Sunday, August 12, 2007

အချစ်နှင့်အတူ (၁၉)

(၁၆)

မြင်လိုက်ရသောမြင်ကွင်းကြောင့် မိုးမြင့်ယံ ရုတ်တရက်အသက်ရှူရပ်သလိုပင် ဖြစ်သွားရသည်။ မေမြတ်နိုး ပခုံးကို ဘုန်းမင်းခန့်က ဖက်ထားပြီး ဘုန်းမင်းခန့်ပုခုံးပေါ်တော့ မေမြတ်နိုးက ခေါင်းကိုမှီကာထားသည်။ ဘာတွေဘယ်လိုဖြစ်ကုန်လဲဆိုတာ သူနားမလည်နိုင်တော့။ သူ့ခေါင်းကို မိုးကြိုးအခါခါ ပစ်လိုက်သလို ခံစားလိုက်ရသည်။ မြင်ရတွေ့ရတာတွေက ဘယ်လိုမှ သူမထင်ထားမိတဲ့အရာတွေ။ သူ အံ့သြမှုနှင့်အတူ ဒေါသလည်း အလွန်ထွက်လာတော့သည်။ သူ့ယုံကြည်မှုကို အလွဲသုံးစားလုပ်သော ထိုမိန်းကလေးကို သူ အလွန်ကိုစိတ်နာမိသည်။ အချစ်ကြီးတော့ အမျက်ကြီးတယ်ဆိုတဲ့စကားအတိုင်း ယခုတော့သူ မေ့ကို ချစ်မိသလောက် စိတ်အဆိုးကြီးဆိုးမိပြီ။ ရန်ကုန်ရောက်နေတယ်ဆိုလို့ သူကတွေ့ကြရအောင်ဆိုတော့ “မေ နေမကောင်းလို့ နောက်နေ့မှတွေ့ကြရအောင်” လို့ သူ့ကိုပြောခဲ့ပြီး ယခုတော့ သူက ဘုန်းမင်းခန့်နှင့် လျှောက်သွားနေသည်။ မိမိကို ကောင်းကောင်းကြီးလိမ်လိုက်သည်။ မိမိရဲ့အသုံးမကျမှုကိုတွေးမိရင်း မိုးမြင့်ယံ ရင်ထဲမှ တဆစ်ဆစ်နာလာတော့သည်။

နားလည်ပေးနိုင်ဖို့ ကြိုးစားဖို့မလိုတော့ ဟု မိုးမြင့်ယံ တွေးနေမိတော့သည်။ သူ့မျက်နှာ သူ့ပုံစံလေးနှင့် မှမတန် ကောက်ကျစ်လှသောမိန်းကလေးပဲဟု မိုးမြင့်ယံထင်နေမိသည်။ ဒီလိုအပြော၊ ဒီလိုပုံစံနှင့် ယောက်ျားလေး ဘယ်နှစ်ယောက်ကို အရူးလုပ်ခဲ့ပြီလဲမသိ။ ကိုယ်ချစ်ခဲ့သော မိန်းကလေးပေမယ့် သူ အလွန်နာကျည်းဝမ်းနည်းမိသည်။ ဘယ်လိုမှမထင်ရက်နိုင်စရာပုံစံနှင့် သူ့မေတ္တာကို လှလှပပကို စော်ကားသွားခဲ့ပြီ။ မေမြတ်နိုးက သူ့ချစ်သူပါလို့ သိတဲ့သူများသာ မြင်သွားလျှင်တော့ သူ့ကို သနားစရာလူတစ်ယောက်အဖြစ် ဟားတိုက်ရယ်မောလို့သာ နေတော့မည်ထင်သည်။ သက်ဇော်ကို ပြောပြလျှင်လည်း “ဟိုးအရင်ကတည်းက မင်းကို ငါမပြောခဲ့ဘူးလား၊ ခုမှ လာငိုပြမနေနဲ့” လို့ပဲ ပြောတော့မည်။ “ဘယ်သူမပြုမိမိမှု” ဆိုသလို မိုးမြင့်ယံ ကိုယ့်အပြစ်နှင့်ကိုယ်သာ ခံရန်ရှိတော့သည်။

မေမြတ်နိုးနှင့်ချစ်သူတွေဖြစ်ပြီးနောက် တစ်ခါမှမသောက်ဖြစ်သောအရက်ကို သူအခုတော့ ရေတောင်မရောဘဲ သောက်နေမိပြီ။ မိန်းမတစ်ယောက်ကြောင့် ဘယ်တော့မှမသောက်ဘူးလို့ ဆုံးဖြတ်ခဲ့ပေမယ့် မိုးမြင့်ယံ မခံစား နိုင်တော့။ တစ်ခွက်ပြီးတစ်ခွက်သောက်ရင်း ညနေကမြင်ကွင်းကို မေ့ဖျောက်ပစ်သည်။ သို့သော်လည်း သူ ဒီမြင်ကွင်းကို ဘယ်လိုမှ မေ့လို့မရ။ နောက်ဆုံးမှာတော့ သူ မေမြတ်နိုးရဲ့ ဖုန်းနံပါတ်ကလေးတွေကို နှိပ်လိုက်မိတော့သည်။

“ဟယ်လို …”

“မေလား …”

မိုးမြင့်ယံ အသံကိုထိန်းရင်း မေမြတ်နိုးအား ခေါ်လိုက်သည်။ သို့သော်လည်း သူ့အသံက လေးလေးပင်ပင် ဖြစ်နေသည်။ သူ့အသံကို ဂရုစိုက်မိသည့်ဟန်ဖြင့် မေမြတ်နိုးက သူ့အား မေးခွန်းမေးလာတော့သည်။

“ဟုတ်တယ် မောင်၊ မောင့်အသံကတစ်မျိုးပဲ၊ ဘာဖြစ်လို့လဲ မောင်”

“ဘာမှမဖြစ်ပါဘူး မောင့်အချစ်ရယ်၊ မောင် အရက်လေးနည်းနည်းပဲ သောက်ထားတာပါ”

“မောင်က အရက်သောက်နေတာ၊ ဒါဖြင့် မောင်မူးနေတာပေါ့”

“မူးပေမယ့် မောင် မောင့်ချစ်လေးကို မမေ့သေးပါဘူးကွာ၊ မောင့်ချစ်လေး နေကောင်းသွားပြီလား၊ ကိုကိုနဲ့ တွေ့လိုက်ရလို့ အားလုံးပျောက်သွားပြီလား … ဟင် … မောင့်အချစ်လေး”

“မောင် …”

“ပြောလေ … မောင့်ချစ်ဆုံးလေးပြော”

“မောင် … ဖုန်းချလိုက်တော့၊ မေ အမူးသမားတစ်ယောက်နဲ့စကားမပြောချင်ဘူး မောင်၊ မနက်မှ မောင့်ဆီ မေဆက်လိုက်မယ်၊ ဒါပဲမောင်”
စကားဆုံးသည်နှင့် မေမြတ်နိုးက ဖုန်းကိုချသွားခဲ့သည်။ မိုးမြင့်ယံ တစ်ချက်ပြုံးလိုက်ပြီး ထရယ်လိုက်မိတော့ သည်။

“မေမြတ်နိုးရယ် … မင်း ငါ့ကိုချစ်တယ်လို့များ ဘာလို့ပြောခဲ့တာလဲ၊ မှားပြီးတော့များ ငါ့ကို ပြောခဲ့တာလားကွာ၊ ငါတကယ်ကို သိချင်တယ်၊ မင်း မှားပြောလားမပြောလားဆိုတာကိုပေါ့”
မိုးမြင့်ယံ စိတ်ထဲမှ တစ်ယောက်တည်း မေးနေမိသည်။

♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠

မေမြတ်နိုး ပြန်မဆက်လာခင်မှာပင် မိုးမြင့်ယံက အရင်ဖုန်းဆက်လိုက်တော့သည်။ သူအရာရာကို ပြတ်ပြတ်သားသားလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီ။ နောက်ထပ် ဒီလိုသူအလှည့်စားမခံနိုင်တော့။ ဒါကြောင့်ပဲ သူ့သဘောထား အားလုံးကို ပြောဖို့ သူကပဲအရင် ဆက်လိုက်တော့သည်။

“ဟယ်လို …”

“မေ …”

“မောင် အမူးပြေသွားပြီလား၊ ခေါင်းတွေကိုက်နေလား မောင်”

“ပြေသွားပြီ၊ ခေါင်းလည်းမကိုက်ဘူး၊ အဲဒါတွေထားပါ၊ မေ့ကို မောင်တစ်ခုပြောမလို့”

“ဟုတ် ပြောလေ မောင်”

“မေ တစ်ခုခုကို ပြတ်ပြတ်သားသားလုပ်ပါ၊ တကယ်လို့ မေ ပြတ်ပြတ်သားသားမလုပ်နိုင်ရင် မောင်တို့ ဇာတ်လမ်းကို ဒီမှာတင်ရပ်လိုက်ကြတာ အကောင်းဆုံးပဲ မေ”

“ဘာဖြစ်လို့လဲ မောင်၊ မေက ဘာကိုပြတ်ပြတ်သားသားလုပ်ရမှာလဲ၊ မေတို့ ဇာတ်လမ်းကို ရပ်မယ်ဆိုတာကကော ဘာလဲမောင်၊ ဘာတွေလဲ မောင်၊ မောင် ဘာကိုဆိုလိုတာလဲ”

“ဒီမှာ မေ၊ မေ့ရဲ့လုပ်ရပ်တွေကို မောင် အားလုံးသိတယ်၊ အဲဒီလို မေရဲ့လုပ်ရပ်အတွက် မောင်အရှက်မရချင် ဘူး၊ ခုမှဘာမှ မသိချင်ယောင်ဆောင်မနေပါနဲ့ မေ၊ မေက အဲလောက်တုံးတဲ့မိန်းကလေးမဟုတ်ဘူးဆိုတာ မောင် ကောင်းကောင်းသိထားပါတယ်”

“မေ တကယ်နားမလည်ဘူး မောင်၊ မောင် ဘာကိုပြောချင်တာလဲ၊ ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်းပြောပါ”

“အိပ်ချင်ယောင်ဆောင်သူက နှိုးရခက်ပါတယ် မေ၊ ဒါပေမယ့် မင်းက အိပ်ချင်ယောင်ဆောင်တော့လည်း ငါကပဲ မရရအောင် နှိုးပေးရတော့မှာပေါ့”

“ “မင်း” တွေ “ငါ” တွေနဲ့ မပြောပါနဲ့ မောင်၊ မေ အဲလိုပြောတာ မကြိုက်ဘူး”

“မင်း မကြိုက်လည်း မတတ်နိုင်ဘူး၊ မင်းကို ကောင်းကောင်းပြောနေတာ မင်းက ဝေ့လည်ကြောင်ပတ် လုပ်နေတာ”

“မောင် မေ့ကို မအော်ပါနဲ့၊ မေ စိတ်မကောင်းအရမ်းဖြစ်တယ်၊ နောက်ပြီး မေ ဘာမှဝေ့လည်ကြောင်ပတ် မလုပ်ဘူး”

“စိတ်မကောင်းဖြစ်ရင်လည်း အဲနားမှာတင် လဲသေလိုက်” ဆိုသော စကားကိုတော့ မိုးမြင့်ယံ စိတ်ထဲမှ အော်ပြောလိုက်မိသည်။ ဒေါသကြောင့် လူတစ်ကိုယ်လုံးလည်း အတော်ပင်တုန်ရီနေပြီ။ သိပ်ချစ်ခဲ့သောချစ်သူ တစ်ယောက်ကို ဒီလိုစကားတွေ ပြောနေရတော့ သူအလွန်ကို ရင်နာမိသည်။ သို့ပေမယ့်လည်း မေမြတ်နိုး၏ ဟိုလိုလိုဒီလိုလိုဖြင့် ဝေ့လည်ကြောင်ပတ်လုပ်နေသောအသံက သူ့ဒေါသကို တစ်စထက်တစ်စတိုးအောင်လုပ် နေတော့သည်။သူ ဒီလိုစကားတွေကို မပြောချင်ပေမယ့်လည်း အခြေအနေတွေက ထိုသို့ပြောရအောင် ဖန်တီးနေလေပြီ။ မေမြတ်နိုးအသံကတော့ တိုးတိမ်ပြီး တုန်ခါလို့နေသည်။ သို့သော်လည်း မေမြတ်နိုး ငိုနေလား မငိုဘူးလား ဆိုတာလည်း သူမသိချင်တော့။ ကိစ္စတွေ ပြတ်ပြတ်သားသားမဖြစ်ခင် မေမြတ်နိုးကို သူမတွေ့ချင်၊ မမြင်ချင် တော့။ ဒီလို ခါးသီးတဲ့ဝေဒနာနဲ့အဖြစ်တွေကို သူ ဘယ်ကိုသွားလွှင့်ပစ်ရမလဲဆိုတာလည်း မသိ။ စိတ်ညစ်ပြီး ရူးချင်လို့သာ နေတော့သည်။

“ကိုယ် ဘယ်လိုခံစားရမလဲဆိုတာ မင်းနည်းနည်းမှ မစဉ်းစားဘူးလား မေမြတ်နိုး၊ ဟိုးအရင်က မင်း ဘုန်းမင်းခန့်နဲ့ ဘယ်လောက်ခင်ခင်၊ ဘယ်ကိုသွားသွား ဘာမှမဖြစ်ဘူး၊ ဒါပေမယ့် မင်းက ခုချိန်မှာ ငါ့ရဲ့ချစ်သူပါ၊ တစ်ခါတစ်လေ ရန်ကုန်ကိုရောက်လာတဲ့အချိန်မှာ ကိုယ့်ချစ်သူနဲ့တော့ နေမကောင်းလို့ မတွေ့သေးဘူးဆိုပြီး အဲဒီကောင်နဲ့တော့ မင်းက လျှောက်သွားနေရသလား၊ မင်း သွားချင်တိုင်းသွားလို့ မရတော့ဘူးကွ၊ နည်းနည်းပါးပါးတော့ အနေအထိုင် ဆင်ခြင်ဖို့ကောင်းတယ်၊ နောက်ပြီး ငါ့အတွက်လည်း နည်းနည်းတော့ စဉ်းစားပေးသင့်တယ်လို့ မင်းမထင်ဘူးလား”

“တော်တော့ မောင်၊ မောင့်စကားတွေက မေ့ကို အပြည့်အ၀ကို စော်ကားလွန်းရာကျနေပြီ၊ အကျိုးအကြောင်းကို အရင်မမေးဘဲနဲ့ ခုလို မေတို့ကို စော်ကားဖို့မကောင်းဘူး မောင်၊ မောင့်ကို မောင်နဲ့မေ ချစ်သူတွေမဖြစ်ခင်ကတည်းက မေ့ကို မောင်နားလည်ပေးနိုင်ရဲ့လားလို့ မေ မေးခဲ့တယ်၊ နောက်ပြီး ကိုကိုက မေ့ရဲ့အစ်ကိုပါလို့လဲ မောင့်ကို မေ ခဏခဏရှင်းပြခဲ့ဘူးပြီးပြီ၊ အဆိုးဆုံးကတော့ မေ ဟိုနေ့က ကိုကိုနဲ့ ဘယ်သွားတာလဲဆိုတာ မောင် သေချာမမေးဘဲနဲ့ မေ့ကိုရော ကိုကို့ကိုပါ စော်ကားလိုက်တာပဲ၊ ချစ်သူဘ၀မှာရော လက်ထပ်ပြီးတဲ့အချိန်မှာပါ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုက သိပ်ကို အရေးကြီးတယ်မောင်၊ ဘယ်လောက်ပဲချစ်နေပါစေ ယုံကြည်မှုဆိုတာ မရှိမှတော့ နားလည်ပေးနိုင်တော့မှာ မဟုတ်သလို ချစ်နိုင်တော့မှာလဲ မဟုတ်ဘူးမောင်၊ အရေးကြီးဆုံးဖြစ်တဲ့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုဆိုတာက မောင့်ဆီမှာ ရှိမှမနေဘဲကိုး၊ မေ့ကို မောင်က ဒီလိုမယုံကြည်မှတော့ မောင်ပြောသလိုပဲ မေတို့ဇာတ်လမ်းကို ဒီမှာတင်ရပ်လိုက်တာ အကောင်းဆုံးပါမောင်”

“မင်း ဒီလိုစကားလုံးလှလှလေးတွေသုံးပြီး ဘယ်နှစ်ယောက်ကို အရူးလုပ်ခဲ့တာလဲ မမေမြတ်နိုး၊ တခြားသူ တွေကတော့ မင်းရဲ့ ဒီလိုစကားလုံးလှလှလေးတွေကို ကြားပြီး မင်းကိုပြန်ပြီးယုံကြည်ချင် ယုံကြည်လိမ့်မယ်၊ ဒါပေမယ့် မိုးမြင့်ယံဆိုတဲ့ ငါကတော့ မရဘူးဆိုတာ မင်းမှတ်ထားလိုက် မေမြတ်နိုး”

“မောင့်စကားတွေကို ဒီလောက်နဲ့ရပ်သင့်ပြီလို့ မထင်ဘူးလားမောင်၊ မောင့်ကို မေ သိပ်ချစ်လွန်းလို့သာ မေ မောင့်ကို သည်းခံနေတယ်လို့မှတ်ထားလိုက်ပါမောင်၊ မောင့်စကားလုံးတွေက မေ့ရဲ့မာန၊ မေ့ရဲ့သိက္ခာတွေကို သိပ်ကိုစော်ကားလွန်းရာကျနေပြီ မောင်”

“အေး … ငါကလည်း မင်းကို ချစ်လွန်းလို့သာ ဘာမှမသိသလိုနေခဲ့တာ၊ မင်းကို ဒီလောက်ထိ နားလည်ပြီး ချစ်ခဲ့တယ်ဆိုတာ မင်းနားလည်ထားလိုက် မေမြတ်နိုး”

“မောင်က ဘာကို မသိချင်ယောင်ဆောင်ပြီး ဘာကိုနားလည်ပေးခဲ့တာလဲ မောင်”

“မင်းနဲ့ ဘုန်းမင်းခန့်လေ၊ မင်းတို့ ငါ့ကွယ်ရာမှာ တွေ့ချင်တိုင်းတွေ့၊ စားချင်တိုင်းစား၊ ကြည်နူးချင်တိုင်း ကြည်နူးနေကြတာတွေ”

မိုးမြင့်ယံ ပြောရင်းပြောရင်းဖြင့် ၀မ်းနည်းလို့လာတော့သည်။ စိတ်ထဲရှိတိုင်းသာ ပြောလိုက်ရရင်တော့ မေ့အတွက် နစ်နာစရာ စကားလုံးတွေသာဖြစ်လာတော့မည်။ ဒေါသနှင့် ၀မ်းနည်းမှုတို့ကြောင့် သူ့ရင်ထဲမှာ မခံချိမခံသာဖြင့် ဆို့နစ်လို့နေသည်။

“ကိုယ်ကတော့ မင်းနဲ့ပတ်သက်ပြီး စိတ်ကူးတွေယဉ်ရတာနဲ့၊ မျှော်လင့်ရတာနဲ့ မင်းကတော့ ဒီကောင်နဲ့ ဖြစ်ချင်တိုင်းဖြစ်နေတယ်၊ ငါ့မှာသာ အရူးတစ်ယောက်လို ဖြစ်နေရတာ၊ ငါ့ရှိတယ်ဆိုတာ သိရက်နဲ့တောင် မင်းတို့ဒီလောက်ဖြစ်နေတာ၊ ငါ့ကွယ်ရာမှာဆိုရင် ဘယ်လောက်ဖြစ်မလဲဆိုတာ ငါတွေးတောင်မတွေးဝံ့ဘူး”

“တော်တော့ ကိုမိုးမြင့်ယံ တော်တော့၊ ရှင်က အကောင်းနားထောင်နေလို့ ဒီလိုစော်ကားတာလား၊ စော်ကားတယ်ဆိုတာလည်း အတိုင်းအတာတစ်ခုရှိသင့်တယ် ကိုမိုးမြင့်ယံ၊ နှမသားချင်း စာနာပြီးပြောပါ၊ နောက်ပြီး ရှင် အခြေအနေတစ်ခုကို သေချာမသိဘဲ ဒီလိုလက်လွတ်စပယ်ပြောတာ သိပ်ကို လွန်လွန်းတယ်၊ ရှင် ခုပြောနေတဲ့ ကျွန်မနဲ့ ကိုဘုန်းမင်းခန့်က ပေါက်လွတ်ပဲစားတွေ မဟုတ်ဘူး ကိုမိုးမြင့်ယံ၊ မိဘရဲ့ ဆိုဆုံးမမှုအရိပ်မှာ ကောင်းကောင်းမွန်မွန်နဲ့ကြီးပြင်းလာတဲ့ သူတွေပါ၊ မိဘအရှက်ရစေမယ့်ကိစ္စ၊ ဒီလိုသိက္ခာမရှိတဲ့အလုပ်၊ ဘယ်လိုကိစ္စမျိုးကိုမဆို သေချင်သေသွားပါစေ ဘယ်တော့မှ မလုပ်မယ့်သူတွေပါ၊ ရှင်က ကျွန်မရဲ့ သိက္ခာနဲ့မာနကို အကြိမ်ကြိမ် စော်ကားသွားခဲ့တယ်၊ ကိစ္စတစ်ခုကို ခေါင်းအေးအေးမထားဘဲ ထင်ရာမြင်ရာနဲ့ သူတစ်ပါးကို နစ်နာအောင် ပြောတဲ့ရှင့်ကို ကျွန်မစိတ်ကုန်သွားပြီ ကိုမိုးမြင့်ယံ၊ ကျွန်မတို့ဇာတ်လမ်းကို ကျွန်မကပဲ စရပ်လိုက်ပါတယ်၊ ရှင် ကျေနပ်ပါတော့”

“မင်းကပဲ ပြောရတယ် ရှိသေးလား မေမြတ်နိုး၊ ငါ ပြောတယ်ဆိုတာက အပြစ်မရှိ အပြစ်ရှာပြီး ပြောတာ မဟုတ်ဘူးဆိုတာ မင်းသိထားပါ၊ မင်း အနေအထိုင်မတတ်လို့ ငါက ပြောနေရတာ၊ အကြောင်းမရှိဘဲနဲ့တော့ အကျိုးဆိုတာ ဖြစ်မလာဘူး မေမြတ်နိုး၊ ခု မင်းကို ငါပြောတာကလည်း အကြောင်းရှိလို့သာ ပြောနေရတာပဲ၊ ဒါကို စကားလုံးလှလှတွေ သုံးပြီး ခုမှလာ အသံကောင်းဟစ်ချင်မနေပါနဲ့”

“ဒီမှာ ကိုမိုးမြင့်ယံ၊ အသံကောင်းဟစ်ရအောင် မေက သီချင်းဆိုပြိုင်ပွဲဝင်နေတာ မဟုတ်ဘူး၊ အကြောင်းရှိလို့ အကျိုးဆက်ဖြစ်ရတာဆိုရင် ကျွန်မနဲ့ ကိုကို့ကို တွဲပြီး မြင်ရတဲ့အကြောင်းကို ရှင် မေးပါအုံးလား၊ ယောက်ျားလေးတစ်ယောက်နဲ့ တွဲတွေ့တိုင်း သမီးရည်းစားဖြစ်ကောလား၊ ရှင်နဲ့ ချစ်သူဖြစ်ရတာနဲ့ပဲ ကျွန်မက ယောက်ျားလေးမိတ်ဆွေသူငယ်ချင်းမရှိရဘူးလား၊ ကျွန်မ ကြုံလို့ မေးလိုက်ပါရစေအုံး၊ ရှင့်မှာ အဲလောက်တောင် ကိုယ့်ကိုယ်ကို ယုံကြည်စိတ်တွေ ခမ်းခြောက်နေလား၊ ကိုကိုနဲ့ ကျွန်မကို တွဲတွေ့လိုက်လို့ ကျွန်မက ကိုကို့ချစ်သူဖြစ်နေပြီလို့ ရှင်ထင်ရလောက်အောင် ရှင့်မှာ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်မရှိဘူးလား၊ ရှင်က ခုချိန်မှာ ကျွန်မချစ်သူမဟုတ်ဘူးလား၊ နောက်ပြီး ကိုကိုနဲ့ ကျွန်မနဲ့က ရှင်နဲ့ မသိခင်ကတည်းက ခင်ခဲ့ကြတာ၊ ကိုကို့ကို ချစ်ချင်ရင် ရှင့်ကို ချစ်ပါတယ်ဆိုပြီး လိမ်ညာအဖြေပေးနေစရာ လိုလို့လား၊ ရှင်က ကျွန်မရဲ့ ကျေးဇူးရှင်မို့ ကျွန်မက ကျွန်မဆန္ဒတွေကို လိမ်ညာထားရမှာလား၊ ကျွန်မသာ အစောကတည်းက ကိုကို့ကို ချစ်ချင်ရင် ရှင့်ကို ချော်ပြီး ချစ်တယ်လို့ ပြောနေစရာအကြောင်းကို မရှိဘူး၊ ရှင်က သိပ်ကို သနားစရာကောင်းတယ် ကိုမိုးမြင့်ယံ၊ ရှင်က ကိုယ့်ကိုယ်ကို ယုံကြည်စိတ်မှ မရှိဘဲ၊ ဒါကြောင့် ရှင် အားလုံးကို ပတ်ရမ်းနေတာ၊ ရှင်သာ ကိုယ့်ကိုယ်ကို နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမယ်၊ ယုံကြည်မယ်ဆိုရင် ရှင့်အနားကနေ ကျွန်မထွက်သွားမှာကို ရှင် စိတ်ပူနေမှာမဟုတ်ဘူး၊ ကျွန်မ ရှင့်နားက မထွက်သွားဖို့ ကျွန်မကို ဆွဲထားနိုင်မယ့် အရည်အချင်း ရှင့်မှာ ရှိမှာမဟုတ်ဘူးဆိုပြီး ကိုယ့်ကိုကိုယ် ထင်နေတယ် မဟုတ်လား၊ သိပ်ကို သနားစရာကောင်းတဲ့အဖြစ်ပဲ ကိုမိုးမြင့်ယံ၊ တော်ပါပြီ၊ ထပ်ပြောနေလို့လဲ ကျွန်မစကားတွေက အပိုတွေဖြစ်နေတော့မှာဘဲ၊ ကျွန်မတို့ဇာတ်လမ်းကို ဒီမှာသာ ရပ်လိုက်ပါတော့ ကိုမိုးမြင့်ယံ၊ ဒါပါပဲ”

မေမြတ်နိုးတစ်ယောက် သူ့ရှေ့မှာ လာရပ်ပြီးပြောနေသယောင် စကားတွေကို ကျကျနနပြောသွားပြီး ဖုန်းကို ချသွားတော့သည်။ မိုးမြင့်ယံ ဖုန်းခွက်လေးကိုကိုင်ရင်း တစ်စုံတစ်ခုကို အပြီးတိုင်ဆုံးရှုံးလိုက်ရသည့်ပမာ ရင်ထဲတွင် ဟာတာတာဖြစ်သွားတော့သည်။ ဒီလိုနဲ့ပဲ သူတို့ဇာတ်လမ်းက ပြီးဆုံးသွားပြီလားဟု သူစိတ်ထဲ တွင် တွေးလိုက်မိသည်။

♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠

------------------------

No comments:

---------------------------------------------