Sunday, July 15, 2007

စိတ်ထားလေးတစ်ခု၏နောက်ဝယ်

ငယ်ငယ်တုန်းက ကျွန်မက ဆရာမတွေအတွက် လိမ္မာတဲ့ကျောင်းသူကောင်းတစ်ယောက်ဖြစ်ခဲ့ပေမယ့် သူငယ်ချင်းတွေ အတွက်တော့ သူငယ်ချင်းကောင်းတစ်ယောက် မဟုတ်ခဲ့ဘူး။
သူငယ်ချင်းဆိုတာလည်း ပြောသာပြောရတာ ကျွန်မမှာ မရှိခဲ့သလောက်ပါဘဲ။
ဘာလို့လည်းဆိုတော့ ကျွန်မက မိဘချစ်၊ ဆရာချစ်အားလုံးကိုရထားတော့ ဘာရယ်မဟုတ်ဘူး မာနက နည်းနည်းကြီးချင် တယ်။
ဘယ်သူ့ကိုမှလည်း ဂရုမစိုက်ဘူး။ သူတို့နဲ့ မခင်ရလို့လည်း ဘာမှမဖြစ်ဘူးလို့ဘဲ အမြဲခံယူထားခဲ့တာ။
ကျွန်မက နည်းနည်းလေးမှ အတိမ်းအစောင်းမခံဘူး။ တစ်ခုခုများ ကျွန်မကို မှားပြောမိတာ၊ လုပ်မိတာတွေများရှိရင် နှစ်ဆ၊ သုံးဆလောက် ပြန်လုပ်မှ ကျေနပ်တတ်သူတစ်ယောက်။
ဒါကြောင့်လည်း ကျွန်မမှာ သူငယ်ချင်းရယ်လို့ ပြစရာသေချာမရှိခဲ့တာ။
ဒီလိုစိတ်ဓာတ်မျိုးရှိမှတော့ ကျွန်မကို ဘယ်သူက အပေါင်းအသင်းလုပ်ချင်တော့ပါ့မလဲနော်။
ဒါပေမယ့် ကျွန်မ တက္ကသိုလ်တက်တဲ့အချိန် သူနဲ့တွေ့ပြီးနောက်ပိုင်းမှာတော့ ကျွန်မစိတ်တွေ ပြောင်းလဲလာခဲ့ တယ်။
သူ့ကြောင့်ပဲ ကျွန်မမှာ သူငယ်ချင်းတွေများလာခဲ့ရတာ။
သူက ကျွန်မရဲ့ စိတ်တွေကို နူးညံ့လာအောင်၊ သူတစ်ပါးအပေါ်မှာ စိတ်ထားတတ်လာအောင်၊ သည်းခံနိုင်စွမ်းတွေရှိလာ အောင် ရှေ့ဆောင်လမ်းပြပေးခဲ့တဲ့သူတစ်ယောက်ပေါ့။
စကားနဲ့ ပြောပြခဲ့တာ မဟုတ်ပေမယ့်လည်း သူ့ရဲ့ပြောဆိုနေထိုင်ပုံတွေက ကျွန်မကို သင်ပေးခဲ့တာ။
ကျွန်မမှာ သူငယ်ချင်းက ရှားသလောက် သူ့ဘေးမှာတော့ သူငယ်ချင်းတွေက ၀ိုင်းလို့နေတယ်။
သူက သူများကို တော်ရုံစိတ်မဆိုးဘူး။ အတတ်နိုင်ဆုံးသည်းခံတယ်။
တက္ကသိုလ်မှာ ကျွန်မတို့အဖွဲ့က သူအပါအ၀င်လေးယောက်။
ကျွန်မနဲ့ နောက်သူငယ်ချင်းတစ်ယောက်က စိတ်ဆတ်တယ်။
သူများကို ကိုယ်က ပြဿနာမရှာတတ်ပေမယ့်လည်း ကိုယ့်ကိုတစ်ခုခု ပြဿနာရှာလာရင်လည်း ကြီးကြီး သေးသေး သည်းမခံဘူး။
ကျွန်မတို့နှစ်ယောက်က တော်ရုံခွင့်မလွှတ်တတ်ဘူး။
အဲတော့ သူက ကျွန်မတို့နှစ်ယောက်ကိုပြောတယ်။
“နည်းနည်းလေးတော့ သည်းခံပါအုံး၊ လွှတ်ထားလိုက်တဲ့၊ တစ်ခါတစ်လေများ ဥပေက္ခာထားလိုက်ပေါ့တဲ့”
အစကတော့ ကျွန်မလက်မခံနိုင်ဘူး။ ဘာကိစ္စ သည်းခံရမလဲပေါ့။ ကိုယ်လည်း ပြဿနာရှာတာမဟုတ်ဘူးပေါ့။ ဥပေက္ခာလည်း မထားနိုင်ပါဘူးပေါ့။
ဒါပေမယ့် ကျွန်မ တဖြည်းဖြည်းနားလည်လာတယ်။
အဲဒါက ဘာလဲဆိုတော့ သူက ဥပေက္ခာတရားကို လက်ကိုင်ထားနိုင်တော့ သူငယ်ချင်းတွေများတာပေါ့လို့လေ။
နည်းနည်းရှုပ်သွားပြီထင်တယ်။ ကျွန်မဆိုလိုတာကိုလေ။
အမှန်ကတော့ သူက သူ့ကို ဘယ်သူက ဘာလာလုပ်လုပ် ဥပေက္ခာနဲ့ လျစ်လျူရှုလိုက်တော့ လာလုပ်တဲ့သူကလည်း ထပ်ပြီးလာမလုပ်နိုင်တော့ဘူးလေ။
ဖြစ်စအချိန်မှာ ချက်ချင်းသည်းခံခွင့်လွှတ်နိုင်လို့မဟုတ်ပေမယ့် သူက ဥပေက္ခာတရားကို လက်ကိုင်ထားတဲ့သူ ဆိုတော့ တဖြည်းဖြည်းချင်း ခွင့်လွှတ်နိုင်သွားတာပေါ့။
ဘယ်လိုပြောရမလဲ။ ဘာမှမဖြစ်သလို လျစ်လျူရှုပြီးနေလိုက်တဲ့အခါကျတော့ သွေးအေးသွားတဲ့အခါ သူ့ဘက် ကိုယ့်ဘက် သေချာပြန်စဉ်းစားရင်း တဖြည်းဖြည်း ခွင့်လွှတ်နိုင်သွားတယ်လေ။
နောက်ဆုံးပြောရမယ်ဆိုရင်တော့ ဘယ်သူနဲ့မှ တော်ရုံအခင်အမင်မပျက်ဘူးပေါ့လေ။
ကျွန်မတို့ကတော့ သည်းလဲမခံနိုင်၊ ဥပေက္ခာလည်း မပြုနိုင်ဆိုတော့ ကြာတော့မိတ်ပျက်တာပေါ့။
နောက်ဆုံးတော့ ကျွန်မလည်း သူ့ကိုကြည့်ရင်း ကျွန်မစိတ်တွေကို တဖြည်းဖြည်း ပြောင်းလဲပစ်ခဲ့တယ်။
ခုတော့ ကျွန်မမှာ ကျွန်မကို ချစ်တဲ့၊ ခင်တဲ့ သူငယ်ချင်းတွေနဲ့ ပျော်စရာကြီးပေါ့။

ဒါကြောင့် သူငယ်ချင်းတို့လည်း တော်ရုံတန်ရုံစိတ်မဆိုးမိအောင် ဥပေက္ခာတရားလေးကို လက်ကိုင်ထားကြပါ လို့၊ တဆက်တည်း ဥပေက္ခာပြုတာတစ်ခုတည်းမဟုတ်ဘဲ တဖြည်းဖြည်းချင်း ခွင့်လွှတ်နိုင်အောင်လည်း ကြိုးစားကြပါ လို့ တိုက်တွန်းရင်း …

------------------------

No comments:

---------------------------------------------