Friday, August 31, 2007

Why we put wedding ring on the fourth figner?

Why wedding ring should put on the fourth finger???

Pls follow the below step, really God make this a miracle.

Firstly, show your palm, centre finger bend and put together back to back.
Secondly, the rest 4 fingers tips to tips.

(Games begin, follow the below arrangement, 5 finger but only 1 pair can split).


Try to open your thumb, the thumb represent parents, it can be open cz all human does go thru sick and dead. Which is our parents will leave us one day.

Pls close up your thumb, then open your second finger, the finger represent brothers and sisters, they do have their own family which is too they will leave us too.

Now close up your second finger, open up your litter finer, this represent your children. Sooner or later they too will leave us for they got they own living to live.

Nevertheless, close up your little finer, try to open your further finger which we put our wedding ring, you will be surprise to find that it cannot be open at all. Because it represent husband and wife, this whole life you will be attach to each other.
Real love will stick together ever and forever.

Thumb represents parents
Second finger represents brothers & sisters
Centre finger represents own self
Fourth finger represents your partner
Last finger represents your children

Read More...

------------------------

Thursday, August 30, 2007

သစ်စေ့လေး နှစ်စေ့

သာယာလှပသော နွေဦးပေါက်ရာသီဖြစ်သည်။

မြေဆီသြဇာပြည့်ဝသည့် ခြံဝင်းကြီးတစ်ခုထဲမှာ သစ်စေ့လေးနှစ်စေ့ ဘေးချင်းယှဉ်၍ တည်ရှိနေကြသည်။

ပထမသစ်စေ့က စတင်ပြီး စကားဆိုတာက …

“ငါ အပင်ဖြစ်ချင်တယ်၊ ကြီးထွားချင်တယ်၊ ငါ့အမြစ်တွေ အောက်ဘက်မြေကြီးထဲ နက်နက်ရှိုင်းရှိုင်း တွန်းပို့ချင်တယ်၊ ငါ့ အစို့အညှောင့်တွေ အထက်မြေလွှာကို ဖောက်ထွင်းပြီး အပြင်ဘက် ထွက်ချင်တယ်၊ နူးညံ့တဲ့ အဖူးကလေးတွေက ပွင့်အာလာတဲ့ အချပ်အလွှာလေးတွေနဲ့ အောင်လံထူပြီး နွေဦးကို ကြိုဆိုချင်တယ်၊ ငါ့မျက်နှာပေါ် နွေးထွေးတဲ့ နေရောင်ခြည်ကျရောက်တာ ငါ ခံယူချင်တယ်၊ အေးမြတဲ့ နံနက်ခင်းနှင်းပွင့်လေးတွေက ငါ့ ပွင့်လွှာချပ်လေးတွေပေါ် ဖျန်းပက်တာလဲ ငါ ခံစားချင်တယ်”
လို့ဆိုတယ်။ အဲလိုနဲ့ပဲ သူဟာ တဖြည်းဖြည်းနဲ့ ကြီးထွားရှင်သန်သွားခဲ့တယ်။

ဒုတိယသစ်စေ့ကတော့ …

“အပင်ပေါက်ရမှာ ငါ ကြောက်တယ်၊ အမြစ်တွေကို မြေကြီးထဲ ထိုးထည့်တော့ အမှောင်ထဲမှာ ဘာတွေနဲ့ ရင်ဆိုင်ရမှန်း ငါ မသိဘူး၊ အပေါ်က မာကျောနေတဲ့မြေကို ဖောက်ထွက်တော့လည်း ငါ့ရဲ့ အစို့အညှောင့်လေးတွေ ပဲ့ရွဲ့သွားမှာ၊ ပျက်စီးသွားမှာ ငါ စိုးရိမ်တယ်၊ ငါ့ရဲ့ အဖူးအငုံလေးတွေ ပွင့်အာစမှာ အကောင်တွေက စားသွားရင်ကော၊ ပန်းလေးတွေ ပွင့်အာလာမှ ကလေးငယ်တွေက ခူးယူသွားရင်ကော ဘယ်လိုလုပ်မလဲ၊ ဒါကြောင့် မဖြစ်ဘူး၊ စိတ်ချရတဲ့ အချိန်အတိုင်းအတာတစ်ခုထိတော့ ငါ စောင့်မှဖြစ်မယ်”
ဟု ဆိုသည်။ ဒါကြောင့် သူက အချိန်ကောင်းကို စောင့်နေခဲ့သည်။

ဒါပေမယ့် တစ်နေ့မှာတော့ ခြံဝင်းထဲမှာ အစာရှာဖွေတဲ့ ကြက်မတစ်ကောင်က အစာရှာဖို့အတွက် ဟိုဟိုသည်သည် ယက်ရင်း နောက်ဆုံးမှာ သစ်စေ့လေးကို တွေ့သွားတယ်။ အဲဒီမှာတင် အဲဒီကြက်မက စိတ်ချရတဲ့အချိန်ကို စောင့်နေတဲ့သစ်စေ့လေးကို ဆတ်ခနဲ ကောက်စားပစ်လိုက်တော့တယ်။


ဒီပို့စ်လေးကို ဖတ်ပြီး ကောင်းကင်တို့အားလုံးလည်း ပထမသစ်စေ့လေးကို အတုယူပြီး လောကအလယ်မှာ သတ္တိရှိရှိရပ်တည်နိုင်အောင် ကြိုးစားရမယ်။ လောကရဲ့ လေပြည် မုန်တိုင်း၊ ကောင်းကျိုးဆိုးကျိုး အားလုံးကို လက်ခံနိုင်ရမယ်။ လုပ်သင့်လုပ်ထိုက်တယ်ဆိုရင် ဖြစ်လာမယ့် အခက်အခဲတွေကို တွေးမကြောက်ဘဲ ရဲရဲဝံ့ဝံ့နဲ့ ရင်ဆိုင်ဖြတ်ကျော်နိုင်ကြရမယ်။ အဲဒါမှ ဒုတိယသစ်စေ့လေးလိုမျိုး ဘာမှမလုပ်လိုက်ရဘဲ ဘ၀ကို အဓိပ္ပါယ်မရှိ ဖြတ်သန်းလိုက်ရတာမျိုး၊ အချိန်လွန်မှ နောင်တရရတာမျိုးတွေက ကင်းဝေးနိုင်မှာဖြစ်ပါတယ်။

Read More...

------------------------

How do you survive in this situation?

ဒီနေ့တော့ ကောင်းကင်ရဲ့ သူငယ်ချင်းတွေလည်း မပျင်းရအောင် ကောင်းကင်က ဥာဏ်စမ်းလေးတစ်ခုကို တင်ဖို့ ရွေးချယ်လိုက်ပါတယ် ...

ချစ်ရသောသူငယ်ချင်းများက ကောင်းကင်ကို အဖြေလေးတွေ ပြောပြပေးပါလို့ တောင်းဆိုလိုက်ပါတယ် ... လာမယ့် တနင်္လာနေ့မှာ ကောင်းကင်က မေးခွန်းလေးရဲ့ အဖြေကို ပြောပြမှာပါ ...

အဖြေသိပြီးသားဖြစ်တဲ့ သူငယ်ချင်းများကလည်း ကောင်းကင်ကို ကူညီတဲ့အနေနဲ့ အဖြေကို မပြောပြပေးဖို့ တောင်းဆိုလိုက်ရပါတယ် ...

ကဲ ... စဉ်းစားကြည့်လိုက်ပါအုံးနော် ...

Read More...

------------------------

Wednesday, August 29, 2007

သက်တန့်ရောင်စဉ်


ဟိုးအရင်တုန်းကပေါ့ … ကမ္ဘာကြီးပေါ်မှာ ရှိတဲ့အရာင်တွေဟာ ဘယ်သူက အရေးကြီးဆုံးအရောင်ဖြစ်တယ်၊ ဘယ်သူက အသုံးဝင်ဆုံးအရောင်ဖြစ်တယ်၊ ဘယ်အရောင်ကိုတော့ လူတွေက ပိုပြီး နှစ်သက်ကြတယ်စသည်ဖြင့် အငြင်းအခုံဖြစ်ကြတယ်။

စစချင်း အစိမ်းရောင်က …

"ဘာမှ ပြောနေစရာကို မလိုဘူး၊ ကမ္ဘာပေါ်မှာ အစိမ်းရောင်က အရေးကြီးဆုံးဆိုတာ ရှင်းနေတာပဲ၊ ဒါကြောင့် ကြည့်ပါလား … မြက်တွေ၊ သစ်ပင်တွေ၊ သစ်ရွက်တွေကို အစိမ်းရောင်ပဲ ရွေးတာပေါ့၊ တကယ်လို့သာ ငါ မရှိဘူးဆိုရင် သက်ရှိသတ္တ၀ါတွေ အားလုံးသေကုန်ကြမှာ။ ကြည့်ကြည့်ပါလား … ပတ်ဝန်းကျင်တစ်ခုလုံးမှာ အများစုက ငါ့အရောင်ဖြစ်တယ်ဆိုတာ မင်းတို့အားလုံး မြင်ကြတယ်မဟုတ်လား …"

အဲဒီမှာတင် အပြာရောင်က ကြားဖြတ်ပြီး

"မင်းက ကမ္ဘာမြေကြီးတစ်ခုထဲကို ကြည့်တာကိုး … ဒါပေမယ့် ကောင်းကင်နဲ့ ပင်လယ်ကို မင်းစဉ်းစားကြည့်လိုက်စမ်းပါ … ရေဆိုတာ ဘ၀ရဲ့ အခြေခံလိုအပ်ချက်အရာပဲ၊ နောက်ပြီး ကောင်းကင်က ငြိမ်းချမ်းမှုတွေ၊ အေးချမ်းမှုတွေကိုလည်း ပေးတယ်၊ တကယ်လို့သာ ငါမရှိဘူးဆိုရင် မင်းတို့အားလုံး ဘာမှဖြစ်လာစရာအကြောင်းမရှိဘူးလေ …"


အ၀ါရောင်က ဖြည်းညင်းစွာ ရယ်မောပြီး …

"မင်းတို့တွေက တော်တော်ကို ဆိုးဝါးနေကြတာပဲ၊ ငါကသာ ရယ်မောခြင်းတွေ၊ ပျော်ရွှင်ခြင်းတွေ၊ နွေးထွေးခြင်းတွေကို လောကကြီးဆီကို သယ်ဆောင်လာပေးတာပါ။ နေမင်းကြီးကလည်း အ၀ါရောင်၊ လမင်းကြီးကလည်း အ၀ါရောင်၊ ကြယ်တွေကလည်း အ၀ါရောင်ပဲ။ နေကြာပန်းကို ကြည့်လိုက်တဲ့အခါတိုင်း တစ်လောကလုံးက စတင်ပြီး ပြုံးပျော်ရွှင်လာတယ်။ တကယ်လို့သာ ငါမရှိဘူးဆိုရင် ပျော်ရွှင်မှုဆိုတာ ရှိလာမှာမဟုတ်ဘူး။"

အဲဒီအခါမှာ လိမ္မော်ရောင်က ကျယ်လောင်စွာ စတင်ရယ်မောပြီး …

"ကျန်းမာခြင်းနဲ့ အင်အားကြီးခြင်းအရောင်က ငါပါ။ ငါက ရှားပါတယ်၊ ဒါပေမယ့် ငါက လူ့ဘ၀အတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလို့ အလွန်တန်ဖိုးကြီးမားတယ်။ ငါက လူသားတွေအတွက် လိုအပ်တဲ့ ဗိုက်တာမင်တွေကို သယ်ဆောင်ပေးတယ်။ မုန်လာဥနီတွေ၊ ရွှေဖရုံသီးတွေ၊ လိမ္မော်သီးတွေ၊ သရက်သီးတွေ၊ သင်္ဘောပင်တွေကို တွေးကြည့်စမ်းပါ။ ငါက အမြဲတမ်းတော့ လောကကြီးကို မထိန်းသိမ်းထားပါဘူး၊ ဒါပေမယ့် ကောင်းကင်ကြီးမှာ နေထွက်ချိန်၊ နေ၀င်ချိန်တွေမှာ ငါ့အရောင်နဲ့ ဖြည့်ဆည်းလိုက်တဲ့အခါ ငါ့ရဲ့အလှဟာ မင်းတို့တစ်ယောက်မှ အတွေးထဲမှာတောင် မပေးနိုင်တဲ့ တောက်ပခြင်းမျိုးနဲ့ တောက်ပနေတယ်။"


အဲဒီမှာတင် အနီရောင်က ဘယ်လိုမှ သည်းမခံနိုင်တော့ဘဲ ကျယ်လောင်စွာဖြင့် အော်ပြောတော့သည် …

"ငါဟာ မင်းတို့အားလုံးရဲ့ စံပြပါ။ ငါက သွေးပါ။ ဘ၀ဆိုတာ သွေးပဲ။ ရဲရင့်ခြင်းနဲ့ အန္တရာယ်ကိုပြတဲ့အရောင်ဟာ ငါ့အရောင်ပဲ။ အားမာန်တွေကို ငါကပဲ ယူဆောင်ပေးခဲ့တာ။ ငါသာမရှိဘူးဆိုရင် ကမ္ဘာကြီးက လမိုက်ညလိုပဲဖြစ်နေမှာ။ စိတ်လှုပ်ရှားမှု၊ အချစ်၊ နှင်းဆီနီ … အဲဒါတွေဟာ ငါ့ရဲ့ အရောင်တွေပဲ။"


အဲဒီမှာတင် မရမ်းရောင်က ချောင်းတစ်ချက်ဟန့်လိုက်ရင်း လူတတ်ကြီးအသံနဲ့ …

"မင်းတို့ ဘာမှပြောမနေပါနဲ့၊ ငါကသာ တော်ဝင်အရောင်၊ အင်အားကြီးတဲ့အရောင်ပါ။ ဘုရင်တွေ၊ အရာရှိတွေ၊ ဂိုဏ်းအုပ်တွေက ငါ့အရောင်ကိုပဲ ရွေးကျတယ်။ အာဏာနဲ့ ပညာရှိအရောင်ဟာ ငါ့အရောင်ပဲ။ ဘယ်သူကမှ ငါ့ကို ဘာမေးခွန်းမှ မမေးဘူး။ အားလုံးက နားထောင်ပြီး လိုက်နာကျတယ်။"


မဲနယ်ရောင်ကတော့ သေချာတဲ့သန္နိဋ္ဌာန်နှင့်အတူ ညင်သောသော အသံနဲ့ …
"ငါ့ကို စဉ်းစားကြည့်ကြစမ်းပါ။ ငါဟာ တိတ်ဆိတ်ခြင်းရဲ့ အရောင်ပဲ။ မင်းတို့ ငါ့ကို သတိပြုဖို့ခက်လိမ့်မယ်။ ဒါပေမယ့် ငါမရှိဘူးဆိုရင် မင်းတို့အားလုံး အဓိပ္ပါယ်မရှိတော့ဘူး။ ငါက တွေးခေါ်ခြင်း၊ တုံ့ပြန်ခြင်း၊ ဆည်းဆာအရောင်တို့ကို ကိုယ်စားပြုတယ်။ မင်းတို့ဟာ ငါ့ကို မျှတမှု၊ နှိုင်းယှဉ်မှု၊ နောက်ပြီး ဆုတောင်းဖို့နဲ့ ငြိမ်းချမ်းမှု… စတာတွေအတွက် ငါ့ကို လိုအပ်တယ်။"


နောက်ဆုံးမှာတော့ သူတို့ဟာ ဘယ်သူက အရေးကြီးဆုံး၊ ဘယ်သူက အရေးပါဆုံးဆိုတာတွေကို ပြောရင်းပြောရင်း ရန်ပွဲက တဖြည်းဖြည်းနဲ့ ကြီးမားလာတယ်။ အသံတွေကလည်း တဖြည်းဖြည်းနဲ့ ကျယ်လာတာပေါ့။ အဲဒီအချိန်မှာပဲ ရုတ်တရက်ဆိုသလို လျှပ်စီးတွေလက်လာပြီး မိုးတွေက ခြိမ်းလာတော့တယ်။ မိုးဖွားလေးတွေကလည်း တဖြည်းဖြည်းကျလာတာပေါ့။ အရောင်လေးတွေကလည်း ကြောက်ရွံ့ပြီး ၀ပ်နေကြတာပေါ့။ နောက်ပြီး တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြပြီး ကာကွယ်ကြတာပေါ့။

အဲဒီအချိန်မှာဘဲ သူတို့ကြားမှာ ကြီးမားတဲ့အသံတစ်ခုပေါ်လာပြီး ဘုရားသခင်က စကား စတင်ပြောလိုက်သည်။

“သြော် … မင်းတို့လေးတွေက တစ်ယောက်နဲ့တစ်ယောက် ဘာမဟုတ်တာလေးတွေနဲ့ အချင်းများနေကြတယ် … တစ်ယောက်ကို တစ်ယောက် လွှမ်းမိုးဖို့ ကြိုးစားနေကြတယ်။ မင်းတို့မသိကြဘူးမဟုတ်လား … တကယ်တော့ မင်းတို့ဟာ ရည်ရွယ်ချက်ကောင်းတွေ၊ တူညီတဲ့စိတ်ထားတွေနဲ့ အကျိုးပြုနေကြတာ မဟုတ်လား … တစ်ယောက်လက်ကို တစ်ယောက်ကိုင်ပြီး ငါ့ဆီကို လာခဲ့ကြပါအုံး”

အရောင်လေးတွေဟာ တစ်ယောက်လက်ကို တစ်ယောက်ဆွဲပြီး ပေါင်းစည်းလိုက်ကြသည်။

ထို့နောက် ဘုရားသခင်က ဆက်ပြီး

“ကဲ … ခုချိန်ကစပြီး၊ မိုးရွာတဲ့အခါ မင်းတို့ဟာ မင်းတို့အချင်းချင်း ချစ်ခင်ငြိမ်းချမ်းစွာနေထိုင်ဖို့ကို သတိပေးတဲ့အနေနဲ့ ကောင်းကင်ကြီးမှာ ကြီးမားတဲ့ လေးတစ်ခုလို ဖြန့်ကျက်လိုက်ကြပါ။ အဲဒီ သက်တန့်ကြီးဟာ မနက်ဖြန်တွေရဲ့ မျှော်လင့်ချက်သင်္ကေတဖြစ်တယ်။”

ဒါကြောင့် ကမ္ဘာမြေကြီးကို မိုးရွာကာ သန့်စင်ပြီးတဲ့အခါတိုင်း တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်မြတ်နိုးပြီး တစ်ယောက်ရှိနေတာကို တစ်ယောက်က အသိအမှတ်ပြုဖို့ကို အမြဲသတိရစေဖို့ ကောင်းကင်ပေါ်မှာ သက်တန့်က ပေါ်လာခြင်းဖြစ်သည်။

Read More...

------------------------

ကျောက်ဆစ်သမား

တစ်ခါတုန်းက ကျောက်ဆစ်သမားတစ်ယောက်ရှိသည်။ သူက သူ့လက်ရှိဘ၀ကို မကျေနပ်ဘူး။

တစ်နေ့မှာ သူဟာ ချမ်းသာကြွယ်ဝတဲ့ ကုန်သည်သူဋ္ဌေးကြီးတစ်ဦးရဲ့ အိမ်ရှေ့က သူ ဖြတ်လျှောက်မိသည်။ ဂိတ်တံခါးကြီးက ပွင့်နေတော့ သူဋ္ဌေးကြီးရဲ့ အိမ်ထဲကို လှမ်းမြင်နေရတယ်။ သူဋ္ဌေးကြီးပိုင်ဆိုင်တဲ့ အဖိုးတန်အသုံးအဆောင်ပစ္စည်းတွေရော၊ သူ့ဆီကို လာကြတဲ့ အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေကိုရောပေါ့။

“အင်း … သူတို့ကျတော့လည်း သြဇာတိက္ကမတော်တော်ကြီးပေမှာပဲ”
ဟု ကျောက်ဆစ်သမားက တွေးသည်။

သူ့စိတ်ထဲမှာလည်း ကုန်သည်သူဋ္ဌေးကြီးကို အရမ်းအားကျလာတယ်။ သူလည်း အဲလိုမျိုးဖြစ်ရင် ကောင်းမှာဘဲ၊ အဲဒါဆိုရင် အခုလို ဆင်းဆင်းရဲရဲနဲ့ သြဇာမရှိတဲ့ဘ၀နဲ့ နေရတော့မှာ မဟုတ်ဘူးလို့ တွေးမိတယ်။

ဒီလိုတွေးနေရင်းက ရုတ်တရက် အံ့သြစရာ။ သူက ချက်ချင်းလက်ငင်းဆိုသလို ကုန်သည်သူဋ္ဌေးကြီးဘ၀ ရောက်သွားတယ်။ စည်းစိမ်ချမ်းသာတွေ၊ သြဇာတိက္ကမတွေဆိုတာ အို … သူ မျှော်လင့်ထားတာထက်တောင် အများကြီးပိုသေးတယ်။ သူ့လောက် မချမ်းသာတဲ့သူတွေသာ သူ့ကို မြင်ရင် မနာလိုချင်စရာပေါ့။

ဒါပေမယ့် မကြာခင်ဘဲ သူ့အိမ်ရှေ့ကို စီးတော်ကုလားထိုင်မှာ အကျအနထိုင်နေတဲ့ အရာရှိကြီးတစ်ယောက်က ဖြတ်သွားတယ်။ အထမ်းသမားတွေ၊ နောက်လိုက်နောက်ပါတွေ၊ ကိုယ်ရံတော်တွေနဲ့ အကျအနပေါ့။ မောင်းတီးခတ်သူတွေကလည်း တီးခတ်လို့ပေါ့။ သူ ကြွချီလာပြီဆိုရင် လမ်းဘေးဝဲယာရှိသူ မှန်သမျှ ဆင်းရဲချမ်းသာမရွေး ဦးညွှတ်အရိုအသေ ပြုကြရတယ်။

အဲဒီမှာတင် ကုန်သည်သူဋ္ဌေးကြီးဖြစ်လာတဲ့ ကျောက်ဆစ်သမားက
“အင်း … အရာရှိကြီးတွေများ၊ တယ်လည်း တန်ခိုးကြီးပေတာပဲ၊ ငါသာ သူ့လို ထိပ်တန်းအရာရှိကြီးတစ်ယောက်ဖြစ်ရင် သိပ်ကောင်းမှာဘဲ”
လို့ တွေးပြန်တယ်။

အဲဒီမှာတင် သူ ထိပ်တန်းအရာရှိကြီး ဖြစ်သွားပြန်ရော။ လှပစွာ ခြယ်မှုန်းထားတဲ့ စီးတော်ကုလားထိုင်မှာ ထိုင်လို့၊ သွားလိုသမျှနေရာတွေကို အထမ်းသမားတွေက သယ်ပိုး ပို့ဆောင်လို့၊ ပတ်ဝန်းကျင်က သူတွေက သူ့ကို ဦးခိုက်အရိုအသေပြုလို့။

ဒါပေမယ့် စီးတော်ကုလားထိုင်က ရထားလုံးများလို ၀ိုင်းရံထားတော့ နွေရာသီဆိုရောက်လာတော့ အတွင်းမှာ လှောင်ပိတ်ပြီး တအားပူလာတာပေါ့။ ချွေးတပြိုက်ပြိုက်နဲ့ အရမ်းကို အိုက်စပ်နေတယ်။ အဲဒါနဲ့ စီးတော်ယာဉ်ထဲကနေ နေကို မော့ကြည့်လိုက်မိတယ်။ နေမင်းကြီးက ကောင်းကင်ထက်မှာ အရောင်အ၀ါ တောက်ပစွာဖြင့် ၀င့်ထည်နေတာပေါ့။ သူ့လို အရာရှိကြီးကိုလည်း ရှိနေသည်လို့တောင် စိုးစဉ်းမျှ အသိအမှတ်မပြုဘဲပေါ့။

“နေဟာ အင်မတန် တန်ခိုးကြီးပါကလား၊ ငါသာ နေမင်းကြီးဖြစ်လိုက်ရရင် …”
လို့ အရာရှိကြီးက တွေးပြန်တယ်။

အဲဒီမှာတင် သူက နေဖြစ်သွားပြန်တယ်။ အောက်က ရှိရှိသမျှသတ္တ၀ါတွေအပေါ် တောက်ပ ပူပြင်းလိုက်၊ လယ်ကွင်းပြင်တွေကို မီးလောင်အောင် အပူတိုက်ပြလိုက်၊ လယ်သမားတွေ၊ အလုပ်သမားတွေရဲ့ တောင်းပန်သံတွေကို ဥပေက္ခာပြုလို့ပေါ့။

အဲဒီအချိန်မှာဘဲ သူနဲ့ ကမ္ဘာမြေကြီးအကြားမှာ ဧရာမတိမ်တိုက်ကြီးတစ်ခု ဖြတ်ဝင်လာတယ်။ သူရဲ့ အရောင်အ၀ါတွေက အောက်ကို ဘယ်လိုမှ မကျရောက်နိုင်တော့ဘူး။

“မိုးသား တိမ်တိုက်တွေဟာ တော်တော်လည်း တန်ခိုးကြီးပါလား” ဟု တွေးပြန်သည်။ “ငါသာ မိုးတိမ်တိုက် ဖြစ်ရင် …” ဟု စိတ်ထဲမှာ ဆုတောင်းမိပြန်သည်။

ဒီတစ်ခါမှာလည်း သူက သူဆုတောင်းသလို တိမ်တိုက်ကြီးဖြစ်သွားပြန်တယ်။ လယ်ကွင်းပြင်တွေ၊ ကျေးရွာတွေအပေါ်ကို အုပ်မိုးလို့ပေါ့။

ဒါပေမယ့် မကြာမီမှာဘဲ သူ့ကို အင်မတန်ကြီးမားပြင်းထန်တဲ့ အင်အားတစ်ခုက တွန်းရွှေ့မောင်းနှင်တာ ခံရသည်။ သူ ကြည့်လိုက်တော့ “လေ” ဖြစ်နေတယ်။

“ဟာ … လေကမှ တကယ်အင်အားကြီးတာပါကလား၊ ငါ “လေ” ဖြစ်ချင်လိုက်တာ”
ဟု သူ တောင်းတလိုက်ပြန်သည်။

ဒီတော့ သူ “လေ” ဖြစ်သွားပြန်တယ်။ အရှိန်အဟုန်နဲ့ တိုက်ခတ်နေတဲ့ “လေပြင်း”။ အိမ်ခေါင်မိုး အုတ်ကြွပ်ပြားတွေကို တိုက်ချပစ်တယ်။ သစ်ပင်ကြီးတွေကို အမြစ်ပါမကျန် လန်အောင် လှဲချပစ်တယ်။ အောက်မှာရှိတဲ့ လူတွေ၊ သတ္တ၀ါတွေကလည်း ကြောက်လန့်တကြား အော်ဟစ်ပြေးလွှားလို့ပေါ့။

ဒါပေမယ့် သိပ်မကြာပါဘူး။ သူ ဘယ်လိုမှ တွန်းထုတ် ဖျက်ဆီးလို့မရတဲ့၊ သူ တွန်းထုတ်မှုကို တုတ်တုတ်မျှမလှုပ်တဲ့အရာတစ်ခုကို သွားတိုက်မိတယ်။ အဲဒါက မားမားစွင့်စွင့် မြင့်တဲ့ ကျောက်စိုင်ကျောက်တုံးကြီး။ သူ ဘယ်လောက်အားသုံးပြီး တိုက်တိုက် လုံးဝကို မဖြုံဘူး။

“ကျောက်စိုင်ကျောက်ခဲများဟာ တယ်လဲ တန်ခိုးစွမ်းအား ကြီးမားလှပါလား၊ ငါလည်း ကျောင်စိုင်ကျောက်ခဲ ဖြစ်ချင်လိုက်တာ …”

သူ အဲလို ဆုတောင်းလိုက်တဲ့အခါ ကမ္ဘာမြေပေါ်မှာ အင်အားကြီးမားတဲ့ ဧရာမကျောက်တုံးကြီးဖြစ်သွားတယ်။

ဒါပေမယ့် သူ မားမားစွင့်စွင့်ကြီး ရပ်နေဆဲမှာဘဲ အောက်ဘက်ဆီက တထောက်ထောက် အသံကြားရတယ်။ “ဟာ … ငါ့ကိုယ်ကြီးက ကျောက်စိုင်ကျောက်သားတွေကို တူတစ်လက် ဆောင့်တစ်လက်နဲ့ ထွင်းထုဖဲ့ရွဲ့နေပါကလား၊ ငါ့ခန္ဓာကိုယ်ကြီးက တဖြည်းဖြည်း ပုံစံပြောင်းလာသလိုပါပဲလား” ဟု သူခံစားမိလိုက်သည်။

အောက်ဘက်ကို သူ ငုံ့ကြည့်လိုက်တော့ သူ့ခြေရင်းနားမှာ မြင်လိုက်ရသည်က အခြားသူမဟုတ်၊ ကျောက်ဆစ်သမားတစ်ယောက်ပါကလား။


ဘယ်သူမဆို သူ့နေရာနဲ့သူ အရေးပါ ပါတယ်။ ခွန်အားကြီးသူကလည်း ကြီးတဲ့အလျောက် ခွန်အားနည်းသူကလည်း နည်းတဲ့အလျောက် အရေးပါကြပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ အားနည်းတဲ့သူ ဖြစ်စေကာမူ စိတ်ဓာတ်မကျဘဲ ကိုယ့်ကိုကိုယ် ယုံကြည်ပြီး ဘ၀ကို ကြိုးစားဖြတ်သန်းကြရအောင်နော် ...

Read More...

------------------------

Tuesday, August 28, 2007

ရိုးသားဖြူစင်ခြင်း၏ အကျိုးကျေးဇူး

ပတ်ဝန်းကျင်တွင် မြူနှင်းများဖြင့် ဖုံးလွှမ်းနေသော နံနက်ခင်းတစ်ခုတွင် ဖြစ်သည်။

“စံပယ်ပန်းတွေ ရမယ်၊ စံပယ်ပန်းတွေ”

ကားတွေ၊ လူတွေရှုပ်ယှက်ခတ်နေသော လှည်းတန်းလမ်းဆုံ မီးပွိုင့်ကြီးတစ်ခုတွင် ဖြစ်သည်။

“ဟာ … မီးပွိုင့်နီသွားပြီ၊ စံပယ်ပန်းတွေ … စံပယ်ပန်းတွေ၊ အန်တီ စံပယ်ပန်းယူပါအုံးလား”

“မယူဘူး … မယူဘူး၊ သွားသွား … အလုပ်နောက်ကျနေလို့ စိတ်ညစ်နေရတဲ့ကြားထဲ”
ပြောပြောဆိုဆိုနှင့် ကားပိုင်ရှင်အန်တီကြီးက သူ့ကားမှန်ကို ချက်ချင်းပိတ်ပစ်လိုက်သည်။

“ဟာ … မီးပွိုင့်စိမ်းသွားပြီ၊ ဒီနေ့ဘယ်လိုဖြစ်နေလဲ မသိဘူး၊ ငါ့ စံပယ်ပန်းတွေ ရောင်းမကောင်းပါလား၊ အမေ့ဆေးဖိုးကို ဘယ်လိုလုပ်ရမလဲ၊ ညနေကျရင်လည်း ဆေးခန်းလိုက်ပို့ရအုံးမယ်၊ ဒုက္ခ္ခပါပဲ၊ အမေ့ဆေးဖိုးနဲ့ ဆေးခန်းပြခမှ ရပါ့မလား၊ ဟူး … စိတ်ညစ်လိုက်တာနော်၊ ဘယ်လိုလုပ်ရပါ့မလဲ”

ပလက်ဖောင်းအုတ်ခုံပေါ်တွင် ထိုင်ရင်း သူမတစ်ယောက်တည်း ညည်းနေမိသည်။ အလယ်တန်းကျောင်းသူဖြစ်သော သူမအတွက် ဘ၀ဆိုတာ တော်တော်ခက်ခဲလှသည်။ အမေနေကောင်းစဉ်က အမေက အကြော်ရောင်းတော့ ထမင်းနပ်မှန်အောင်စားရပြီး ကျောင်းအေးဆေးတက်နိုင်ခဲ့သော်လည်း ယခုအမေနေမကောင်းတော့ စားဝတ်နေရေးက သူမတာဝန်ဖြစ်လာခဲ့သည်။ ညီအစ်ကို မောင်နှမမရှိဘဲ အမေတစ်ခု၊ သမီးတစ်ခုဘ၀မို့ အစစအရာရာ သူမ တာဝန်ဖြစ်လာခြင်းဖြစ်သည်။ ထို့ကြောင့် ကျောင်းမသွားခင် ပန်းလေးရောင်းရင်း သူမ အမေ့ဆေးဖိုးကို အတတ်နိုင်ဆုံး ကြိုးစားရှာနေခြင်းဖြစ်သည်။ ဒီနေ့တော့ သူမကျောင်းစာအုပ်ဖိုးတွေ ပေးဖို့ကလည်း နောက်ဆုံးရက်ဖြစ်သောကြောင့် သူမ အနည်းငယ် စိတ်မောနေရသည်။

“ဟူး …”
သူမ သက်ပြင်းရှည်ကြီးချလိုက်မိသည်။

“ဟေ့ … ကလေးမ … ဟေ့ … ကလေးမ … ဦးလေးကို စံပယ်ပန်းတစ်ရာဖိုးလောက် ပေးကွာ၊ ဟေ့ … ကလေးမ”

“ရှင် … ဟုတ်ကဲ့၊ ရမယ် ဦးလေး၊ သမီးက မီးပွိုင့်နီသွားတာကို သတိမထားလိုက်မိလို့”

“ကလေးမက ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဘာတွေများ ဒီလောက် တွေးနေတာလဲကွ”

“ရှင် … ဘာမှမတွေးပါဘူး ဦးလေး၊ ဒီမှာ ဦးလေးအတွက် စံပယ်ပန်းတစ်ရာဖိုး”

“အေး အေး၊ ရော့ တစ်ရာ”

ရုတ်တရက် သူမအံ့သြသွားသည်။ ဦးလေးကြီး သူမအား ပေးလိုက်သည်က ငါးဆယ်တန်တစ်ရွက်နှင့် တစ်ထောင်တန်အသေးတစ်ရွက် ဖြစ်နေသည်။ သူမတွေဝေသွားမိသည်။ ဒီတစ်ထောင်နဲ့ဆို သူမအမေအား ဆေးခန်းမပြနိုင်သည့်တိုင် ဆေးဖိုးလောက်တော့ ရနိုင်သည်။ ထို့ကြောင့် ထိုငွေကို ပြန်မပေးဘဲ သူမ ယူထားလိုက်ရမလား၊ ပြန်ပေးရမလား ဝေခွဲမရနိုင်ဖြစ်နေမိသည်။

“ရှုပ်တယ်ကွာ … ယူထားလိုက်တော့မယ်၊ ဒီတစ်ထောင်နဲ့ဆိုရင် အမေ့အတွက် မနက်စာရယ်၊ ဆေးဖိုးရယ်လောက်တော့ ရမှာပါ၊ အမေလည်း ခုချိန်ဆို ဆာနေလောက်တော့မယ်”
ဟု သူမဘာသာ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

လှည်းတန်းမီးပွိုင့်ဆိုတော့ အနည်းဆုံး ဆယ့်ငါးမိနစ်လောက်တော့ ကြာသည်။ ဟိုဦးလေးကြီးကတော့ မသိသလို နေနေသည်။

ရုတ်တရက် အမေပြောသောစကားကို နားထဲတွင် ပြန်ကြားယောင်လာမိသည်။

“သမီး … လိမ္မာတဲ့ကလေးဆိုတာ သူများ ဥစ္စာပစ္စည်းကို ဘယ်တော့မှ အလကားမယူရဘူး၊ မတရားလည်း ဘယ်တော့မှ မလိုချင်ရဘူး၊ ဘယ်လောက်ဆင်းရဲဆင်းရဲ စိတ်ထားနဲ့ ကိုယ်ကျင့်တရားကိုတော့ ဘယ်တော့မှ မဆင်းရဲစေနဲ့” တဲ့။

ဖျတ်ခနဲသတိဝင်လာပြီး ခုနက ပိုက်ဆံပိုပေးခဲ့သော ဦးလေးကြီး၏ကားဆီသို့ အပြေးအလွှား သွားလိုက်ပြီး
“ဦးလေး … ခုနက ဦးလေးပိုက်ဆံမှားပေးလိုက်လို့၊ သမီး သူများပစ္စည်းကို အလကားမလိုချင်ပါဘူး၊ သမီးကို ငါးဆယ်ပဲ ထပ်ပေးပါ ဦးလေး၊ ဒီမှာ ဦးလေးပေးလိုက်တဲ့ တစ်ထောင်တန်ပါ”
ဦးလေးကြီးအား ပြောလည်းပြော တစ်ထောင်တန်ကိုလည်း ပြန်ပေးလိုက်တော့သည်။

“သြော် … သမီးက တယ်လိမ္မာတာကိုး၊ ဒါနဲ့ ခုနကတော့ ချက်ချင်းပြန်မပေးဘဲ ခုမှ ပြန်ပေးတာလဲ”
ဦးလေးကြီးက သူမအား ပြုံးပြရင်း မေးလိုက်သည်။

“ဟို … အစကတော့ သမီးအမေရဲ့ဆေးဖိုးရတယ်ဆိုပြီး ယူထားလိုက်တော့မလို့ပါ၊ ဒါပေမယ့် အမေပြောထားတဲ့ လိမ္မာတဲ့ကလေးဆိုရင် သူများပစ္စည်းကို မတရားမယူရဘူးဆိုတဲ့ စကားလေးကို သတိရလိုက်လို့ပါ၊ ဒါကြောင့် သမီး ဒီပိုက်ဆံကို မတရားမယူချင်တော့ပါဘူး၊ ဦးလေးကို ဒါကြောင့် ပြန်လာပေးတာပါ၊ သမီးကို ခွင့်လွှတ်ပါနော်”

“အင်း သမီးရဲ့ အမှားကို သတ္တိရှိရှိ ၀န်ခံရဲတဲ့ စိတ်ဓာတ်ကိုတော့ ဦးလေးတကယ်ကို သဘောကျတယ်၊ ဦးလေးက အစကတည်းက မှားပေးလိုက်မှန်းသိတယ်၊ ဒါပေမယ့် ကလေးမ ဘယ်လောက်ရိုးသားတယ်ဆိုတာကို သိချင်လို့ စမ်းသပ်လိုက်တာ၊ ဦးလေးကို အဲတစ်ထောင်ကို ပြန်မပေးနဲ့တော့၊ ကလေးမ ယူထားလိုက်၊ ကလေးမရဲ့ ရိုးသားမှုကို ဦးလေးက ဆုချလိုက်တယ်လို့ သဘောထားပေါ့၊ ဒါပေမယ့် အကျိုးရှိရှိတော့ သုံးရမယ်နော်၊ ဦးလေးကို ကတိပေးနိုင်မလား၊ အကျိုးရှိရှိ သုံးပါ့မယ်လို့”

“ရှင် … ဟုတ်ကဲ့ ဦးလေး၊ သမီး ကတိပေးနိုင်ပါတယ်”
သူမ တက်ကြွစွာဖြင့် ဖြေလိုက်သည်။

“အေး အေး၊ ဒါဆို ကောင်းပါပြီကွယ်၊ ကဲ … မီးလည်းစိမ်းပြီဆိုတော့ ဦးလည်းသွားတော့မယ်၊ ကလေးမလည်း သွားတော့ သွားတော့ …”

သူမ ခေါင်းကိုသာ အခါခါ ညိမ့်ပြရင်း ပလက်ဖောင်းဘက်သို့ ပြေးလာလိုက်မိသည်။ သူမ ရင်ထဲတွင် ၀မ်းသာမှုက ဘာနဲ့မှ နှိုင်းလို့မရ။ ဘာပဲဖြစ်ဖြစ် သူမ၏ ရိုးသာမှုကြောင့် သူမ လိပ်ပြာလုံလုံဖြင့် အမေ့အတွက် လိုအပ်သော ဆေးတစ်ချို့ကို ၀ယ်နိုင်ပြီ။

နောက် သူမ ဆုံးဖြတ်ချက် တစ်ခုကို ခိုင်ခိုင်မာမာ ချလိုက်မိသည်။

ဘ၀ကို ဘယ်လောက်ပဲဆင်းရဲဆင်းရဲ အခက်အခဲမှန်သမျှကို အမေပြောခဲ့သလို ကိုယ်ကျင့်သိက္ခာမဆင်းရဲဘဲ ရိုးသားဖြူစင်စွာဖြင့် လျှောက်လှမ်းသွားတော့မည် ဟု …

Read More...

------------------------

ပြတင်းပေါက်

တစ်ခါက ဆေးရုံကြီးတစ်ရုံရှိ လူနာခန်းကျဉ်းလေးတစ်ခုထဲမှာ လူနှစ်ယောက်ရှိကြသည်။ နှစ်ယောက်စလုံးပင် ရောဂါသည်းသော လူနာများဖြစ်သည်။ အခန်းလေးက ကျဉ်းပြီး အပြင်လောကကို ကြည့်စရာ ပြတင်းပေါက်တစ်ခုသာပါသည်။

လူနာနှစ်ယောက်အနက် တစ်ယောက်က နေ့လည်ပိုင်းတွင် သူ့အဆုတ်ထဲက ရေတွေကို ပိုက်နှင့် စုပ်ထုတ်ရသောကြောင့် တစ်နာရီခန့်ထိုင်ခွင့်ရသည်။ သူ့ခုတင်က ပြတင်းပေါက်အနီးတွင်ရှိသည်။ တစ်ဖက် ခုတင်ရှိ လူနာကတော့ တစ်ချိန်လုံးပက်လက်လှန်ကာ စန့်စန့်ကြီးလှဲနေရလေသည်။

နေ့လည်ခင်းတိုင်း ပြတင်းပေါက်အနီးရှိ လူနာက သူထိုင်ခွင့်ရသည့်အခါတိုင်း ပြတင်းပေါက်မှ မြင်ရသည့်အရာများအား သူ့ကို ဖောက်သည်ချလေ့ရှိသည်။ ပြတင်းပေါက်မှတဆင့် ပန်းခြံကြီးတစ်ခုအား တွေ့ရသည်ဟု သူက ပြောသည်။ ထိုပန်းခြံကြီးထဲ၌ ရေကန်တစ်ခုကို တွေ့ရသည်။ ထိုရေကန်ကြီးထဲ၌ ဘဲတွေ၊ ငန်းတွေ ရေကူးနေကြသည်။ ကလေးငယ်လေးများက သူတို့ကို ပေါင်မုန့်လေးများ ပစ်ကျွေးကြသည်။ တစ်ချို့ကလေးများက ရေကန်ထဲသို့ စက္ကူလှေလေးများ မျှောနေကြသည်။ ချစ်သူစုံတွဲများက သစ်ပင်ကြီးများအောက်တွင် လက်ချင်းတွဲကာ လျှောက်နေကြသည်။ ပန်းတွေက ဝေေ၀ဆာဆာ ပွင့်နေသည်။ လိပ်ပြာလေးများက ဟိုမှ ဒီမှ ခုန်ကူးနေကြသည်။ ဟိုးအဝေးကို မျှော်ကြည့်လိုက်လျှင်မူ ထိုးထွက်နေသော တိုက်တာ အဆောက်အအုံများကို လှမ်းမြင်နေရသည်။ ထို့နောက် ပြာလဲ့နေသော မိုးကောင်းကင်။

ပက်လက်လှဲနေသောလူနာသည် တစ်ဖက်လူနာ ခရေစေ့တွင်းကျပြောနေသော စကားများကို အရသာတွေ့လျက်ရှိသည်။ ကလေးတစ်ယောက် ချော်လဲသွားတာ၊ ရောင်စုံကောင်မလေးတွေ အရမ်းကို လှပနေသည့်အကြောင်းများကို သူ့မျက်စိထဲတွင် အသေးစိပ်မြင်တွေ့ရသည်။

တစ်နေ့မှာတော့ သူ့ခေါင်းထဲသို့ အတွေးတစ်ခု ၀င်ရောက်လာခဲ့သည်။ သူကိုယ်တိုင် ထိုမြင်ကွင်းများကို ကြည့်ချင်သောစိတ်ဖြစ်သည်။ တစ်ဖက်လူက ရှုခင်းများကို သေချာစွာ သိမြင်ခွင့်ရသည်။ သူကိုယ်တိုင်ကတော့ ပြောပြနေသည်ကိုသာ နားထောင်နေရသောကြောင့် အားမရနိုင်ဖြစ်မိသည်။ သူ့ကိုယ် ဘာကြောင့် ထိုနေရာမှာ မထားပေးသလဲ ဟု အနည်းငယ် မကျေမနပ်ဖြစ်မိသည်။ ထို့ကြောင့် ဘယ်လိုနည်းနဲ့မဆို ထိုသူနှင့် နေရာချင်းလဲမှ ဖြစ်မည်ဆိုတာမျိုးထိ သူ တွေးမိသည်။

တစ်ခုသောညမှာတော့ သူ ဟိုတွေးဒီတွေးဖြင့် မအိပ်နိုင်ဖြစ်နေစဉ် တစ်ဖက်ခုတင်မှ လူနာက ရုတ်တရက်နိုးလာကာ ချောင်းဆိုးသည်။ ချောင်းဆိုးရင်း သီးလာသည်။ သူနာပြုဆရာမအား အရေးပေါ်ခေါ်ရန် အရေးပေါ်ခလုတ်အား စမ်းတ၀ါးဝါးဖြင့်ရှာနေသည်။

သို့သော် သူကတော့ မလှုပ်ရှားဘဲ မသိချင်ယောင်ဆောင်ကာ နေလိုက်သည်။ ခဏကြာတော့ တစ်ဖက်ခုတင်မှ အသံက ငြိမ်ကျသွားသည်။

နောက်တစ်နေ့မနက်ခင်းတွင် သူနာပြုဆရာမက တစ်ဖက်ခုတင်မှ လူနာသေဆုံးကြောင်းတွေ့ရှိကာ အလောင်းကို တိတ်ဆိတ်စွာပင် သယ်ယူသွားသည်။

ဣနြေ္ဒမပျက်လောက်ဘူး ဟု သူထင်သောအချိန်တွင် သူနာပြုဆရာမအား ပြတင်းပေါက်ရှိသော တစ်ဖက်လူနာ၏ ခုတင်ဘက်သို့ ပြောင်းပေးရန် သူပြောလိုက်သည်။ သူနာပြုဆရာမကလည်း သူ့သဘောအတိုင်းပင် တစ်ဖက်သို့ ပြောင်းပေးသည်။

ပြောင်းရွှေ့ပြီး သူနာပြုဆရာမနှင့် အလုပ်သမားများ ထွက်သွားသည်နှင့်တစ်ပြိုင်နက် တံတောင်တစ်ဖက်ကို အားယူကာ ကြိုးစားထသည်။ နာကျင်မှုဝေဒနာကို ကျိတ်မှိတ်ခံစားရင်း သူ့ကိုယ်သူ ကြိုးစားထူမကာ ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်လိုက်သည်။ သူ အံ့သြမင်သက်သွားကာ ရုတ်တရက် ရင်ဘက်တစ်ချက်အောင့်ပြီး ငြိမ်ကျသွားသည်။

သူ မြင်လိုက်ရသည်က တစ်ဖက်လူနာပြောခဲ့သလို သာယာသော ရှုခင်းများမဟုတ်။

အဖြူရောင် တံတိုင်းကြီးတစ်ခုသာ။

Read More...

------------------------
---------------------------------------------