Tuesday, July 24, 2007

အချစ်နှင့်အတူ (၆)

(၇)

မိုးမြင့်ယံသည် သူငယ်ချင်းဖြစ်သူ သက်ဇော်ကြောင့်သာ မဟုတ်လျှင် ဤနေရာသို့ လာဖြစ်မည်မဟုတ်။ ထိုသို့ဆိုလျှင် မိမိတစ်ချိန်က အမှတ်မထင်ဆုံတွေ့ခဲ့သော ထိုမိန်းကလေးအားလည်း ထိုနေရာတွင် ပြန်တွေ့ ရလိမ့်မည် မဟုတ်ပေ။ မိမိ၏ အောင်မြင်မှု၊ ကြွယ်ဝမှုများကို မက်မောကာ သားမက်တော်ချင်ကြသော သမီးရှင်များ မိမိဘေးတွင် အများအပြားရှိသော်လည်း မိုးမြင့်ယံတစ်ယောက်ကိုမျှ စိတ်ဝင်စားခြင်းမရှိခဲ့ပေ။ ဘယ်မိန်းကလေးကမှလည်း သူ့အား ဆွဲဆောင်နိုင်ခြင်း၊ ရင်ခုန်စေခြင်းလည်း မရှိခဲ့ပေ။ သို့သော်လည်း ထိုမိန်းကလေးကတော့ မိုးမြင့်ယံအား မြင်မြင်ချင်းတွင်ပင် ခံစားမှုတစ်ခုကို ပေးစွမ်းနိုင်ခဲ့သည်။ ဘာဆိုတာ သူယနေ့တိုင် သေချာစွာအဓိပ္ပါယ်မဖွင့်နိုင်ခဲ့ပေမယ့် ထိုမိန်းကလေးအား သူအမြဲလိုလို သတိရနေမိ၊ တွေ့ချင် နေမိသည် မဟုတ်ပါလား။

သက်ဇော်က မိမိအား သူ့ဟိုတယ်ပြန်လည်ပြင်ဆင်ရန်အတွက် အတင်းအကြပ်အကူအညီတောင်းခဲ့၍သာ သူ ဤကမ်းခြေသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ထိုမိန်းကလေးအလုပ်လုပ်သော ဟိုတယ်က သက်ဇော်၏ဟိုတယ် ဘေးတွင်တည်ရှိနေခြင်းကလည်း သူတို့နှစ်ယောက်ဆုံဆည်းဖို့အတွက် အကြောင်းတစ်ခု ဖြစ်လာခဲ့သည်။ မိုးမြင့်ယံ ရောက်ပြီး သုံးရက်မြောက်သောနေ့တွင်မှ ထိုမိန်းကလေးအား တွေ့ခဲ့ခြင်းဖြစ်သည်။ မိုးမြင့်ယံ ရောက်သည့်နေ့ကတည်းက မိုးက အဆက်မပြတ်ရွာနေသောကြောင့် သူရေလည်းမကူးနိုင်။ ထိုနေ့ကတော့ တိုက်တိုက်ဆိုင်ဆိုင် ရာသီဥတုကလည်း သာယာ၊ သူကလည်း ရေကူးချင်စိတ်ပေါ်လာသောကြောင့် ပင်လယ်ဘက်သို့ထွက်အလာတွင် ထိုမိန်းကလေးအား သူတွေ့လိုက်ခြင်းဖြစ်၏။

ကောင်မလေးက မိမိတည်းခိုရာဟိုတယ်၏ ဘေးဟိုတယ်မှ ဒန်းကလေးပေါ်တွင် ထိုင်နေသည်ကို သူ လှမ်းမြင်လိုက်ခြင်းဖြစ်သည်လေ။ ကောင်မလေးကတော့ မိမိအား ဂရုထားမိပုံမပေါ်။ သူ့ဘာသာ ဘာတွေ တွေးနေသည်မသိ။ ထိုကောင်မလေးအား တွေ့တော့ သူရေကူးရန်ဆက်မသွားတော့ဘဲ ဟိုတယ်သို့ပြန်ကာ အ၀တ်အစားလည်းပြီး ကောင်မလေးရှိရာ ဒန်းကလေးဆီသို့ ထွက်ခဲ့လိုက်တော့သည်။ ထို့နောက်တွင်တော့ ထိုကောင်မလေးအား
“ဒီမှာ … ခင်ဗျားက ဒီဟိုတယ်မှာ တည်းနေတာလား”
ခပ်တည်တည်ဖြင့် သူမေးလိုက်သည်။

ခပ်မာမာဖြင့် မေးလာသောအသံကြောင့် မေမြတ်နိုးက ခေါင်းမော့ကြည့်လိုက်ရင်း

“မေ့ကို မေးနေတာလား” ပြန်လည်မေးလိုက်၏။ ထို့နောက် ပတ်ဝန်းကျင်အားလည်း တစ်ချက်ကြည့်လိုက်မိသည်။

“ဟုတ်တယ် ခင်ဗျားကို မေးနေတာ”

“မေ့ကို မေးနေတာဆိုတော့ ရှင်က မေ့ကို သိလို့လား၊ ရှင်က ဘယ်သူလဲ”

“သိလို့မေးတာလေ၊ မသိဘဲနဲ့ ဘာလို့မေးမှာလဲ၊ ခင်ဗျား ကျွန်တော့်ကို တကယ်ပဲ မမှတ်မိဘူးလား”

မေက ထိုပုဂ္ဂိုလ်အား အံ့သြစွာဖြင့် ထပ်မံကြည့်လိုက်သည်။ မေ့အား အသားလွတ်လာဟောက်နေသည်။ သူ သိသည်ဆိုလျှင်လည်း မေ့ကို ကောင်းကောင်းမွန်မွန် မေးလို့ရသည်ပဲလေ။ ယခုတော့ သူက မိမိအား သူ့လက်အောက်ငယ်သားတစ်ယောက်ပမာ လာရောက်ပြောဆိုနေသည်။ သူ့ကို မမှတ်မိ၍လည်း မေ့ကို တော်တော်စိတ်ဆိုးနေပုံပင်။ မေကလည်း မေပဲ။ လူတစ်ယောက်ကို ဘယ်တော့မှ ချက်ချင်းမမှတ်မိ။ မတွေ့တာကြာလေ ပိုဆိုးလေဖြစ်၏။ ယခုလည်း ထိုသူကို မြင်ဖူးသလိုလိုရှိပေမယ့် ဘယ်မှာမြင်ဖူးသည်ကို လုံးဝကိုစဉ်းစား၍မရပေ။ မိုးမြင့်ယံကလည်း မိမိအား ဘာမှမပြောဘဲ အံ့သြသလိုကြည့်နေသော မေမြတ်နိုး၏အမူအယာကြောင့် စိတ်ထဲတွင် အောင့်သက်သက် ဖြစ်လာတော့သည်။ သူက သတိရနေသော၊ စိတ်ဝင်စားသော မိန်းကလေးက သူ့အား နည်းနည်းလေးတောင် မှတ်မိပုံမရပေ။ သူ့ကိုလည်း ဂရုမစိုက်သည့်ပမာ။ တစ်သက်လုံးက မိန်းကလေးများ၏ အရေးတယူပေးမှုကိုသာ ခံခဲ့ရသော သူ့အတွက် ထိုမိန်းကလေး၏ အပြုအမူက စိတ်ဆိုး ဒေါသဖြစ်ချင်စရာ အလွန်ကောင်းသည်။ မိမိအား ဇာတ်လမ်းလာထွင်သော ခပ်ညံ့ညံ့သူတစ်ယောက်ဟု ထင်နေသည့်ပုံ။ ဒါကြောင့်လည်း သူ ပိုစိတ်ဆိုးခြင်းဖြစ်သည်။

“ဒီမှာ ကျွန်တော်မေးတာ ဖြေပါအုံး”
မိုးမြင့်ယံက မာဆတ်ဆတ်အသံဖြင့် မေးလိုက်သည်။ မိုးမြင့်ယံ၏ အမေးကြောင့် မေ အတွေးကို ဖြတ်ရင်း

“ဟုတ်ကဲ့၊ မေ စိတ်မကောင်းပါဘူး၊ ရှင် ဘယ်သူဆိုတာကို မေ လုံးဝကို စဉ်းစားလို့မရလို့ပါ”
ခပ်တိုးတိုးဖြင့် ပြောလိုက်မိသည်။

“ဒါဖြင့် ခင်ဗျား ကျွန်တော့်ကို လုံးဝ မမှတ်မိဘူးပေါ့”

“ဟုတ်ကဲ့”

“ဒါဆိုလည်း နေပါစေတော့၊ ကျွန်တော့်ကို ခွင့်ပြုပါအုံး”

“ရှင် … ဟုတ် … ဟုတ်ကဲ့”
ထိုလူ့စကားကြောင့် မေ ရုတ်တရက်ကြောင်သွားပြီး ထစ်ထစ်အအဖြင့် ဖြေလိုက်မိတော့သည်။

မိုးမြင့်ယံ ထိုကောင်မလေးရှေ့မှ ထွက်လာခဲ့သော်လည်း စိတ်ထဲတွင် လုံးဝကို မကျေနပ်မိပေ။ သူ ဒီလောက် မေးနေတာတောင် နည်းနည်းလေးမှ မှတ်မိလာပုံမရ။ ထိုကောင်မလေးအား သွားခေါ်မိသော သူ့ကိုယ်သူပဲ ဒေါသဖြစ်မိတော့သည်။ တဆက်တည်း ထိုမိန်းကလေးအား မိမိကို မှတ်မိအောင်လုပ်ချင်စိတ်များ တဖွားဖွား ဖြစ်လာမိတော့၏။ ထို့ကြောင့် သူ ထိုမိန်းကလေးရှိရာ ဟိုတယ်သို့ပြောင်းရန် ဆုံးဖြတ်လိုက်တော့သည်။

မိုးမြင့်ယံတွေးနေသလို တစ်ဖက်ကလည်း မေမြတ်နိုးက ထိုလူအကြောင်းကို တွေးနေမိလေသည်။ မိမိအား လာရောက်ခေါ်ပြီး မှတ်မိလားမေးကာ မိမိက မမှတ်မိဟုလည်းဆိုရော စိတ်ဆိုးသည့်ပုံစံနှင့် ထွက်သွားသော ထိုသူအား မေအံ့သြနေမိသည်။ ယခုထိတိုင်အောင်လည်း ထိုသူ ဘယ်သူဘယ်ဝါဆိုတာ မေ စဉ်းစားမရပေ။ မေ့အတွက် ထိုသူက အဖြေရှာရခက်သော ပုစ္ဆာတစ်ပုဒ်ပမာ ကျန်ရစ်ခဲ့တော့သည်။ ထို့နောက် မေ ခေါင်းတစ်ချက်ခါလိုက်ပြီး ထိုနေရာမှ ထွက်လာခဲ့လိုက်တော့သည်။

♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠

နောက်တစ်နေ့နံနက်စောစောတွင် မေမြတ်နိုး ဂျူတီဝင်ရန်အတွက် Reception သို့ထွက်လာခဲ့လိုက်သည်။ Reception သို့ရောက်လျှင်ရောက်ချင်း မခိုင်မာက မေ့အား

“မေရေ … မနေ့က ဧည့်သည်တစ်ယောက် ရောက်လာတယ်”

“ဟုတ်လား မခိုင်”

“အင်း ဟုတ်တယ် မေ”

မခိုင်မာက မေ့အား ပြောလည်းပြော သေချာလည်း ကြည့်နေသည်။ သူ့ပုံစံက တစ်ခုခု နားမလည်သလို။ ဒါပေမယ့် မေကတော့ အဲဒါကို သိနေမည်ဆိုသောပုံစံ။မခိုင်မာ၏ အပြုအမူကြောင့် မေ အနည်းငယ် အံ့သြလာမိသည်။ ဧည့်သည်တစ်ယောက်ရောက်လာကြောင်း မေ့အား ပြောပြီး ယခုလည်း မေ့အား သေချာကြည့်နေသည်။ ထိုဧည့်သည်က ဘာဖြစ်လို့များလဲ။ မေ့ ဧည့်သည်များလား။ မေ့ အသိထဲတွင်လည်း ဒီကိုလာမည်ဟု ပြောထားသောသူမရှိ။ ထို့ကြောင့် မေ မခိုင်မာကိုကြည့်လိုက်ရင်း

“အဲဒီ ဧည့်သည်က ဘာဖြစ်လို့များလဲ မခိုင်မာ … ကိုဘုန်းလိုပဲ အရေးကြီးဧည့်သည်မို့လား”

စိတ်ဝင်စားစွာဖြင့် မေးလိုက်မိသည်။

မခိုင်မာက ခေါင်းခါပြလျက်

“မဟုတ်ဘူး မေ၊ အဲဒီဧည့်သည်က ဒီကိုရောက်ရောက်ချင်း မေ့ကိုမေးနေတယ်၊ မေ ဒီမှာ အလုပ်လုပ်တာ လည်း မသိဘူးထင်တယ်၊ မေ့ကို ဒီမှာတည်းနေတယ်လို့ ထင်နေပုံပဲ”

ပြောလိုက်သည်။

“ဟုတ်လား”

“ဟုတ်တယ် မေ၊ နောက်ပြီး မခိုင်က မေက ဒီမှာတည်းနေတာ မဟုတ်ဘူး၊ ဒီမှာ အလုပ်လုပ်နေတာပါ၊ ဒီနေ့တော့မလာဘူး၊ မနက်ဖြန်မှလာမှာပါဆိုတော့ မေ ရောက်ရင် သူ့ဆီ ချက်ချင်းလာဖို့ မခိုင်ကို သေချာ မှာသွားတယ် မေ”

မခိုင်မာက သေချာရှင်းပြလိုက်သည်။မေက အနည်းငယ်အံ့သြသွားလျက်

“ဟုတ်လား မခိုင်၊ သူ့နာမည်က ဘယ်လိုခေါ်လဲ မမခိုင်”

မခိုင်မာအား မေးမိတော့သည်။

“နာမည်က ဦးမိုးမြင့်ယံတဲ့ မေ၊ ရန်ကုန်က လာတာ၊ သူ့အခန်းက (၁၃၀၇)”

“ဟုတ်ကဲ့ မမခိုင်၊ ဒါဆို မေ အခုသွားလိုက်မယ်နော်”

မခိုင်မာက ဘာမှမပြောတော့ဘဲ ခေါင်းသာငြိမ့်ပြလိုက်တော့သည်။

မေမြတ်နိုးလည်း ဦးမိုးမြင့်ယံ ဆိုသော ပုဂ္ဂိုလ်အကြောင်းကို စဉ်းစားရင်း သူတည်းခိုရာအခန်းသို့ ထွက်လာ လိုက်တော့၏။

------------------------

1 comment:

Unknown said...

today home ko pyan yauk yauk chin ma yae blog ko a yin sone read phyit tal :) see u tmw

---------------------------------------------