Tuesday, July 31, 2007

လွမ်းနေဆဲပါ

ဖြူစစ သဲသောင်ပြင်ထက်
လက်ချင်းတွဲလျှောက်ရင်း
နေ၀င်ဆည်းဆာကို ကြည့်လို့
ပျော်ခဲ့ရတဲ့ အချိန်လေးကိုပဲ
လွမ်းရမလား။

ခရေပင်အောက်
ခရေပန်းကောက်ရင်း
ငါ့ကေသာထက် မင်းပန်ပေးလို့
ကြည်နူးမိခဲ့တဲ့ အချိန်လေးကိုပဲ
လွမ်းရမလား။

အင်းယားကန်ဘေး
အကြော်စားရင်း
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လို့
ရင်ခုန်ခဲ့ရတဲ့ အချိန်လေးကိုပဲ
လွမ်းရမလား။

သာယာငြိမ့်ညောင်း
သီချင်းသံနားထောင်ရင်း
မင်းဖျော်ပေးတဲ့ ကော်ဖီကို သောက်လို့
စိတ်လှုပ်ရှားခဲ့ရတဲ့ ညနေခင်းအချိန်လေးကိုပဲ
လွမ်းရမလား။

ရွက်ဝါကြွေ
ရွက်သစ်ဝေပြီး
ရာသီတွေ အလီလီပြောင်းခဲ့ပေမယ့်လည်း
မင်းကိုချစ်မိခဲ့တဲ့ ငါကတော့
ဘယ်လိုမှ မပြောင်းလဲဘဲ
မင်းကို လွမ်းနေဆဲပါ …

ကောင်းကင်ပြာ

Read More...

------------------------

အချစ်နှင့်အတူ (၁၃)

(၁၃)

“မင်း မေမြတ်နိုးကို ချစ်နေတယ်ဆိုတာ သေချာလို့လား မိုးမြင့်ယံရာ”

သက်ဇော်၏ မျက်နှာကိုကြည့် ပြီး မိုးမြင့်ယံ ရုတ်တရက်ဘာပြောရမှန်းမသိဖြစ်နေသည်။ ဒီမေးခွန်းကို ဟိုး အရင် သက်ဇော်မမေးခင်အချိန်ကတည်းက သူ့ကိုယ်သူ အကြိမ်ကြိမ်မေးခဲ့ပြီးပြီဖြစ်သည်။ မေမြတ်နိုးအပေါ် တကယ်ချစ်ခြင်းလား၊ စိတ်ဝင်စားခြင်းလား၊ သာယာနေမိခြင်းလား၊ ဘ၀တစ်လျှောက်လက်တွဲချင်တာလား ဆိုတာကို မိုးမြင့်ယံ ကိုယ့်ကိုယ်ကို သေချာစွာ အကြိမ်ကြိမ်မေးခဲ့သည်။ ကိုယ့်ကိုယ်ကို မေးခဲ့သောမေးခွန်း များက မရေတွက်နိုင်ပေ။ သူ ကိုယ့်ကိုယ်ကို ဘယ်လောက်မေးမေး ဘယ်လိုမေးမေး နောက်ဆုံးတွင်တော့ အဖြေတစ်ခုကိုသာ ရှာဖွေလို့ရခဲ့သည်။ အဲဒါကတော့ သူ မေ့အား တကယ်ချစ်သည်၊ ဘ၀တစ်လျှောက်လုံး လက်တွဲသွားချင်သည်ဆိုသော အဖြေ။

“မင်းနဲ့သူက ဟိုးအရင်ကတည်းက ဆုံခဲ့တာဆိုပေမယ့် တကယ်တမ်းပြောရရင် ခုမှခင်တာနော်၊ ပြီးတော့ သေချာပြောရရင် တစ်ခေါက်ပဲ သေချာဆုံဖူးတာလို့ ပြောလို့ရတယ်၊ ကျန်တာအားလုံးက ဖုန်းနဲ့စကား ပြောခဲ့ကြတာပဲရှိတာ၊ ဟုတ်မှလည်းလုပ်နော် မိုးမြင့်ယံ၊ မင်းအကြောင်း ငါသိလို့ ပြောနေရတာ၊ ပြီးမှ အားလုံးစိတ်ညစ်ရတာမျိုးဖြစ်မယ်”

“မင်းကလည်းကွာ၊ ဟိုခေတ်ကအတွေးတွေကြနေတာပဲ၊ အပြင်မှာတစ်ခါပဲ တွေ့ ဖူးတယ်၊ ကျန်တာက ဖုန်းထဲမှာ စကားပြောတယ်ဆိုတာနဲ့ပဲ မချစ်ရတော့ဘူးလား၊ အရေးကြီးတာက သူ့စိတ်ထား၊ ငါ့စိတ်ထားပါ၊ အပြင်မှာ တွေ့နေရပြီး သူ့စိတ်ထားကိုမသိတော့ကော ဘယ်လိုလုပ်ရမှာလဲ၊ တစ်ခါမှမမြင်ဖူးလဲဘဲ စကားပြောကြည့် ပြီးတော့ သူ့စိတ်ကို သိပြီဆိုလည်း ချစ်လို့ရတာပဲ”

“မင်းနဲ့တော့ ခက်တယ် မိုးမြင့်ယံ၊ ဘာမဆိုလုပ်ချင်ရင် အတင်းပဲ”
သက်ဇော်က မိုးမြင့်ယံအား စိတ်ပျက်စွာကြည့်ရင်း ပြောလိုက်သည်။

“ငါက ခက်တာမဟုတ်ဘူး၊ မင်းက ခက်နေတာ၊ မင်းသိတယ်မဟုတ်လား ၀င်းနိုင်ကိုလေ”

“မင်းအကြောင်းပြောနေရာက ဘယ်ကဘယ်လို ၀င်းနိုင်က ရောက်လာရပြန်တာလဲ”

“ဒါကြောင့် ငါခက်တာမဟုတ်ဘူး၊ မင်းခက်တာလို့ပြောတာ”

“အင်းပါ ထားပါတော့၊ ၀င်းနိုင်က ဘာဖြစ်လို့လဲ”

“သူဆို အွန်လိုင်းမှာ ကလျာကို တွေ့ ပြီး စကားပြောရာက ချစ်ခဲ့ကြတာပဲလေ၊ ခုဆို မင်္ဂလာတောင်ဆောင်ပြီး နေပြီ၊ နောက်ပြီး ချစ်လိုက်ကြတာကလဲ အပြင်မှာတွေ့ ပြီး ချစ်ကြတဲ့ ချစ်သူတွေထက်တောင် ပိုသေးတယ်”

“ဒီတော့ မင်းကလည်း သူ့လမ်းစဉ်လိုက်မယ်ဆိုပါတော့”

“သူ့လမ်းစဉ်လိုက်တာ မဟုတ်ဘူး သက်ဇော်၊ ငါပြောတာက အပြင်မှာတွေ့တာ မတွေ့တာက မဆိုင်ဘူးလို့ ပြောတာ၊ ဘယ်လိုအခြေအနေ ဘယ်လိုပုံစံနဲ့ဆုံဆုံ အရေးကြီးတာ တစ်ယောက်နဲ့တစ်ယောက် နားလည်ပြီး တကယ်ချစ်ကြဖို့ပဲ”

“အင်း ခုတော့ဒီလိုပြောတာပါပဲ၊ နောက်မှ သက်ဇော်ရေ မင်းပြောတုန်းက နားမထောင်မိတာမှားပြီလို့တော့ လာမပြောနဲ့၊ လုံးဝကို သနားမှာမဟုတ်ဘူး”

“ဘယ်တော့မှ မပြောဘူး စိတ်ချ”

“ဒါဖြင့် မင်း ဒီကနေပြန်ရင် သူ့ကိုဖွင့်ပြောတော့မယ်ပေါ့”

“အင်း ငါဒီကပြန်ရင် သူက ရန်ကုန်ကို ရောက်နေပြီလေ၊ အဲတော့ အဲချိန်မှာပဲ ဖွင့်ပြောလိုက်တော့မယ်၊ ဒါပေမယ့် တစ်ခုပဲ ရှိတယ် …”
မိုးမြင့်ယံက စကားကို မဆက်သေးဘဲ ရပ်ထားလိုက်သည်။

“ဘာလဲ ဘုန်းမင်းခန့်ကိစ္စမဟုတ်လား”

ဒီလိုဆိုတော့လည်း မိုးမြင့်ယံ သက်ဇော်ကို ဆရာတင်ချင်သွားသည်။ အရာရာကို အကွက်ကြိုမြင်တတ်ပြီး ဆရာခေါ်ထိုက်နေသည်။ မိုးမြင့်ယံစိတ်ထဲမှ သက်ဇော်အား အမှတ်တစ်မှတ် ပေးလိုက်မိ၏။

“ဟုတ်တယ် သက်ဇော်၊ မေ့စကားအရဆိုရင် သူတို့က တော်တော်ကို ခင်ကြတာ၊ ဘုန်းမင်းခန့်ကိုခင်တဲ့ အချိန်နဲ့ ငါတို့ခင်တဲ့အချိန် သိပ်မကွာပေမယ့် မေက သူ့ကို တော်တော်ခင်တယ်၊ နောက်ပြီး အစစအရာရာ လည်း တော်တော်အားကိုးပုံရတယ်၊ သူတို့က အဲလောက်ရင်းနှီးနေကြတော့ နောင်တစ်ချိန်မှာ အဲဒါက ငါတို့ ကြားမှာ ပြဿနာဖြစ်လာမှာ ငါနည်းနည်းတော့ စိုးရိမ်မိတယ်”

“ဒါဆိုလည်း မင်း မေမြတ်နိုးကို သေချာမေးကြည့်လိုက်ပေါ့”

“ဘာကိုလဲ သက်ဇော်”

“သူတို့အခြေအနေကိုပေါ့”

“အာ … အဲလိုမေးလို့ ဘယ်ကောင်းပါ့မလဲကွ”

“ဘာမကောင်းစရာရှိလဲ၊ အစကတည်းက ရှင်းရှင်းလင်းလင်းသိထားတော့ ပိုကောင်းတာပေါ့၊ အဲလိုမေးထား တော့ နောက်ပိုင်းမှာလည်း မင်းစိုးရိမ်တဲ့ကိစ္စတွေ ဖြစ်မလာနိုင်တော့ဘူးပေါ့”

“အင်း အဲဒါက ထားလိုက်ပါအုံးကွာ၊ လောလောဆယ် ငါကလည်း သူ့ကိုဖွင့်ပြောသေးတာမှ မဟုတ်တာ၊ ဖွင့်ပြောပြီးတော့မှဘဲ ကျန်တာဆက်လုပ်ရတာပေါ့”

“အင်းလေ … မင်းအဆင်ပြေရင် ပြီးတာပါပဲ၊ ငါက ကာယကံရှင်မှ မဟုတ်ဘဲ၊ ကာယကံရှင်ဖြစ်တဲ့မင်း ကျေနပ်ဖို့ပဲလိုတယ်”

“အင်း … ဒီလိုပဲ ကြည့်လုပ်ရတာပေါ့ကွာ၊ ဟင်း …”

မိုးမြင့်ယံက ပြောပြီးနောက် သက်ပြင်းချလိုက်လေတော့သည်။ အစကတော့ ဒါတွေကို သိလို့မချစ်ခဲ့ခြင်း ဖြစ်သည်။ ခုချစ်တော့မည်ဆိုတော့ အကြောင်းအရာတွေက ဟိုကတစ်စ ဒီကတစ်စဖြင့် ခေါင်းထဲကို ၀င်ရောက်လာတော့သည်။ မေမြတ်နိုးက မိမိကို လက်မခံမည်ကိုလည်း စိုးရိမ်မိသည်။ လက်ခံပြီးလျှင်လည်း အဆင်မပြေမှုများ ဖြစ်လာမည်ကို စိုးရိမ်မိပြန်သည်။ အချစ်ဆိုတာ ဘယ်လိုတွေးတွေး အေးချမ်းမှု၊ ပူလောင်မှု တွေနဲ့ ရောနှောနေတာပဲလေ။ မေမြတ်နိုးအချစ်ကို ရပြီးလျှင်တော့ သူတို့ဘယ်လောက် ပျော်ရွှင်ရမည်မသိ။ ခုတော့ သူ့ရင်ထဲမှာ အလွန်ကိုပူလောင်နေသည်။

“မင်း ဘုန်းမင်းခန့်ကို တွေ့ဖူးလား မိုးမြင့်ယံ”

“မတွေ့ဘူး ဖူး”

“မင်း သူနဲ့တွေ့ဖို့နည်းနည်းပါးပါး ကြိုးစားလေကွာ၊ သူ့အကြောင်းတွေ ဘာတွေလည်း နည်းနည်းပါးပါး စုံစမ်းထားအုံးမှပေါ့၊ ကိုယ့်ပြိုင်ဘက်ဖြစ်လာနိုင်တဲ့သူအကြောင်းကို မင်း ဘာမှမသိဘူးဆိုရင် မင်း ရှုံးမှာပေါ့ သူငယ်ချင်း”

“အင်း ငါလည်း စဉ်းတော့စဉ်းစားထားပါတယ်၊ စုံစမ်းဖို့ကို၊ ရန်ကုန်ပြန်ရောက်မှဘဲ ကြည့်လုပ်ကြတာပေါ့၊ ဒါပေမယ့် တစ်ခုတော့ရှိတယ်ကွ၊ မေက သူ့မွေးနေ့ကို ခမ်းခမ်းနားနားလုပ်မလားမသိဘူး၊ အဲကျရင်တော့ ဘုန်းမင်းခန့်နဲ့ တွေ့နိုင်တယ်”

“အင်း ဒါဆိုရင်လည်း အဲမှာတွေ့ပြီးမှ ဆက်လှုပ်ရှားပေါ့”

“အင်း အဲဒါပဲကောင်းပါတယ်လေ”

သက်ဇော်ပြောသည့်အတိုင်းလုပ်တာက အကောင်းဆုံးနှင့် အမှန်ဆုံးနည်းလမ်းဖြစ်မည်ဟု မိုးမြင့်ယံ လက်ခံ လိုက်ပါသည်။ သို့ပေမယ့် မေ့ကို ဒီအကြောင်းတွေပြောဖို့ လောလောဆယ် သူ အင်အားတွေ၊ သတ္တိတွေ မွေးရဦးမည်။ အချိန်ဘယ်လောက်ကြာကြာ သူသတ္တိမွေးရမည်ကိုတော့ သူမသိသေးပေ။

Read More...

------------------------

Monday, July 30, 2007

အချစ်နှင့်အတူ (၁၂)

(၁၂)

နွေးတို့ရောက်လာပြီးနောက် မေတစ်ယောက် မနားနိုင်လောက်အောင် အလုပ်တွေ ရှုပ်နေခဲ့တော့သည်။ ဂျူတီ ၀င်လိုက် အားချိန်တွင် သူတို့နှင့်သွားတွေ့ ပြီး စကားတွေပြောလိုက်နှင့် ရှုပ်နေခဲ့သည်။ သူတို့ နှင့် စကားတွေ ပြောရင်း ဟိုး ငယ်စဉ်အချိန် ကျောင်းတက်ချိန်များကို ပြန်လည်သတိရမိသည်။ စကားတွေ အလုအယက် ပြောရင်း မေ အပျော်ကြီးပျော်နေမိသည်။ တစ်ယောက်အကြောင်းတစ်ယောက် ပြောပြရသည်ကို မမောနိုင်ဘဲ ရှိနေ၏။

မေက မေ့အကြောင်းအား သူတို့ကို ပြောပြသောအခါတွင်တော့ သူတို့အားလုံး အရမ်းကို အံ့သြနေလေသည်။ ကိုဘုန်းမင်းခန့်၊ ကိုမိုးမြင့်ယံတို့ နှစ်ယောက်စလုံးကို သူတို့ သိမှမသိကြသေးပဲလေ။ သူတို့ကို ပိုအံ့သြစေ တာက ကိုမိုးမြင့်ယံအကြောင်းပဲပေါ့။

“မိနိုး …”

“ဟင် … ဘာလဲ နှင်း”

“ဒါဖြင့် ကိုမိုးမြင့်ယံက ခုနိုင်ငံခြားသွားနေတာပေါ့”

“ဟုတ်တယ် နှင်း”

“သူပြန်လာရင် အရေးကြီးစကားပြောမယ်လို့ ပြောသွားတာပေါ့ ဟုတ်လား”
နွေးထွေးက မေ့အား လှမ်းမေးလိုက်သည်။

“ဟုတ်တယ် နွေး၊ နိုးကိုတော့ အဲလိုပြောသွားတာပဲလေ”

“အင်း နိုး၊ သူက နိုးကို ချစ်ခွင့်တောင်းတော့မယ် ထင်တယ်၊ နိုးကကော သူ့ကို ဘယ်လိုလဲ”

“နိုးလည်း သေချာမသိသေးဘူး နွေး၊ အဲဒီအကြောင်း နိုး မစဉ်းစားရသေးဘူး၊ နောက်ပြီး နိုးကို သူဖွင့်မှ မပြောသေးဘဲ၊ အဲတော့ နိုးမစဉ်းစားချင်သေးဘူး”
မေ နွေးထွေးအား ရှင်းပြလိုက်သည်။

“မိနိုး”
နွယ်နီက မေတို့ပြောသည်ကို ဘာမှဝင်မပြောဘဲ နားထောင်နေရာမှ မေ့အား လှမ်းခေါ်လိုက်၏။

“အင်း ပြောလေ မိနွယ်”

“နိုး သေချာရဲ့လား၊ ဘယ်သူကို ဘာလဲဆိုတာ”
နွယ်နီ့စကားကြောင့် မေ၊ နှင်းနှင့်နွေးတို့အားလုံး သူ့ကို တပြိုင်တည်းလှမ်းကြည့်လိုက်သည်။

“ဘာလဲ မိနွယ်ရဲ့၊ အစမရှိ အဆုံးမရှိ”

“အင်းလေ၊ မိနွယ်ရယ် ရှင်းရှင်းပြောပါ”
နှင်းနှင့်နွေးက နွယ့်အားပြောလိုက်ကြသည်။

“အင်းပါ၊ ပြောပါ့မယ်၊ ဖြေးဖြေးပေါ့”

“ကဲ ပြောမှာသာ ပြောပါ၊ ဖြေးဖြေးတွေ မြန်မြန်တွေ လုပ်မနေပါနဲ့၊ နိုး သိချင်ပြီ၊ မိနွယ် ခုနက ဘာပြောတာလဲ”
မေက အားလုံးကို လှမ်းပြောလိုက်ပြီး နွယ့်အား ထပ်မေးလိုက်တော့သည်။

“နိုး ဘယ်သူ့ကို ဘာလဲလို့လေ”

“အင်းလေ၊ ဘယ်သူ့ကို ဘာလဲဆိုတာ ဘာကိုပြောတာလဲ နွယ်၊ နိုး နားမလည်ဘူး”

“ဟုတ်တယ် နားမလည်ဘူး ဘာလဲ မိနွယ်”

“ဒီလိုလေ မိနိုးက ကိုဘုန်းမင်းခန့်ကိုလား ကိုမိုးမြင့်ယံကိုလားလို့ မေးတာ”

“မိနွယ် …”
မြူနှင်းက အလန့်တကြားဖြင့် အော်လိုက်သည်။

“ဘာလဲဟ လန့်လိုက်တာ”
နွယ်နီက မြူနှင်းအား ကြည့်လိုက်ပြီး မေးလိုက်ပြန်သည်။

“ဟင် … မိနွယ် … အမတော်ရယ် … ကိုယ်မေးတာလည်း ကိုယ်ပြန်ကြည့်ပါအုံး”

“ဘာဖြစ်လို့လဲ၊ နွယ် မေးတာ ရှင်းရှင်းလေးလေ၊ နှင်း ဘာပြောချင်တာလဲ၊ နွယ် နားမလည်ဘူး”
နွယ်နီက နားမလည်ဟန်ဖြင့် မြူနှင်းအား ပြောလိုက်သည်။

“ကိုယ်မေးပြီး ကိုယ်နားမလည်ဘူးလား”

“အင်းလေ နားမလည်ဘူး”

“နိုးက ကိုဘုန်းမင်းခန့်ကိုလား၊ ကိုမိုးမြင့်ယံကိုလားဆို”

“အင်းလေ၊ အဲဒါက ဘာဖြစ်လို့လဲ”

“ဟင် … အဲလိုမေးစရာလားဟ၊ ကိုဘုန်းမင်းခန့်က ချစ်သူရှိပြီးသားလေ၊ ပြီးတော့ လက်ထပ်တော့မယ် လေ”

“အဲဒါဘာဖြစ်လဲ မိနှင်းရဲ့၊ နွယ်က မိနိုးကို ကိုဘုန်းမင်းခန့်ကို သွားလုခိုင်းတာမှ မဟုတ်တာ၊ သူ့ခံစားချက် အမှန်ကို သူသိရဲ့လားလို့ မေးတာ”
နွယ်နီက မေတို့အားလုံးအား သေချာရှင်းပြနေသည်။

“သူ့ခံစားချက်အမှန် …”
နှင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

“အင်း ဟုတ်တယ်၊ နွယ် သိချင်တာက မိနိုးရဲ့ ခံစားချက်အမှန်”

“နွယ်က နိုးကို ဘာလို့အဲလိုမေးတာလဲ”
မေမြတ်နိုး နားမလည်ဟန်ဖြင့် နွယ်နီ့အား မေးလိုက်မိသည်။

“ကိုယ့်သူငယ်ချင်းကို သေချာစေချင်လို့ပေါ့၊ ကိုမိုးမြင့်ယံကို ချစ်တယ်လို့ အဖြေပေးပြီးမှ ကိုဘုန်းမင်းခန့်ကို ချစ်နေတာမျိုးဖြစ်နေမှာစိုးလို့”

“နွယ်ကလည်း နိုးက အဲလိုဘယ်ဖြစ်ပါ့မလဲ၊ နှင်းပြောသလိုပဲ သူ့မှာက ချစ်သူရှိပြီးသားပဲကို”

“ဟင်း … နွယ့် သူငယ်ချင်းတွေကတော့လေ လည်မလိုနဲ့တော်တော်ကို တုံးတာပဲ၊ သူ့မှာ ချစ်သူရှိတာကို ဘာလို့စဉ်းစားနေလဲ၊ ခဏမေ့ထားလိုက်၊ ပြီးတော့မှ ကိုယ့်ခံစားချက်အမှန်က ဘာလဲဆိုတာ စဉ်းစား”

“စဉ်းစားပြီးတော့ကော”
နွေးက နားထောင်နေရာမှ ၀င်မေးလိုက်သည်။ နွယ်နီ ပြောနေကြသည်က စိတ်ဝင်စားဖို့ ကောင်းနေပြီ။

“စဉ်းစားလို့ မိနိုးက ကိုဘုန်းမင်းခန့်ကို ချစ်နေပြီဆိုပါတော့၊ ဘာလုပ်လို့ရမှာမို့လဲ”

“ဆောက်ဖြစ်မှ ကျောင်းဒကာတဲ့၊ မကြားဘူး ဖူးလား၊ သူ့မှာရှိတာက ချစ်သူပဲ၊ ဇနီးမှ မဟုတ်တာ၊ နောက်ပြီး ကိုဘုန်းမင်းခန့်နဲ့ နိုးနဲ့က ဒီလောက်ခင်နေကြတာပဲ၊ ကိုဘုန်းမင်းခန့်က နိုးကို ချစ်မနေပါဘူးလို့ ဘယ်သူ ပြောနိုင်လို့လဲ၊ သူလည်း အချိန်မရွေး ပြောင်းလဲသွားနိုင်တာပဲလေ”

“မိနွယ် တော်တော့”
မေမြတ်နိုး အလွန်ကိုစိတ်ဆိုးစွာဖြင့် နွယ်နီ့အား အော်လိုက်သည်။

“ဘာဖြစ်လို့လဲဟ၊ ဘာလို့အော်တာလဲ”

“မိနွယ်၊ နိုးတို့က အချစ်ဆုံးသူငယ်ချင်းတွေ မဟုတ်ဘူးလား၊ နိုးရဲ့ ခံစားချက်အမှန်ကို မိနွယ် မသိဘူးလား၊ နိုးနဲ့ ကိုဘုန်းနဲ့က မောင်နှမတွေလို ရိုးရိုးခင်တာ၊ ဘာမှထူးခြားတာမရှိဘူး၊ နောက်ပြီး တကယ်လို့ မိနွယ် ပြောသလို နိုးက သူ့ကို ချစ်နေတယ်ဆိုရင်တောင် ဘယ်တော့မှ သူများချစ်ခြင်းကိုမခွဲဘူး၊ နိုး ဘယ်တော့မှ အတင်းလုယူမှာ မဟုတ်ဘူး၊ တကယ်လို့ ကိုဘုန်းဘက်ကလည်း နိုးကို ချစ်သွားလို့ ဖွင့်ပြောလာလည်း နိုး လက်မခံနိုင်ဘူး၊ ဘာအကြောင်းနဲ့ဖြစ်ဖြစ် နိုး သူများချစ်ခြင်းကိုမခွဲဘူး၊ နိုး ကျောင်းတက်ကတည်းက မိနွယ်တို့ကို ပြောဖူးတယ် မဟုတ်လား၊ နိုးရဲ့အချစ်က ပေးဆပ်တဲ့အချစ်၊ ရယူတဲ့အချစ်မဟုတ်ဘူး၊ သူများ မျက်ရည်ကျပြီးမှ ရလာမယ့်အချစ်မျိုးကို နိုး ဘယ်တော့မှ မယူဘူး၊ နောက်ကို နိုးကို ဒီလိုစကားမျိုး မပြောပါနဲ့ မိနွယ်”

မေမြတ်နိုးက စကားကို တဆက်တည်း ပြောလိုက်သည်။ နွယ်နီက သူ့အတွက် ပြောတယ်ဆိုတာ သိပေမယ့် မေ ဘယ်လိုမှ လက်မခံနိုင်။

“ကဲ … အမတော်ရော ညီမတော်ပါ တော်ကြတော့၊ အဲအကြောင်း ဆက်မပြောကြနဲ့တော့၊ ဟုတ်ပြီလား”

နွေးထွေးက မေတို့နှစ်ယောက်အား စရင်း ကြားဝင်ဖြေရှင်းလိုက်သည်။မေရော နွယ်နီပါ နွေးထွေးအား ပြိုင်တူခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက် အားလုံးသဘောကျစွာဖြင့် ရယ်လိုက်မိသည်။

“မိနိုး …”

“ပြော မိနွယ်”

“နွယ်တို့ကို သူတို့နဲ့မိတ်ဆက်ပေးရမယ်နော်၊ ရန်ကုန်ရောက်ရင် မိတ်ဆက်ပေး”

“မိတ်ဆက်ပေးမှာပေါ့ မိနွယ်ရဲ့၊ နိုး မွေးနေ့ကျရင် မိတ်ဆက်ပေးမယ်လေ၊ အိုကေ”

“အိုကေ၊ ဒါနဲ့ ကိုမိုးမြင့်ယံက နိုးဆီကို နေ့တိုင်းဖုန်းဆက်တယ်ဆို၊ ခု နွယ်တို့ရောက်လာပြီးမှ တစ်ခါမှ မဆက်သေးဘူးနော်၊ နွယ်တို့ရောက်တာ တစ်ပတ်တောင်ရှိတော့မယ်၊ ခရီးက ပြန်ရောက်မလာသေးဘူး ထင်တယ်နော်”

“သူ့ကို သတိမရဘူးလား နိုး”
နွေးထွေးက ၀င်မေးလိုက်သည်။

“သတိမရဘူးလို့ ပြောရင်တော့ အဲဒါညာတာပဲပေါ့၊ နိုး သူ့ကို သတိရပါတယ်”

“အင်းပေါ့”

“ကိုဘုန်းမင်းခန့်ကလည်း နိုးဆီ အမြဲဖုန်းဆက်တယ်နော်”

“ဟုတ်တယ် နှင်း၊ ကိုဘုန်းက နိုးဆီကို နှစ်ရက်ခြားဆီလောက် ဖုန်းဆက်တယ်လေ”

“နိုး ရန်ကုန်လာမယ်ဆိုတာကော သူ့ကို ပြောပြီးပြီလား”

“ကိုဘုန်း သိတယ် နှင်း၊ နိုး အစောကတည်းက ပြောထားတယ်လေ”

“သြော် … ဒါဆို နိုး သန်ဘက်ခါရောက်မယ်ဆိုတာ သိတာပေါ့”

“အင်း သိတယ် နှင်း”

မေတို့စကားဝိုင်းလေးက မေ့ လက်ကိုင်ဖုန်းမြည်သံကြောင့် ရုတ်ချည်းတိတ်ဆိတ်သွားသည်။ ဖုန်းနံပါတ်ကို မေ ကြည့်ကြည့်လိုက်တော့ နိုင်ငံခြားမှဖုန်းနံပါတ် ဖြစ်နေလေသည်။

“ဘယ်သူလဲ နိုး”

“နိုင်ငံခြားက ခေါ်တဲ့ဖုန်း နှင်း၊ ကိုမိုးမြင့်ယံများလား မသိဘူး”

မေက မြူနှင်း၏ အမေးကို ဖြေလိုက်ပြီးနောက် ဖုန်းလေးအား ဖွင့်ပြီး နားထောင်လိုက်တော့သည်။

♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠

“ဟယ်လို မေလား၊ ကျွန်တော် မိုးမြင့်ယံပါ”

“ဟုတ်ကဲ့ ကိုမိုးယံ၊ ပြန်ရောက်နေပြီလား ”

“မရောက်သေးဘူး မေ၊ မေ့ကို တစ်ပတ်လို့ပြောသွားပြီး အလုပ်ကိစ္စကြောင့် မပြန်နိုင်ဖြစ်နေသေးလို့ စိတ်ပူနေမှာစိုးလို့ ကျွန်တော် ဆက်လိုက်တာ၊ နောက်ပြီး မေ့ကိုလည်း အရမ်းသတိရနေတာနဲ့”

မိုးမြင့်ယံစကားကြောင့် မေ့ရင်ထဲတွင် ကြည်နူးမှုများက နှလုံးသားထဲထိတိုင် စီးဝင်သွားသည်။ မေ့ကို ကိုမိုးမြင့်ယံသတိတရရှိနေသည်ဟူသော စိတ်ကလေးက မေ့ရင်ကို လှုပ်ရှားစေသည်။

“မေ အလုပ်များနေလား၊ ဒီနေ့ ညဂျူတီလား”

“မဟုတ်ပါဘူး ကိုမိုးယံ”

“အင်း မေ”

“ကိုမိုးယံ ဘယ်နေ့ ပြန်ရောက်မလဲ၊ ကြာအုံးမှာလား”

“သုံးလေးရက်တော့ ကြာအုံးမယ် မေ၊ ဘာဖြစ်လို့လဲ”

“မေ သန်ဘက်ခါဆို ရန်ကုန်ပြန်မှာလေ၊ ကိုမိုးယံရောက်တဲ့အချိန်ဆို မေ ရန်ကုန်မှာ ရှိနေမယ်ထင်တယ်”

“ဟုတ်လား မေ”

“ဟုတ်ကဲ့၊ နောက်ပြီး …”
မေက စကားကို မဆက်သေးဘဲ ခဏရပ်ထားလိုက်သည်။

“နောက်ပြီး ဘာဖြစ်လဲ မေ”

“ဟုတ် နောက်ပြီး မေ့မွေးနေ့ …”

“မေ့မွေးနေ့ ကျွန်တော့်ကို ဖိတ်မလို့လား၊ ကျွန်တော် မေ့မွေးနေ့အမှီ ပြန်မရောက်မှာစိုးလို့လား”

“ဟုတ်ကဲ့ ကိုမိုးယံ”

“ကျွန်တော် မှတ်မိပါတယ် မေ့ မွေးနေ့ကို၊ မေ့ မွေးနေ့မတိုင်ခင် ရောက်မှာပါ၊ စိတ်ချနော် မေ”

“ဟုတ် ကိုမိုးယံ”

မေ အရမ်းကို ပျော်သွားမိပြန်သည်။ ကိုမိုးမြင့်ယံက မိမိမွေးနေ့ကိုလည်း အလေးအနက်ထားပါလား ဟူသော အသိစိတ်လေးကလည်း မေ့ကို ကြည်နူးမှုများ ပေးစွမ်းနိုင်သည်လေ။

တစ်ဖက်တွင်လည်း မိုးမြင့်ယံက အပျော်ကြီး ပျော်နေမိသည်။ မိမိကို အလေးအနက်ထားဖိတ်ကြားမှုကို အလွန်ဝမ်းသာမိသည်။ မေ့စိတ်ထဲတွင် သူရှိနေသည်ကို သူသိလိုက်ရပြီ။ ထိုကြောင့် မိုးမြင့်ယံတစ်ယောက် ကြည်နူးဝမ်းသာမှုများကို အတိုင်းမသိခံစားနေရလေတော့သည်။

“ကိုမိုးယံ …”

“ဗျာ …”

“ကိုမိုးယံ ဘာပြောအုံးမလဲ၊ မေ ဖုန်းချလိုက်ရတော့မလား”

“ပြောစရာတွေကတော့ အများကြီးပဲမေ၊ ဒါပေမယ့် ကျွန်တော်ပြန်ရောက်မှဘဲ ပြောတော့မယ်”

“ဟုတ်ကဲ့ ကိုမိုးယံ၊ ဒါဖြင့် မေ ဖုန်းချလိုက်တော့မယ်နော်”

“အင်း မေ”
မေ လက်ကိုင်ဖုန်းလေးကို ပိတ်လိုက်ပြီး ဘေးတွင်ရှိနေသော နှင်းတို့ကို လှမ်းကြည့်လိုက်သည်။

“အဟမ်း … အဟမ်း … ညီမတော်လေးကို ကိုယ်ရွှေမင်းသားက ဘာတဲ့လဲကွယ့်”
နွေးထွေးစကားကြောင့် မေ ရှက်ပြုံးလေးပြုံးရင်း ရယ်လိုက်မိသည်။

“ညီမတော်လေး ပူလို့လားကွယ်၊ မျက်နှာတွေတောင် ရဲလှပေါ့”
နွေးထွေးက မေ့အား ကြည့်ရင်း ထပ်စနေလေတော့သည်။

“ဟာကွာ … မိနွေး မနောက်တော့နဲ့ကွာ၊ နိုး မနေတတ်တော့ဘူး”

“ကောင်းပါပြီ ညီမတော်လေး သဘောတော်အတိုင်းပါပဲကွယ်၊ မနောက်နဲ့ဆို မနောက်တော့ပါဘူး၊ ဒါပေမယ့် ဖြစ်သမျှအကြောင်း အစုံအလင်ကိုတော့ အမတော်တို့ကို အမြန်ဆုံး သံတော်ဦးတင်စေကွယ်”

နွေးထွေးစကားအဆုံး၌ မေတို့အားလုံး သဘောကျစွာဖြင့် ရယ်လိုက်ကြတော့သည်။ ထို့နောက်တွင်တော့ မေ ကိုမိုးမြင့်ယံနှင့် ပြောသမျှအားလုံးအား ပြောပြလိုက်တော့၏။

Read More...

------------------------

Sunday, July 29, 2007

အချစ်နှင့်အတူ (၁၁)

(၁၁)

ဟိုတယ်မှ ၀န်ထမ်းကောင်မလေးတစ်ယောက်က ဧည့်သည်လာနေသည် ဟု လာခေါ်သောကြောင့် မေမြတ်နိုး မိမိအခန်းထဲမှ reception သို့ထွက်လာခဲ့လိုက်သည်။ ဒီနေ့ မေ သိပ်နေမကောင်းသောကြောင့် အလုပ်မှ စောစောပြန်ခဲ့ခါမှ ဧည့်သည်က တိုက်တိုက်ဆိုင်ဆိုင် ရောက်လာခြင်းဖြစ်သည်။

“မိနိုး …”
ရုတ်တရက်နောက်မှခေါ်လိုက်သောအသံကြောင့် မေ လှည့်ကြည့်လိုက်မိသည်။

“မိနွေး …”
မေ အံ့သြ၀မ်းသာစွာဖြင့် ခေါ်လိုက်မိသည်။

မေ့အချစ်ဆုံးသူငယ်ချင်း နွေးထွေး။ နွေးထွေး၊ နွယ်နီ၊ မြူနှင်းနှင့် မေတို့ လေးယောက်က တက္ကသိုလ်မှာ တတွဲတွဲ သွားအတူ လာအတူ စားအတူ မခွဲဘဲတွဲခဲ့ကြသောသူငယ်ချင်းများဖြစ်သည်။ နွယ်နီနှင့် မေက မူလတန်းထဲက တစ်ကျောင်းတည်းအတူ တက်ခဲ့သော်လည်း တက္ကသိုလ်ရောက်မှ ခင်မင်ခဲ့ကြခြင်းဖြစ်သည်။ ညီမရင်းများသဖွယ် တတွဲတွဲနေခဲ့ကြသော်လည်း အလုပ်ခွင်ဝင်တော့ အရင်လောက်မဆုံဖြစ်တော့။ ခုလို မေ အလုပ်အတွက် ဒီကိုထွက်လာလိုက်တော့ ပိုဆိုးသွားသည်။ အရင်ကလောက် တစ်ယောက်နှင့်တစ်ယောက် မဆက်သွယ်ဖြစ်ကြတော့။ တာဝန်ကိုယ်စီနှင့်ဆိုတော့ ဖုန်းကလည်း ဆက်ဖြစ်လိုက် မဆက်ဖြစ်လိုက်။ မေ ဒီကိုရောက်လာပြီးခါမှ နွေးထွေးနှင့် သုံးလေးခေါက်သာ ဖုန်းပြောဖြစ်ခဲ့သည်။ ဒီကြားထဲ မေလည်း မအားတာနှင့် ဘယ်သူ့ဆီမှ မဆက်ဖြစ်ဘဲ သူတို့နှင့် အဆက်အသွယ်ပြတ်သလောက်ဖြစ်သွားခဲ့သည်။ ယခုလို နွေးထွေးတစ်ယောက် မေ့ဆီသို့ ရုတ်တရက် မပြောမဆိုရောက်လာတော့ မေ အရမ်းကို အံ့သြ၀မ်းသာသွားမိသည်။

“မိနွေး ဘယ်က ဘယ်လိုရောက်လာတာလဲ”
မေက နွေးထွေးအား မေးလိုက်သည်။

“ဘယ်လိုလဲ မိနိုး တော်တော်မှ အံ့သြသွားရဲ့လား”
နွေးထွေးက မေ့အား အပြုံးတွေနှင့် အမေးခြွေနေပြန်သည်။

“သြော် … အကြောင်းမကြား ဘာမကြားနဲ့ရောက်လာတာ မအံ့သြဘဲနေမလားကွယ့်”

“ဒါပေါ့၊ အံ့သြရမှာပေါ့၊ မိနိုးလုပ်တာ ဘယ်မအံ့သြဘဲ နေမလဲ”

“ကဲပါ မမရယ်၊ ဘယ်လိုရောက်လာလဲ၊ ဘာလာလုပ်တာလဲဆိုတာ ညီမတော်လေးကို ပြောတော်မူပါအုံး”

“ညီမတော်လေး သိချင်တော့လည်း အမတော်က ဖြေရမှာပေါ့ကွယ်”

နွေးထွေးစကားအဆုံး၌ မေရော နွေးထွေးပါ အားရပါးရ ရယ်လိုက်ကြမိသည်။ ကျောင်းမှာကတည်းက မေတို့က ဒီလိုပဲ ပြောဆိုနေကြ။ အဲလိုပြောရတာကို မေတို့အားလုံး အရမ်းကိုနှစ်သက်ကြသည်။

“အင်း ပြောပါအုံး နွေး”

“နွေးတို့ ခွင့်ယူပြီးလာကြတာ နိုးရဲ့”

“ဟင် ဟုတ်လား၊ ဒါဆို ဟိုနှစ်ယောက်ကော လာမှာလား”

“လာလိမ့်မယ် သူတို့ နက်ဖြန်ရောက်မယ်၊ နွေးက ဒီနေ့ခွင့်ရတာနဲ့ ကြိုလာလိုက်တာလေ၊ နွေးက ခွင့်သုံးပတ်ရတယ် နိုးရဲ့”

“ဟုတ်လား ဒါဆို ပျော်စရာကြီးပေါ့၊ နိုးလည်း နောက်တစ်ပတ်ဆို ရန်ကုန်ကို ခွင့်နဲ့ ပြန်မှာလေ”

“ဟုတ်လား၊ ဘယ်လောက်ကြာကြာခွင့်ရလဲ”

“တစ်ပတ်လောက်ပဲ နွေးရဲ့”

“ဟုတ်လား၊ ထပ်ယူလို့မရဘူးလား၊ ဟိုနှစ်ယောက်ကတော့ နွေးနဲ့တူတူပဲ သုံးပတ်ဆီလောက်ရတယ်တဲ့”

“တယ်ဟုတ်နေကြပါလား”

“အင်းပေါ့၊ ဒါကြောင့် နိုးကို ခွင့်ထပ်ယူဖို့ပြောတာ၊ နွေးတို့ ခရီးတူတူသွားဖို့လေ”

“မရလောက်ဘူးထင်တယ် နွေးရယ်၊ ဟိုးအစောကတည်းက နိုး ခွင့်တောင်းတာလေ၊ တစ်ပတ်လောက်ပဲ ပေးတယ်၊ ဒါနဲ့ နွေးတို့က ဘယ်လောက်ကြာကြာနေမှာလဲ ဒီမှာ”

“နိုး ရန်ကုန်ပြန်မယ်ဆိုရင်တော့ အဲတော့မှ တူတူပြန်မယ်လေ၊ နွေးတို့က အားနေတာပဲ၊ ဒီမှာဘဲ ကဲကြတာပေါ့၊ ကောင်းတယ် မဟုတ်လား”
နွေးထွေးစကားကြောင့် မေမြတ်နိုး သဘောကျကာ ရယ်လိုက်မိပြန်သည်။

“အင်းပါ အင်းပါ၊ မကဲတဲ့ အခေါက်ကို မရှိပါဘူးနော် မိနွေးတို့ကတော့”

“ဒါပေါ့ ကဲနေ ပျော်နေမှ အသက်ရှည်မှာလေ”

“ဟုတ်ပါပြီ အမတော်ရယ်၊ အမတော်ကော ဘယ်လိုလဲ အခြေအနေ၊ တိုးတက်နေပြီလား”

“အင်း တိုးတက်နေပြီ၊ ညီမတော်လေးရဲ့”

“ဟုတ်လား၊ ဒါဖြင့် ညီမတော်ကို ပြောပြအုံးလေ”

“ညီမတော် သိသားပဲကိုး၊ အမတော်က ဘာပြောရမှာလဲ”

“ဘယ်သူလဲ၊ နိုး မသိပါဘူး”

“တိုးတက်နေတယ်လေ၊ ဘက်စ်ကားပေါ်၊ ဟိုးအရင်ကတည်းက တိုးတက်နေတာပဲကိုး”
နွေးထွေးက ပြောပြီးနောက် သူ့ဘာသာ သဘောအကျကြီးကျကာ ရယ်နေတော့သည်။

“ကြည့်ပါလား၊ ပြောလိုက်ရင် မဟုတ်တာချည်းဘဲ”
နှုတ်ခမ်းလေးစူရင်း မေ ပြောလိုက်၏။

“ကဲကြည့်၊ ညီမတော်လေးက နှုတ်ခမ်းစူတဲ့ အကျင့် မပျောက်သေးဘဲကိုး”

“နွေးနော်၊ အကောင်းပြောရင်း ဖောက်ဖောက်လာတဲ့ အကျင့်ကလည်း မပျောက်သေးဘူး”

“ဒါပေါ့ကွယ်၊ အဲဒီအကျင့်လေးကိုပဲ ချစ်နေကြတာဆိုတော့လည်း ဘယ်ပြောင်းလို့ဖြစ်ပါ့မလဲ၊ ဟိဟိ”

“ဘာလဲ ဒီဟိဟိက၊ ပြောလေဆိုးလေ”

“ပျော်လို့ပါ ညီမတော်လေးရယ်၊ မပျော်ရဘူးလားလို့လေ”

“ဟုတ်ပါပြီရှင်၊ ပျော်ပါပျော်ပါ”

“နိုးက ဒီနေ့ ဂျူတီမရှိဘူးလား”

“ရှိတယ် နွေးရဲ့၊ နိုး နေမကောင်းလို့ စောစောပြန်လာတာလေ”

“ဟုတ်လား ဘာဖြစ်ပြန်တာလဲ”
နွေးထွေးက ခုမှ မေ့အား သေချာကြည့်ရင်း စိုးရိမ်သံဖြင့် မေးလိုက်လေသည်။

“ခေါင်းနည်းနည်းကိုက်လို့လေ”

“ဟုတ်လား၊ ခုကော ဘယ်လိုနေသေးလဲ”

“သက်သာသွားပြီလေ၊ ချစ်သူငယ်ချင်းနဲ့ တွေ့လိုက်ရလို့၊ မနက်ဖြန်လည်း ဟိုနှစ်ယောက်လာမယ်ဆိုတော့ အားရှိပြီး သက်သာသွားပြီ”

“အင်း မိနိုးတို့ကတော့ ခုထိ အပြောကောင်းတာ မပျောက်သေးဘူး၊ ဒီလိုအပြောလေးတွေနဲ့ လုပ်စားနေတာ၊ မသိရင်ခက်မယ်”

“ဟုတ်ပါဘူးနော်၊ နိုး အဲလိုလုပ်စားပါဘူး၊ ပြောတတ်သလို ပြောတဲ့ဟာကို”

“အင်းပါ”

“ကဲ နွေး၊ ခဏနားလိုက်အုံးလေ၊ ခုမှရောက်တာဆိုတော့ ခရီးပန်းနေမှာပေါ့၊ ညကျမှ တွေ့ကြမယ်လေ”

“အင်း နိုး”

“နွေး အခန်းနံပါတ်ဘယ်လောက်လဲ”

“အခန်း (၃၀၆)”

“အင်း ဟုတ်ပြီ နွေး၊ ဒါဆို နိုး (၈)နာရီလောက် လာခဲ့မယ်၊ အဲလောက်မှ စားမယ်မဟုတ်လား”

“အင်း ရတယ်နိုး၊ ဘာလဲ ကိုရီးယားကား ကြည့်အုံးမလို့မဟုတ်လား”

“အင်းပေါ့ သိသားနဲ့”

“ဟုတ်ပြီ နိုး၊ နွေး စောင့်နေမယ်”

“အင်း နွေး၊ နိုးလိုက်ပို့မယ်လေ”

“မပို့နဲ့တော့ နိုး၊ နွေး ဘာသာသွားလိုက်တော့မယ်၊ နိုးလည်း ဆေးသောက်ပြီး နားနေလိုက်အုံး”

“အင်း နွေး၊ ဒါဆို လိုက်မပို့တော့ဘူးနော်”

“အင်း နိုး”

နွေးထွေးထွက်သွားပြီးနောက် မေလည်း အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ ထို့နောက် ဆေးသောက်ပြီး ခုတင်ပေါ်တွင် ခဏလှဲနေလိုက်သည်။ ခုတင်ပေါ်တွင် လှဲနေရင်း မေ အတိတ်ကို ပြန်လည်သတိရမိသည်။ နိုင်ငံခြားဘာသာတက္ကသိုလ်တက်ခဲ့သော အချိန်များကို မေတစ်ယောက် ပြန်လည်တမ်းတမိသည်။ ဘာသာ စကားမို့ စိတ်ဝင်စားစရာ၊ ပျော်စရာကောင်းသလို တစ်ခါတစ်ခါတော့လည်း ရူးချင်လောက်အောင်ကို ဖြစ်မိ ကြသည်။ ဒါပေမယ့်လည်း တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်အားပေးကြရင်း ပြင်သစ်ဘာသာဘွဲ့ကို အောင်မြင်စွာ ယူဆောင်နိုင်ခဲ့ကြသည်။

မေတို့က အချစ်ဆုံးသူငယ်ချင်းတွေဆိုပေမယ့် အမူအကျင့်တွေကတော့ သိပ်မတူကြပေ။ နွေးထွေးနှင့် မေက အလွန်စိတ်ကြီးသလောက် နွယ်နီနှင့် မြူနှင်းက အေးဆေးလှသည်။ ပြဿနာတစ်ခုတက်လျှင် မေနှင့် နွေးက ရှေ့ဆုံးက။ သူတို့နှစ်ယောက်ကတော့ ဘာမှမဖြစ်သလို။ နွယ်နီက ဥပေက္ခာသမား။ ဘာမဆို ဥပေက္ခာပြုဖို့ပဲ အရင်စဉ်းစားသည်။ မြူနှင်းကတော့ ဟိုမရောက် ဒီမရောက်။ သူ့ကို သူများက တစ်ခုခုလုပ်သွားလဲ ဘာမှ ပြန်မပြောဘဲ ဒီတိုင်းပြန်လာတယ်။ ပြီးမှ မေတို့ကို သူကပြောပြတယ်။ အဲဒီအကျိုးဆက်ကတော့ မေနဲ့နွေးက ဒေါသတွေဖြစ်၊ အဲဒီသူတွေကို နောက်မလုပ်ဖို့ပြော၊ နောက်ဆုံးတော့ အမုန်းခံရတာက မေနဲ့နိုးပဲ ဖြစ်သွား ရတော့တာပေါ့။ နွယ်နီနဲ့ မြူနှင်းကို အားလုံးက ချစ်သလောက် မေနဲ့နိုးကိုတော့ အားလုံးက လန့်ကြသည်။ နောက်ပိုင်းတော့ မေနဲ့နိုးလည်း နွယ်နီလိုပဲ ဥပေက္ခာပဲ ထားလိုက်တော့တယ်။ အဲဒါက မေတို့အတွက် အကောင်းဆုံးနည်းလမ်းပဲကိုး။ ခုတော့ အားလုံးက မေတို့ကို ချစ်နေကြပြီလေ။

အဲလို အမူအကျင့်တွေက မတူတာရှိသော်လည်း အကြိုက်ချင်းကတော့ တော်တော်များများ တူနေကြသည်။ ကျောင်းမတက်ကြဘဲ ကန်ဘောင်သွားကြတာမျိုး၊ ရုပ်ရှင်ခိုးပြီး သွားကြည့်ကြတာမျိုး၊ ကြေးအိုးသွားစား ကြတာမျိုးတွေပေါ့။ အဲဒါမျိုးတွေဆိုရင်တော့ နှစ်ခေါက် မတိုင်ပင်ရ။ အတိုင်အဖောက် အလွန်ညီကြသည်။ စာလုပ်ကြတော့မယ်ဆိုရင်လည်း အားလုံးတူတူ တက်ညီလက်ညီလုပ်ကြသည်။ မလုပ်ချင်သည့်အခါမျိုး ဘယ်တော့မှမရှိ။ ကဲချိန်ကဲ၊ စာလုပ်ချိန်လုပ် အဲလိုမျိုးတွေကြတော့တူသည်။ ဒါကြောင့်လည်း မေတို့တတွေ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြခြင်းဖြစ်မည်။

“နိုးရေ”
အခန်းတံခါးခေါက်ပြီး မိမိနာမည်ခေါ်သံကြားတော့မှ မေ အတွေးကမ္ဘာထဲမှ လွတ်မြောက်သွားတော့သည်။

“လာပြီ လာပြီ”
မေ လှမ်းပြောလိုက်ရင်း တံခါးဆီသို့ ထွက်လာခဲ့သည်။ တံခါးဖွင့်လိုက်တော့ တံခါးရှေ့မှာရပ်နေသူက နွေး။

“နွေး …”

“အင်း …”

“ဘာဖြစ်လို့လဲ နွေး”
မေ စိတ်ပူစွာဖြင့် နွေးထွေးအား မေးလိုက်သည်။

“ခုနကလေ နှင်းဆက်တယ်၊ ဒီကို ခဏနေရောက်တော့မယ်တဲ့”

“ဟင် ဟုတ်လား”

“အင်း ဟုတ်တယ်”

“ရောက်ခါနီးပြီတဲ့”

“ဘယ်လိုဖြစ်ကြတာလဲ၊ ဒါဖြင့်လည်း တူတူလာကြတာဟုတ်ဖူး”

“အင်း နွေး မေးလိုက်တယ်၊ ချက်ချင်းကြီးဘယ်လိုဖြစ်တာလဲဆိုတော့ နွေး ဒီနေ့ရောက်မယ်ဆိုတာသိတော့ သူတို့လည်း မနေနိုင်ဘူးတဲ့ အရမ်းကို လာချင်တယ်တဲ့၊ ဒါနဲ့ နက်ဖြန်ထိ မနေတော့ဘဲ ဒီနေ့လာခဲ့တာတဲ့၊ အလုပ်လည်းသိပ်မများတာနဲ့ မနက်ဖြန်ခရီးသွားမှာ ပြင်ဆင်ဖို့ ပြန်မယ်ဆိုပြီး အိမ်ပြန် ပစ္စည်းယူပြီးတာနဲ့ ဒီကိုချက်ချင်း ထွက်လာကြတယ်တဲ့လေ”

“နှစ်ယောက်စလုံးလား”
မေက အံ့သြဟန်ဖြင့် မေးလိုက်သည်။

“ဟုတ်တယ် နိုး၊ နှစ်ယောက်စလုံးပဲ”

“အင်း ဒါဖြင့်လည်း ကောင်းတာပေါ့၊ အားလုံးစုံသွားတော့”

“အင်း”

“ဒါဖြင့် နိုးတို့ reception က သွားစောင့်ကြတာပေါ့ သူတို့ကို”

“အင်း သွားတယ်လေ နိုး”

ထို့နောက် မေနှင့်နွေးတို့ နှစ်ယောက် reception သို့ထွက်လာခဲ့ကြသည်။ ဆယ်မိနစ်မျှ စောင့်ပြီးနောက် နှင်းတို့ ရောက်လာသည်။

“မိနှင်း၊ မိနွယ်”

“မိနိုး”

“ပင်ပန်းလာကြပြီလား”

“မပင်ပန်းပါဘူး နိုးရဲ့၊ အရမ်းကို ပျော်နေတာလေ”

“အင်းပါ နှင်းရယ်”

“အကြောင်းမကြား ဘာမကြားနဲ့နော်၊ ဘယ်လိုဖြစ်ကြတာလဲ”

“ဘယ်လိုဖြစ်ရမှာလဲ၊ နိုးကို ခြောက်ချင်လို့ပေါ့”
နွယ်က နိုး အမေးကို ၀င်ဖြေလိုက်၏။

“မိနိုးက နောက်တစ်ပတ် ရန်ကုန်ပြန်မှာတဲ့”

“ဟုတ်လား ဒါဖြင့် တူတူပြန်ကြတာပေါ့”

“အင်း နွေးလည်း ပြောထားတယ် တူတူပြန်မယ်လို့လေ”

“ကဲကဲ … ပြန်တာနောက်မှလုပ်ပါ၊ ခု အခန်းယူဖို့လုပ်ပြီး ခဏနားကြပါအုံး”
မေက ၀င်ပြောလိုက်ရင်း စကားကို ဖြတ်လိုက်သည်။

“လေးယောက်ခန်းယူပြီး တူတူနေကြရအောင်လေကွာ”
နွယ်နီက အားလုံးတူတူနေဖို့ ၀င်ပြောလိုက်ပြန်သည်။

“အင်းလေ၊ ဟုတ်သားပဲ၊ တူတူနေကြရအောင်”

“ရပါ့မလား၊ နွေးက အခန်းယူပြီးသွားပြီလေ”
နွေးထွေးက စိတ်ပူဟန်ဖြင့် ၀င်ပြောလိုက်လေသည်။

“ဒီမှာ နိုးရှိသားပဲ၊ ဘာလို့မရ ရမှာလဲ၊ ရပါတယ်နော် နိုး”
နွယ်နီက မေ့ကို ကြည့်ရင်းပြောလိုက်၏။

“အင်း ရပါတယ် နွေး၊ နိုး ပြောလိုက်မယ်လေ၊ ဒါပေမယ့် လေးယောက်ခန်းတော့ မယူနဲ့လေ၊ နိုးက ည ဂျူတီရှိတဲ့နေ့ နွေးတို့နဲ့ အိပ်နိုင်မှာမဟုတ်ဘူး၊ သုံးယောက်ခန်းပဲ ယူလိုက်၊ မျှအိပ်လိုက်လို့ရတာပဲ”

“အိုကေ နိုး၊ အဆင်ပြေသလိုလုပ်လိုက်”

“အင်း”

Reception တွင် လုပ်စရာရှိသည်များ လုပ်ပြီးနောက် မေတို့အားလုံး အခန်းဆီသို့ ထွက်လာခဲ့ကြသည်။

Read More...

------------------------

Saturday, July 28, 2007

အချစ်နှင့်အတူ (၁၀)

(၁၀)

မေမြတ်နိုးဖုန်းနံပါတ်ရေးထားသော visiting card လေးအား ကြည့်ရင်း ဆက်သင့် မဆက်သင့် မိုးမြင့်ယံတစ်ယောက် ဝေခွဲမရဖြစ်နေသည်။ သက်ဇော်ဟိုတယ် ပြုပြင်ရန်အတွက် အလုပ်ရှုပ်နေသောကြောင့် မေမြတ်နိုးနှင့် ဒီရက်ပိုင်းများတွင်မတွေ့ဖြစ်ခဲ့။ မနက်ဖြန်ဆိုရင်လည်း သူ ပြန်ရတော့မည်။ လူကိုယ်တိုင် သွားတွေ့ပြီး နှုတ်ဆက်ချင်ပေမယ့်လည်း ဘယ်လိုမှကိုအဆင်မပြေဖြစ်နေသည်။ ဘာမှမပြောဘဲနဲ့လည်း ပြန်မသွားချင်ပေ။ ထို့ကြောင့် ဖုန်းဆက်ပြီး နှုတ်ဆက်ဖို့ပဲ သူဆုံးဖြတ်လိုက်သည်။ သို့သော်လည်း တကယ်တမ်းဆက်မည်ဆိုတော့ သူမ၀ံ့မရဲဖြစ်နေပြန်သည်။ လူကိုယ်တိုင်လာရောက်မနှုတ်ဆက်ဘဲ ဖုန်းဖြင့်ပဲ နှုတ်ဆက်သောကြောင့် သူ့အား မေမြတ်နိုး တစ်မျိုးထင်သွားမှာကိုလည်း စိုးရိမ်မိသည်။ နောက်ဆုံးတွင်တော့ မိုးမြင့်ယံ မိမိအတွေးကို ကြိုးစားဖြတ်လိုက်ရင်း visiting card လေးပေါ်မှ ဖုန်းနံပါတ်လေးများကို တစ်ခုချင်း ဖြည်းညင်းစွာ နှိပ်လိုက်မိတော့သည်။

“ဟယ်လို မေလား”

“ဟုတ်ပါတယ်၊ ဘယ်သူပါလဲရှင်”

“ကျွန်တော် မိုးမြင့်ယံပါ မေ”

“သြော် … ကိုမိုးမြင့်ယံ ဘာကိစ္စများရှိလို့လဲဟင်”
မေမြတ်နိုး အမေးစကားကို ကြားပြန်တော့ ရုတ်တရက် မိုးမြင့်ယံ ဘာပြန်ဖြေရမှန်းမသိဖြစ်သွားသည်။

“ဟို … ထွေထွေထူးထူးတော့ မဟုတ်ပါဘူး မေ၊ မေနဲ့ဟိုနေ့ကတွေးပြီးကတည်းက မတွေ့ ဖြစ်တော့တာနဲ့ စကားပြောရအောင် ဆက်လိုက်တာပါ၊ နောက်ပြီး နှုတ်လည်းဆက်ချင်လို့ပါ”
မိုးမြင့်ယံစကားအဆုံးမှာ မေမြတ်နိုးဘက်မှ ဘာမှပြန်မပြောတော့ဘဲ ရုတ်တရက် ငြိမ်သက်သွားတော့သည်။ ခဏကြာတော့မှ မေမြတ်နိုးက အသံတိုးတိုးဖြင့် စကားစလေသည်။

“ကိုမိုးမြင့်ယံ နှုတ်ဆက်ချင်လို့ဆိုတော့ ပြန်တော့မလို့လား”

“ဟုတ်တယ် မေ၊ ကျွန်တော် မနက်ဖြန်နေ့လည်လောက်ပြန်တော့မှာလေ၊ ဒီကြားထဲမှာလည်း ကျွန်တော် အလုပ်များနေတာနဲ့ မေနဲ့ ထပ်မတွေ့လိုက်နိုင်ဘူး၊ ဒါကြောင့် ကျွန်တော် စိတ်မကောင်းဖြစ်နေမိတာ၊ နောက်ပြီး လူကိုယ်တိုင် လာမနှုတ်ဆက်ဘဲ ခုလိုဖုန်းနဲ့ပဲ နှုတ်ဆက်ရတဲ့အတွက်ရောပေါ့၊ အဲဒီအတွက် ကျွန်တော့်ကို စိတ်မဆိုးပါနဲ့နော် မေ”

“ဟုတ်ကဲ့ ရပါတယ် ကိုမိုးမြင့်ယံ၊ မေ နားလည်ပါတယ်၊ အဲဒီအတွက်နဲ့တော့ စိတ်မကောင်းဖြစ်မနေပါနဲ့”

“အင်း ကျေးဇူးပဲမေ”

“ကျေးဇူးတင်စရာမလိုပါဘူး ကိုမိုးမြင့်ယံရယ်၊ မိတ်ဆွေတွေပဲ”

“ကျွန်တော်က မေရဲ့ မိတ်ဆွေလား”

“ဟုတ်တယ်လေ ကိုမိုးမြင့်ယံ၊ ကိုမိုးမြင့်ယံ ပြောသလိုပဲ မေတို့က ခုမှ တွေ့ကြတာမှ မဟုတ်တာ၊ တစ်ယောက်နဲ့တစ်ယောက် သေချာသိကြတာက ခုမှဆိုပေမယ့် ဟိုးအရင်စတွေ့တည်းက ခင်နေခဲ့ကြတာပဲမဟုတ်လား”

“ဒါဆို မေက ကျွန်တော့်ကို အဲကတည်းက ခင်နေခဲ့တာပေါ့နော်”

“ဟုတ်ကဲ့၊ အဲလိုပြောလို့ရပါတယ် ကိုမိုးမြင့်ယံ”
မေ့စကားကြောင့် မိုးမြင့်ယံရင်ထဲတွင် ပီတိဖြစ်သွားသည်။

“ဒါနဲ့များနော် မေက ကျွန်တော့်ကို ဟိုနေ့က အထင်လွဲတဲ့စကားတွေ ပြောသေးတယ်နော်”

“ဟုတ် … အဲဒီအတွက် မေ တောင်းပန်ပါတယ် ကိုမိုးမြင့်ယံ၊ ရုတ်တရက်ဆိုတော့ မေ့ကို အထင်သေးသွား မှာ စိုးရိမ်သွားလို့ပါ”

“ကျွန်တော် နားလည်ပါတယ် မေ၊ အဲဒီအတွက် ကျွန်တော့်ကို မတောင်းပန်ပါနဲ့”

“ဟုတ်ကဲ့ ကိုမိုးမြင့်ယံ”

“ဒါနဲ့ မေ့ကို ကျွန်တော်မှတ်မိနေတော့ မေ မအံ့သြဘူးလား”

“အမှန်အတိုင်း ပြောရရင်တော့ မေ အရမ်းကို အံ့သြမိတယ်လေ၊ ကိုမိုးမြင့်ယံ မှတ်မိနေလို့သာ မေတို့ ခုလို ခင်ကြရတာနော်”

“ဟုတ်လား မေ”

“ဟုတ်တယ် ကိုမိုးမြင့်ယံ၊ ကိုမိုးမြင့်ယံသာ မေ့ကို မမှတ်မိဘူးဆိုရင် မေတို့ ခင်ကြမှာ မဟုတ်ဘူးလေ၊ ဘာလို့လဲဆိုတော့ မေကမှ ကိုမိုးမြင့်ယံကို မမှတ်မိတာကိုး”

“အင်း မေက ကျွန်တော့်ရဲ့ပုံစံကို မမှတ်မိတာထင်တယ်နော်၊ ကျွန်တော်တို့ဆုံခဲ့တဲ့အကြောင်းကို ကျွန်တော် ပြောပြလိုက်တော့ မေ ချက်ချင်းမှတ်မိသွားသားပဲ”

“ဟုတ်တယ်၊ ကိုမိုးမြင့်ယံရဲ့ပုံစံကို မေ မမှတ်မိတာ၊ မေက လူတစ်ယောက်ကိုမတွေ့တာကြာရင် အရင်က ဘယ်လောက်တွေ့ဖူးခဲ့တွေ့ဖူးခဲ့ ချက်ချင်းဆိုမမှတ်မိဘူး၊ အမှတ်တရဖြစ်စေတဲ့အကြောင်းအရာတစ်ခုခုကို ပြောပြလိုက်ရင်တော့ ပြန်မှတ်မိတယ်လေ၊ အဲဒါတွေကိုတော့ မေက ဘယ်တော့မှမမေ့ဘူးလေ၊ လူကိုတော့ မေက မမှတ်မိတတ်ဘူး၊ အကြောင်းအရာတွေကိုပဲ မှတ်မိတတ်တာ၊ အဲဒါနဲ့ဆက်စပ်ပြီးတော့မှ အဲဒီလူကို ပြန်မှတ်မိတာ၊ ဒါကြောင့် ကိုမိုးမြင့်ယံက မေတို့ဆုံခဲ့တဲ့အကြောင်းကို ပြောပြလိုက်တော့ ကိုမိုးမြင့်ယံကို မေ ချက်ချင်းမှတ်မိသွားတာ”

မေမြတ်နိုးစကားကြောင့် မိုးမြင့်ယံရင်ထဲတွင် အရမ်းကို ပီတိဖြစ်သွားရပြန်သည်။ မိမိနှင့်ဆုံခဲ့သည့်အဖြစ်က မေမြတ်နိုးအတွက် အမှတ်တရအကြောင်းအရာတစ်ခု ဖြစ်လို့နေသည်မဟုတ်လား။

“အင်း မေ၊ ဒါနဲ့ မေ အလုပ်ကောအားရဲ့လား၊ ကျွန်တော်နဲ့ စကားပြောနေတာ”

“ဟုတ်ကဲ့ ဒီအချိန်မျိုးဆို မေအားပါတယ်”

“အင်း မေ၊ ဒါဆို ကျွန်တော် ရန်ကုန်ပြန်ရောက်မှ ဖုန်းထပ်ဆက်လိုက်တော့မယ်၊ ခုပြောတာလည်း နည်းနည်း ကြာသွားပြီဆိုတော့၊ ကျွန်တော့်ကို ဖုန်းလက်ခံပြောပေးတဲ့အတွက် ကျေးဇူးပါပဲ မေ”

“ဟုတ်ကဲ့ ကိုမိုးမြင့်ယံ”

နောက်ဆက်ခွင့်ရှိလား မရှိလား မိုးမြင့်ယံဆက်မမေးတော့ဘဲ မေမြတ်နိုးဆီမှ အဖြေစကားကို ကြားရသည်နှင့် ဖုန်းကို ချလိုက်မိသည်။ မေမြတ်နိုးနှင့် ဖုန်းပြောလိုက်ရသည့်အတွက် မိုးမြင့်ယံတစ်ယောက်တည်း ကျိတ်ပြီး အကျေနပ်ကြီး ကျေနပ်နေမိတော့သည်။

♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠

ရန်ကုန်သို့ ပြန်ရောက်သွားပြီးနောက်တွင်လည်း မိုးမြင့်ယံက မေမြတ်နိုးဆီသို့ နေ့တိုင်းဆိုသလို ဖုန်းဆက် ဖြစ်လေသည်။ ထိုသို့ဖုန်းပြောရင်းနှင့်ပဲ မေမြတ်နိုး၏ ဘ၀အကြောင်းကို တဖြည်းဖြည်းချင်းသိခွင့်ရခဲ့ရသည်။ မေကလည်း သူ့အကြောင်းများကို မိုးမြင့်ယံအား စိတ်ရှည်လက်ရှည်ပြောပြလေ့ရှိသည်။ ထိုသို့သိခွင့်ရတော့မှ မိုးမြင့်ယံ မနာလိုစိတ်များ ဖြစ်ပေါ်လာခဲ့ရသည်။ ဘာလို့လဲဆိုတော့ မေက ဘုန်းမင်းခန့်အကြောင်းကို အမြဲလိုလိုပြောနေသောကြောင့်ဖြစ်သည်။ ယခုလည်း သူ့အား ဘုန်းမင်းခန့်အကြောင်းကိုသာ ပြောပြနေလေ သည်။ မေ့တွင် ဘုန်းမင်းခန့် နှင့် ပတ်သက်ပြီး ပြောစရာစကားများက ဘယ်သောအခါမှ မကုန်နိုင်ဘူးလား မသိ။ သူ ပြောရင်း မကျေမနပ်ဖြစ်လာမိသည်။ ထို့ကြောင့် သူ မေ့အား မကျေမနပ်ဖြင့် မေးမိတော့သည်။

“ဘုန်းမင်းခန့်ကို မေက တအားခင်တာပဲလား”

“အင်းပေါ့ ကိုမိုးယံ၊ ကိုဘုန်းကလည်း မေ့ကို ခင်တယ်လေ၊ မေကလည်း ကိုဘုန်းကို ခင်တာပေါ့”

“သြော် …”
မေမြတ်နိုးကတော့ ဘာမှနားမလည်သည့်ပမာ မိုးမြင့်ယံအမေးကို တက်ကြွစွာ ဖြေနေမိသည်။

“ကိုဘုန်းက မေ့အတွက် အစ်ကိုလည်း ဟုတ်တယ်၊ သူငယ်ချင်းလည်း ဟုတ်တယ်လေ”

“ဒါဆို သူက မေ့အတွက် တော်တော်အရေးပါတယ်ပေါ့”

“ဟုတ်တယ် ကိုမိုးယံ၊ ကိုဘုန်းက မေ့ကို အစစအရာရာ နားလည်ပေးတယ်၊ အရမ်းလည်း ဂရုစိုက်တယ်လေ၊ ဘာလို့လဲ ကိုမိုးယံ”

“ဒါဆို ကျွန်တော်ကကော ဘယ်လိုလဲ မေ”

မိုးမြင့်ယံစိတ်ထဲတွင် မကျေနပ်မှုများ မနာလိုမှုများ တဖွားဖွားပေါ်လာသည်။ ဘုန်းမင်းခန့်က မေမြတ်နိုးအား စိတ်ဝင်စားနေသည်လား။ သူ့အတွက် ဘုန်းမင်းခန့်က ပြိုင်ဘက်တစ်ယောက်များ ဖြစ်နေမလား။ သူ့ခေါင်းထဲသို့ အတွေးပေါင်းစုံက ၀င်ရောက်နှိပ်စက်နေတော့သည်။

“ဘာကိုဆိုလိုတာလဲ ကိုမိုးယံ”
မေ အံ့သြစွာဖြင့် မိုးမြင့်ယံအား မေးလိုက်မိ၏။

“ကျွန်တော်ကကော မေ့အတွက် ဘယ်လိုလဲလို့ မေးတာ မေ”

“ကိုမိုးယံကလည်း မေ့အတွက် သူငယ်ချင်းကောင်းတစ်ယောက်ပဲပေါ့”

“သူငယ်ချင်းကောင်းတဲ့လား မေ”

မိုးမြင့်ယံ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ သူ နည်းနည်းတော့ စိတ်ပူမိသည်။ မေ့ရင်ထဲတွင် ဘုန်းမင်းခန့်က နေရာယူသွားပြီလားမသိ။ ဒီလိုဆိုရင် သူ့ရင်တွေကွဲရတော့မည်။ အရင်က မိုးမြင့်ယံ ဘယ်မိန်းကလေးကိုမှ စိတ်မ၀င်စားခဲ့ဘူးပေမယ့် မေမြတ်နိုးကိုတော့ သူ တွေ့စကတည်းကပင် စိတ်ဝင်စားခဲ့မိသည်။ ယခုလို ခင်မင်လာပြီးသည့်အခါမှာတော့ မေက သူ့ရင်ထဲသို့ တဖြည်းဖြည်းချင်း ၀င်ရောက်လာခဲ့သည်။ မေ့ကို သူချစ်နေမိပြီ။ ဒါကြောင့်လည်း စိုးရိမ်မှုများက သူ့စိတ်ထဲတွင် ကြီးစိုးနေတော့သည်။ မေမြတ်နိုးကတော့ သူ့ရင်ထဲက ခံစားမှုကို နားမလည်သည်လားမသိ။ သူနှင့် ဖုန်းပြောသည့်အခါတိုင်းလိုလိုပင် ဘုန်းမင်းခန့် အကြောင်းကို တစ်ခုမဟုတ်တစ်ခု ပြောနေသည်။

“မေ ကျွန်တော့်ကို ဘုန်းမင်းခန့်အကြောင်းတော့ ပြောပြတယ်နော်၊ ဒါပေမယ့် သူနဲ့ ဘယ်လိုခင်သွားတယ် ဆိုတာတော့ ကျွန်တော့်ကို မေ မပြောပြဘူးနော်၊ အဲဒါဘာဖြစ်လို့လဲ မေ”

“ဟုတ်လား ကိုမိုးယံ၊ မေ မပြောပြဘူးဖူးလား”

“အင်း”

“ကိုမိုးယံက သိချင်လို့လား”

“အင်း”

“မေတို့က ဒီ “သမုဒ္ဒရသစ္စာ” ကမ်းခြေမှာဘဲ သိတာလေ၊ မေ အလုပ်စ၀င်ဝင်ချင်းနေ့မှာ ကိုဘုန်းက မေတို့ဟိုတယ်ကို ရောက်လာတာလေ၊ ကိုဘုန်းက မေ့ရဲ့ပထမဆုံး ဧည့်သည်ဆိုပါတော့”

“ဟုတ်လား၊ ဒါဆို မေတို့ခင်တာ သိပ်မကြာသေးဘူးပဲ၊ ကျွန်တော်က တော်တော်ကို ကြာနေပြီထင်နေ တာလေ”

“မဟုတ်ဘူး ကိုမိုးယံရဲ့၊ မေ အလုပ်ဝင်တာ ခြောက်လလောက်ပဲရှိသေးတာလေ၊ ဒီတော့ ကိုဘုန်းနဲ့မေ ခင်တာလဲ ခြောက်လလောက်ပဲ ရှိသေးတာပေါ့”

မေမြတ်နိုးစကားကြောင့် မိုးမြင့်ယံ ပို၍စိတ်ပူလာမိသည်။ မေနှင့်ဘုန်းမင်းခန့်တို့နှစ်ဦး ခင်မင်ကြတာ မကြာသေးဘူးဆိုပေမယ့် သူတို့ ဆက်ဆံရေးက နှစ်ပေါင်းများစွာခင်မင်လာသောသူများပမာ ခိုင်မြဲနေသည်။ မေနှင့်သူကတော့ ရောက်တတ်ရာရာ သူ့အကြောင်း ကိုယ့်အကြောင်း စကားတွေအများကြီးပြောဖြစ်ကြရင်း တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးမှုက ပိုတိုးတက်လာသော်လည်း သူ့စိတ်ထဲတွင် သူတို့ခင်မင်မှုက မေနှင့် ဘုန်းမင်းခန့်ခင်မင်မှုလောက် မလေးနက်ဟု ခံစားနေရသည်။ သူ တွေးလေစိုးရိမ်လေ ဖြစ်နေမိသည်။

“မေ ရန်ကုန်ပြန်လာရင် ချစ်ခွင့်တောင်းလိုက်တော့မယ်”
မိုးမြင့်ယံ မေ မကြားအောင် သက်ပြင်းချရင်း စိတ်ထဲမှ ပြောလိုက်မိသည်။

“ကျွန်တော်က မေ့ဆီ နေ့တိုင်းလိုလို ဖုန်းဆက်နေတော့ မေ စိတ်ညစ်နေမှာပဲနော်”

“မဟုတ်တာ ကိုမိုးယံရယ်၊ ကိုမိုးယံနဲ့ စကားပြောရတာ ကောင်းပါတယ်၊ မေ စိတ်မညစ်ပါဘူး”

“ဟုတ်ရဲ့လား မေ”

“အင်းပေါ့ ကိုမိုးယံရဲ့၊ မေ လိမ်မပြောတတ်ပါဘူး”
မေက ရယ်ရင်း မိုးမြင့်ယံအား ပြောလိုက်သည်။

“မေ တစ်ပတ်လောက်တော့ အဲဒီဒုက္ခက လွတ်မှာပါ”

“ဘာလို့လဲ ကိုမိုးယံ”
မိုးမြင့်ယံစကားကြောင့် မေက အံ့သြစွာ မေးလိုက်မိသည်။

“ဘာလို့လဲဆိုတော့ မနက်ဖြန် ကျွန်တော် ခရီးသွားရမှာလေ”

“ဟုတ်လား ကိုမိုးယံ၊ ဘယ်ကိုလဲဟင်”

“ဟုတ်တယ် မေ၊ စင်္ကာပူကို အလုပ်ကိစ္စနဲ့လေ”

“ဟုတ်လား၊ ဒါဖြင့် ခရီးသွားဖို့ကော ပြင်ဆင်ပြီးသွားပြီလား ကိုမိုးယံ၊ ပြင်ဆင်စရာရှိတာ ပြင်ဆင်နော်၊ မေ့ကို အားမနာနဲ့နော် ကိုမိုးယံ၊ မေနဲ့က ပြန်လာမှတွေ့ကြတာပေါ့”

“အင်း မေ၊ စင်္ကာပူကိုကော မေ ဘာမှာလိုက်အုံးမလဲ”

“မရှိပါဘူးရှင်၊ ကိုမိုးယံသာ အစစအရာရာ ဂရုစိုက်ပါနော်”

“ဟုတ်ကဲ့ပါဗျာ”

“ဒါဆို မေ ဖုန်းချလိုက်တော့မယ်နော် ကိုမိုးယံ”

“အင်း … ခဏလေး မေ”

မိုးမြင့်ယံစကားကြောင့် မေက ဖုန်းကို မချသေးဘဲ ဆက်ကိုင်ထားလိုက်သည်။ ကိုမိုးမြင့်ယံ မေ့အား ပြောစရာ ရှိနေသေးတာလား။ ခဏကြာတော့မှ မိုးမြင့်ယံဆီမှ စကားသံကို ကြားရသည်။

“မေ …”

“ရှင် … ကိုမိုးယံ၊ ဘာပြောချင်သေးလို့လဲဟင်”
မေ ကိုမိုးမြင့်ယံခေါ်သည်ကို ထူးလိုက်ရင်း မေးလိုက်မိသည်။

“အင်း မေ၊ ကျွန်တော် ပြန်လာရင် မေ့ကို အရေးကြီးတဲ့စကား ပြောစရာရှိတယ်လို့”

“ဟုတ်ကဲ့ ကိုမိုးယံ”

“အင်း မေ၊ ဖုန်းချလိုက်တော့နော် မေ၊ အိပ်မက်လှလှမက်ပါစေ”

“ဟုတ်ကဲ့”

မေ ဖုန်းလေးအား ပိတ်လိုက်ပြီး ကြည့်နေမိသည်။ နားထဲတွင်လည်း ကိုမိုးယံပြောခဲ့သော စကားကို ပြန်လည်ကြားယောင်နေမိသည်။ မေ့ရင်ခုန်သံကို မေ ပြန်ကြားနိုင်လောက်အောင်ပင် မေ ရင်တွေခုန်နေမိသည်။ “ကိုမိုးယံ … သူ အရေးတကြီး ပြောစရာရှိသည်ဆိုသောစကားက ဘာပါလိမ့်၊ သူ မေ့အား ချစ်ခွင့်ပန်တော့မည်လား” အတွေးနှင့်အတူ မေ့ရင်ထဲတွင် အတိုင်းမသိသော ကြည်နူးမှုတို့က ဖြစ်ပေါ်လာသည်။ ထို့နောက် မေ မိမိအတွေးကို မိမိ ရှက်သွေးဖြာကာ တစ်ချက်ပြုံးလိုက်ရင်း အိပ်ရာဝင်ရန် ပြင်ဆင်လိုက်တော့သည်။

Read More...

------------------------

Friday, July 27, 2007

အချစ်နှင့်အတူ (၉)

(၉)

ကိုမိုးမြင့်ယံ၏ ဘန်ဂလိုသို့ မေ ရောက်ချိန်တွင် သူက မေ့အား ဘန်ဂလိုရှေ့ မှ ကြိုစောင့်နှင့်နေသည်။

“စောင့်နေတာ ကြာပြီလား ကိုမိုးမြင့်ယံ”
မေ မိုးမြင့်ယံအား ပြုံးပြရင်း မေးလိုက်မိ၏။

“မကြာသေးပါဘူး မမေမြတ်နိုး”

“ဟုတ်ကဲ့ ကိုမိုးမြင့်ယံ၊ မေ အလုပ်ပြီးမှလာရတာဆိုတော့ နည်းနည်းနောက်ကျသွားသလားလို့ပါ”
မေ အားနာစွာဖြင့် ထပ်ပြောလိုက်မိသည်။

“ရပါတယ် မမေမြတ်နိုး”

“ဟုတ်ကဲ့”

“ကျွန်တော်တို့ ကမ်းခြေမှာ လမ်းလျှောက်ရင်း စကားပြောကြမလား မမေမြတ်နိုး”
မိုးမြင့်ယံက မေမြတ်နိုးအား ခွင့်တောင်းဟန်ဖြင့် မေးလိုက်၏။

“ဟုတ် ရပါတယ် ကိုမိုးမြင့်ယံ”
ထို့နောက်တွင်တော့ မေတို့ နှစ်ယောက် ကမ်းခြေဘက်သို့ ထွက်လာခဲ့ကြတော့သည်။

ညနေခင်းအချိန်မို့ ကမ်းခြေတွင် လမ်းလျှောက်သူများ ဟိုတစ်စ ဒီတစ်စဖြင့် တွေ့နေရလေသည်။ မိုးတွင်း ကာလဖြစ်သော်လည်း ဧည့်သည်က လုံးဝမရှိခြင်းတော့မဟုတ်ပေ။ သူ့ဟိုတယ်နှင့်သူ အနည်းငယ်တော့ ရှိကြသည်။ အေးအေးဆေးဆေး အနားယူအပန်းဖြေသူများက ယခုလိုအချိန်မျိုးတွင် အများဆုံးလာတတ်ကြ သည်။ ထို့ကြောင့်လည်း ကမ်းခြေတွင် လူပြတ်သောအချိန်ဟူ၍ သိပ်မရှိချေ။

“မမေမြတ်နိုးက ဒီမှာ အလုပ်လုပ်တာကြာပြီလား”
မိုးမြင့်ယံက မေတို့ကြားက တိတ်ဆိတ်နေမှုအား အမေးစကားဖြင့် ဖြိုခွဲလိုက်၏။

“သိပ်မကြာသေးပါဘူး ကိုမိုးမြင့်ယံ”

“ကျွန်တော်က မမေမြတ်နိုးကို ဒီဟိုတယ်မှာ ကျွန်တော့်လို လာတည်းတယ်လို့ပဲ ထင်နေတာ၊ နောက်တော့မှ လာတည်းတာ မဟုတ်မှန်း၊ ဒီမှာ အလုပ်လုပ်နေမှန်း သိရတာလေ”

“ဟုတ်ကဲ့ ကိုမိုးမြင့်ယံ”

“မမေမြတ်နိုးကို ကျွန်တော် “မေ” လို့ပဲ ခေါ်လို့ရမလား”

“ရပါတယ် ကိုမိုးမြင့်ယံ”
မေမြတ်နိုးက မိမိအား ခွင့်တောင်းသလိုပြောလာသော မိုးမြင့်ယံအား လှည့်ကြည့်လိုက်ပြီး ပြောလည်းပြော ခေါင်းလည်းငြိမ့်ပြလိုက်၏။

“ကိုမိုးမြင့်ယံက မေ့ကို ဒီဟိုတယ်မှာ တည်းနေတယ်လို့ ဘာလို့ထင်သွားတာလဲ”
မေ မိုးမြင့်ယံအား ဆက်၍မေးလိုက်မိသည်။

“ကျွန်တော် မေ့ကို စတွေ့တဲ့အချိန်က မေ ဒန်းစီးနေတာလေ၊ နောက်ပြီး မေက အဲဒီနောက်က ဘန်ဂလို အပြာလေးမှာ နေတယ်မဟုတ်လား၊ ဒါကြောင့် ကျွန်တော့်လိုပဲ လာတည်းတဲ့သူလို့ ထင်သွားတာ၊ ဒါနဲ့ မေက ဘာလို့ အဲဒီဘန်ဂလိုမှာ နေတာလဲ၊ အဲဒါက ဧည့်သည်တွေအတွက် မဟုတ်ဘူးလား”

“ဟုတ်တယ် ကိုမိုးမြင့်ယံ၊ ဧည့်သည်တွေအတွက် ဘန်ဂလိုပါ”

“ဒါဖြင့် မေက …”
မိုးမြင့်ယံက အံ့သြဟန်ဖြင့် မေမြတ်နိုးအား မေးလိုက်သည်။

“မေ့ ဖေဖေနဲ့ မေမေက မေ နေဖို့အတွက် နှစ်ချုပ်နဲ့ ငှားပေးထားတာပါ”
မေ လေသံတိုးတိုးကလေးဖြင့် မိုးမြင့်ယံအား ဖြေလိုက်၏။

“ဟုတ်လား၊ သူတို့က မေ့ကို တော်တော်ချစ်ကြတာပဲနော်”

“ဟုတ်တယ် ကိုမိုးမြင့်ယံ၊ တကယ်တမ်းပြောရရင်တော့ မေ ဒီကိုလာတာကို မေ့မိဘတွေက ခွင့်မပြုချင်ကြဘူးလေ၊ ဒါပေမယ့် မေက မေ ၀ါသနာပါရာအလုပ်ဖြစ်လို့ အတင်းသွားမယ်ပြောတော့ သွားချင်သွား ဒါပေမယ့် အဆောင်မှာတော့ မနေရဘူးဆိုပြီး မေ့အတွက် ဘန်ဂလိုတစ်ခု အတင်းငှားပေးထား တာလေ၊ ဒါနဲ့ မေလည်း ဒီဘန်ဂလိုလေးကို ရွေးလိုက်တာ”
မိုးမြင့်ယံအား မေ သေချာစွာရှင်းပြလိုက်တော့သည်။

“အင်း ကောင်းပါတယ် မေ၊ တစ်ယောက်ထဲဆိုတော့လည်း အေးအေးဆေးဆေးရှိတာပေါ့”

“ဟုတ်တယ် ကိုမိုးမြင့်ယံ”

“မေ ရန်ကုန်ကိုကော မပြန်ဘူးလား”

“မေ ရောက်တာမကြာသေးတော့ ဒီကြားထဲတော့ မပြန်ဖြစ်ဘူး ကိုမိုးမြင့်ယံ၊ နောက်လလောက်ဆိုရင်တော့ မေ ခဏပြန်ဖြစ်မယ် ထင်တယ်”

“ဟုတ်လား၊ ဒါဆို မေ ရန်ကုန်ကိုပြန်လာရင် ကျွန်တော့်ကို ပြောလေ၊ ကျွန်တော် လာတွေ့မယ်လေ၊ လာတွေ့လို့ရတယ် မဟုတ်လား မေ”
မိုးမြင့်ယံစကားကြောင့် မေက မိုးမြင့်ယံအား သေချာစွာ ကြည့်လိုက်သည်။

မေ့အကြည့်ကြောင့် မိုးမြင့်ယံက

“ဘာဖြစ်လို့လဲ မေ၊ ခုမှတွေ့ပြီး နောက်လည်း လာတွေ့မယ်ပြောလို့လား”
မေ့အား အားနာစွာဖြင့် မေးလိုက်သည်။

“ဟုတ်တယ် ကိုမိုးမြင့်ယံ၊ ကိုမိုးမြင့်ယံနဲ့ မေက ခုမှသိကြတာလေ၊ မေ့ကို ဒီလိုမျိုး ကိုယ်ရေးကိုယ်တာတွေ မေးပြီး မေ ရန်ကုန်လာတဲ့အခါ လာတွေ့မယ်လို့ ပြောနေတော့ တဆိတ် မေ့ ကို အထင်သေးလို့လား၊ ကိုမိုးမြင့်ယံက မေ့ကို မေလို့ ခေါ်တာကို ချက်ချင်းခွင့်ပြုလိုက်လို့၊ နောက်ပြီး ကိုမိုးမြင့်ယံက မေ့ကို ညနေ တွေ့ချင်တယ်ပြောတာကို မေက လက်ခံပြီး ဒီလိုလာတွေ့လို့ မေ့ကို ပေါ့ပျက်ပျက် သဘောထားနေတာ လား”
မေ မကျေနပ်စွာဖြင့် တရစပ် မိုးမြင့်ယံကို ပြောလိုက်တော့သည်။

“ဟာ … မေ၊ အဲလိုမဟုတ်ပါဘူး၊ မေနဲ့ ကျွန်တော်နဲ့က ခုမှ သေချာစကားပြောဖြစ်ပြီး ခင်ကြပေမယ့်လည်း သိနေတာတော့ ကြာပြီလေ၊ နောက်ပြီး ကျွန်တော့် စိတ်ထဲမှာ မေက ကျွန်တော် ရင်းနှီးပြီးသား သူတစ်ယောက်ပါ၊ ဒါကြောင့် ခုလိုပြောဖြစ်တာပါ မေ၊ မေ့ကို အထင်သေးလို့၊ စော်ကားလို့ ပြောတဲ့စကား မဟုတ်ပါဘူး”
မျက်နှာပျက်စွာဖြင့် မိုးမြင့်ယံက မေ့အား သေချာရှင်းပြလိုက်သည်။

“ဒါဆိုလည်း ပြီးတာ ပါပဲ ကိုမိုးမြင့်ယံ”

“ကျေးဇူးပါပဲ မေ၊ ဒါက ကျွန်တော့် visiting card ပါ၊ ယူထားလိုက်နော် မေ”

“ကောင်းပါပြီ ကိုမိုးမြင့်ယံ”
မိုးမြင့်ယံ ကမ်းပေးသော visiting card လေးအား မေ လှမ်းယူလိုက်သည်။ card လေးအား မေ ပိုက်ဆံအိတ်ထဲသို့ ထည့်သိမ်းနေခိုက် မိုးမြင့်ယံက မေ့အား မေးလိုက်သည်။

“ကျွန်တော့်ကိုကော ပြန်မပေးဘူးလား မေ”

“မေ့မှာတော့ visiting card မရှိဘူး ကိုမိုးမြင့်ယံ၊ မေ မလုပ်ထားဘူး”
မေ မိုးမြင့်ယံအား တစ်ချက်ကြည့်လိုက်ရင်း ပြောလိုက်တော့သည်။

“ဟုတ်လား”

“ဟုတ်တယ် ကိုမိုးမြင့်ယံ”

“ဒါဆိုလည်း မေ့ ဖုန်းနံပါတ်လေးပဲ ဖြစ်ဖြစ်ရေးပေးလိုက်လေ၊ ရော့ မေ အဲဒီ visiting card လေး နောက်မှာ ရေးပေးလိုက်နော်”
မေက ဘာမှမပြောတော့ဘဲ အိတ်ထဲမှ ဘောပန်ကိုသာထုတ်၍ ဖုန်းနံပါတ်အား ရေးပေးလိုက်တော့သည်။ ထို့နောက် card လေး အား မိုးမြင့်ယံထံသို့ ပြန်ပေးလိုက်၏။

“မေက ကျွန်တော့်ကို ဖုန်းနံပါတ်ပဲ ရေးပေးတယ်၊ အိမ်လာလည်မှာစိုးလို့ အိမ်လိပ်စာ မရေးပေးတာလား”
မိုးမြင့်ယံက မေမြတ်နိုး ပေးလိုက်သော card လေးအား ကြည့်လိုက်ပြီးနောက် မေ့အား ပြုံးပြရင်း လှမ်းနောက်လိုက်လေသည်။

“မဟုတ်ပါဘူး ကိုမိုးမြင့်ယံ၊ မေက ခုဒီမှာရောက်နေတာမို့ အိမ်လိပ်စာမရေးပေးတော့တာပါ”

ထို့နောက်တွင်တော့ မေတို့ ဘာမှ မပြောဖြစ်တော့ဘဲ အတွေးကိုယ်စီဖြင့် လျှောက်နေခဲ့ကြသည်။ မကြာမီ မေတို့နှစ်ယောက် ကမ်းခြေရှိ စေတီတော်လေးနားသို့ ရောက်လာခဲ့ကြ၏။ ထိုစေတီလေးက ကမ်းခြေ၏ အလယ်တွင် တည်ရှိလေသည်။ ဧည့်သည်များက မနက်အာရုံတက်ချိန်နှင့် ညနေခင်းနေ၀င်ချိန်လောက်တွင် ထိုစေတီတော်လေးအား လာရောက်ဖူးမျှော်ကြ၏။ “မောင်နှံစေတီတော်” ကဲ့သို့ ဆုတောင်းပြည့်စေတီတော် တစ်ဆူဖြစ်သည်။ စေတီလေးက အလွန်လည်း သပ္ပါယ်လှလေသည်။

“ကိုမိုးမြင့်ယံ စေတီဝင်ဖူးအုံးမလား”

“ကောင်းသားပဲ မေ၊ အတူတူဝင်ဖူးကြတာပေါ့”
မိုးမြင့်ယံက မေ့အား ဖြေပြီးနောက် စေတီတော်လေးထဲသို့ ၀င်သွားလိုက်သည်။ ထို့နောက် ဘုရားရှိခိုး ဆီမီး ပူဇော်ပြီး မေတို့လမ်းဆက်လျှောက်ဖြစ်ခဲ့ကြသည်။ အတော်ကြာ လျှောက်ပြီးနောက် မေမြတ်နိုးက

“ကိုမိုးမြင့်ယံ … နည်းနည်းမှောင်လာပြီဆိုတော့ ဟိုတယ်ကို ပြန်ကြရအောင်နော်”
ခွင့်တောင်းဟန်ဖြင့် ပြောလိုက်လေသည်။

“အင်း မေ ပြန်လေ၊ ရပါတယ်”

“ဟုတ်ကဲ့ ကိုမိုးမြင့်ယံ”
ထို့နောက် မေတို့ ဟိုတယ်ဆီသို့ ပြန်လျှောက်လာခဲ့ကြ၏။

“ကျွန်တော်တို့ ညစာစားရင်း စကားဆက်ပြောကြရအောင် မေ”
ရုတ်တရက်ပြောလိုက်သော မိုးမြင့်ယံစကားကြောင့် မေ အံ့သြစွာဖြင့် သူ့အား ကြည့်လိုက်မိတော့သည်။

“ပြောမယ် မဟုတ်လား မေ”
မိုးမြင့်ယံက သူ့အား အံ့သြဟန်ဖြင့် ကြည့်နေသော မေမြတ်နိုးအား ထပ်မေးလိုက်၏။

“ကိုမိုးမြင့်ယံ မေ့ကို ပြောစရာရှိသေးလို့လား”
ခပ်တိုးတိုးဖြင့် မေ မေးလိုက်သည်။

“အင်း မေ၊ ပြောစရာတွေ အများကြီးရှိသေးတယ်၊ မေကော ပြောမယ် မဟုတ်လား”

မိုးမြင့်ယံက မေ့အား ပြောလည်းပြော မေးလည်းမေးလိုက်သည်။ မိမိ၏ အပြုအမူတွေက ကလေးဆန်နေ သည်လားဟု မစဉ်းစားနိုင်တော့။ မိမိစိတ်ဝင်စားခဲ့သူ၊ အမြဲသတိရခဲ့သောသူနှင့် စကားတွေ အများကြီး ပြောချင်သည်။ နောက်နှစ်ရက်လောက်ဆိုလျှင် မိမိရန်ကုန်သို့ အလုပ်ကိစ္စဖြင့် ပြန်ရတော့မည်။ မပြန်ခင် မေနှင့် ရင်းနှီးချင်သည်။မေက မိမိကို မေးပြီး ငြိမ်သွားသော ကိုမိုးမြင့်ယံ၏ အမူအယာကြောင့် အနည်းငယ်အံ့သြသွားမိသည်။

“ကိုမိုးမြင့်ယံ ဘာတွေများတွေးနေလဲ”
မေမြတ်နိုး၏ အမေးစကားကြားမှ မိုးမြင့်ယံ မိမိ၏ အတွေးလွန်သွားမှုကို သတိရလိုက်၏။

“ဘာရယ် မဟုတ်ပါဘူး မေ”
မိုးမြင့်ယံက မေ့အား ကြည့်ရင်း ဖြေလိုက်သည်။

မေ သဘောကျကာ နှစ်နှစ်ခြိုက်ခြိုက်လေး ရယ်လိုက်မိတော့၏။

“ဘာလို့ ရယ်တာလဲ မေ”

“ကိုမိုးမြင့်ယံရဲ့ ပုံစံက မဟုတ်တာလုပ်တုန်း လူမိသွားတဲ့ ကလေးတစ်ယောက်ပုံစံဖြစ်နေတာကိုး”

မေမြတ်နိုးစကားအဆုံးတွင် နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သဘောကျစွာဖြင့် ပြိုင်တူ ရယ်လိုက်သည်။ ခုနကတော့ သူ့အား စိတ်ဆိုးမာန်ဆိုးဖြင့် ပြောခဲ့ပေမယ့်လည်း ခုတော့ သူ့ကို နားလည်ပေးလိုက်ပြီး ပွင့်လင်းရိုးသားစွာဆက်ဆံပေးသော မေမြတ်နိုး၏ ဆက်ဆံမှုကြောင့် အချိန်တိုလေးအတွင်းတွင် တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးမှု အနည်းငယ်ရသွားလေသည်။

“ကိုမိုးမြင့်ယံ မေတို့ ဘယ်ဆိုင်မှာ စားကြမလဲ”

“မေ အဆင်ပြေတဲ့ဆိုင်မှာ စားပါ၊ ကျွန်တော်က ရပါတယ်”

“ဟုတ်ပါပြီ ကိုမိုးမြင့်ယံ”

ဟိုတယ်နှင့် မလှမ်းမကမ်းတွင်ရှိသော စားသောက်ဆိုင်တွင် မေတို့ ညစာစားလိုက်ကြသည်။ ညစာစားရင်း မိုးမြင့်ယံက ဤကမ်းခြေသို့လာရောက်သည့်အကြောင်းနှင့် ရန်ကုန်သို့ မေအလည်ပြန်ရောက်ပါကလည်း သူ့ဆီ ဆက်သွယ်ရန်မှာနေလေတော့သည်။ ထို့နောက် မေတို့ ဟိုတယ်သို့ ပြန်ခဲ့ကြတော့သည်။

“ညစာအတွက် ကျေးဇူးတင်ပါတယ် ကိုမိုးမြင့်ယံ”
မိုးမြင့်ယံအား မေ ကျေးဇူးတင်စကားပြောလိုက်သည်။

“မလိုပါဘူးဗျာ၊ ကျွန်တော်နဲ့ ညစာလိုက်စားတဲ့အတွက် မေ့ကို ကျွန်တော်က ကျေးဇူးတင်ရမှာပါ”
မေ မိုးမြင့်ယံအား ပြုံးပြလိုက်ရင်း ခေါင်းငြိမ့်ပြလိုက်၏။

“ဒါဆို မေ့ကို ခွင့်ပြုပါအုံး ကိုမိုးမြင့်ယံ”

“ဟုတ်ပါပြီ မေ”

မိုးမြင့်ယံက သူ့အား နှုတ်ဆက်ပြီးထွက်သွားသော မေမြတ်နိုးအား မျက်စိတဆုံးကြည့်ရင်း ကျန်ရစ်ခဲ့သည်။ ယဉ်ယဉ်လေးနှင့် ချစ်စရာကောင်းသော မေမြတ်နိုးအား သူအလွန်နှစ်သက်မိသည်။ မေမြတ်နိုးအား မိမိမှတ်မိ နေခြင်းကလည်း ဒီလိုချစ်စရာကောင်းသောပုံစံလေးကြောင့် မဟုတ်လား။ ယခုလို မေမြတ်နိုးရဲ့ ယဉ်ကျေး သိမ်မွေ့သောအမူအယာ၊ စကားပြောပုံဆိုပုံကို မြင်ရသောအခါ ပို၍နှစ်သက်မှုဖြစ်လာမိသည်။

Read More...

------------------------

Thursday, July 26, 2007

အချစ်နှင့်အတူ (၈)

တယ်လီဖုန်းမြည်သံကြောင့် မေ အိပ်နေရာမှ ထ၍ လက်ကိုင်ဖုန်းလေးကို ဖွင့်ကာ ထူးလိုက်သည်။

“ဟယ်လို …”
ထို့နောက် စားပွဲတင် ချောင်းလေးအားလှမ်းဖွင့်လိုက်ပြီးနောက် နံရံတွင်ရှိသော နာရီဆီသို့ လှမ်းကြည့်လိုက်သည်။ ည ဆယ့်တစ်နာရီ။

“ဟယ်လို မြတ်နိုး၊ ကိုယ်ပါ”

“ဟုတ်၊ ကိုဘုန်း”
အိပ်ချင်စိတ်မပြယ်သေးသော အသံဖြင့် မေက ပြောလိုက်သည်။

“မြတ်နိုး အိပ်နေပြီလား၊ နေမကောင်းလို့လား”

“မဟုတ်ဘူး ကိုဘုန်း၊ မေ နေကောင်းပါတယ်၊ ဒီနေ့မေနည်းနည်းပင်ပန်းနေလို့ပါ”

“ဟုတ်လား မြတ်နိုး၊ ဒါဆို ကိုယ် နောက်နေ့မှ ဆက်ရမလား”

“ရပါတယ် ကိုဘုန်းရဲ့၊ ပြောပါ”

“အင်း မြတ်နိုး၊ သတိရလို့ဆက်လိုက်တာပါ၊ မြတ်နိုးကော အားလုံးအဆင်ပြေတယ် မဟုတ်လား”

“ဟုတ် ပြေပါတယ် ကိုဘုန်း၊ မေ တောင် ဒီနေ့ကိုဘုန်းဆီ ဆက်အုံးမလို့၊ အလုပ်နည်းနည်းရှုပ်သွားလို့ မဆက်ဖြစ်တော့တာ၊ အလုပ်ပြီးတော့လည်း နည်းနည်းပင်ပန်းနေတာနဲ့ မဆက်တော့တာ”

“ဟုတ်လား မြတ်နိုး၊ ကိစ္စရှိလို့လား”

“ဟုတ်တယ် ကိုဘုန်းရဲ့၊ မေ ပြောစရာရှိလို့လေ၊ မေ ပြောတာကို ကိုဘုန်း နားထောင်ပြီးသွားရင် အရမ်းကို အံ့သြသွားမှာ”

“ဟုတ်လား မြတ်နိုး၊ ဘာအကြောင်းများလဲ၊ ကိုယ် အရမ်းကို သိချင်လာပြီ”
မေမြတ်နိုး စကားကြောင့် ဘုန်းမင်းခန့်က စိတ်ဝင်စားစွာဖြင့် မေးလိုက်၏။

“ဟုတ်တယ် ကိုဘုန်းရဲ့၊ မေ ဒီနေ့လူတစ်ယောက်နဲ့တွေ့တယ် သိလား၊ အဲဒီသူက ဘယ်သူဖြစ်မယ်ထင်လဲ၊ ဘယ်သူလို့ ထင်လဲ ကိုဘုန်း”

“ဘယ်သူလဲ မြတ်နိုး”

“စဉ်းစားကြည့်လေ ကိုဘုန်း”

“ဘယ်သူများလဲ မြတ်နိုး၊ ဟင် … ဟိုတစ်ယောက်မဟုတ်လား မြတ်နိုး၊ ဟုတ်တယ် မဟုတ်လား၊ ဘယ်မှာ တွေ့ကြတာလဲ မြတ်နိုး၊ သူက မြတ်နိုးတို့ဆီမှာ လာတည်းတာလား၊ ဟုတ်လား မြတ်နိုး၊ မြတ်နိုးက သူ့ကို မှတ်မိနေတာလား၊ ဒါမှမဟုတ် သူက မြတ်နိုးကို မှတ်မိနေတာလား၊ ပြောပါအုံး ညီမလေးရဲ့”
ဘုန်းမင်းခန့်၏ အမေးကြောင့် မေ သဘောကျစွာရယ်လိုက်မိသည်။

“ဖြေးဖြေးမေးပါ ကိုဘုန်းရယ်၊ မောနေပါ့မယ်၊ မေ ပြောပြမှာပေါ့ ကိုဘုန်းရဲ့”
မေက ရယ်သံတစ်ဝက်ဖြင့် ဘုန်းမင်းခန့်အား ပြောလိုက်၏။

“အင်း မြတ်နိုး၊ ပြောလေ၊ ကိုယ်နားထောင်နေတယ်”

“ဒီလို ကိုဘုန်းရဲ့ …”
မေမြတ်နိုးက ဘုန်းမင်းခန့်အား မိုးမြင့်ယံနှင့် ဆုံစည်းခဲ့ပုံအား အသေးစိပ်ပြောပြလိုက်တော့သည်။

“မေ အရမ်းအံ့သြသွားတယ် သိလား ကိုဘုန်း၊ ဒီလိုနေရာမှာ သူနဲ့ ပြန်တွေ့လိမ့်မယ်လို့ မေ ဘယ်တုန်းကမှ ထင်မထားမိဘူး၊ မျှော်လည်း မမျှော်လင့်ခဲ့ဘူး၊ မေ ပိုပြီးအံ့သြတာက သူက မေ့ကိုမှတ်မိနေတာပဲ၊ မေ့ကို သူ အဲလိုမှတ်မိနေလိမ့်မယ်လို့လည်း မေ လုံးဝကို ထင်မထားဘူး"

ခုနက အိပ်ချင်စိတ်များ မေ့တွင်မရှိတော့ပြီ။ မေ ပြောရင်း ကြည်နူးဝမ်းသာခြင်းများကိုသာ ခံစားနေရတော့ ၏။ မေ့ အသံက ကြည်နူးမှု၊ စိတ်လှုပ်ရှားမှုတို့ကြောင့် တုန်ခါနေလေသည်။ ဒီအကြောင်းကို စဉ်းစားမိသည့် အချိန်တိုင်း၊ တွေးမိသည့်အခါတိုင်း မေ့ စိတ်တွေကို မေ ဘယ်လိုမှ မထိန်းချုပ်နိုင်ပေ။ ကိုယ်က အမြဲသတိရနေသူက ကိုယ့်ကိုလည်း ထပ်တူသတိရနေသည်ဆိုတော့ မေ အလွန်ကို ကျေနပ်မိလေသည်။

“မြတ်နိုး …”

မေတစ်ယောက် ကိုဘုန်း၏ ခေါ်သံကြောင့် အတွေးကိုဖြတ်ရင်း ထူးလိုက်မိတော့သည်။

“ရှင် ကိုဘုန်း၊ ပြောလေ”

“ဘာတွေ တွေးနေတာလဲ မြတ်နိုး၊ အရမ်းပျော်နေလား၊ သူနဲ့ ပြန်တွေ့ရတော့”

“ဟုတ်တယ် ကိုဘုန်း၊ ၀မ်းလည်း ၀မ်းသာတယ်၊ အံ့လည်း အံ့သြမိတယ်၊ ကိုဘုန်းကော မအံ့သြဘူးလား”

“ကိုယ်လည်း အံ့သြတာပေါ့ မြတ်နိုး၊ ဒါနဲ့ မနက်ဖြန် မြတ်နိုး သူနဲ့သွားတွေ့မှာပေါ့ ဟုတ်လား”

“ဟုတ် ကိုဘုန်း၊ မေ သူ့ကို သွားတွေ့မယ်လေ၊ သူက မေနဲ့စကားပြောချင်တယ်လို့ပြောတယ်လေ၊ ဒါကြောင့် မေ သူ့ကို သွားတွေ့မှာ”

“အင်း မြတ်နိုး၊ မြတ်နိုး သူ့ကိုချစ်နေပြီလား၊ တကယ်လို့ သူက မြတ်နိုးကို ချစ်ခွင့်တောင်းတယ်ဆိုရင် မြတ်နိုး ဘယ်လိုလုပ်မလဲ”

“သူက မြတ်နိုးကို ချစ်ခွင့်တောင်းရင်၊ ဟုတ်လား ကိုဘုန်း”
မေမြတ်နိုးက ဘုန်းမင်းခန့်အား အံ့သြစွာဖြင့် ပြန်မေးလိုက်၏။

“အင်း ဟုတ်တယ် မြတ်နိုး၊ သူက မြတ်နိုးကို ချစ်ခွင့်တောင်းတယ်ဆိုပါတော့၊ အဲဒါဆို မြတ်နိုး ဘယ်လိုလုပ်မလဲလို့”
ဘုန်းမင်းခန့်က ထပ်မေးလိုက်ပြီးနောက် မေမြတ်နိုး၏ အဖြေစကားကို ငြိမ်သက်စွာ နားထောင်နေလိုက်၏။

“ခုမှစတွေ့တဲ့သူကိုတော့ ချစ်ခွင့်တောင်းမှာ မဟုတ်ပါဘူး ကိုဘုန်းရဲ့၊ နောက်ပြီး ခုချိန်မှာ သူက ကိုဘုန်းပြောသလို မေ့ကို ချစ်ခွင့်တောင်းတယ်ဆိုရင်လည်း မေ့မှာ အဖြေမရှိသေးပါဘူး”

“ဘာဖြစ်လို့လဲ မြတ်နိုး၊ မြတ်နိုး သူ့ကို ချစ်နေတယ် မဟုတ်ဘူးလား”

“ချစ်နေတယ် မဟုတ်ဘူးလား”
မေ နှုတ်မှ တိုးတိုးကလေးရွတ်လိုက်မိသည်။

“မေက သူ့အား ချစ်နေသည်လား”
မေ ကိုယ့်ကိုယ်ကို ပြန်မေးလိုက်မိသည်။

“မြတ်နိုး …”

“မြတ်နိုး …”

“ရှင် ကိုဘုန်း”
ခပ်တိုးတိုး မေ ထူးလိုက်သည်။

“မြတ်နိုး ဘာတွေ စဉ်းစားနေတာလဲ၊ ကိုယ်ခေါ်တာလည်း မကြားဘူး”

“မေ စဉ်းစားနေတာ ကိုဘုန်း၊ မေ သူ့ကိုချစ်နေသလားဆိုတာကိုလေ”

“ဟုတ်လား”

“ဟုတ်တယ် ကိုဘုန်း၊ မေ ခုစဉ်းစားကြည့်တော့ မေ သူ့ကို မချစ်ပါဘူး၊ မေ သူ့ကို တစ်ခါတစ်လေ သတိရတယ်၊ နည်းနည်းလေးတော့ စိတ်ဝင်စားတယ်လို့ ပြောလို့ရပါတယ်၊ ဒါပေမယ့် သူ့ကို ချစ်နေတာ မဟုတ်တာတော့ သေချာတယ်”

“မြတ်နိုးက ဘာလို့ အဲလိုသေချာပြောနိုင်တာလဲ၊ ကိုယ့်အထင်တော့ ဟိုးအရင်ကတည်းက မြတ်နိုး သူ့ကို ချစ်မိနေပြီ”

“မဟုတ်ဘူး ကိုဘုန်း၊ မေ သူ့ကို ခုထိမချစ်သေးပါဘူး၊ မေ သေချာပြောနိုင်တယ်လေ၊ ဘာလို့လဲဆိုတော့ မေ သူ့ကို နှစ်ခါပဲ မြင်ဖူးတာ၊ သူ့အကြောင်းကို မေ ဘာမှ မသိဘူးလေ၊ အဲလိုအခြေအနေမျိုးနဲ့ မေ သူ့ကို ဘယ်လိုချစ်နိုင်မလဲ၊ မေ သူ့ကို သတိရတယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် အဲဒါဟာ ချစ်လို့တော့ မဟုတ်ပါဘူး၊ သူက မေ့အတွက် တခြားသူတွေထက်စာရင် နည်းနည်းတော့ထူးခြားတာပေါ့ ကိုဘုန်း၊ အဲဒီလောက်ပါပဲ”

မေ ဆက်တိုက်ကို ပြောချလိုက်တော့သည်။ “မေ သူ့ကို မချစ်ပါ” ဟု ကိုဘုန်းအား ပြောလိုက်သော်လည်း မေ့ ရင်ထဲတွင်တော့ ဗြောင်းဆန်နေသည်။ ကိုဘုန်းပြောသလို အဲဒါဟာ တကယ်ပဲ အချစ်ဖြစ်နေနိုင်မလား။

မေ ဘယ်လိုမှ လက်မခံနိုင်ပေ။ ဘယ်တော့မှ မချစ်တော့ရန် မေ ဆုံးဖြတ်ထားသည်လေ။ နောက်ထပ် ချစ်ရမည်ကို မေ ကြောက်သည်။ အချစ်အတွက် ခံစားရမည်ကို မေ မလိုချင်တော့။

“မြတ်နိုး … ကိုယ်မေးလိုက်လို့ ခေါင်းခြောက်သွားပြီလား၊ ကိုယ်တစ်ခုပြောပြမယ် မြတ်နိုး၊ မြတ်နိုးက ချစ်ရမှာကို ကြောက်နေတယ် မဟုတ်လား၊ ဒါကြောင့် မြတ်နိုး သူ့ကို ချစ်မိသွားမှာကို ကြောက်နေတာလို့ ကိုယ် ထင်တယ်၊ ဒါပေမယ့် အဲဒါဟာ ရှောင်ပုန်းခြင်းပဲ မြတ်နိုး၊ အဲလို မလုပ်ပါနဲ့၊ ချစ်စရာရှိတာလည်း ချစ်လိုက်ပေါ့၊ မြတ်နိုး အချစ်စစ်နဲ့တွေ့မယ်လို့ ကိုယ်ယုံတယ်၊ နောက်ပြီး ယောက်ျားလေးတစ်ယောက် အမြင်နဲ့ပြောရရင် ကိုမိုးမြင့်ယံကလည်း မြတ်နိုးကို ချစ်နေတယ်ဆိုတာ သေချာသလောက်ရှိတယ်၊ ဘာလို့လဲ ဆိုတော့ ကိုယ့်အမြင်ပြောရရင် ကိုယ်စိတ်မ၀င်စားတဲ့ သူတစ်ယောက်ကို ခုလို မှတ်မိနေမှာလည်း မဟုတ်ဘူး၊ ဒါကြောင့် မြတ်နိုးလည်း ရှောင်မပြေးပါနဲ့၊ ချစ်စရာရှိတာ ချစ်လိုက်ပါ”
ဘုန်းမင်းခန့်က မေမြတ်နိုးအား သေချာပြောပြလိုက်တော့သည်။

“လူတိုင်းမှာ အချစ်ဆိုတာ လိုတယ် မြတ်နိုး၊ မြတ်နိုးကိုလည်း ချစ်တဲ့သူနဲ့ ပျော်နေတာကို ကိုယ်တကယ်ကို မြင်ချင်တယ်”
ဘုန်းမင်းခန့်က သူ့ဆန္ဒအား မေမြတ်နိုးအား ထပ်ပြောလိုက်၏။

“ဟုတ်ပါပြီ ကိုဘုန်းရယ်၊ အတင်းကို ချစ်ခိုင်းနေတော့ပါလားနော်၊ ဟိုကဖြင့် မေ့ကို ချစ်လား မချစ်လား မသေချာဘဲနဲ့၊ ခက်တော့နေပါပြီ ကိုဘုန်းနဲ့တော့”

“အင်းပါ မြတ်နိုးရယ်၊ နောက်တော့မှသာ ကိုဘုန်းရေ ကိုဘုန်းပြောတာတော့ တကယ်မှန်နေပြီလို့ မပြောနဲ့ ဟုတ်ပြီလား မမလေး မြတ်နိုး”

“ဟုတ်ကဲ့ပါ ကိုဘုန်းရဲ့၊ မေက အဲလိုမပြောပါဘူး”

“ဒါဆို ဘယ်လိုပြောမှာလဲ”

“ကိုဘုန်းရေ မေတော့ သူ့ကိုအရမ်းအရမ်းကို ချစ်မိသွားပါပြီရှင် လို့ပြောမှာပေါ့”

“တကယ် အဲလိုပြောမှာလား”

“တကယ်ပေါ့ ကိုဘုန်းရဲ့၊ ဒါမှမဟုတ်ရင်လည်း မေက အရင်ပြောလိုက်ရင် မကောင်းဘူးလား ကိုဘုန်း၊ ကိုရီးယားကားတွေထဲကလိုလေ၊ ပွင့်ပွင့်လင်းလင်းပေါ့၊ ဟုတ်ဖူးလား”
ရယ်သံတစ်ဝက်နှင့် မေမြတ်နိုးက ဘုန်းမင်းခန့်အား နောက်ရင်းပြောလိုက်၏။

“ပြောလေကဲလေဆိုတာ မြတ်နိုးအတွက်ထင်တယ်”

“အဲလိုဖြစ်သွားလို့လား၊ မရည်ရွယ်ပါဘူး ကိုဘုန်းရဲ့”

“နောက်တောက်တောက်နဲ့၊ အပြင်မှာဆိုရင် ခေါင်းခေါက်ခံရမယ်”

“အဟုတ်လား၊ ခေါက်တောင်ခေါက်လိုက်ပြီ မဟုတ်ဘူးလား”

“ဘယ်လိုသိလဲ”

“နည်းနည်းနာသွားတာကိုး၊ ကိုဘုန်း လက်ဆနည်းနည်းပြင်းသွားတယ်”

“လုပ်ချင်နေတာကြာပြီ၊ အခုမှကြုံလို့”

“သိပါပြီရှင်”

“မြတ်နိုး ကိုယ်နဲ့စကားပြောတာ ပျော်လား၊ ကိုယ်ကတော့ ပျော်နေတယ်လို့ထင်တယ်”

“ပျော်တာပေါ့”

“ကိုယ်လည်း ပျော်ပါတယ်”

“ဒီလိုပဲဖြစ်ရမှာပေါ့၊ ဟုတ်ဖူးလား”

“နောက်တစ်ချက်လိုချင်နေပြီထင်တယ်”

“ဘာကိုလဲ ကိုဘုန်းရဲ့”

“ခေါင်းနောက်တစ်ချက် အခေါက်ခံချင်နေပြီထင်တယ်လို့ ပြောတာ”

“တိုင်ပြောလိုက်ရမလား”

“ဘယ်သူ့ကို တိုင်မှာလဲ မိုးမြင့်ယံကိုလား”

“ဟုတ်တယ်လေ၊ ဘယ်လိုလဲ တိုင်လိုက်ရမလား”

“တိုင်ပေါ့ ကြောက်ပါဘူး”

“မတိုင်ပါဘူး ကိုဘုန်းရယ်၊ စတာပါ”

“သိသားပဲ၊ တကယ်မဟုတ်ဘူးဆိုတာ”

“သိတယ်လား”

“အင်း သိတာပေါ့”

“ဟုတ်ပါပြီရှင်၊ တခြားအကြောင်းပြောရအောင်လေ နော် ကိုဘုန်းနော်”

“မမလေးသဘောအတိုင်းပါပဲဗျာ”
ဘုန်းမင်းခန့်က မေမြတ်နိုးအား နောက်ရင်း ပြောလိုက်ပြန်သည်။

“ကိုဘုန်းကော နေကောင်းလား၊ အလုပ်ကောများလား ကိုဘုန်း”

“ကောင်းတယ် မြတ်နိုး၊ အလုပ်ကတော့ ဒီလိုပါပဲ၊ မြတ်နိုးကော”

“မေလည်း ဒီလိုပဲ ကိုဘုန်းရဲ့၊ ဒါပေမယ့် မိုးတွင်းဆိုတော့ အရင်လောက်တော့ မများဘူးပေါ့”

“ဟုတ်လား ကောင်းတာပေါ့၊ အရမ်းမပင်ပန်းတော့ဘူးပေါ့”

“ဟုတ်တယ် ကိုဘုန်း”

“ဒါနဲ့ မြတ်နိုးကော နောက်လပြန်လာဖြစ်သလား”

“ဟုတ် ကိုဘုန်း၊ မေ လဆန်းလောက် ရောက်မယ်ထင်တယ်၊ သီတင်းကျွတ်ချိန်အတွင်းတော့ လာလို့မရဘူး လေ၊ အဲချိန်ဆို ဧည့်သည်များမှာလေ၊ ဒါကြောင့် သီတင်းမကျွတ်ခင်ဘဲ လာလိုက်တော့မယ် ကိုဘုန်းရဲ့”

“အင်းလေ ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်၊ ဘာနဲ့ပြန်လာမလဲ မြတ်နိုး၊ ကိုယ် ကားလွှတ်ပေးရမလား”

“ရပါတယ် ကိုဘုန်း၊ မေ့ ဖေဖေက ကားလွှတ်ပေးမယ်ပြောတယ်”

“အင်း ဟုတ်ပါပြီ မြတ်နိုး၊ ဒါဆို မြတ်နိုး အိပ်တော့နော်၊ ညဉ့်တော်တော်နက်နေပြီ၊ ကိုယ် နောက်နေ့မှ ထပ်ဆက်တော့မယ်နော်”

“ဟုတ်ကဲ့ ကိုဘုန်း”

“ဂွတ်နိုက် မြတ်နိုး၊ ကျန်းမာရေးကိုလည်း ဂရုစိုက်နော်”

“ဟုတ်ကဲ့ ကိုဘုန်း၊ ဂွတ်နိုက်နော်”

မေ ဖုန်းလေးအား ပိတ်လိုက်ပြီး တစ်ယောက်တည်း တွေးလိုက်မိသည်။ ကိုဘုန်းက မိမိအပေါ်တွင် အစစ အရာရာ ဂရုစိုက်သည်။ မေ့ရဲ့ ပျော်ရွှင်မှု၊ ၀မ်းနည်းမှု၊ သောက၊ အခက်အခဲအားလုံးကို နားလည်ပေးသည်။ ဝေမျှခံစားပေးသည်။ ထို့ကြောင့် ကိုဘုန်းက မိမိအတွက်တော့ တကယ့်ကို အစ်ကိုရင်းတစ်ယောက်လိုပင်။ ခင်မင်တာ မကြာသေးပေမယ့်လည်း မေတို့၏ သံယောဇဉ်က နက်ရှိုင်းသည်။ ကိုဘုန်းလိုမျိုး သူငယ်ချင်း တဖြစ်လဲ အစ်ကိုတစ်ယောက်ရသည့်အတွက် မေ အလွန်ပင် ပျော်ရွှင်မိတော့သည်။ ထို့နောက်တွင်တော့ မေ မိမိအတွေးကို ဖြတ်ရင်း အိပ်ဖို့ပြင်လိုက်တော့၏။

Read More...

------------------------

Wednesday, July 25, 2007

အချစ်နှင့်အတူ (၇)

(၈)

မနက်ဝေလီဝေလင်းအချိန်မို့ လေနုအေးလေးများက တိုက်ခတ်နေသည်။ မေ ပင်လယ်ကြီးကိုကြည့်ပြီး အသက်ကို တ၀ကြီးရှူရှိုက်လိုက်၏။ ပင်လယ်ကမ်းခြေတွင် လမ်းလျှောက်ပြီး ပင်လယ်လေတ၀ကြီးရှူရသည် ကို မေ အလွန်ပဲ နှစ်သက်သဘောကျသည်။ အထူးသဖြင့် ပင်လယ်ရေအောက်မှ တက်လာသဖွယ်ရှိသော နေ၀န်းကြီးအား ကြည့်ရသည်ကို ကြိုက်သည်။ နံနက်ခင်းလေနုအေးလေးများတိုက်ခတ်မှုကြောင့် မေမြတ်နိုး စိတ်ထဲတွင် ကြည်နူးမှုများ ခံစားမိလျက်ရှိသည်။ ထို့ကြောင့် သီချင်းလေးညည်းရင်း မေ့ကိုတွေ့ချင်သည် ဆိုသော ဦးမိုးမြင့်ယံရှိရာအခန်းဆီသို့ ဆက်ထွက်ခဲ့တော့သည်။

ဦးမိုးမြင့်ယံအခန်းရှေ့ရောက်သောအခါ မေ တံခါးမခေါက်ဖြစ်သေးဘဲ ရပ်နေလိုက်မိသည်။

“ဦးမိုးမြင့်ယံ ဆိုတာ ဘယ်သူပါလိမ့်၊ ဘာကြောင့်များ မိမိကိုတွေ့ချင်သည်လဲ၊ မေ့တွင် မိုးမြင့်ယံဆိုသော အမည်ဖြင့် အသိအကျွမ်းလည်းမရှိ”

မေ တစ်ယောက်တည်းစဉ်းစားနေမိသည်။ ထို့နောက် စဉ်းစားရကြပ်လာသည်နှင့် ဆက်မစဉ်းစားတော့ဘဲ အခန်းတံခါးကိုသာ ခေါက်လိုက်မိ၏။ သို့သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ တံခါးကို လာရောက် ဖွင့်ပေးခြင်းမရှိချေ။ မေ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်မိသည်။ မည်သူမျှမရှိ။

“အပြင်သွားနေ ကြတယ်ထင်တယ်၊ နောက်မှဘဲ ပြန်လာလိုက်ပါ့မယ်လေ”
မေ တစ်ယောက်တည်း တွေးလိုက်မိသည်။ ထို့နောက် မေ ဆက်မစောင့်တော့ဘဲ reception သို့ ပြန်ရန် လှည့်ထွက်လာလိုက်တော့သည်။

“မမေမြတ်နိုး …”
ရုတ်တရက်ခေါ်လိုက်သောအသံကြောင့် မေ နောက်သို့လှည့်ကြည့်လိုက်မိ၏။

“ကျွန်တော့်ဆီလာတာလား မမေမြတ်နိုး၊ ဆောရီးနော်၊ ကျွန်တော် ဟိုဘက်ကို လမ်းလျှောက်ခဏထွက်သွား လို့”
မေမြတ်နိုး ဘာမှမပြောဘဲ ထိုသူကိုသာ ကြည့်လိုက်မိသည်။ ထိုသူက မနေ့ကပင်မေနှင့်စကားပြောခဲ့သူ။ မေ့အား သူ့ကို မှတ်မိလားဟု လာမေးပြီး မေက မမှတ်မိဆို၍ စိတ်ဆိုးပြီးထွက်သွားသောသူ။ ယခုလည်း သူ့ကို လာရှာတာလား ဟု မေးနေပြန်သည်။

“ရှင့်ကို လာရှာတာ မဟုတ်ပါဘူး ”
မေ ထိုသူအား ပြောလိုက်မိသည်။ ထို့နောက် မေ ဘာမှမပြောဘဲ လှည့်ထွက်မည်အလုပ် …

“မိုးမြင့်ယံကို လာရှာတာမဟုတ်လား”
ထိုသူက မေ့အား ပြောလိုက်၏။

“ရှင်က မေ ဦးမိုးမြင့်ယံကို လာရှာမှန်းဘယ်လိုသိ … ဟင် … ရှင်က …”

“ဟုတ်ပါတယ် မမေမြတ်နိုး၊ မမေမြတ်နိုးကို လာတွေ့ခိုင်းတဲ့ မိုးမြင့်ယံဆိုတာ ကျွန်တော်ပါပဲ”
မေ အံ့သြစွာဖြင့် ထိုမိုးမြင့်ယံဆိုသောသူကို ကြည့်လိုက်မိသည်။ ထို့နောက် …

“မေ့ကို တွေ့ချင်တယ်ဆိုတာက …”
မေ ယောင်နနဖြင့် မေးလိုက်မိသည်။

“မမေမြတ်နိုး ခုချိန်ထိ ကျွန်တော့်ကို မမှတ်မိသေးဘူးလားလို့ မေးချင်လို့”
မိုးမြင့်ယံက အေးဆေးစွာဖြင့် ပြောလိုက်သည်။

“ဟုတ်ကဲ့၊ မေ လုံးဝကို မမှတ်မိတာပါရှင်၊ ဒါနဲ့ မေ ဦးမိုးမြင့်ယံကို မှတ်မိတာ၊ မမှတ်မိတာက ဦးမိုးမြင့်ယံအတွက် အရမ်းကို အရေးကြီးနေလို့လား ရှင်”

“ကျွန်တော့်အတွက်တော့ အရေးကြီးတယ် မမေမြတ်နိုး၊ ဒါပေမယ့် ခုလောလောဆယ် အရေးကြီးတာကတော့ ကျွန်တော့်ကို ဦးမိုးမြင့်ယံလို့ မခေါ်ပါနဲ့လား”

“ဟုတ်ကဲ့ ကိုမိုးမြင့်ယံ၊ မေ့ကို ကိုမိုးမြင့်ယံဘယ်လိုသိတယ်ဆိုတာ ပြောပြနိုင်မလား၊ ပြောပြနိုင်မယ်ဆိုရင် တော့ မေ ကိုမိုးမြင့်ယံကို မှတ်မိကောင်း မှတ်မိသွားမှာပါ”

“မှတ်မိကောင်း မှတ်မိသွားမယ်ဆိုတော့ သေတော့မသေချာဘူးဆိုတဲ့သဘောပေါ့”
မိုးမြင့်ယံက မေမြတ်နိုးအား သေချာကြည့်ရင်း မကျေနပ်သလို မေးလိုက်မိသည်။

“အဲလိုတော့လည်း မဟုတ်ပါဘူး ကိုမိုးမြင့်ယံ၊ မေက ဖြစ်နိုင်တာကို ပြောတာပါ၊ လောလောဆယ်တော့ မေ မေးတာကိုသာ အရင်ဖြေပေးပါ”

“ကျွန်တော်တို့ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကဆုံဖူးတာ မမေမြတ်နိုး၊ သီတင်းကျွတ်လပြည့်နေ့မှာပါ၊ ကျွန်တော်တို့ နှစ်ကြိမ်ဆုံဖူးပါတယ်၊ စကားလည်း နှစ်ခွန်းလောက်တော့ ပြောဖူးတယ်ထင်ပါတယ်၊ ကျွန်တော့်ကို မှတ်မိပြီလား မမေမြတ်နိုး”
မိုးမြင့်ယံက ပြောလည်းပြော မေးလည်းမေးလိုက်သည်။

အဖြစ်အပျက်က မေ့အတွက် အလွန်ကို အံ့သြစရာကောင်းသွားပြီ။ မေ ဘယ်လိုမှမထင်ထားမိသူက မေ အမြဲသတိရနေတတ်သော မေ့ ရင်ထဲကသူ။ ပိုထူးခြားတာက ဒီလိုပုံစံ၊ ဒီလိုအခြေအနေနဲ့ သူ့ကိုတွေ့ရလိမ့် မယ်လို့ မေ လုံးဝကို ထင်မထားမိခဲ့ခြင်းပင်။ မိမိနှစ်သက်တဲ့ ဒီလိုပင်လယ်ကမ်းခြေလိုနေရာမျိုးမှာ သူနဲ့ ပြန်တွေ့ရတယ်ဆိုတာကို မေ ဘယ်လိုမှကို မယုံရဲပေ။ မေ အရမ်းကို အံ့သြ၀မ်းသာမိသည်။ မေ့ ရင်ထဲတွင် ဖော်ပြလို့မရလောက်အောင်ကို ပျော်ရွှင်သွားမိသည်။ ပို၍ပျော်ရွှင်ရသည်က သူက မိမိအား မှတ်မိနေခြင်းပင်။ မိမိ၏ ရုပ်ပုံကိုရော၊ မိမိနှင့် ဆုံခဲ့ဖူးသော အကြောင်းအရာကိုရော သူမှတ်မိနေသည်ပေါ့။ ဒီလိုဆို သူလည်း မိမိကို အမြဲသတိတရရှိနေခဲ့ပုံပင်။ မေ အရမ်းကိုကြည်နူးမိသည်။ တကယ်လို့ သူသာ မိမိ၏ ရုပ်ပုံကို မမှတ်မိခဲ့လျှင် မေတို့ ခုလိုတောင် စကားပြောဖြစ်မည် မဟုတ်ပေ။ မေ အမြဲသတိရနေတတ်သူ၊ တွေ့ချင်နေမိသူက သူဖြစ်ကြောင်း မေ ဘယ်တော့မှလည်း သိရမည်မဟုတ်ချေ။ မေ တွေးမိလေ ပျော်လေ ဖြစ်လာတော့သည်။ “ကျေးဇူးတင်ပါတယ် ကိုမိုးမြင့်ယံ” မေ စိတ်ထဲမှ ပြောလိုက်မိတော့သည်။

“ကျွန်တော့်ကို မှတ်မိသွားပြီလား မမေမြတ်နိုး”
မိုးမြင့်ယံက သူ့အားကြည့် ပြီး ဘာမှ ပြန်မပြောသော မေမြတ်နိုးအား ထပ်မေးလိုက်သည်။

"ရှင်၊ ဟုတ်ကဲ့ ကိုမိုးမြင့်ယံ"
မေမြတ်နိုးက ခုမှပင်သတိဝင်လာလျက် ကရောသောပါးဖြင့် ဖြေလိုက်သည်။

မေမြတ်နိုး၏ အဖြေစကားကြောင့် မိုးမြင့်ယံအလွန်ပင်ကျေနပ်သွားမိသည်။ မိမိက ဆုံခဲ့ဖူးသောအကြောင်းကို ပြောလိုက်သည်နှင့် မိမိကို ချက်ချင်းမှတ်မိသွားသည်ဆိုတော့ မိမိကို သူလုံးဝ အမှတ်မရခြင်းတော့ မဟုတ်လောက်တော့။ မိမိ၏ ရုပ်ပုံကိုသာ မမှတ်မိခြင်းဖြစ်မည်။ ဘာပဲဖြစ်ဖြစ် သူ အရမ်းကို ၀မ်းသာသွားမိသည်။ မိမိကဲ့သို့ပင် သူကလည်း မိမိအား သတိရနေသည် မဟုတ်လား။

“ကိုမိုးမြင့်ယံ မေ့ကို ခုလိုလာတွေ့ခိုင်းတာ ဒီအကြောင်းပြောဖို့လားဟင်”
မေမြတ်နိုး၏ အမေးကြောင့် သူအတွေးကိုဖြတ်ရင်း ခေါင်းငြိမ့်ပြလိုက်သည်။

“ဟုတ်ကဲ့ပါ ကိုမိုးမြင့်ယံ၊ ခုလိုပြန်တွေ့ရတဲ့အတွက် ၀မ်းသာပါတယ်ရှင်၊ ဒါပေမယ့် မေ့မှာ အလုပ်လေးတွေ ရှိသေးတာမို့ ခွင့်ပြုပါအုံးနော်”

“ဟုတ်ကဲ့ မမေမြတ်နိုး၊ ဒါပေမယ့် ကျွန်တော်လည်း မမေမြတ်နိုးနဲ့ စကားထပ်ပြောချင်သေးတာမို့ ဘယ်အချိန်လောက်ဆိုရင် အဆင်ပြေနိုင်မလဲမသိဘူး”
မိုးမြင့်ယံက မေမြတ်နိုးအား ခွင့်တောင်းသလိုဖြင့် မေးလိုက်သည်။

“မနက်ဖြန်ညနေဘက်လောက်တော့ မေအားပါတယ် ကိုမိုးမြင့်ယံ”
မေ မိုးမြင့်ယံအား ကြည့်လိုက်ရင်း ဖြေလိုက်၏။

“ဟုတ်ကဲ့ မမေမြတ်နိုး၊ ဒါဆို မနက်ဖြန်ညနေငါးနာရီလောက် ကျွန်တော့်ဘန်ဂလိုရှေ့မှာတွေ့ကြတာပေါ့”

“ဟုတ်ကဲ့ ကိုမိုးမြင့်ယံ၊ ဒါဆို မေ့ကို ခုခွင့်ပြုပါအုံးနော်”

“ကောင်းပါပြီ ခင်ဗျာ”
မိုးမြင့်ယံဆီမှ စကားဆုံးသည်နှင့် မေမြတ်နိုး တာဝန်ကျရာ reception သို့ ဆက်ထွက်လာလိုက်တော့၏။

♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠

ထိုနေ့တစ်နေ့လုံး မေမြတ်နိုး စိတ်တွေအရမ်းကို လှုပ်ရှားနေမိသည်။ “ကိုဘုန်းရေ … မေ အခုအရမ်းကို စိတ်တွေလှုပ်ရှားနေတယ်သိလား၊ မေ ပျော်လွန်းလို့ ဘာလုပ်ရမလဲတောင် မသိတော့ဘူး၊ ကိုဘုန်းကိုလေ ခုချက်ချင်းတောင် ပြေးပြောချင်နေပြီ သိလား၊ အင်း … ညကျရင်တော့ ကိုဘုန်းဆီ ဖုန်းဆက်ပြောအုံးမယ်” မေတစ်ယောက်တည်း စိတ်ထဲမှ ပြောနေမိသည်။ မေ့မျက်နှာက ပျော်ရွှင်မှုကြောင့် အပြုံးတွေဖြင့် လွှမ်းနေ တော့သည်။

“မေနိုး …”
ခေါ်သံကြောင့် မေ အတွေးများဖြတ်လိုက်ရင်း မော့ကြည့်လိုက်မိသည်။

“ဘာတွေများ သဘောကျနေတာလဲ မေနိုး၊ ကျွန်တော်ကြည့်နေတာကြာပြီ၊ ကျွန်တော်အနားရောက်လာ တာတောင် မသိဘူးထင်တယ်၊ ဘာလဲ မုန့်ဖိုးတွေဘာတွေများ အိမ်က ပို့လိုက်လို့လား”
ကိုလှိုင်ထွန်းက မေ့အားခေါ်ရင်း တစ်ဆက်တည်းပြောလိုက်တော့သည်။

“မဟုတ်ပါဘူး အစ်ကိုလှိုင်ထွန်းရဲ့”
မေ ကိုလှိုင်ထွန်းအား ပြုံးပြလိုက်ရင်း ခပ်သွက်သွက်ဖြင့် ဖြေလိုက်သည်။

“မဟုတ်ဘူးလား၊ ဒါဖြင့် ဘာကို ဒီလောက်သဘောကျနေတာလဲ၊ ကျွန်တော့်ကိုလည်း ပြောပါအုံး”

“ဘာမှ မဟုတ်ပါဘူး အစ်ကိုလှိုင်ထွန်းရယ်”

“ဟေး … ဒီနှစ်ယောက် ဘာတွေသဘောကျနေကြတာလဲ”

“ဒီမှာလေ မေနိုးရယ်လေ၊ တစ်ယောက်တည်း ဘာတွေသဘောကျနေတယ် မသိဘူး၊ တစ်ချိန်လုံး ပြုံးနေလို့၊ အဲဒါသူ့ကို ဘာတွေသဘောကျနေလဲလို့ မေးနေတာလေ၊ သူက ဘာမှမဟုတ်ဘူးချည်း ပြောနေလို့”
ကိုလှိုင်ထွန်းက မေတို့အား လှမ်းမေးရင်း အနားရောက်လာသော မခိုင်မာအား ပြန်ပြောလိုက်လေသည်။

“ဟုတ်တယ် လှိုင်ထွန်းရေ … မနက်ကတည်းက မိုးမြင့်ယံဆိုတဲ့ သူကို သွားတွေ့ပြီးကတည်းက အဲလိုဖြစ်နေတာ”

“သူက ဘယ်သူလဲမေ၊ မေ ချစ်သူများလား၊ ဒါကြောင့် ပျော်နေတာလား”
ခိုင်မာက ကိုလှိုင်ထွန်းကိုလည်း ပြောရင်း တစ်ဆက်တည်း မေ့ကိုပါ လှမ်းမေးလိုက်၏။

“မဟုတ်တာ မမခိုင်ရယ်”
မခိုင်မာ အမေးကြောင့် မေ ရှက်သွေးဖြာကာ မျက်နှာက ရဲလာတော့သည်။

“မဟုတ်ဘူးသာ ပြောတယ်နော် မေ၊ မျက်နှာကြီးက ရဲနေပြီ”

“ဟား … ဟား … ကောင်မလေးတစ်ယောက်တော့ ရှက်နေပြီ”
ကိုလှိုင်ထွန်းကလည်း မေ့ပုံစံကိုကြည့်ပြီး မေ့အား စနေတော့သည်။

“မဟုတ်ပါဘူးဆိုနေမှ အစ်ကိုလှိုင်ထွန်းနဲ့ မမခိုင်ကလဲ၊ မေ သွားတော့မယ်”
မေက မခိုင်မာနှင့် ကိုလှိုင်ထွန်းတို့အား ပြောလည်းပြော သူတို့အနားမှလည်း ပြေးထွက်လာခဲ့လိုက်သည်။

♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠

Read More...

------------------------

Tuesday, July 24, 2007

ချစ်ရသော သူငယ်ချင်းများသို့ ...





ဘ၀မှာ သူငယ်ချင်း အပေါင်းအသင်းမိတ်ဆွေဆိုတာ အလွန်ကို အရေးကြီးပါတယ် ...

ဘ၀တစ်လျှောက်လုံးမှာ အပေါင်းအသင်း မိတ်ဆွေ၊ သူငယ်ချင်းမရှိဘဲ ရပ်တည်သွားဖို့ဆိုတာ တော်တော်ကို ခက်ခဲတယ်လို့ ထင်မိပါတယ် ...

ကိုယ့်ရဲ့ ကောင်းချက်၊ ဆိုးချက်တွေကို လက်ခံနိုင်ပြီး “အေးအတူ ပူအမျှ”ဆိုတဲ့ စကားလေးအတိုင်း ၀မ်းသာတာ၊ ၀မ်းနည်းတာတွေကို မျှဝေခံစားပေးနိုင်တဲ့ သူငယ်ချင်းတစ်ယောက်၊ ကိုယ်လိုအပ်တဲ့အချိန်မှာ ကိုယ့်အနားမှာ အမြဲအသင့်ရှိနိုင်တဲ့ သူငယ်ချင်းအစစ်အမှန်၊ သူငယ်ချင်းကောင်းတစ်ယောက်လောက်တော့ ဘယ်သူမဆိုလိုချင်ကြမှာပါ ...

ဒါပေမယ့် ကိုယ်က သူငယ်ချင်းကောင်း မိတ်ဆွေစစ်တစ်ယောက်လိုချင်တယ်ဆိုရင် ကိုယ် ကိုယ်တိုင်ကလည်း ကိုယ့်ရဲ့သူငယ်ချင်းတွေအတွက် သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားဖို့လည်း လိုအပ်ပါတယ် ...

ဒါကြောင့် သူငယ်ချင်းများအားလုံးလည်း တစ်ပါးသူအတွက် သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်အောင် ကိုယ့်ဘာသာ ကြိုးစားနိုင်ပြီး ကိုယ့်မှာလည်း တစ်ယောက်မကသော သူငယ်ချင်းကောင်းများရနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ် ...


တဆက်တည်း ကောင်းကင်ရဲ့ ချစ်ရပါသော သူငယ်ချင်းသုံးယောက်ကိုလည်း ကောင်းကင်နဲ့အတူု ရယ်၊ အတူ ငိုပြီး ကောင်းကင် လိုအပ်တဲ့အချိန်တိုင်းမှာ အမြဲအသင့်ရှိပြီး ကူညီခဲ့တဲ့အတွက် အလွန်ဝမ်းသာကြည်နူးရပြီး ထာဝရ ကျေးဇူးတင်နေပါကြောင်း ...



Read More...

------------------------

အချစ်နှင့်အတူ (၆)

(၇)

မိုးမြင့်ယံသည် သူငယ်ချင်းဖြစ်သူ သက်ဇော်ကြောင့်သာ မဟုတ်လျှင် ဤနေရာသို့ လာဖြစ်မည်မဟုတ်။ ထိုသို့ဆိုလျှင် မိမိတစ်ချိန်က အမှတ်မထင်ဆုံတွေ့ခဲ့သော ထိုမိန်းကလေးအားလည်း ထိုနေရာတွင် ပြန်တွေ့ ရလိမ့်မည် မဟုတ်ပေ။ မိမိ၏ အောင်မြင်မှု၊ ကြွယ်ဝမှုများကို မက်မောကာ သားမက်တော်ချင်ကြသော သမီးရှင်များ မိမိဘေးတွင် အများအပြားရှိသော်လည်း မိုးမြင့်ယံတစ်ယောက်ကိုမျှ စိတ်ဝင်စားခြင်းမရှိခဲ့ပေ။ ဘယ်မိန်းကလေးကမှလည်း သူ့အား ဆွဲဆောင်နိုင်ခြင်း၊ ရင်ခုန်စေခြင်းလည်း မရှိခဲ့ပေ။ သို့သော်လည်း ထိုမိန်းကလေးကတော့ မိုးမြင့်ယံအား မြင်မြင်ချင်းတွင်ပင် ခံစားမှုတစ်ခုကို ပေးစွမ်းနိုင်ခဲ့သည်။ ဘာဆိုတာ သူယနေ့တိုင် သေချာစွာအဓိပ္ပါယ်မဖွင့်နိုင်ခဲ့ပေမယ့် ထိုမိန်းကလေးအား သူအမြဲလိုလို သတိရနေမိ၊ တွေ့ချင် နေမိသည် မဟုတ်ပါလား။

သက်ဇော်က မိမိအား သူ့ဟိုတယ်ပြန်လည်ပြင်ဆင်ရန်အတွက် အတင်းအကြပ်အကူအညီတောင်းခဲ့၍သာ သူ ဤကမ်းခြေသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ထိုမိန်းကလေးအလုပ်လုပ်သော ဟိုတယ်က သက်ဇော်၏ဟိုတယ် ဘေးတွင်တည်ရှိနေခြင်းကလည်း သူတို့နှစ်ယောက်ဆုံဆည်းဖို့အတွက် အကြောင်းတစ်ခု ဖြစ်လာခဲ့သည်။ မိုးမြင့်ယံ ရောက်ပြီး သုံးရက်မြောက်သောနေ့တွင်မှ ထိုမိန်းကလေးအား တွေ့ခဲ့ခြင်းဖြစ်သည်။ မိုးမြင့်ယံ ရောက်သည့်နေ့ကတည်းက မိုးက အဆက်မပြတ်ရွာနေသောကြောင့် သူရေလည်းမကူးနိုင်။ ထိုနေ့ကတော့ တိုက်တိုက်ဆိုင်ဆိုင် ရာသီဥတုကလည်း သာယာ၊ သူကလည်း ရေကူးချင်စိတ်ပေါ်လာသောကြောင့် ပင်လယ်ဘက်သို့ထွက်အလာတွင် ထိုမိန်းကလေးအား သူတွေ့လိုက်ခြင်းဖြစ်၏။

ကောင်မလေးက မိမိတည်းခိုရာဟိုတယ်၏ ဘေးဟိုတယ်မှ ဒန်းကလေးပေါ်တွင် ထိုင်နေသည်ကို သူ လှမ်းမြင်လိုက်ခြင်းဖြစ်သည်လေ။ ကောင်မလေးကတော့ မိမိအား ဂရုထားမိပုံမပေါ်။ သူ့ဘာသာ ဘာတွေ တွေးနေသည်မသိ။ ထိုကောင်မလေးအား တွေ့တော့ သူရေကူးရန်ဆက်မသွားတော့ဘဲ ဟိုတယ်သို့ပြန်ကာ အ၀တ်အစားလည်းပြီး ကောင်မလေးရှိရာ ဒန်းကလေးဆီသို့ ထွက်ခဲ့လိုက်တော့သည်။ ထို့နောက်တွင်တော့ ထိုကောင်မလေးအား
“ဒီမှာ … ခင်ဗျားက ဒီဟိုတယ်မှာ တည်းနေတာလား”
ခပ်တည်တည်ဖြင့် သူမေးလိုက်သည်။

ခပ်မာမာဖြင့် မေးလာသောအသံကြောင့် မေမြတ်နိုးက ခေါင်းမော့ကြည့်လိုက်ရင်း

“မေ့ကို မေးနေတာလား” ပြန်လည်မေးလိုက်၏။ ထို့နောက် ပတ်ဝန်းကျင်အားလည်း တစ်ချက်ကြည့်လိုက်မိသည်။

“ဟုတ်တယ် ခင်ဗျားကို မေးနေတာ”

“မေ့ကို မေးနေတာဆိုတော့ ရှင်က မေ့ကို သိလို့လား၊ ရှင်က ဘယ်သူလဲ”

“သိလို့မေးတာလေ၊ မသိဘဲနဲ့ ဘာလို့မေးမှာလဲ၊ ခင်ဗျား ကျွန်တော့်ကို တကယ်ပဲ မမှတ်မိဘူးလား”

မေက ထိုပုဂ္ဂိုလ်အား အံ့သြစွာဖြင့် ထပ်မံကြည့်လိုက်သည်။ မေ့အား အသားလွတ်လာဟောက်နေသည်။ သူ သိသည်ဆိုလျှင်လည်း မေ့ကို ကောင်းကောင်းမွန်မွန် မေးလို့ရသည်ပဲလေ။ ယခုတော့ သူက မိမိအား သူ့လက်အောက်ငယ်သားတစ်ယောက်ပမာ လာရောက်ပြောဆိုနေသည်။ သူ့ကို မမှတ်မိ၍လည်း မေ့ကို တော်တော်စိတ်ဆိုးနေပုံပင်။ မေကလည်း မေပဲ။ လူတစ်ယောက်ကို ဘယ်တော့မှ ချက်ချင်းမမှတ်မိ။ မတွေ့တာကြာလေ ပိုဆိုးလေဖြစ်၏။ ယခုလည်း ထိုသူကို မြင်ဖူးသလိုလိုရှိပေမယ့် ဘယ်မှာမြင်ဖူးသည်ကို လုံးဝကိုစဉ်းစား၍မရပေ။ မိုးမြင့်ယံကလည်း မိမိအား ဘာမှမပြောဘဲ အံ့သြသလိုကြည့်နေသော မေမြတ်နိုး၏အမူအယာကြောင့် စိတ်ထဲတွင် အောင့်သက်သက် ဖြစ်လာတော့သည်။ သူက သတိရနေသော၊ စိတ်ဝင်စားသော မိန်းကလေးက သူ့အား နည်းနည်းလေးတောင် မှတ်မိပုံမရပေ။ သူ့ကိုလည်း ဂရုမစိုက်သည့်ပမာ။ တစ်သက်လုံးက မိန်းကလေးများ၏ အရေးတယူပေးမှုကိုသာ ခံခဲ့ရသော သူ့အတွက် ထိုမိန်းကလေး၏ အပြုအမူက စိတ်ဆိုး ဒေါသဖြစ်ချင်စရာ အလွန်ကောင်းသည်။ မိမိအား ဇာတ်လမ်းလာထွင်သော ခပ်ညံ့ညံ့သူတစ်ယောက်ဟု ထင်နေသည့်ပုံ။ ဒါကြောင့်လည်း သူ ပိုစိတ်ဆိုးခြင်းဖြစ်သည်။

“ဒီမှာ ကျွန်တော်မေးတာ ဖြေပါအုံး”
မိုးမြင့်ယံက မာဆတ်ဆတ်အသံဖြင့် မေးလိုက်သည်။ မိုးမြင့်ယံ၏ အမေးကြောင့် မေ အတွေးကို ဖြတ်ရင်း

“ဟုတ်ကဲ့၊ မေ စိတ်မကောင်းပါဘူး၊ ရှင် ဘယ်သူဆိုတာကို မေ လုံးဝကို စဉ်းစားလို့မရလို့ပါ”
ခပ်တိုးတိုးဖြင့် ပြောလိုက်မိသည်။

“ဒါဖြင့် ခင်ဗျား ကျွန်တော့်ကို လုံးဝ မမှတ်မိဘူးပေါ့”

“ဟုတ်ကဲ့”

“ဒါဆိုလည်း နေပါစေတော့၊ ကျွန်တော့်ကို ခွင့်ပြုပါအုံး”

“ရှင် … ဟုတ် … ဟုတ်ကဲ့”
ထိုလူ့စကားကြောင့် မေ ရုတ်တရက်ကြောင်သွားပြီး ထစ်ထစ်အအဖြင့် ဖြေလိုက်မိတော့သည်။

မိုးမြင့်ယံ ထိုကောင်မလေးရှေ့မှ ထွက်လာခဲ့သော်လည်း စိတ်ထဲတွင် လုံးဝကို မကျေနပ်မိပေ။ သူ ဒီလောက် မေးနေတာတောင် နည်းနည်းလေးမှ မှတ်မိလာပုံမရ။ ထိုကောင်မလေးအား သွားခေါ်မိသော သူ့ကိုယ်သူပဲ ဒေါသဖြစ်မိတော့သည်။ တဆက်တည်း ထိုမိန်းကလေးအား မိမိကို မှတ်မိအောင်လုပ်ချင်စိတ်များ တဖွားဖွား ဖြစ်လာမိတော့၏။ ထို့ကြောင့် သူ ထိုမိန်းကလေးရှိရာ ဟိုတယ်သို့ပြောင်းရန် ဆုံးဖြတ်လိုက်တော့သည်။

မိုးမြင့်ယံတွေးနေသလို တစ်ဖက်ကလည်း မေမြတ်နိုးက ထိုလူအကြောင်းကို တွေးနေမိလေသည်။ မိမိအား လာရောက်ခေါ်ပြီး မှတ်မိလားမေးကာ မိမိက မမှတ်မိဟုလည်းဆိုရော စိတ်ဆိုးသည့်ပုံစံနှင့် ထွက်သွားသော ထိုသူအား မေအံ့သြနေမိသည်။ ယခုထိတိုင်အောင်လည်း ထိုသူ ဘယ်သူဘယ်ဝါဆိုတာ မေ စဉ်းစားမရပေ။ မေ့အတွက် ထိုသူက အဖြေရှာရခက်သော ပုစ္ဆာတစ်ပုဒ်ပမာ ကျန်ရစ်ခဲ့တော့သည်။ ထို့နောက် မေ ခေါင်းတစ်ချက်ခါလိုက်ပြီး ထိုနေရာမှ ထွက်လာခဲ့လိုက်တော့သည်။

♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠

နောက်တစ်နေ့နံနက်စောစောတွင် မေမြတ်နိုး ဂျူတီဝင်ရန်အတွက် Reception သို့ထွက်လာခဲ့လိုက်သည်။ Reception သို့ရောက်လျှင်ရောက်ချင်း မခိုင်မာက မေ့အား

“မေရေ … မနေ့က ဧည့်သည်တစ်ယောက် ရောက်လာတယ်”

“ဟုတ်လား မခိုင်”

“အင်း ဟုတ်တယ် မေ”

မခိုင်မာက မေ့အား ပြောလည်းပြော သေချာလည်း ကြည့်နေသည်။ သူ့ပုံစံက တစ်ခုခု နားမလည်သလို။ ဒါပေမယ့် မေကတော့ အဲဒါကို သိနေမည်ဆိုသောပုံစံ။မခိုင်မာ၏ အပြုအမူကြောင့် မေ အနည်းငယ် အံ့သြလာမိသည်။ ဧည့်သည်တစ်ယောက်ရောက်လာကြောင်း မေ့အား ပြောပြီး ယခုလည်း မေ့အား သေချာကြည့်နေသည်။ ထိုဧည့်သည်က ဘာဖြစ်လို့များလဲ။ မေ့ ဧည့်သည်များလား။ မေ့ အသိထဲတွင်လည်း ဒီကိုလာမည်ဟု ပြောထားသောသူမရှိ။ ထို့ကြောင့် မေ မခိုင်မာကိုကြည့်လိုက်ရင်း

“အဲဒီ ဧည့်သည်က ဘာဖြစ်လို့များလဲ မခိုင်မာ … ကိုဘုန်းလိုပဲ အရေးကြီးဧည့်သည်မို့လား”

စိတ်ဝင်စားစွာဖြင့် မေးလိုက်မိသည်။

မခိုင်မာက ခေါင်းခါပြလျက်

“မဟုတ်ဘူး မေ၊ အဲဒီဧည့်သည်က ဒီကိုရောက်ရောက်ချင်း မေ့ကိုမေးနေတယ်၊ မေ ဒီမှာ အလုပ်လုပ်တာ လည်း မသိဘူးထင်တယ်၊ မေ့ကို ဒီမှာတည်းနေတယ်လို့ ထင်နေပုံပဲ”

ပြောလိုက်သည်။

“ဟုတ်လား”

“ဟုတ်တယ် မေ၊ နောက်ပြီး မခိုင်က မေက ဒီမှာတည်းနေတာ မဟုတ်ဘူး၊ ဒီမှာ အလုပ်လုပ်နေတာပါ၊ ဒီနေ့တော့မလာဘူး၊ မနက်ဖြန်မှလာမှာပါဆိုတော့ မေ ရောက်ရင် သူ့ဆီ ချက်ချင်းလာဖို့ မခိုင်ကို သေချာ မှာသွားတယ် မေ”

မခိုင်မာက သေချာရှင်းပြလိုက်သည်။မေက အနည်းငယ်အံ့သြသွားလျက်

“ဟုတ်လား မခိုင်၊ သူ့နာမည်က ဘယ်လိုခေါ်လဲ မမခိုင်”

မခိုင်မာအား မေးမိတော့သည်။

“နာမည်က ဦးမိုးမြင့်ယံတဲ့ မေ၊ ရန်ကုန်က လာတာ၊ သူ့အခန်းက (၁၃၀၇)”

“ဟုတ်ကဲ့ မမခိုင်၊ ဒါဆို မေ အခုသွားလိုက်မယ်နော်”

မခိုင်မာက ဘာမှမပြောတော့ဘဲ ခေါင်းသာငြိမ့်ပြလိုက်တော့သည်။

မေမြတ်နိုးလည်း ဦးမိုးမြင့်ယံ ဆိုသော ပုဂ္ဂိုလ်အကြောင်းကို စဉ်းစားရင်း သူတည်းခိုရာအခန်းသို့ ထွက်လာ လိုက်တော့၏။

Read More...

------------------------

Monday, July 23, 2007

အချစ်နှင့်အတူ (၅)

(၆)

“မောင်နှံကျွန်း” မှပြန်လာပြီး နောက်ပိုင်းတွင် မေမြတ်နိုးနှင့် ဘုန်းမင်းခန့်တို့၏ ခင်မင်မှုက တစ်စတစ်စ တိုးလာခဲ့သည်။ တကယ့် မောင်နှမရင်းများသဖွယ် ဆိုးတိုင်ပင် ကောင်းတိုင်ပင် အဖော်များ ဖြစ်ခဲ့သည်။ တစ်ယောက်၏ အခက်အခဲကို တစ်ယောက်က နားလည်ဖြေရှင်းပေးရင်း တစ်ဦးအပေါ်တစ်ဦး နားလည်မှုက တိုးလာခဲ့သည်။ တစ်ခါတစ်လေတော့လည်း မောင်နှမတွေကဲ့သို့ပင် ရန်ဖြစ်သည့်အခါများလည်း ရှိခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် အဆင်ပြေ၍ ပျော်ရွှင်စရာ အမှတ်ရစရာ အဖြစ်များသာ ဖြစ်ခဲ့တော့သည်။

သဲသောင်ပြင်ပေါ်တွင် မေမြတ်နိုးတို့အတူ လမ်းလျှောက်လာခဲ့ကြ၏။ ညနေခင်းမို့ လေပြေနုလေးများက တိုက်ခတ်နေသည်။ ပင်လယ်လေကို တ၀ကြီးရှူရှိုက်ရသောကြောင့် မေမြတ်နိုး စိတ်များက လန်းဆန်း တက်ကြွနေသည်။ သို့သော်လည်း မေ အနည်းငယ်လည်း စိတ်မကောင်းဖြစ်မိသည်။ မနက်ဖြန်ဆိုလျှင် မေ့ အစ်ကိုရင်းသဖွယ် ချစ်ခင်လေးစားအားကိုးရသော အစ်ကိုဒေါက်တာဘုန်းမင်းခန့်က ရန်ကုန်သို့ ပြန်တော့ မည် မဟုတ်ပါလား။ မေ ကိုဘုန်းအားတစ်ချက်လှည့်ကြည့်လိုက်ရင်း

“ကိုဘုန်း ...”

“ဗျာ …”

“မနက်ဖြန်ဆို ကိုဘုန်း ရန်ကုန်ပြန်တော့မှာနော်၊ မေတော့ ကိုဘုန်းပြန်သွားရင် ပျင်းနေတော့မှာ”

“သတိရနေမယ်တော့ မဟုတ်ဘူး၊ ပျင်းနေတော့မယ်တဲ့၊ တော်တော်ကောင်းတဲ့ ညီမပဲ”

“ဟိ … သတိရနေမယ်ဆိုတာက ထည့်ပြောစရာမှ မလိုဘဲလေ၊ မေ့ အကြောင်း ကိုဘုန်းသိသားပဲ၊ မေ နှုတ်က မပြောပေမယ့် ကိုဘုန်းကို မေ သတိရနေမယ်ဆိုတာ သိရဲ့သားနဲ့”

“ဟုတ်ပါပြီဗျာ၊ ကိုယ်လည်း မြတ်နိုးကို သတိရနေမှာပေါ့၊ ဒီညီမလေးတစ်ယောက်ရှိတာ၊ နောက်ပြီး ကိုယ်အဆင်ပြေရင်ပြေသလို ဖုန်းလည်းဆက်မှာပေါ့ ဟုတ်ပြီလား”

“ဟုတ်”

“အင်း နောက်ပြီး စိတ်မကောင်းလည်း ဖြစ်မနေနဲ့ ဟုတ်လား၊ နောက်လည်း တွေ့ ကြရမှာဘဲကို၊ ဟိုကောင်လေးကိုလည်း သတိရပြီး တစ်ယောက်တည်းကျိတ်ပြီးတော့လဲ ငို ငိုမနေနဲ့အုံး၊ လျှောက်လည်း မသွားနဲ့အုံး၊ ဟိုတစ်ခါလိုလေ၊ အဲတုန်းက အစ်ကိုသာ မရှိရင် မြတ်နိုးတစ်ယောက်တည်း ဘယ်လိုလုပ်မလဲ၊ မိုးတွေကြားမှာ၊ “မောင်နှံကျွန်း” လည်း သူ့အလှည့် မှဘဲ အလွမ်းဖြေရာကျွန်းဖြစ်တော့တယ်၊ သူများတွေရဲ့ အချစ်နဲ့ဆုံစည်းရာကျွန်းက သူနဲ့ မှ နာမည်ပြောင်းရတော့မယ်”
ဘုန်းမင်းခန့်က ပြောလည်းပြော မေမြတ်နိုး၏ ခေါင်းလေးကိုလည်း လှမ်းထုလိုက်သည်။

မေက ဇက်ကလေးပုရင်း
“ဟုတ်ပါပြီ ကိုဘုန်းရဲ့နော်၊ လူကို ပြောနေတာများ … ဟင်း”
ဆူပုတ်ပုတ်ကလေးနှင့် ပြောလိုက်သည်။

“ဒါဖြင့် မဟုတ်လို့လား”

“ဟုတ်တယ်လေ၊ ဟိဟိ”
မေမြတ်နိုးက ပြောင်စပ်စပ်ဖြင့် ဖြေလိုက်တော့၏။ ထို့နောက် …

“ဒါနဲ့ ကိုဘုန်းက မေတို့ဟိုတယ်မှာ မင်္ဂလာဧည့်ခံပွဲလာလုပ်မှာဆို၊ အဲဒါလုပ်ဖြစ်လား”

“ဘာဖြစ်လို့လဲမြတ်နိုး”

“သြော် … ဒီလိုလေ ကိုဘုန်းရဲ့၊ ကိုဘုန်းလာမယ့်နေ့က မန်နေဂျာဦးလေးက မေတို့ကို ပြောတယ်လေ၊ ကိုဘုန်းက ကိုဘုန်းမင်္ဂလာဧည့်ခံပွဲကို ဒီမှာလာလုပ်ဖြစ်ချင်လုပ်ဖြစ်မှာတဲ့၊ ဒါကြောင့် ကိုဘုန်းကို အားလုံးက ဂရုစိုက်ရမယ်လို့ပြောလို့”

“ဟုတ်လား”

“ဟုတ်”

“အင်း၊ ဟုတ်တယ် မြတ်နိုးရဲ့၊ ဒါပေမယ့် ခုချက်ချင်းတော့ မဟုတ်သေးပါဘူး၊ နောက်နှစ်ဆန်းလောက်မှဘဲ ဖြစ်မယ် ထင်တယ်”

“ဟုတ်လား”

“အင်း”

“ဒါဆို မေ ရန်ကုန်ပြန်လာရင် ကိုဘုန်းရဲ့ ဇနီးလောင်းလေးနဲ့ မေ့ ကို မိတ်ဆက်ပေးလေနော်၊ ယောင်းမ ချောချောလေးနဲ့လေ၊ မိတ်ဆက်ပေးမယ် မဟုတ်လား”

“အင်းပါ၊ ဟုတ်ပါပြီ”

“နာမည်ကကော ဘယ်လိုခေါ်လည်း ကိုဘုန်း”

“မြတ်နိုး ရန်ကုန်လာမှဘဲ လူကော နာမည်ကော မိတ်ဆက်ပေးမယ်၊ ဟုတ်ပြီလား”

“ဟုတ်ပါပြီ၊ ကပ်စေးနည်းကြီး ဦးဘုန်းမင်းခန့်ရဲ့၊ နာမည်လေးပြောရမှာတောင် ကပ်စေးနည်းတယ်၊ ဦးကပ်စေးကြီး”

မေမြတ်နိုး၏ အပြောကြောင့် ဘုန်းမင်းခန့် သဘောကျကာ ရယ်မိတော့သည်။ ထိုကောင်မလေးက ဘယ်လို ကောင်မလေးမှန်းမသိ။ လူကြီးဆန်လျှင်လည်း သူ့လောက် လူကြီးဆန်သည့်သူမရှိ၊ ကလေးဆန်ပါကလည်း ဘယ်သူမှ လိုက်မမှီ။ တစ်ဦးတည်းသောသမီးဖြစ်ပေမယ့် အခြားသူများနှင့်မတူ။ တစ်ကိုယ်ကောင်းဆန်ခြင်း မရှိ။ တစ်ဖက်သားအပေါ် အလွန်ပင်ညှာတာနားလည်တတ်သောသူကလေးဖြစ်သည်။ ထို့ကြောင့်လည်း ထိုကောင်မလေးအား သူ့ ညီမအငယ်ဆုံးပမာ တကယ်ပင်ချစ်ခင်မိခြင်းဖြစ်သည်။ သူ့အတွက်တော့ တကယ်ကို ညီမဆိုးလေးတစ်ယောက် ကောက်ရထားသလိုပင်။

“ဦးကပ်စေးကြီး၊ ဘာတွေများ ဒီလောက်တွေးနေလဲ၊ သိပ်မတွေးနဲ့လေနော်၊ တော်ကြာ မေ့လို ဆံပင်တွေ ဖြူလာမယ်”
မေက ဘာတွေ တွေးနေမှန်းမသိသော ကိုဘုန်းအား နောက်တောက်တောက်ဖြင့် ပြောလိုက်တော့၏။

“ဒီကောင်မလေးနော်၊ လူကြီးကို နောက်တောက်တောက်နဲ့၊ ဟင်း … ခေါင်းခေါက်လိုက်ရမလား၊ ဒါမှမဟုတ်လည်း နာနာလေးရိုက်လိုက်မှနဲ့တူတယ်”

“ဟော … ပြောရင်းဆိုရင်း ဦးကပ်စေးကနေ ဦးစိတ်ပုပ်ဖြစ်တော့မယ်၊ ဒါပေမယ့် ရပါတယ်လေ၊ အစ်ကိုလုပ်သူက ရိုက်ရက်မှတော့ ညီမလုပ်သူက ထွက်ပြေးရမှာပေါ့၊ ဟုတ်ဖူးလား”

“ဟင် … ညီမလုပ်သူက အရိုက်ခံမှာ ဟုတ်ဖူးလား”
ဘုန်းမင်းခန့်က နားမလည်ဟန်ဆောင်၍ မေ့အား မေးလိုက်လေသည်။

“လူများတွေကတော့ ဟုတ်တယ် ကိုဘုန်းရဲ့၊ ဒါပေမယ့် မေကတော့ ဟုတ်ဖူး၊ မေ့ အတွက်ကတော့ အစ်ကို လုပ်သူ ကိုဘုန်းက မရိုက်ခင် ညီမလုပ်သူ မေက ဟောလိုအရင်ရိုက်ပြီး ထွက်ပြေးမှာ၊ သိပြီလား ကိုဘုန်းရဲ့”
မေက ပြောလည်းပြော ရိုက်လည်းရိုက်ရင်း ထွက်ပြေးလေတော့သည်။

“ဒီကောင်မလေးကတော့ …”
ဘုန်းမင်းခန့် မေမြတ်နိုး၏ အပြုအမူအတွက် သဘောကျကာ ပြုံးမိရင်း ပြောလိုက်သည်။ ထို့နောက် ဆက်၍ …
“လွတ်အောင်ပြေးနော်၊ မိလို့ကတော့ မလွယ်ဘူး မိမြတ်နိုး”
ပြောလိုက်တော့သည်။

မေမြတ်နိုးက ဘုန်းမင်းခန့်အား လျှာထုတ်ပြောင်ပြရင်း ပြေးလေတော့သည်။ ဘုန်းမင်းခန့်က ပြောသာ ပြောလိုက်သော်လည်း တကယ်တမ်းမှာတော့ မလိုက်မိ။ အနီးတွင်ရှိသော ခုံတန်းလေးသို့သာ သွားရောက် ထိုင်လိုက်သည်။

ဘုန်းမင်းခန့်၏ အပြုအမူက ရုတ်တရက်မို့ မေမြတ်နိုး အံ့သြသွားမိသည်။ ထို့ကြောင့် ဆက်မပြေးတော့ဘဲ ဘုန်းမင်းခန့် ရှိရာ ခုံတန်းလေးနားသို့သာ ပြန်လျှောက်လာလိုက်တော့သည်။ ထို့နောက်
“ဘာဖြစ်လို့လဲဟင် ကိုဘုန်း”
အလျင်စလိုဖြင့် မေးလိုက်သည်။

ဘုန်းမင်းခန့်က ဘာမှမပြောဘဲ မေမြတ်နိုးအား ကြည့်လိုက်သည်။

“ကိုဘုန်း ... ဘာဖြစ်တာလဲလို့ဆို၊ မေ့ကို စိတ်ဆိုးသွားတာလား”
မေ ဘုန်းမင်းခန့်အား ထပ်မေးလိုက်သည်။

“ဟား ဟား ဟား”
ဘုန်းမင်းခန့်က ဘာမှမပြောဘဲ ရယ်လိုက်တော့သည်။ ထို့နောက်တွင်မှ

“ကောင်မလေးတစ်ယောက် သနားပါတယ်ကွာ၊ မျက်နှာငယ်လေးနဲ့၊ သိပ်လန့်သွားသလားဟင်၊ ကိုယ်က မြတ်နိုးကို စတာပါ၊ ဘာမှမဖြစ်ဘူး”
ရယ်မောရင်း ပြောလိုက်တော့သည်။

“ကိုဘုန်းနော် ... မေကဖြင့် တကယ် စိတ်ပူသွားတာ၊ သူက ရယ်နေသေးတယ်၊ မခေါ်ဘဲ နေလိုက်တော့ မယ်နော်”
စိတ်ကောက်သလိုဖြင့် ဘုန်းမင်းခန့်အား မေမြတ်နိုး ပြောလိုက်၏။

“မခေါ်ဘဲတော့ မနေပါနဲ့ မမလေးရယ်၊ ကိုယ်က စတာပါ”

“အဲလို စ စရာလားလို့၊ မေ လန့်သွားတာပဲ၊ ပြန်လျော်ပေး၊ ဒါပဲ”

“ဟုတ်ပါပြီ ဗျာ၊ ကဲ ပြော ... ဘယ်လိုလျော်ပေးရမလဲ”

“ဘယ်လိုမှ မလျော်ပေးတော့နဲ့”

“ဘာဖြစ်လို့လဲ မြတ်နိုးရဲ့၊ စိတ်ဆိုးသွားတာလား”

“ဟုတ်တယ်”

“ဟင် … တကယ်စိတ်ဆိုးသွားတာလား၊ မဆိုးပါနဲ့ မြတ်နိုးရယ်၊ မြတ်နိုးစလို့ ကိုယ်က ပြန်စတာပဲလေ”

“စိတ်ဆိုးသွားတယ်လို့ ဘယ်သူပြောလို့လဲလို့၊ ကိုဘုန်း ပြန်အညာခံလိုက်ရပြီ”
မေမြတ်နိုးက ပြောင်စပ်စပ်ဖြင့် ပြောလိုက်လေသည်။

“ဟုတ်ပါပြီ၊ မိမြတ်နိုးရယ်၊ ပြောကို မပြောချင်ဘူး၊ တော်တော်ပျော်နေတယ်ပေါ့လေ၊ ဟုတ်လား”

“ဟုတ် ပျော်တာပေါ့ ကိုဘုန်းရဲ့”

“အင်းပါ၊ သိပါတယ်၊ မနက်ဖြန် ကိုယ်ပြန်တော့မှာမို့ ပျော်နေတယ်မဟုတ်လား၊ နားညည်းသက်သာပြီဆိုပြီး တော့လေ”

“အင်းပေါ့၊ ဟုတ်တာပေါ့ ကိုဘုန်းရဲ့”
မေမြတ်နိုးက ခပ်တည်တည်ဖြင့် ပြောလိုက်တော့သည်။ ထို့နောက်မှ

“ကိုဘုန်းကလဲနော်၊ အဲလိုသဘောမျိုး မေ့မှာမရှိတာ သိရဲ့သားနဲ့၊ မနက်ဖြန်ဆို ကိုဘုန်းက ပြန်တော့မှာ မဟုတ်လား၊ ဒါကြောင့် မေက ကိုဘုန်းပျော်အောင် စနေတာပါ”
စိတ်မကောင်းသံဖြင့် မေ ပြောလိုက်မိပြန်သည်။

“အင်းပါ၊ ဟုတ်ပါပြီ မြတ်နိုးရဲ့၊ ခု တခြားအကြောင်းပြောကြရအောင်နော်”
ဘုန်းမင်းခန့်က မေမြတ်နိုးအား ကြည့်ရင်းပြောလိုက်တော့၏။

“ဟုတ်၊ ဘာအကြောင်းပြောမလဲ ကိုဘုန်း”

“ရန်ကုန်ကို မြတ်နိုး ဘာမှာအုံးမလဲ၊ နောက်ပြီး မြတ်နိုးကော ရန်ကုန်ကို ဘယ်တော့လောက်ပြန်လာမလဲ”

“ထွေထွေထူးထူးတော့ မှာစရာမရှိပါဘူး ကိုဘုန်း၊ မေ အိမ်ကိုလည်း အမြဲလိုလို ဖုန်းဆက်ဖြစ်တယ်လေ၊ မေ ဒီမှာအားလုံးအဆင်ပြေတယ်ဆိုတာ မေ့ မိဘတွေကို ပြောပြထားပါတယ်၊ ရန်ကုန်ကိုကတော့ မေ အောက်တိုဘာလောက် ပြန်လာဖြစ်မယ်ထင်တယ်၊ သီတင်းကျွတ်မှာ မေ့မိဘတွေကို ပြန်ကန်တော့ဖို့လေ၊ ခွင့်လည်းရမယ်ထင်ပါတယ်”

“အင်း မြတ်နိုး”

“မေက နည်းနည်းဆိုးတယ် မဟုတ်လား ကိုဘုန်းရယ်၊ မေ့ ၀ါသနာကြောင့် အားလုံးတားနေတဲ့ကြားက ဒီကို ဇွတ်ထွက်လာခဲ့တယ် မဟုတ်လား၊ ဒါကြောင့် တစ်ခါတစ်လေတော့လည်း မေ စိတ်မကောင်း ဖြစ်မိတယ်”
အသံတိမ်တိမ်ကလေးနှင့် မေမြတ်နိုး ပြောလိုက်မိသည်။ မေ့ မျက်ဝန်းတွင်လည်း မျက်ရည်များ ဝေ့တက် လာတော့သည်။

ဘုန်းမင်းခန့်က မေမြတ်နိုးအား စိတ်မကောင်းစွာဖြင့် ကြည့်လိုက်မိ၏။ ထို့နောက် မေမြတ်နိုးလက်ကလေး အား လှမ်းကိုင်လိုက်ရင်း နှစ်သိမ့်လိုက်မိသည်။

“ဒီလိုလည်း ဘယ်ဟုတ်မလဲ မြတ်နိုးရယ်၊ မြတ်နိုးမိဘတွေက မြတ်နိုးကို နားလည်မှာပါ၊ မြတ်နိုးက မကောင်းတာ လုပ်တာမှ မဟုတ်ဘဲလေ၊ ၀ါသနာပါတဲ့ အလုပ်ကိုလုပ်တာပဲ မဟုတ်လား၊ ဒါကြောင့် ဘာမှ စိတ်မကောင်းဖြစ်မနေပါနဲ့၊ ဟုတ်ပြီလား”

“ဟုတ်ကဲ့ပါ ကိုဘုန်းရယ်”

“ကဲ ဒါဖြင့် သွားကြရအောင် မြတ်နိုး၊ ကိုယ်လည်း မနက်အတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ရအုံးမယ် လေ”

“ဟုတ် ကိုဘုန်း”
ထို့နောက် မေတို့ ဘာစကားမှ ထပ်မပြောဖြစ်တော့ဘဲ ကိုယ့်အတွေးနှင့်ကိုယ် နေလိုက်ရင်း ဟိုတယ်သို့ ပြန်ခဲ့ကြတော့သည်။

♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠

နောက်တစ်နေ့နံနက်ခင်းစာ စားပြီးသည်နှင့် ဘုန်းမင်းခန့်တစ်ယောက် ရန်ကုန်သို့ ပြန်ရန် ပြင်ဆင်တော့ သည်။ တကယ်တမ်းပြန်ရတော့မည်ဆိုတော့လည်း ဘုန်းမင်းခန့်ရော မေမြတ်နိုးပါ စိတ်မကောင်း အလွန် ဖြစ်မိသည်။ ခင်မင်တာမကြာသေးပေမယ့် သူတို့ရဲ့ခင်မင်မှုက နက်ရှိုင်းသည်မဟုတ်လား။ ထို့ကြောင့်လည်း နှစ်ယောက်စလုံး အလွန်ပင်ခံစားကြရသည်။ နှုတ်ဆက်စကားဆိုရင်း မေမြတ်နိုးကတော့ မျက်ရည်များ ၀ဲနေတော့သည်။

“ကိုဘုန်း ကားကို သတိထားမောင်းနော်”

“အင်းပါ မြတ်နိုးရယ်၊ မြတ်နိုးလည်း အစစအရာရာ ဂရုစိုက်နော်”

“ဟုတ်ကဲ့ ကိုဘုန်း”

“စိတ်ချသွားပါ ကိုဘုန်းမင်းခန့်ရယ်၊ သစ္စာတို့အားလုံး မေ့ကို ဂရုစိုက်မှာပါ”
မသစ္စာက ဘုန်းမင်းခန့်အား စိတ်ချလက်ချသွားနိုင်ရန် ၀င်ပြောလိုက်လေသည်။ ဒေါက်တာဘုန်းမင်းခန့်က ယခုတော့ဖြင့် မေမြတ်နိုးနှင့် ပတ်သက်ပြီး သူတို့အတွက်လည်း သူငယ်ချင်းသဖွယ် ဖြစ်နေပြီမဟုတ်ပါလား။

ဘုန်းမင်းခန့်က မသစ္စာအား ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် ကားပေါ်တက်လိုက်ကာ အားလုံးကို လက်ပြနှုတ်ဆက်ပြီး ကားကို မောင်းထွက်လာခဲ့တော့သည်။ ထွက်ခွာသွားသောကားလေးအားကြည့်ရင်း မေတစ်ယောက် ငိုမိလေတော့သည်။

“မငိုပါနဲ့ မေရယ်၊ နောက်လည်း ပြန်တွေ့ ကြမှာဘဲလေ”
မသစ္စာက မေ့အား ကရုဏာသက်စွာကြည့်ရင်း ပြောလိုက်သည်။

“ဟုတ်သားပဲ မေရယ်၊ ၀မ်းနည်းမနေပါနဲ့တော့နော်”
မခိုင်မာနှင့် ကိုအာကာတို့ကလည်း မေ့အား ၀ိုင်းနှစ်သိမ့်ကြသည်။ ထို့နောက် အားလုံးက မေ့အား ရယ်စရာ အကြောင်းများ ပြောရင်း လုပ်စရာရှိသည်များကို ဆက်လက်လုပ်ကိုင်ကြတော့သည်။

Read More...

------------------------

Sunday, July 22, 2007

အချစ်နှင့်အတူ (၄)

(၅)

မိုးက သည်းသည်းမည်းမည်းရွာချနေတော့သည်။ လေတိုက်တာကလည်း တဖြည်းဖြည်းနှင့် ကြမ်းလာ၏။ မေ အရမ်းပဲ စိတ်ပျက်နေမိပြီ။ “အငြိုးတကြီးနဲ့များ ရွာနေလေလား မိုးရယ်” မေ စိတ်ထဲမှ ပြောလိုက်မိ သည်။ ဒီပုံအတိုင်းဆို လှေလည်း တော်တော်နှင့်လာနိုင်တော့မည်မထင်။ စိတ်ရှုပ်မှုရော ဒဏ်ရာနာကျင်မှု များကြောင့်ပါ မေ့ မျက်နှာကလေးက ညိုနေတော့သည်။

“ကျွန်တော်တို့ ဟိုနားကတဲဇရပ်ကလေးကို ရွှေ့ကြမလား မမေမြတ်နိုး၊ မိုးက တော်တော်နဲ့စဲမယ် မထင်ဘူး၊ တော်ကြာ ဖျားနေမယ်”မေ ဘာမှမပြောဘဲ ခေါင်းသာခါပြလိုက်မိသည်။

မေမြတ်နိုး၏ အပြုအမူကြောင့် ဘုန်းမင်းခန့် နားမလည်နိုင်အောင်ဖြစ်နေ၏။ ဘုန်းမင်းခန့်အတွက် ထိုမိန်းကလေးက အနည်းငယ်ထူးဆန်းသလိုရှိနေသည်။ သူ တစ်ယောက်တည်း ဘာတွေတွေးနေသည်မသိ။ ပတ်ဝန်းကျင်ကိုလည်း သူသတိမထားမိ။ တစ်လောကလုံးတွင် သူတစ်ယောက်တည်းရှိနေသည့်ပမာ။ သူ့ကိုလည်း ဘေးနားတွင်ထား၍ ဘာစကားမှမပြော။ သူ တွေးချင်ရာတွေး ငေးချင်ရာသာငေးနေတော့သည်။

ဒီမိန်းကလေးနှင့် သူက ဘယ်လိုရေစက်လည်းမသိ။ ထိုမိန်းကလေးအား မြင်စကပင် သူ့ညီမငယ်လေးပမာ စိတ်ထဲတွင် ခံစားမိသည်။ သူ “သမုဒ္ဒရသစ္စာ” ကမ်းခြေသို့ ရောက်လာခဲ့ပြီး ဒီဟိုတယ်လေးကို စရောက်သည့်နေ့ကတည်းက ထိုသို့ခံစားရခြင်းဖြစ်သည်။ သူကသာ ထိုသို့ဖြစ်နေသည် ထင်သည်။ မေမြတ်နိုးဆိုတဲ့ မိန်းကလေးကတော့ သူ့အား အနားတွင်ရှိနေ သည် ဟုပင် ထင်မှတ်ပုံမရပေ။ မေမြတ်နိုး ဒီဘက်ကျွန်းကို ဘာကိစ္စနှင့်လာသည်တော့ ဘုန်းမင်းခန့် မသိပေ။ သူကတော့ ဒီကိုရောက်ကတည်းက နာမည်သတင်းကြီးလှသော ထိုကျွန်းအားမရောက်သေး၍ လာခဲ့ခြင်းဖြစ်သည်။ ဒီကိုရောက်မှ မေမြတ်နိုးလည်း ဤကျွန်းသို့ရောက်နေသည်ကို သိခြင်းဖြစ်သည်။

မိုးရွာတော့မှာမို့ အားလုံးက ပြန်သွားပေမယ့် မေမြတ်နိုးကတော့ ပြန်မည့် အရိပ်အယောင် သူမတွေ့ပေ။ ထို့ကြောင့်လည်း ဒီမိန်းကလေးအား စိတ်မချသောကြောင့် သူ ပြန်လိုက်မသွားဖြစ်ဘဲ နေမိခဲ့ခြင်းဖြစ်သည်။ ဒါကိုလည်း မေမြတ်နိုးကတော့ သိမည့်ပုံမပေါ်ပေ။ ဒီ ဟိုတယ်ရောက်ကတည်းက မေမြတ်နိုးနှင့် သူ စကား သုံးလေးခါလောက်သာ ပြောဖူးသော်လည်း မေမြတ်နိုးအား သူသတိထားမိသည်။ အထူးသဖြင့် ထိုမိန်းကလေး၏ မျက်ဝန်းလေးများပင် ဖြစ်သည်။ ထိုမိန်းကလေး၏ မျက်ဝန်းများထဲတွင် ကြေကွဲမှုများ ရှိနေသည်ကို သူမြင်နေရသည်လေ။

ဘုန်းမင်းခန့်က ဟိုးငယ်စဉ်ကပင် လူကဲခတ်အင်မတန်တော်သည်။ မေမြတ်နိုးအား ကြည့်ရုံမျှဖြင့်ပင် သာမန်မိသားစုက မဟုတ်သည်ကို သူကောင်းစွာသတိထားမိသည်။ စကားပြောအလွန်နည်းပြီး အမူအရာက သိမ်မွေ့သည်။ ချစ်စရာကောင်းသလောက် သဘောထားလည်း အင်မတန်ပြည့်ဝမည့်ပုံပင်။ သို့သော်လည်း ထိုမိန်းကလေး၏ မျက်ဝန်းများထဲတွင် အဘယ်ကြောင့် ကြေကွဲမှုများရှိနေသည်ကို သူမတွေးတတ်အောင်ပင် ဖြစ်နေသည်။ သေချာသည်ကတော့ မေမြတ်နိုးအားကြည့်၍ သူလည်း စိတ်မကောင်းဖြစ်မိခြင်း ဖြစ်သည်။ တတ်နိုင်လျှင် ထိုမိန်းကလေးအား သူ ကူညီချင်မိသည်။

ဘုန်းမင်းခန့် မိမိအတွေးကို ဖြတ်၍ မေမြတ်နိုးအား ကြည့်လိုက်သည်။ မေမြတ်နိုး၏ မျက်နှာပေါ်တွင်ကား မိုးရေစက်များ မျက်ရည်စက်များ ရောနှောနေသည်။ မိုးနှင့်အတူ သူလည်း ရောနှော၍ ငိုနေသည့်ပုံပင်။ ထို့ကြောင့် မျက်နှာကလေးက နွမ်းလျနေပြီး နီနေလေသည်။ ဘယ်အကြောင်းအရာတွေကများ သူ့ကို ကြေကွဲမှု ဒီလောက်ဖြစ်နေစေသည်မသိ။ ထို့နောက် ဘုန်းမင်းခန့် တစ်ချက်ပြုံးလိုက်ရင်း မေမြတ်နိုးအား မေးလိုက်မိသည်။

“မမေမြတ်နိုး … မပျင်းဘူးလားဟင်၊ ကျွန်တော်ကတော့ ဒီတိုင်းကြီးထိုင်နေရတာ ပျင်းလာပြီ၊ မိုးတွေက တော်တော်ရွာနေတော့ လှေလည်းတော်တော်နဲ့ လာနိုင်မယ် မထင်ဘူး၊ ဒါကြောင့် ကျွန်တော်တို့ စကားပြော ကြရအောင်လေ၊ ပြောမယ်မဟုတ်လား မမေမြတ်နိုး”

မေ ဒေါက်တာဘုန်းမင်းခန့်အား လှည့်ကြည့်လိုက်ရင်း “မေတော့ ဘာမှမပြောချင်ပါဘူးရှင်၊ ဒါပေမယ့် ဒေါက်တာ ပြောချင်တယ်ဆိုရင်တော့ပြောပါ၊ မေ နားထောင်ပေးပါ့မယ်”ခပ်ထွေထွေလေးဖြင့် ဖြေလိုက်သည်။

မေမြတ်နိုး၏ အဖြေစကားကြောင့် ဘုန်းမင်းခန့်တစ်ချက်ပြုံးလိုက်မိပြီး“ဟုတ်ပါပြီ မမေမြတ်နိုးရယ်၊ ကျွန်တော်ပဲ ပြောပါ့မယ်၊ မမေမြတ်နိုးက နားထောင်ပေါ့နော်၊ ဒါပေမယ့် ကျွန်တော် မေးတာတွေလည်း နည်းနည်းပါးပါးတော့ ပြန်ဖြေအုံးပေါ့၊ ဟုတ်ပြီလား”ခပ်နောက်နောက်ဖြင့် ပြောလိုက်တော့သည်။

“ဟုတ်ကဲ့ ဒေါက်တာ”

“အင်း … အရင်ဆုံး ဒေါက်တာလို့ ခေါ်တာကို ပြောရမယ်၊ ဒေါက်တာလို့ မခေါ်ဘဲ ကျွန်တော့နာမည်ကို ဖြစ်ဖြစ်ခေါ်ပါလား၊ နောက်ပြီး ကျွန်တော်ကလည်း မမေမြတ်နိုးကို “မြတ်နိုး” လို့ပဲ ခေါ်မယ်လေ၊ မြတ်နိုးကို ကြည့်ရတာ ကျွန်တော့်ထက် တော်တော်ငယ်မယ့်ပုံပါပဲ၊ ဘယ်လိုလဲ ခေါ်လို့ဖြစ်တယ် မဟုတ် လား”

“ဟုတ်”

“ဒါဆို ကျွန်တော့်ကိုကော ဘယ်လိုခေါ်ချင်လဲ”

“မေ မသိဘူး ဒေါက်တာ”

“ဒါဖြင့်လည်း ကိုဘုန်းလို့ ခေါ်ပေါ့၊ ကိုယ့်ကို မြတ်နိုးရဲ့ အစ်ကိုအရင်းတစ်ယောက်လိုပဲ သဘောထားပေါ့ ဟုတ်ပြီလား”မေမြတ်နိုး ဘာမှပြန်မဖြေဘဲ ဒေါက်တာဘုန်းမင်းခန့်အား မော့ကြည့်လိုက်သည်။ ဒေါက်တာဘုန်းမင်းခန့်က မေမြတ်နိုး၏အကြည့်ကို နားလည်သွားကာ …“အဲလို မခေါ်ချင်လို့လား မေ”မေးလိုက်တော့သည်။

“မဟုတ်ပါဘူးရှင်”

“ဒါဆို အဲလိုပဲ ခေါ်မယ်မဟုတ်လား”

“ဟုတ်ကဲ့”

“ဒါနဲ့ မေက ဒီကပဲလား”

“မဟုတ်ဘူး ကိုဘုန်း”

“ဒါဆို ဘယ်ကလဲ၊ ရန်ကုန်ကပဲလား”

“ဟုတ်”

“ဒါဆို ဒီမှာအလုပ်လာလုပ်တာပေါ့”

“ဟုတ်”

“ဘာလို့ ဒီမှာလာလုပ်တာလဲ မြတ်နိုး၊ အိမ်နဲ့ စိတ်ဆိုးလာတာလား”

“မဟုတ်ပါဘူးရှင်၊ မေ ၀ါသနာပါလို့ လာလုပ်တာပါ”

“ဟုတ်လား၊ အိမ်က မတားဘူးလား မြတ်နိုး”

“တားတယ် ကိုဘုန်း၊ ဒါပေမယ့် မေ၀ါသနာပါတဲ့အလုပ်မို့ ဇွတ်ထွက်လာခဲ့တာ”

“ဟုတ်လား၊ ဒါကြောင့် မြတ်နိုးက စိတ်မကောင်းဖြစ်နေတာလား၊ မြတ်နိုးကို ကြည့်ရတာ စိတ်မကောင်း ဖြစ်စရာအကြောင်း ရှိနေသလိုပဲနော်”မေ ကိုဘုန်းမင်းခန့်အား သေချာကြည့်လိုက်မိသည်။ သူနှင့် မေ ခဏသာစကားပြောဖူးသေးပေမယ့် မေ ကိုဘုန်းမင်းခန့်အား အစ်ကိုရင်းတစ်ယောက်သဖွယ် စိတ်ထဲတွင် တကယ်ကိုခင်မင်လာမိသည်။ ထို့ကြောင့် မေ ကိုဘုန်းအား ပြောပြရင် ကောင်းမလား ဟု စဉ်းစားမိသည်။

“ကဲ … မြတ်နိုး၊ ကျွန်တော်မေးတာ ဖြေပါအုံး”ကိုဘုန်းက မေမြတ်နိုးအား အားတက်သရောဖြင့် မေးနေလေသည်။ မေမြတ်နိုး ခဏမျှ စဉ်းစားပြီးနောက် ကိုဘုန်းအား ပြောပြရန် ဆုံးဖြတ်လိုက်မိတော့သည်။

♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠

ဘုန်းမင်းခန့်က မြတ်နိုးပြောပြသော အကြောင်းအရာများကို နားထောင်ရင်း မြတ်နိုးအား သနားစိတ်များ ဖြစ်လာမိသည်။ ချစ်တတ်သောမိန်းကလေးတစ်ယောက်က အချစ်ကံခေရသည့်အတွက် အလွန်စိတ်မကောင်း ဖြစ်မိသည်။

မေကတော့ ဘုန်းမင်းခန့်အား မိမိအကြောင်းကို အပိုအလိုမရှိ အရှိကိုအရှိအတိုင်းပြောပြခဲ့ခြင်းဖြစ်သည်။ ဘာမှထိန်ချန်ထားခြင်း သွယ်ဝိုက်ထားခြင်းမရှိပေ။ မေ့အချစ်၊ မေ့ခံစားမှုများကို ရင်ဖွင့်လိုက်ရသဖြင့် မေ့စိတ်ထဲတွင် နည်းနည်းတော့သက်သာသလိုဖြစ်သွားသည်။ မေမြတ်နိုး မိမိကိုယ်ကို အလွန်ကိုအံ့သြနေမိ သည်။ သူ ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ သူ့အကြောင်းကို ပြောပြခြင်းမရှိခဲ့ဘူးပေ။ အထူးသဖြင့် သူ့အချစ် အကြောင်း သူ့ခံစားမှုများအကြောင်းကိုဖြစ်သည်။ ယခုတော့ ကိုဘုန်းမင်းခန့်အား သူအားလုံးပြောခဲ့မိသည်။ မောင်နှမရင်းချာမရှိသော မေ ကိုဘုန်းမင်းခန့်အား မိမိ၏အစ်ကိုရင်းတစ်ယောက်လို အမှန်တကယ်ပင် ခင်မိခဲ့ပြီ။

“ဒါဆို မြတ်နိုး ခုဒီဘက်ကျွန်းကို စိတ်ညစ်လို့ ထွက်လာတာပေါ့”

“ဟုတ်တယ် ကိုဘုန်း၊ မြတ်နိုး သူ့ကို ဒီနေ့မှ အရမ်းကို သတိရနေမိလို့ စိတ်သက်သာလို သက်သာငြား ထွက်လာခဲ့တာ”

“အင်း မြတ်နိုး၊ မြတ်နိုးက ချစ်သူထားရမှာကို ခုထိကြောက်နေတုန်းပဲပေါ့ ဟုတ်လား၊ ဒီကြားထဲမှာကော မြတ်နိုးကို ချစ်တဲ့သူတွေနဲ့ မတွေ့ခဲ့ဘူးလား”

မေမြတ်နိုး ရှက်ပြုံးလေးပြုံးရင်း“တွေ့ခဲ့ပါတယ် ကိုဘုန်းရယ်၊ ဒါပေမယ့် မေ … အင်း … အမှန်အတိုင်းပြောရရင်တော့ မေ နောက်ထပ် မချစ်ရဲတော့ပါဘူးရှင်”ပြောလိုက်မိလေသည်။

“ဒီလိုလဲ ဘယ်ဟုတ်မလဲ မြတ်နိုးရယ်၊ တစ်နေ့မှာတော့ မြတ်နိုးကို တကယ်ချစ်တဲ့သူ၊ မြတ်နိုးကို တကယ် နားလည်တဲ့သူပေါ်လာမှာပါ၊ မေတ္တာဆိုတာ ရောင်ပြန်ဟပ်တတ်ပါတယ် မြတ်နိုးရယ်”ဘုန်းမင်းခန့်က လှိုက်လှဲစွာဖြင့် မေမြတ်နိုးအား ပြောလိုက်သည်။

မေ ဘုန်းမင်းခန့်အား ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် တဆက်တည်း“မေလည်း အဲလို မျှော်လင့်ပါတယ် ကိုဘုန်းရယ်၊ တစ်ခါတစ်လေတော့ မေ အဲဒီနေ့ကို မြန်မြန်ရောက်ချင် ပါတယ်၊ မေ စိတ်မကောင်းဖြစ်တဲ့အခါ မေ့ကို အားပေးမယ့်သူ၊ မေ အားကိုးလို့ရမယ့်သူ၊ မေ မှီခိုလို့ရမယ့် ပခုံးတစ်ခု အဲဒါတွေကို မေတကယ်ကိုလိုချင်မိတယ်လေ၊ တစ်ဖက်ကလည်း မေအရမ်းကိုကြောက်မိတယ်၊ မေ့ စိတ်တွေက ဘာတွေ ဖြစ်နေလဲ မေ မသိတော့ပါဘူး၊ မေ အရမ်းကို ရူးသွပ်လွန်းနေပြီလား မသိပါဘူးရှင်”မေ အသံတိမ်တိမ်ကလေးဖြင့် ပြောလိုက်မိသည်။

“အင်းပါ … မြတ်နိုး၊ ကိုယ်နားလည်ပါတယ်၊ တစ်နေ့မှာတော့ မြတ်နိုး အားထားရမယ့် အကောင်းဆုံး ချစ်သူတစ်ယောက် မြတ်နိုးဆီကို ရောက်လာမှာပါ၊ ကိုယ် ယုံကြည်ပါတယ် မြတ်နိုး၊ ဒါကြောင့် အားတင်းထားပါ၊ ဟုတ်ပြီလား”မေ ဘာမှ ပြန်မပြောတော့ဘဲ ခေါင်းကိုသာ ငြိမ့်ပြလိုက်မိတော့၏။

“ကဲ … အဲဒါတွေ မပြောတော့ဘူး၊ တခြားအကြောင်းပြောရအောင်နော်”

“ဟုတ်ကဲ့ ကိုဘုန်း၊ ကိုဘုန်း ပြောလေ၊ မေ နားထောင်မယ်လေနော်”

“ဟား … ဟား …”ဘုန်းမင်းခန့်က ဘာမှမပြောသေးဘဲ ရယ်လိုက်တော့သည်။

“ဘာဖြစ်လို့လဲ ကိုဘုန်း”

“ဘာမှမဖြစ်ပါဘူးဗျာ”ထို့နောက် မေတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ထပ်ရယ်မိတော့ပြန်၏။

“မြတ်နိုး …”

“ရှင် …”ဘာစကားမှဆက်မပြောဘဲ ဘုန်းမင်းခန့်က မေ့အား ကြည့်လိုက်သည်။

“ကိုဘုန်း … ဘာပြောမလို့လဲ ပြောလေ”

“အင်း မြတ်နိုး၊ မြတ်နိုးက “ရှင်” လို့ အမြဲပြောတတ်တယ်နော်”

“ဟုတ်ကဲ့ ကိုဘုန်း၊ မေ တစ်ခါတစ်လေကျရင်တော့ ပြောတတ်တယ်လေ၊ အမြဲတမ်းတော့လဲ မဟုတ်ပါဘူး”

“အဲလိုပြောရတာ ကြိုက်လို့လား မြတ်နိုး”

“ဟုတ် ကိုဘုန်း”

“အင်း ကျွန်တော်လည်း အဲလိုပြောတာ ကြိုက်တယ်၊ မြတ်နိုးနဲ့ စခင်ကတည်းက မြတ်နိုး “ရှင်” “ရှင်” ဆိုပြီး ထည့်ပြောတတ်တာ၊ အဲလို ထူးတတ်တာကို ကိုယ် သတိထားခဲ့မိတာ”

“ဟုတ်လား”

“ဟုတ်တယ် မြတ်နိုးရဲ့၊ နောက်ဆိုလည်း အဲလိုအမြဲပြောနော်”

“ဟုတ်ပါပြီရှင်”မေမြတ်နိုးက ဘုန်းမင်းခန့်အား ပြောလည်းပြော ရယ်လည်းရယ်ပြလိုက်မိသည်။ထို့နောက် ဘုန်းမင်းခန့်ကလည်း မေမြတ်နိုးကို ဘာမှမပြော၊ မေမြတ်နိုးကလည်း ဘုန်းမင်းခန့်ကို ဘာမှ မပြောတော့ဘဲ အတွေးကိုယ်စီဖြင့် ငြိမ်သက်နေကြတော့သည်။

မေမြတ်နိုးကတော့ စကားတွေ အများကြီးပြောလိုက်ရသောကြောင့် အနည်းငယ်မောလာမိသည်။ လက်မှာ ကလည်း ဒဏ်ရာနှင့်၊ ရင်တွင်းမှာကလည်း လွမ်းဆွတ်မှုဝေဒနာတို့ကြောင့် မေ တကယ်ပင် ပင်ပန်းနေပြီ ဖြစ်သည်။ မိုးကတဖြည်းဖြည်းဆဲစပြုနေပြီမို့ မကြာခင် မိမိတို့နှစ်ယောက်အား ပြန်လည်၍လာရောက် ခေါ်နိုင်တော့မည်ထင်သည်။ ခုနကတော့ မိမိဇောနှင့်မိမိ စကားပြောကောင်းနေသောကြောင့် မေမြတ်နိုး ဘာကိုမှ သေချာသတိမထားမိခဲ့ပေ။

ယခုမှပင် မေမြတ်နိုးတစ်ယောက် ချမ်းရကောင်းမှန်းသိတော့သည်။ လူကလည်း ကြွက်စုတ်ရေမွန်းထားသလို ဖြစ်နေလေပြီ။ မေမြတ်နိုးတစ်ယောက် မောလည်းမော၊ ချမ်းလည်းချမ်းလာတာကြောင့် တခဏဖြစ်ဖြစ် မှေးချင်စိတ်များ ဖြစ်ပေါ်လာမိသည်။ ထို့ကြောင့် မေ ပတ်ဝန်းကျင်အား တစ်ချက်အကဲခတ်လိုက်သည်။ မိမိ တခဏမှေးစက်အိပ်နိုင်မည့်နေရာကို ရှာမိသည်လေ။ မေ မလှမ်းမကမ်းတွင်ရှိသော တဲဇရပ်လေးအားတွေ့မှ ကိုဘုန်းမင်းခန့်အား …“ကိုဘုန်း … မေ ဟိုတဲဇရပ်လေးဆီသွားလိုက်အုံးမယ်နော်”ခွင့်တောင်းသလိုဖြင့် ပြောလိုက်မိသည်။

“အင်း မြတ်နိုး၊ ကိုယ်လိုက်ပို့ပေးရမလား”

“နေပါစေ ကိုဘုန်း၊ မေ သွားနိုင်ပါတယ်ရှင်၊ လှေလာရင်သာ မေ့ကို တစ်ချက်လှမ်းပြောပေးလိုက်ပါနော်”

“ဟုတ်ပါပြီ မြတ်နိုး”ဘုန်းမင်းခန့်က ပြောလည်းပြော ခေါင်းလည်းငြိမ့်ပြလိုက်သည်။ဘုန်းမင်းခန့်စကားဆုံးသည်နှင့် မေမြတ်နိုး တဲဇရပ်လေးဆီသို့ ဖြည်းညင်းစွာဖြင့် လျှောက်သွားလိုက်သည်။

ထို့နောက် တဲဇရပ်လေးအတွင်းရှိ တိုင်လေးတစ်တိုင်အားမှီရင်း မျက်စိကိုမှိတ်ကာ အနားယူလိုက်တော့ သည်။ မေ့ ရင်ထဲတွင် ဘယ်လိုမှ မနေနိုင်အောင်ကို မွန်းကြပ်နေသည်။ အရမ်းကိုလည်း ခံရခက်နေသည်။ တစ်စုံတစ်ယောက်ကို လွမ်းဆွတ်နေရတဲ့ဒုက္ခက ဘယ်အရာနှင့်မှမတူ။ ခုနကတော့ မေ ကိုဘုန်းမင်းခန့်အား အားလုံးရင်ဖွင့်လိုက်ရတာမို့ သက်သာသလိုရှိသွားခဲ့ပေမယ့် ယခုတော့ပို၍ပင်သတိရနေမိတော့သည်။ ဘယ် အချိန်ဘယ်ကာလမှ မေမြတ်နိုး ဒီလို သတိရလွမ်းဆွတ်မှုက လွတ်မြောက်နိုင်မည်မသိတော့ပေ။ နောက် ဘယ်တော့မှ ဒီလိုအဖြစ်မျိုးမကြုံရဖို့လည်း မေ အကြိမ်ကြိမ်ဆုတောင်းနေမိသည်။ နောက်ဆုံးတွင်တော့ မေ သက်ပြင်းချလိုက်ရင်း စိတ်ကိုတည်ငြိမ်အောင်သာ ကြိုးစားမိတော့သည်။

ဘုန်းမင်းခန့်တစ်ယောက် တဲဇရပ်လေးထဲတွင်ရှိနေသော မေမြတ်နိုးအားကြည့်ရင်း စဉ်းစားမိသည်။ မိမိက ငယ်စဉ်ကတည်းကအစစအရာရာ အဆင်ပြေခဲ့သူဖြစ်ခဲ့သောကြောင့်လားမသိ၊ ထိုမိန်းကလေး၏အကြောင်း ကြားရသောအခါ ထိုမိန်းကလေးအား အလွန်ကိုစာနာသနားမိသည်။ အစစ အားလုံးအဆင်ပြေနေပေမယ့် အချစ်ရေးကံမကောင်းသော မြတ်နိုးအား သူစာနာမိသည်။ ချစ်သူ၏ စွန့်ပစ်မှု၊ သစ္စာဖောက်မှုတို့ကြောင့် ချစ်ရမည်ကိုပင်ကြောက်နေသော မိန်းကလေးတစ်ယောက်၏အဖြစ်ကို သူနားလည်သည်လေ။ အချစ်ဆိုတာ ကလည်း အခက်သားလား။ ချစ်ချင်တိုင်းလည်းချစ်လို့မှ မရသည်ဘဲ။ အချစ်မရှိတဲ့ဘ၀ကလည်း ဘာနဲ့မှ အစားထိုးလို့ မရနိုင်ဘူးမဟုတ်လား။ မိမိ၏ပျော်ရွှင်မှု၊ ၀မ်းနည်းမှုများကို မျှဝေခံစားပေးနိုင်မည့်သူ တစ်ယောက်တော့ ဘယ်သူမဆို ရှိချင်ကြသည်ပဲလေ။ ထို့ကြောင့်လည်း မြတ်နိုးအတွက် သူ စိတ်မကောင်း ဖြစ်မိခြင်းဖြစ်သည်။

Read More...

------------------------

Saturday, July 21, 2007

အချစ်နှင့်အတူ (၃)

(၄)

မေမြတ်နိုးတစ်ယောက် “မောင်နှံကျွန်း” သို့ရောက်သောအခါ ကျောက်ဆောင်လေးတစ်ခုပေါ်တွင် ထိုင်ရင်း မိမိ၏ ငယ်စဉ်ဘ၀အကြောင်းများအား တွေးမိပြန်သည်။ မေ ငယ်စဉ်ကတည်းက အလွန်ပင်ပျော်ရွှင်ခဲ့ရ၏။ မေ့ မိဘတွေက မေ့အား တစ်ဦးတည်းသော သမီးမို့ အစစအရာရာ အလိုလိုက်ခဲ့သည်။ မေ ဖြစ်ချင်တာ မေလုပ်ချင်တာတွေ မှန်သမျှအားလုံးဖြည့်ဆည်းပေးခဲ့သည်။ မေ့ ဖေဖေက မေ့အား အလွန်ချစ်သည်လေ။ ဒါကြောင့်လည်း မေက လိုတရတဲ့ ကလေးဘ၀ကို ပိုင်ဆိုင်ခဲ့သည်။ အရွယ်ရောက်လာပြန်တော့လည်း မေအစစအရာရာ အဆင်ပြေခဲ့သည်။ မေ့ဘ၀တွင် တစ်ခုတည်းသော မေ မဆိုင်ရသောအရာက အချစ်စစ်ပဲ ဖြစ်သည်။ မေ ချစ်သလောက် မေ့အပေါ်တွင် ချစ်နိုင်သောသူ၊ နားလည်နိုင်သောသူ မေ ယခုထက်တိုင် ရှာမတွေ့သေးပေ။ အသဲကွဲခြင်းဝေဒနာကိုသာ မေ ခံစားခဲ့ရသည်မဟုတ်လား။ တစ်ခါတစ်လေတော့ မေ့အတွက် အရာရာကို မျှဝေခံစားပေးမယ့် ချစ်သူဆိုတာ ရှိပါအုံးမလားရယ်လို့တောင် မေ တွေးမိ၏။

မေ ပထမဆုံးအကြိမ်အချစ်ကို စတင်တွေ့ကတည်းက မေ အသဲကွဲခဲ့ခြင်းဖြစ်သည်။ မေရဲ့ ချစ်သူက မေ့အား အကြောင်းတစ်စုံတစ်ရာ ပြောခြင်းမရှိဘဲ မေ့အနားမှ ပျောက်ကွယ်သွားခဲ့သည်။ “ပျောက်သောသူ ရှာရင် တွေ့” ဆိုပေမယ့်လည်း ထိုစကားက မေ့အတွက်တော့ ဖြေသိမ့်ရာ မဖြစ်ခဲ့ပေ။ ထိုစဉ်အချိန်က မေအထက်တန်းကျောင်းသူဘ၀သာ ရှိအုံးမည်။ “အသဲကွဲ ဝေဒနာဆိုတာ ဒီလိုမျိုးပါလား” ဆိုပြီး မေ မသိ တသိလေးနှင့် အသဲကွဲခဲ့ခြင်းဖြစ်သည်။ ဆယ်ကျော်သက်အရွယ်အချစ်ဆိုပေမယ့် မေ သူ့အား ရင်ထဲမှ နှစ်နှစ်ကာကာ ချစ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း မေ အလွန်ခံစားခဲ့ရခြင်းဖြစ်သည်။

“တစ်ခါသေဖူး ပျဉ်ဖိုးနားလည်” ဆိုသကဲ့သို့ မေ အသဲကွဲခဲ့ရပြီးပြီမို့ မေ နောက်ထပ်ချစ်ဖို့ကို ကြောက်မိ သည်။ ထို့ကြောင့်လည်း မေ အတတ်နိုင်ဆုံး အချစ်နဲ့ ဝေးအောင်နေခဲ့သည်။ ဒါပေမယ့်လည်း အချစ်ဆိုတာက ခက်သည်လေ။ မိမိဆန္ဒအတိုင်း ရှောင်ချင်တိုင်းရှောင် တွေ့ချင်တိုင်းတွေ့လို့ရသော အရာမှ မဟုတ်ပဲကိုး။ မေ ပထမဆုံးချစ်သူနှင့် ဝေးကွာပြီး နှစ်နှစ်လောက်ကြာသောအချိန်တွင် မေ ထိုသူအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သူကတော့ မေ့အချစ်အား ရက်ရက်စက်စက် လှည့်စားသွားခဲ့သူတစ်ယောက် ဖြစ်သည်။ မေ အမတစ်ယောက်လို ချစ်ခဲ့ရသော သူငယ်ချင်းတစ်ယောက်နှင့် ပေါင်း၍ မေ့အား ညာခဲ့ခြင်း ရယ်ပါ။ စည်းစိမ်ဥစ္စာအတွက်နဲ့ လူတစ်ယောက်ရဲ့ အချစ်ကို ရက်စက်စွာလှည့်စားခဲ့သည်။ အစကတော့ မေ သူတို့ကို အလွန်စိတ်ဆိုးခဲ့မိပေမယ့် ယခုတော့လည်း မေနားလည်နိုင်ခဲ့ပြီလေ။ “ဘယ်သူမပြု မိမိမှု” မဟုတ်လား။ မေ့ဆန္ဒနဲ့မေ ချစ်ခဲ့ပြီးကာမှ ဘယ်သူ့ကိုမှ မေအပြစ်မတင်ချင်တော့ဘူးလေ။ မိမိအပြစ်နဲ့ မိမိပဲပေါ့။ ဒါပေမယ့် အဲဒီအကြောင်းတွေကြောင့် မေ့ဆုံးဖြတ်ချက်တွေ ခိုင်မာခဲ့သည်။ နောက်ထပ်မချစ်မိဖို့ မေ အဲဒီအချိန်ကစလို့ ကြိုးစားခဲ့သည်။ မေ အတတ်နိုင်ဆုံး အချစ်နှင့်မတွေ့အောင် ဝေးဝေးရှောင်ခဲ့သည်။

မေမြတ်နိုး မိမိ၏ အချစ်ကို အဲဒီအချိန်ကစလို့ ပုံစံပြောင်းခဲ့မိသည်။ မေ့အချစ်ကို “တိတ်တခိုးအချစ်” အဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ တစ်ယောက်တည်း ချစ်နေရသည်က ပိုကောင်းသည် မဟုတ်လား။ ဘယ်သူ့ကိုမှ မထိခိုက်နိုင်သလို ကိုယ့်ကိုယ်လည်း မထိခိုက်နိုင်တော့ဘူးလေ။ နောက် အသဲကွဲစရာလည်း မလိုတော့ပြီ မဟုတ်လား။ အချစ်ဆိုတဲ့အရာကို ရှောင်ဖို့ခက်မှတော့ မိမိ၏ အချစ်ကို ပုံစံပြောင်းလိုက်ဖို့သာ ရှိပေတော့သည်။

မေမြတ်နိုး မိမိ၏ “တိတ်တခိုး ချစ်သူ” ကို တွေ့ခဲ့ပုံက ခပ်ဆန်းဆန်းရယ်ပါ။ အိပ်မက်တစ်ခုပမာ၊ စိတ်ကူးယဉ်မှု တစ်ခုသဖွယ် တွေ့ဆုံခဲ့ရခြင်းဖြစ်သည်။ ထိုနေ့က သီတင်းကျွတ်လပြည့်နေ့မို့ မေ သူငယ်ချင်းများနှင့်အတူ လျှောက်လည်ဖြစ်ခဲ့သည်။ ဒီလိုလည်ခဲ့ခြင်းကပဲ မေတို့အတွက် ဆုံစည်းဖို့ ဖြစ်လာခဲ့ခြင်းပင်။ မေ တို့ လျှောက်လည်ရင်း ဆိုင်တစ်ဆိုင်တွင် သူ့အားတွေ့ခဲ့ခြင်းဖြစ်သည်။ မေ နှင့် သူ နှုတ်ကစကားမပြောခဲ့ပေမယ့် မျက်လုံးချင်းစကားပြောခဲ့ကြသည်။ မေ့ အတွက် အလွန်ဆန်းကြယ်သော သူ တစ်ယောက်ပါ။ မေ အဲဒီနောက်မှ သူ့ကို သတိရသလို ရှိပေမယ့် နောက်ပိုင်းမှာတော့ မေ့မေ့ပျောက်ပျောက် ဖြစ်ခဲ့သည်။

နောက်တစ်ကြိမ်သူ မေ့ရှေ့မှာ သူပြန်ပေါ်လာတော့ မေ အရမ်းကို အံ့သြမိသည်။ လူအများကြီးကြားထဲမှာ တစ်ခဏသာ မြင်ဖူးခဲ့ကြပေမယ့် ဒုတိယအကြိမ် ပြန်ဆုံကြတော့လည်း မေတို့ ချက်ချင်းပင် မှတ်မိကြသည်။ သည်တစ်ကြိမ်မှာတော့ မေ့သူငယ်ချင်းကျေးဇူးနှင့် မေတို့စကားနှစ်ခွန်း လောက် ပြောဖြစ်ခဲ့သည် ထင်သည်။ ဘာတွေ ပြောခဲ့သည်ကိုတော့ မေ မမှတ်မိတော့။ သေချာတာ တစ်ခုကတော့ အဲဒီအကြိမ်ဟာ မေတို့အတွက် နောက်ဆုံးတွေ့ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ မေ သူ့အား ထပ်မံမတွေ့ဆုံခဲ့သည်မှာ ယခုအချိန်ထိပင် ဖြစ်၏။ ဒါပေမယ့် ထိုအကြိမ်တွေ့ဆုံပြီးကတည်းက သူ့က မေ့ရဲ့နှလုံးသားမှာ နေရာယူခဲ့ပြီ။ မေ သူ့အား အမြဲလိုလို သတိရမိသည်။ သူနှင့် ထပ်မံတွေ့ဆုံလိုသည်။ ဒီလိုဖြစ်တာကို အချစ် လို့တော့ မေ မသတ်မှတ် ချင်ပါ။ စိတ်ဝင်စားမှုတစ်ခုလို့ပဲ မေ ထင်မိပါသည်။

မေ သူ့ကို စိတ်ဝင်စားပေမယ့် မေ သူ့ကို ရှာဖို့တော့ စိတ်ကူးစိုးစဉ်းမျှမရှိပေ။ သူ့အကြောင်း သူ့နာမည် စသည်တို့ကိုလည်း မေမသိချင်မိသည်လေ။ ယခုချိန်မှာ ပြန်တွေ့ရင်တောင်မှ မေ သူ့ကို မှတ်မိဖို့လည်း မသေချာတော့။ မေ သူ့ရုပ်သွင်ကိုတောင်မှ သေချာမသိသလိုဖြစ်နေပြီလေ။ မေ့ဘာသာမေ ပုံဖော်ရင်း မေ သတိရဆဲ လွမ်းနေဆဲ တွေ့ချင်နေဆဲဖြစ်သည်။ တဖက်ကလည်း မေ သူ့ကိုတွေ့ပြီးကာမှ မေတို့ ချစ်သူတွေ ဖြစ်သွားမှာကို မေကြောက်သည်။ မေ့ကို ခွဲသွားမှာ၊ မေ နောက်တစ်ကြိမ်အသဲကွဲရမှာ၊ အဲဒါတွေကို မေအလွန်ကြောက်မိသည်။ ဒါကြောင့် မေ သူ့ကို အရမ်းတွေ့ချင်ပေမယ့် မေ မရှာခဲ့ခြင်းဖြစ်သည်။ မေ ဒီလိုပဲ သတိရနေရရင် ကျေနပ်ပါပြီ။ မေ့ အတွေးတွေက သူများတွေ အတွက်တော့ ထူးဆန်းနေမည်လား မသိ။ မေ့ သူငယ်ချင်းများကတော့ မေ့ကို သြဘာပေးကြသည်။ “မေမြတ်နိုး မင်းတော့ ရူးနေပြီတဲ့” လေ။ သူတို့ပြောတာတွေက ဟုတ်ကောင်း ဟုတ်မှာပါ။ ဒါပေမယ့် မေ ဒီလိုပဲ ဆက်လက်ရူးသွပ်နေအုံးမှာပါ။

မေ ဘယ်လောက်ကြာအောင် တွေးလိုက်မိသည် မသိ။ မေ့ ပုခုံးအား တစ်စုံတစ်ယောက်က လာကိုင် လိုက်မှပင် အတွေးကမ္ဘာထဲမှ လွတ်မြောက်လာတော့သည်။ တစ်ဆက်တည်း မေမြတ်နိုး သူ့ပုခုံးအား လာရောက်ကိုင်သူအား လှည့်ကြည့်လိုက်မိသည်။

“သြော် … မသစ္စာ …”
မေ ယောင်နနဖြင့် မသစ္စာ အမည်အားခေါ်လိုက်မိသည်။

“သစ္စာ ကြည့်နေတာ ကြာပြီ မေရယ်။ ဘာတွေများ ဒီလောက်တွေးနေတာလဲ။ မသစ္စာ ရောက်လာတာ မသိဘူး မဟုတ်လား …”

မေမြတ်နိုး ခေါင်းငြိမ့်ပြရင်း
“ဟုတ်တယ် မသစ္စာရယ်၊ မေ အတွေးလွန်သွားတာနဲ့ မသစ္စာတို့ရောက်လာတာကို မသိလိုက်ဘူး၊ ဒါနဲ့ မသစ္စာတို့ ပြန်ကြတော့မလို့လား၊ အခုလေ …”
မေးလိုက်သည်။

“အင်း မေ၊ ဧည့်သည်တွေက မိုးတွေမည်းလာလို့ ပြန်တော့မယ်တဲ့လေ၊ နောက်နေ့မှ ထပ်လာကြတော့ မယ်တဲ့၊ မိုးရွာလာရင် ပြန်ဖို့ခက်မှာ စိုးရိမ်နေကြတယ်လေ၊ ဒါကြောင့် ပြန်ကြတော့မှာ၊ အဲဒါနဲ့ မသစ္စာလည်း မေများ အတူပြန်လိုက်ချင်မလားလို့ လာမေးတာ …”
မသစ္စာ ပြောမှပင် မေ ကောင်းကင်ကို မော့ကြည့်လိုက်မိသည်။

ကောင်းကင်တခွင်လုံး မိုးသားတိမ်တိုက် များဖြင့် ဖုံးလွှမ်းနေသည်။ လေပြေတိုက်ခတ်မှုက အနည်းငယ်ပင် ကြမ်းစပြုနေပြီ ဖြစ်သည်။ သို့ပေမယ့် မေ မပြန်ချင်သေးတာကြောင့်
“မလိုက်တော့ဘူး မသစ္စာရယ်၊ မေ ခဏနေချင်သေးတယ်၊ မသစ္စာတို့ ဟိုဖက်ရောက်တော့မှဘဲ မေ့ဆီကို ပြန်လွှတ်ပေးလိုက်တော့နော်”
ခပ်လေးလေးဖြင့် ပြောလိုက်မိတော့သည်။

“ဟုတ်ပြီ မေ၊ ဒါဖြင့် မသစ္စာတို့ သွားမယ်နော်”

“ဟုတ် မသစ္စာ”
မသစ္စာက မေ့စကားဆုံးသည်နှင့် လှည့်ထွက်သွားတော့သည်။

ထို့နောက် မေတစ်ယောက် ပင်လယ်လေကို တ၀ကြီးရှူရင်း အတိုင်းအဆမဲ့သော ပင်လယ်ပြင်ကြီးအား ငေးကြည့်လိုက်မိသည်။ “လှလိုက်တာကွယ်” မေ အသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။

မေ ဘယ်လောက်ကြာကြာထိုင်ပြီး ဘယ်လောက်ကြာကြာငေးမိလိုက်သည် မသိ။ ယခုတော့ မေ အနည်းငယ် ညောင်းသလိုရှိလာသောကြောင့် ထိုင်နေရာကျောက်ဆောင်လေးပေါ်မှာပဲ လှဲအိပ်လိုက်တော့သည်။ ပြီးနောက် မေ ကောင်းကင်ကြီးအား ထပ်မံကြည့်လိုက်သည်။ မိုးသားတိမ်တိုက်များကြားမှ သူက မေ့အားပြုံးပြနေ သယောင် မေ့စိတ်ထဲတွင် ဖြစ်ပေါ်လာမိသည်။ မေ မိမိအတွေးကို ဆက်လက်မတွေးတော့ဘဲ ရှက်ပြုံးလေး ပြုံးရင်း မျက်စိကို မှိတ်လိုက်တော့သည်။

“ကျွန်တော် အဲဒီနားကို လာလို့ရမလား မမေမြတ်နိုး”
အသံကြောင့် မေ လန့်သွားပြီး ကမန်းကတမ်း ထရပ်လိုက်မိသည်။

ထို့ကြောင့် မေဟန်ချက်ပြတ်ပြီး ကျောက်တောင်လေးပေါ်မှ လိမ့်ကျသွား၏။
“အား … ကျွတ် … ကျွတ် …”
နာကျင်မှုကြောင့် မေ ညည်းကာ အော်လိုက်မိသည်။

“ဘာဖြစ်သွားလဲဟင် မမေမြတ်နိုး”
မေးသံနှင့်အတူ ခုနက အသံပိုင်ရှင်က မေ့ အနားသို့ အပြေးဖြင့်ရောက်လာတော့၏။

“ဒေါက်တာ …”
မေ အံ့သြတကြီးနဲ့ ဒေါက်တာဘုန်းမင်းခန့်အား ကြည့်ရင်းခေါ်လိုက်မိသည်။ ဒေါက်တာ ဘုန်းမင်းခန့် ဘယ်အချိန်က ဤကျွန်းသို့ရောက်လာပါလိမ့်။ မေ ကိုယ့်အတွေးနှင့်ကိုယ်မို့ ပတ်ဝန်းကျင်ကို သတိမထား လိုက်မိပေ။

“မမေမြတ်နိုး လက်မှာ သွေးတွေထွက်နေပြီ … ခုနက ကျောက်ဆောင်နဲ့ ရှမိသွားပြီ ထင်တယ်”
မေ ခေါင်းငြိမ့်ပြရင်း မျက်ရည်များ တသွင်သွင်ကျလာတော့သည်။

“ဟာ … မမေမြတ်နိုး၊ ဘာဖြစ်လို့ငိုတာလဲ၊ မငိုပါနဲ့၊ ဒဏ်ရာက အရမ်းများနာနေလို့လား၊ ကျွန်တော့်ကို ပြပါအုံး”
ဒေါက်တာဘုန်းမင်းခန့်က စိတ်မကောင်းစွာဖြင့် ပြောလည်းပြော လက်ကိုလည်း ယူကြည့်လိုက်တော့သည်။ ထို့နောက်
“ဒဏ်ရာက နည်းနည်းများတယ် မမေမြတ်နိုး၊ လောလောဆယ်တော့ ကျွန်တော့မှာလည်း ဘာမှ ပါမလာဘူး၊ သွေးအရမ်းမထွက်အောင် တစ်ခုခုနဲ့ စည်းထားမှ ကောင်းမယ်၊ မမေမြတ်နိုး ပ၀ါ ခဏပေးပါလား၊ အဲဒါနဲ့ဆိုရင် အဆင်ပြေမှာပါ”

မေ ခေါင်းငြိမ့်ပြရင်း လည်ပင်းတွင် စည်းထားသော ပ၀ါလေးအား ဖြုတ်ပေးလိုက်သည်။

ဒေါက်တာဘုန်းမင်းခန့်က မေ့ ဒဏ်ရာအား သေချာ စည်းပေးရင်း ကရုဏာသက်စွာဖြင့် ပြောလိုက်သည်။
“ဟိုဘက်ကမ်းရောက်မှ သေချာဆေးထည့်ပေးမယ်နော်၊ ခုတော့ ခဏယာယီ ဒီလိုစည်းထားတာပေါ့၊ လှေလည်းရောက်တော့မယ်ထင်ပါတယ်”
မေ ဘာမှပြန်မပြောတော့ဘဲ နေရာမှ ထရပ်လိုက်သည်။

“ရရဲ့လား မမေမြတ်နိုး၊ လျှောက်နိုင်ရဲ့လား”

“ဟုတ်ကဲ့၊ ခြေထောက်က နည်းနည်းတော့နာနေတယ်၊ ဒါပေမယ့် မေ လျှောက်နိုင်ပါတယ်”

“ကျောက်ဆောင်ပေါ်က ကျတဲ့အရှိန်ကြောင့်ပါ မမေမြတ်နိုး၊ ခုလောလောဆယ်တော့ ကျွန်တော့်လက်ကို အားပြုပြီး လျှောက်ကြည့်လိုက်ပါ”
မေ ဒေါက်တာဘုန်းမင်းခန့်အား ကြည့်လိုက်မိသည်။

“တစ်မျိုးမထင်ပါနဲ့ မမေမြတ်နိုး၊ ကျွန်တော့်ကြောင့်ဖြစ်ရတာမို့ပါ”
မေမြတ်နိုး ခေါင်းကို ငြိမ့်ပြရင်း သူပြောသည့်အတိုင်းပင် သူ့လက်အား အားပြုရင်း လျှောက်လိုက်သည်။ မေ မိမိအဖြစ်အား တွေးကာ ရယ်ချင်စိတ်ပင်ဖြစ်မိသည်။ အတွေးလွန်ပြီး ဘေးတွင်လူရောက်နေတာလည်း မသိ။ မိမိဝေဒနာနှင့် မိမိ။ ယခုတော့ အတွေးလွန်ကောင်း၍ ဒဏ်ရာရရပြီ မဟုတ်လား။ မေ တစ်ချက်ရယ်ရင်း တဆက်တည်းမှာပဲ နာကျင်မှုကြောင့် ရှုံ့မဲ့မဲ့ဖြစ်သွားပြန်သည်။
ဘုန်းမင်းခန့်ကတော့ ခုရယ်လိုက် ခုရှုံ့မဲ့မဲ့ဖြစ်လိုက် ဖြစ်နေသော မေမြတ်နိုးအား ကြည့်ရင်း
“ကျွန်တော်တို့ ဒီနားမှာ ထိုင်ကြရအောင်နော်”

“ဟုတ်ကဲ့ ဒေါက်တာ”
လှေဆိပ်နှင့် မလှမ်းမကမ်းဖြစ်သော ထိုနေရာလေးတွင်ပင် မေတို့ ထိုင်လိုက်ကြသည်။ ထို့နောက် မေတို့ ဘာစကားမှ မပြောဖြစ်ဘဲ ကိုယ့်အတွေးနှင့်ကိုယ် နေလိုက်တော့သည်။

Read More...

------------------------

Friday, July 20, 2007

အချစ်နှင့်အတူ (၂)

(၂)

ဟိုတယ်တွင်းသို့ ဘလူးဘတ်ကားတစ်စီးဝင်လာချိန်မှာတော့ အားလုံး ပြာပြာသလဲ ထရပ်လိုက်ကြ မိသည်။ ဒေါက်တာ ဘုန်းမင်းခန့်က ကားပေါ်မှ ဆင်းလာကာ အားလုံးကိုတစ်ချက်ဝေ့ကြည့်ရင်း အပြုံးနှင့် နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ ဒေါက်တာ၊ ကျွန်တော်က ဒီဟိုတယ်ရဲ့ မန်နေဂျာဦးစိုးနိုင်ပါ”

“ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ဦးစိုးနိုင်”

“ဟုတ်ကဲ့ ခင်ဗျ၊ သြော် ဒါနဲ့ ၀န်ထမ်းတွေနဲ့ မိတ်ဆက်ပေးရအုံးမယ်၊ ဒါက မခိုင်မာ… မသစ္စာ… ကိုအာကာနဲ့ ကိုလှိုင်ထွန်းပါ ဒေါက်တာ၊ ဟိုဘက် အစွန်ကတော့ မေမြတ်နိုးပါ…”

“ဟုတ်ကဲ့ တွေ့ရတာ ၀မ်းသာပါတယ် ဒေါက်တာ …”

“ဟုတ်ကဲ့ ကျွန်တော်လည်း ၀မ်းသာပါတယ် ခင်ဗျာ …”

အားလုံး အပြန်အလှန်နှုတ်ဆက်လိုက်ကြသည်။ ထို့နောက် မန်နေဂျာ ဦးစိုးနိုင်က
“ဒေါက်တာလည်း ခရီးပမ်းလာပြီထင်တယ်၊ နားလိုက်ပါအုံး ဒေါက်တာ …”
မန်နေဂျာစကားဆုံးတော့ ဘုန်းမင်းခန့်က ခေါင်းငြိမ့်ပြလိုက်သည်။

ပြီးနောက် ကိုအာကာက ဘုန်းမင်းခန့်၏ ပစ္စည်းများသယ်ရင်း တည်းရမည့်အခန်းသို့ လိုက်ပါပို့ဆောင်ပေးလေသည်။

“ဒေါက်တာက ငယ်ငယ်ပဲရှိသေးတာပဲနော်၊ နောက်ပြီး သဘောကောင်းမယ့်ပုံပဲ၊ မာနလည်း မကြီးလောက်ဘူးနော်၊ ကားကိုလည်း သူ့ဘာသာမောင်းပြီး လာတယ်နော်”

“အင်း ဟုတ်မယ်ထင်တယ်နော် သစ္စာ”
မေးသူကမေး၊ ဖြေသူက ဖြေနှင့် အတိုင်အဖောက်ညီနေသော မခိုင်မာနှင့် မသစ္စာကို ကြည့်ရင်း မေ သဘောကျကာ ပြုံးလိုက်မိပြန်သည်။

“ဟေး မေ … ကိုယ်တို့ပြောတာ ဟုတ်တယ် မဟုတ်လား”

“အင်း မေတော့ မပြောတတ်ပါဘူး မခိုင်မာရယ် … ဒါပေမယ့် ဒေါက်တာက လွတ်လပ်တာကို ကြိုက်တယ်ထင်တယ်၊ တစ်ယောက်တည်းလာတယ်ဆိုတော့လေ”
မေ တွေးတွေးဆဆလေးဖြင့် ဖြေလိုက်၏။

“ဒေါက်တာ့ကို ညနေဘာစားချင်လဲဆိုတာ လိုက်မေးလိုက်ပါအုံး၊ ကျွန်တော်ခုနက မေးဖို့မေ့သွားလို့”

“ဟုတ်ကဲ့ ဆရာ”

“ဟိတ် မေ၊ မေပဲ သွားမေးလိုက်ပါနော်၊ ကိုယ်ဟိုဘက်မှာ လုပ်စရာလေးရှိလို့”
မေ ခေါင်းငြိမ့်ဖြေရင်း ထိုနေရာမှ ထွက်လာခဲ့သည်။

ဘန်ဂလိုလေးများက သက်တန့်ရောင်စဉ်ကဲ့သို့ အရောင်အသွေးစုံလင်စွာဖြင့် တင့်တယ်လှပနေသည်။ မေမြတ်နိုးတို့ရဲ့ ဘန်ဂလိုများကတော့ ပုံစံကော အသွင်အပြင်ပါ တခြားဟိုတယ်များနှင့်မတူ ကွဲပြားနေသည်။ ဘန်ဂလိုအရောင်၊ ခန်းဆီးအရောင်များက သူ့ဘန်ဂလိုနှင့်တူ မတူ လှပစွာ တည်ရှိလျက်။ ဘန်ဂလိုထဲတွင် ပါဝင်သောပစ္စည်းများကလည်း အားလုံးအတူတူ ဖြစ်သည်။ အခန်း ဈေးနှုန်းအလိုက် သုံးစွဲထားသော တံဆိပ်သာ ကွာခြားသည်။ ဈေးနှုန်းနည်းသော အခန်းတွင် ဈေးနှုန်းများသော အခန်း၌ပါဝင်သော ပစ္စည်းများမပါဝင်ရချင်းမရှိရလေအောင် သေချာစွာ စီမံထားခြင်း ဖြစ်မည်။ အားလုံးအပေါ်တန်းတူအခွင့်အရေးထားသော သူဌေး၏ သဘောထားက ချီးမွမ်းစရာ လေးစားစရာပင်။ ထို့ကြောင့်လည်း မေမြတ်နိုးတို့၏ ဟိုတယ်က တည်းခိုသူ ပိုမိုများပြားသည်။

မေတစ်ယောက် မိမိတို့၏ ဟိုတယ်အကြောင်း စဉ်းစားရင်းနှင့်ပင် ဒေါက်တာဘုန်းမင်းခန့် တည်းခိုရာဘန်ဂလိုသို့ရောက်လာခဲ့ပြီ။ ဒေါက်တာ ဘုန်းမင်းခန့်တည်းသော ဘန်ဂလိုလေးက မိုးပြာရောင်ဘန်ဂလို။ ခန်းဆီးများကလည်း မိုးပြာရောင်အောက်ခံတွင် ပန်းပွင့်လေးများပါဝင်လျက် ပန်းချီကားတစ်ချပ်ပမာလှပနေသည်။ မေအတွေးစများကို ဖယ်ထုတ်လိုက်ရင်း အခန်းတံခါးကို ညင်သာစွာခေါက်လိုက်သည်။ အခန်းတံခါးလေးက ခပ်ဖြည်းဖြည်းပွင့်လာလျက်
“ဘာကိစ္စရှိလို့ပါလဲ ခင်ဗျာ”

“ဟုတ်ကဲ့ ဒေါက်တာ၊ မန်နေဂျာဦးလေးက မေ့ကို လွှတ်လိုက်လို့ပါ၊ ဒီနေ့ညနေအတွက် ဒေါက်တာ ဘာများသုံးဆောင်ချင်ဆိုတာ မေ့ကို မေးခိုင်းလိုက်လို့ပါရှင်”

“ရပါတယ်… အဆင်ပြေတာသာလုပ်ပါ၊ ကျွန်တော့အတွက် ထူးထူးခြားခြားတွေမလုပ်ပါနဲ့လို့၊ ဘာမှ ထွေထွေထူးထူးမလိုပါဘူး”

“ဟုတ်ကဲ့ ဒေါက်တာ၊ မေ ပြောလိုက်ပါ့မယ်ရှင်၊ ဘာများမှာစရာရှိပါသေးလဲ ဒေါက်တာ”
မေက ပြောလည်းပြော မေးလည်းမေးရင်း ဒေါက်တာဘုန်းမင်းခန့်အား သေချာကြည့်လိုက်သည်။

“မလိုတော့ပါဘူး၊ အားလုံးအဆင်ပြေပါတယ်၊ မန်နေဂျာကြီးကိုလည်း ကျေးဇူးတင်ပါတယ်လို့ပြောပေးပါ မမေ …”

“မေမြတ်နိုးပါ ဒေါက်တာ”

“ဟုတ်ကဲ့ မမေမြတ်နိုး”

“ဒါဆို မေ့ကို ခွင့်ပြုပါအုံးရှင်”
ဒေါက်တာဘုန်းမင်းခန့် ခေါင်းငြိမ့်ပြရင်း မေမြတ်နိုးအား သေချာကြည့်လိုက်မိ၏။ မေမြတ်နိုးလည်း ဒေါက်တာဘုန်းမင်းခန့်အား အပြုံးဖြင့်နှုတ်ဆက်ရင်း ထိုနေရာမှ လှည့်ထွက်လာခဲ့တော့သည်။


(၃)

ပင်လယ်ကမ်းစပ်မို့ ပတ်ဝန်းကျင်တစ်ခုလုံးက လေပြေနုနုလေးများတိုက်ခတ်ကာ ကြည်နူးမှုကို ဖြစ်စေ သည်။ ပတ်ဝန်းကျင်တစ်ခုလုံးက သာယာငြိမ်းချမ်းနေပေမယ့် မေမြတ်နိုးစိတ်ထဲမှာတော့ မအီမသာ ဖြစ်နေမိ၏။ မနက်ကတည်းက ငြီးစီစီဖြစ်နေပြီး တစ်ယောက်တည်းအေးဆေးစွာ နေချင်လာတာကြောင့် မေတစ်ယောက် ရေမိုးချိုးခေါင်းလျှော်ပြီး တစ်ဖက်ကမ်းကိုသွားဖို့ သမ္ဘာန်များရှိရာသို့ ထွက်လာခဲ့မိ သည်။ ဒီနေ့မေ့နားရက်မို့ မေစိတ်ပြေလက်ပျောက်ထွက်ခဲ့ခြင်းဖြစ်သည်။ ခုဆို ဘာလိုလိုနှင့် မေ ဤသို့ ရောက်နေသည်မှာ တစ်ပတ်ကျော်ကျော်တောင် ရှိနေခဲ့ပြီဖြစ်သည်။ ရက်အနည်းငယ်ပဲ ရှိသေးပေမယ့် သဘောကောင်းလှသော မန်နေဂျာနှင့် လုပ်ဖော်ကိုင်ဖက်များကြောင့် မေ အစစအရာရာ အဆင်ပြေခဲ့သည်။

“ဟိတ် မေ၊ ဘယ်သွားမလို့လဲ”
ရုတ်တရက်မေးလိုက်သော အသံကြောင့် မေ အတွေးကိုဖြတ်ကာ ကြည့်လိုက်မိသည်။

“သြော် … မသစ္စာ … မေ မောင်နှံကျွန်းကို သွားမလို့ပါ၊ နည်းနည်းငြီးစီစီဖြစ်နေလို့ …”

“ဟုတ်လား … နေမကောင်းလို့လား မေ”

“မဟုတ်ပါဘူး မသစ္စာ”

“သြော် … သိပြီ သိပြီ၊ ရန်ကုန်မှာ ကျန်ခဲ့တဲ့ချစ်သူကို လွမ်းနေတာဖြစ်မယ်၊ ဟုတ်တယ်မဟုတ်လား မေ”

မေ မသစ္စာကို တစ်ချက်ပြုံးပြလိုက်ရင်း
“မေ သွားလိုက်အုံးမယ်နော်”

“အင်းပါမေရယ် … သစ္စာလည်း ခဏဆို အဲဖက်ကျွန်းကိုလာရမှာဘဲလေ၊ ဧည့်သည်တွေကို လိုက်ပို့ ပေးရမှာ”
မေမြတ်နိုး ခေါင်းငြိမ့်ပြရင်း ဆက်ထွက်လာခဲ့လိုက်တော့သည်။

တစ်ဖက်ကမ်းတွင်ရှိသော ထိုကျွန်းလေးအား မေအလွန်နှစ်သက်မိသည်။ ထိုကျွန်းက မေတို့နေထိုင်ရာမှ တစ်နာရီလောက်ဝေးသော နေရာတွင်တည်ရှိသော ကျွန်းကလေးဖြစ်သည်။ ကျွန်းလေးက အရမ်းလည်း မကြီး အရမ်းလည်းမသေးပေ။ ထူးခြားချက်တစ်ခုက ထိုကျွန်းလေးတွင် ဆုံတွေ့ရသောချစ်သူတိုင်း ပေါင်းဖက်နိုင်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့်လည်း ထိုကျွန်းလေးအား “မောင်နှံကျွန်း” ဟု ခေါ်ဆိုခြင်း ဖြစ်သည်။ ထိုကျွန်းလေးပေါ်တွင် တည်ထားကိုးကွယ်သော “မောင်နှံစေတီတော်” ကလည်း အလွန်ပင် တန်ခိုးကြီးလှသည်။

ဓာတ်ပုံရိုက်ဝါသနာပါသူများအတွက်လည်း အလွန်ပင်ကောင်းသော နေရာ ဖြစ်၏။ ကျောက်ဆောင် ကျောက်တောင်များ များစွာရှိသည်။ ကျောက်ဆောင် ကျောက်တောင်များပေါ်မှနေ၍ ပင်လယ်ကြီးအား နောက်ခံထားရိုက်ပါက အလွန်ပင်လှပသည်။ ပင်လယ်အောက်တွင်ရှိသော အရာများကို လေ့လာချင်သူများ အတွက်လည်း အင်မတန်ပင် အဆင်ပြေလှသည်။ နေ၀င်ချိန်အား ထိုကျွန်းပေါ်မှနေ၍ ကြည့်ရသည်မှာ လည်း လှပသောပန်းချီကားချပ်အား ကြည့်ရှုရသည့်ပမာ မြင်ရသူအပေါင်းကို ရင်သပ်ရှုမောမှုများ ခံစား ရစေသည်။ ထို့ကြောင့် ဤဒေသသို့လာရောက် အပန်းဖြေသူတိုင်း လိုလိုပင် ထိုကျွန်းသို့ မရောက်ရောက် အောင်လာကြ၏။ အထူးသဖြင့် နိုင်ငံခြားသားများ အလွန်ပင် နှစ်သက်သဘောကျကြသော ကျွန်းတစ်ကျွန်း ဖြစ်သည်။

Read More...

------------------------
---------------------------------------------