာနေရတာလေ”

“အင်းပေါ့၊ ဟိုပြန်ရောက်သွားရင်လည်း ကျန်းမာရေးကို ဂရုစိုက်အုံးနော်”

“ဟုတ်ကဲ့ပါ၊ ဟိုနေ့က ကိုကို တော်တော်လန့်သွားတယ်ထင်တယ်”

“လန့်သွားတာပေါ့၊ ညီမက ရုတ်တရက်ဖြစ်သွားတဲ့ဟာ”

“ဟုတ်ပါ့ ကိုကိုရယ်၊ ညီမကလေ ဖြစ်လိုက်ရင် အမြဲရုတ်တရက်ချည်းပဲလေ၊ ငယ်ငယ်ကတည်းက အဲလိုပဲ ဖြစ်နေတော့တာပါပဲ၊ ဒါပေမယ့် ကိုကိုက ဆရာဝန်ပဲဟာ၊ ဘာလို့အဲလောက်တောင်လန့်သွားတာလဲ”

“ဟ … မိမြတ်နိုးလေးရဲ့၊ ဆရာဝန်လည်း လန့်တတ်တာပေါ့ဟ၊ နောက်ပြီး ညည်းလေးက ချက်ချင်း ကောက်ကာငင်ကာ ဖြစ်သွားတာကိုး”

“ဟုတ်ပါပြီရှင်၊ နောက် ဒီထက်လန့်အောင်ဖြစ်ပေးမယ်သိလား”
မေမြတ်နိုးက နောက်ပြောင်ရင်း ပြောလိုက်သည်။

“အင်းပါ၊ ခဏခဏ အဲလိုရုတ်တရက်တွေဖြစ်၊ ကြာရင် ဘေးကလူတွေ ညည်းလေးကြောင့် နှလုံးရောဂါ ရကုန်မယ်”

“ကောင်းတာပေါ့ ကိုကိုရဲ့”

“အင်းပါ၊ ကောင်းပါ ကောင်းပါ”

ဘုန်းမင်းခန့်စကားဆုံးသည်နှင့် နှစ်ယောက်စလုံး သဘောကျကာ ရယ်လိုက်မိကြပြန်သည်။

♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠

------------------------

No comments:

---------------------------------------------