Wednesday, August 29, 2007

ကျောက်ဆစ်သမား

တစ်ခါတုန်းက ကျောက်ဆစ်သမားတစ်ယောက်ရှိသည်။ သူက သူ့လက်ရှိဘ၀ကို မကျေနပ်ဘူး။

တစ်နေ့မှာ သူဟာ ချမ်းသာကြွယ်ဝတဲ့ ကုန်သည်သူဋ္ဌေးကြီးတစ်ဦးရဲ့ အိမ်ရှေ့က သူ ဖြတ်လျှောက်မိသည်။ ဂိတ်တံခါးကြီးက ပွင့်နေတော့ သူဋ္ဌေးကြီးရဲ့ အိမ်ထဲကို လှမ်းမြင်နေရတယ်။ သူဋ္ဌေးကြီးပိုင်ဆိုင်တဲ့ အဖိုးတန်အသုံးအဆောင်ပစ္စည်းတွေရော၊ သူ့ဆီကို လာကြတဲ့ အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေကိုရောပေါ့။

“အင်း … သူတို့ကျတော့လည်း သြဇာတိက္ကမတော်တော်ကြီးပေမှာပဲ”
ဟု ကျောက်ဆစ်သမားက တွေးသည်။

သူ့စိတ်ထဲမှာလည်း ကုန်သည်သူဋ္ဌေးကြီးကို အရမ်းအားကျလာတယ်။ သူလည်း အဲလိုမျိုးဖြစ်ရင် ကောင်းမှာဘဲ၊ အဲဒါဆိုရင် အခုလို ဆင်းဆင်းရဲရဲနဲ့ သြဇာမရှိတဲ့ဘ၀နဲ့ နေရတော့မှာ မဟုတ်ဘူးလို့ တွေးမိတယ်။

ဒီလိုတွေးနေရင်းက ရုတ်တရက် အံ့သြစရာ။ သူက ချက်ချင်းလက်ငင်းဆိုသလို ကုန်သည်သူဋ္ဌေးကြီးဘ၀ ရောက်သွားတယ်။ စည်းစိမ်ချမ်းသာတွေ၊ သြဇာတိက္ကမတွေဆိုတာ အို … သူ မျှော်လင့်ထားတာထက်တောင် အများကြီးပိုသေးတယ်။ သူ့လောက် မချမ်းသာတဲ့သူတွေသာ သူ့ကို မြင်ရင် မနာလိုချင်စရာပေါ့။

ဒါပေမယ့် မကြာခင်ဘဲ သူ့အိမ်ရှေ့ကို စီးတော်ကုလားထိုင်မှာ အကျအနထိုင်နေတဲ့ အရာရှိကြီးတစ်ယောက်က ဖြတ်သွားတယ်။ အထမ်းသမားတွေ၊ နောက်လိုက်နောက်ပါတွေ၊ ကိုယ်ရံတော်တွေနဲ့ အကျအနပေါ့။ မောင်းတီးခတ်သူတွေကလည်း တီးခတ်လို့ပေါ့။ သူ ကြွချီလာပြီဆိုရင် လမ်းဘေးဝဲယာရှိသူ မှန်သမျှ ဆင်းရဲချမ်းသာမရွေး ဦးညွှတ်အရိုအသေ ပြုကြရတယ်။

အဲဒီမှာတင် ကုန်သည်သူဋ္ဌေးကြီးဖြစ်လာတဲ့ ကျောက်ဆစ်သမားက
“အင်း … အရာရှိကြီးတွေများ၊ တယ်လည်း တန်ခိုးကြီးပေတာပဲ၊ ငါသာ သူ့လို ထိပ်တန်းအရာရှိကြီးတစ်ယောက်ဖြစ်ရင် သိပ်ကောင်းမှာဘဲ”
လို့ တွေးပြန်တယ်။

အဲဒီမှာတင် သူ ထိပ်တန်းအရာရှိကြီး ဖြစ်သွားပြန်ရော။ လှပစွာ ခြယ်မှုန်းထားတဲ့ စီးတော်ကုလားထိုင်မှာ ထိုင်လို့၊ သွားလိုသမျှနေရာတွေကို အထမ်းသမားတွေက သယ်ပိုး ပို့ဆောင်လို့၊ ပတ်ဝန်းကျင်က သူတွေက သူ့ကို ဦးခိုက်အရိုအသေပြုလို့။

ဒါပေမယ့် စီးတော်ကုလားထိုင်က ရထားလုံးများလို ၀ိုင်းရံထားတော့ နွေရာသီဆိုရောက်လာတော့ အတွင်းမှာ လှောင်ပိတ်ပြီး တအားပူလာတာပေါ့။ ချွေးတပြိုက်ပြိုက်နဲ့ အရမ်းကို အိုက်စပ်နေတယ်။ အဲဒါနဲ့ စီးတော်ယာဉ်ထဲကနေ နေကို မော့ကြည့်လိုက်မိတယ်။ နေမင်းကြီးက ကောင်းကင်ထက်မှာ အရောင်အ၀ါ တောက်ပစွာဖြင့် ၀င့်ထည်နေတာပေါ့။ သူ့လို အရာရှိကြီးကိုလည်း ရှိနေသည်လို့တောင် စိုးစဉ်းမျှ အသိအမှတ်မပြုဘဲပေါ့။

“နေဟာ အင်မတန် တန်ခိုးကြီးပါကလား၊ ငါသာ နေမင်းကြီးဖြစ်လိုက်ရရင် …”
လို့ အရာရှိကြီးက တွေးပြန်တယ်။

အဲဒီမှာတင် သူက နေဖြစ်သွားပြန်တယ်။ အောက်က ရှိရှိသမျှသတ္တ၀ါတွေအပေါ် တောက်ပ ပူပြင်းလိုက်၊ လယ်ကွင်းပြင်တွေကို မီးလောင်အောင် အပူတိုက်ပြလိုက်၊ လယ်သမားတွေ၊ အလုပ်သမားတွေရဲ့ တောင်းပန်သံတွေကို ဥပေက္ခာပြုလို့ပေါ့။

အဲဒီအချိန်မှာဘဲ သူနဲ့ ကမ္ဘာမြေကြီးအကြားမှာ ဧရာမတိမ်တိုက်ကြီးတစ်ခု ဖြတ်ဝင်လာတယ်။ သူရဲ့ အရောင်အ၀ါတွေက အောက်ကို ဘယ်လိုမှ မကျရောက်နိုင်တော့ဘူး။

“မိုးသား တိမ်တိုက်တွေဟာ တော်တော်လည်း တန်ခိုးကြီးပါလား” ဟု တွေးပြန်သည်။ “ငါသာ မိုးတိမ်တိုက် ဖြစ်ရင် …” ဟု စိတ်ထဲမှာ ဆုတောင်းမိပြန်သည်။

ဒီတစ်ခါမှာလည်း သူက သူဆုတောင်းသလို တိမ်တိုက်ကြီးဖြစ်သွားပြန်တယ်။ လယ်ကွင်းပြင်တွေ၊ ကျေးရွာတွေအပေါ်ကို အုပ်မိုးလို့ပေါ့။

ဒါပေမယ့် မကြာမီမှာဘဲ သူ့ကို အင်မတန်ကြီးမားပြင်းထန်တဲ့ အင်အားတစ်ခုက တွန်းရွှေ့မောင်းနှင်တာ ခံရသည်။ သူ ကြည့်လိုက်တော့ “လေ” ဖြစ်နေတယ်။

“ဟာ … လေကမှ တကယ်အင်အားကြီးတာပါကလား၊ ငါ “လေ” ဖြစ်ချင်လိုက်တာ”
ဟု သူ တောင်းတလိုက်ပြန်သည်။

ဒီတော့ သူ “လေ” ဖြစ်သွားပြန်တယ်။ အရှိန်အဟုန်နဲ့ တိုက်ခတ်နေတဲ့ “လေပြင်း”။ အိမ်ခေါင်မိုး အုတ်ကြွပ်ပြားတွေကို တိုက်ချပစ်တယ်။ သစ်ပင်ကြီးတွေကို အမြစ်ပါမကျန် လန်အောင် လှဲချပစ်တယ်။ အောက်မှာရှိတဲ့ လူတွေ၊ သတ္တ၀ါတွေကလည်း ကြောက်လန့်တကြား အော်ဟစ်ပြေးလွှားလို့ပေါ့။

ဒါပေမယ့် သိပ်မကြာပါဘူး။ သူ ဘယ်လိုမှ တွန်းထုတ် ဖျက်ဆီးလို့မရတဲ့၊ သူ တွန်းထုတ်မှုကို တုတ်တုတ်မျှမလှုပ်တဲ့အရာတစ်ခုကို သွားတိုက်မိတယ်။ အဲဒါက မားမားစွင့်စွင့် မြင့်တဲ့ ကျောက်စိုင်ကျောက်တုံးကြီး။ သူ ဘယ်လောက်အားသုံးပြီး တိုက်တိုက် လုံးဝကို မဖြုံဘူး။

“ကျောက်စိုင်ကျောက်ခဲများဟာ တယ်လဲ တန်ခိုးစွမ်းအား ကြီးမားလှပါလား၊ ငါလည်း ကျောင်စိုင်ကျောက်ခဲ ဖြစ်ချင်လိုက်တာ …”

သူ အဲလို ဆုတောင်းလိုက်တဲ့အခါ ကမ္ဘာမြေပေါ်မှာ အင်အားကြီးမားတဲ့ ဧရာမကျောက်တုံးကြီးဖြစ်သွားတယ်။

ဒါပေမယ့် သူ မားမားစွင့်စွင့်ကြီး ရပ်နေဆဲမှာဘဲ အောက်ဘက်ဆီက တထောက်ထောက် အသံကြားရတယ်။ “ဟာ … ငါ့ကိုယ်ကြီးက ကျောက်စိုင်ကျောက်သားတွေကို တူတစ်လက် ဆောင့်တစ်လက်နဲ့ ထွင်းထုဖဲ့ရွဲ့နေပါကလား၊ ငါ့ခန္ဓာကိုယ်ကြီးက တဖြည်းဖြည်း ပုံစံပြောင်းလာသလိုပါပဲလား” ဟု သူခံစားမိလိုက်သည်။

အောက်ဘက်ကို သူ ငုံ့ကြည့်လိုက်တော့ သူ့ခြေရင်းနားမှာ မြင်လိုက်ရသည်က အခြားသူမဟုတ်၊ ကျောက်ဆစ်သမားတစ်ယောက်ပါကလား။


ဘယ်သူမဆို သူ့နေရာနဲ့သူ အရေးပါ ပါတယ်။ ခွန်အားကြီးသူကလည်း ကြီးတဲ့အလျောက် ခွန်အားနည်းသူကလည်း နည်းတဲ့အလျောက် အရေးပါကြပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ အားနည်းတဲ့သူ ဖြစ်စေကာမူ စိတ်ဓာတ်မကျဘဲ ကိုယ့်ကိုကိုယ် ယုံကြည်ပြီး ဘ၀ကို ကြိုးစားဖြတ်သန်းကြရအောင်နော် ...

------------------------

No comments:

---------------------------------------------