Sunday, November 25, 2007

မက်နေဆဲ အိပ်မက်တစ်ခု

"မမရေ… အခုတစ်လော ဘလော့တွေမှာ Tag နေကြတယ်ဆို... သီရိကော မမကို Tag လို့မရဘူးလား"

" Tag ပါရှင်၊ ညီမလေး Tag ရင် ရေးရမှာပေါ့၊ အကောင်းဆုံး ကြိုးစားပြီးရေးမယ်နော် ညလေး"

"တကယ်လား မမ၊ တကယ်ရတယ်နော်"

"တကယ်ပေါ့ ညလေး"

အဲဒါကတော့ ညီမလေးသီရိနဲ့ ကောင်းကင် တစ်ရက်က ပြောဖြစ်ကြတဲ့စကားလေးတွေပါ။ ချစ်ညီမလေးကတော့ ကောင်းကင်စကားကြားတာနဲ့ ၀မ်းသာအားရကို Tag လိုက်တာပါပဲ။ အဲဒါက
"အိပ်မက်တစ်ခုကို ပြောပြပါ၊ စိတ်ကူးမဟုတ်ဘူးနော်၊ အခုချိန်ထိ မှတ်မှတ်ရရ ဖြစ်နေတဲ့ အိပ်မက်ပါ" တဲ့။

ဝမ်းသာအားရနဲ့ "Tag ပါရှင်" လို့ ပြောခဲ့တဲ့ ကောင်းကင်… ညီမလေးသီရိက တကယ်လည်း Tag ရော ခေါင်းစားရပါပြီ။ အိပ်မက်ကလည်း ဖြစ်ရမယ်၊ မှတ်မှတ်ရရကလည်း ဖြစ်ရမယ်၊ ခုချိန်ထိလည်း မက်နေတဲ့အိပ်မက်လည်း ဖြစ်ရမယ်။ ဟူး … အဲဒါမှ ခက်ပြီ …

ကွန်ပျူတာ monitor ကိုကြည့်လိုက်၊ ခေါင်မိုးကို မော့ကြည့်လိုက်၊ ခေါင်းလေးကုတ်လိုက်၊ keyboard ကိုကြည့်လိုက်နဲ့ အကြည့်ပေါင်းများစွာ ကြားမှာ တစ်နာရီကျော်လောက် နစ်မွန်းနေခဲ့တယ်။ နောက်ဆုံးတော့ မဖြစ်ပါဘူးလေ။ ကတိကလည်း ပေးထားတယ်။ ချစ်ရတဲ့ ညီမလေးကလည်း ဖြစ်တယ်ဆိုတော့ အတင်းကို အပြေးအလွှား စဉ်းစားလိုက်ပါတော့တယ်။ ဟော … နောက်ဆုံးကျတော့လည်း "ခုတော့ ကောင်းကင် သိပြီ" ဆိုတာမျိုးပေါ့။ အဲချိန်မှာ ကောင်းကင်ရဲ့ ပုံစံကို ကိုယ့်ဘာသာကိုယ် ပြေးမြင်မိပါတယ်။ "ကောင်းကင်ပဲလေ ဒီလိုပဲ ဖြစ်ရမှာပေါ့" ဆိုတဲ့ အရမ်းကို အမြင်ကတ်စရာကောင်းတဲ့ ပုံစံလေးနဲ့ပေါ့။ ကိုယ့်ဘာသာ အမြင်ကတ်တာနော်။ သူများတွေကတော့ ဒီပုံစံလေးကိုပဲ စွဲနေတာပါတဲ့… :P
 
ကဲ … ချစ်ရတဲ့ ညီမလေးသီရိရေ …

ချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့ အသေအချာ အလေးအနက်ထားပြီး ဖြေထားတဲ့ မမရဲ့ အဖြေကို ဆက်ဖတ်ရင်း ညီမလေး ကျေနပ်နိုင်ပါစေလို့နော် … တဆက်တည်းညီမလေး နောက်ထပ်မေးမယ့် အမေးတွေကိုလည်း ဖြေဖို့ အဆင်သင့် စောင့်မျှော်နေပါတယ်လို့ အသိပေးလိုက်ပါတယ်နော် … :)
 
အခုထိ မက်နေတဲ့ အမှတ်တရရှိနေတဲ့ ကောင်းကင်ရဲ့အိပ်မက်တွေကတော့ တကယ်တမ်းပြောရရင် အများကြီးပါပဲ။ စိတ်ကူးသက်သက်မဟုတ်တဲ့ အိပ်မက်တွေပေါ့။ ဒါပေမယ့် အဲဒီအထဲကမှ တစ်ခုကို ပြောရမယ်ဆိုရင်တော့ ရုပ်မချောရင် နေပါစေ (ဒါပေမယ့် တအားလည်း ရုပ်ဆိုးလို့မရဘူးနော်)  ကောင်းကင်ကို တကယ်နားလည်ပြီး အရမ်းချစ်တဲ့သူ၊ သူ့ဘက် ကိုယ့်ဘက် အားလုံးကလည်း လက်ခံနိုင်တဲ့သူ၊ ကောင်းကင်ကိုလည်း တကယ်ညှာတာတဲ့သူ၊ ကောင်းကင်မကြိုက်တာတွေ အားလုံးမဟုတ်ရင်တောင် အများစုကို ရှောင်တဲ့သူ … အဲလို အဲလို ကောင်းကင်ရဲ့ သိပ်မများလှတဲ့ ကန့်သတ်ချက်တွေနဲ့ ကိုက်ညီတဲ့သူနဲ့ ဆုံစည်းဖို့ပါပဲ။ အမြဲမဟုတ်ရင်တောင် တစ်နေ့ကို ၂၅ နာရီလောက် မက်နေတဲ့ ကောင်းကင်ရဲ့ များပြားလှတဲ့ အိပ်မက်တွေထဲက တစ်ခုပေါ့။

ကဲ … ညလေး သီရိရေ … မမရဲ့ တစ်နေ့ ၂၅နာရီလောက် မက်နေတဲ့ စိတ်ကူးမဟုတ်တဲ့ အိပ်မက်တစ်ခုကို ပြောပြလိုက်ပြီနော် … အဲလို မမရဲ့ မများလှတဲ့ ကန့်သတ်ချက်တွေနဲ့ ကိုက်ညီ ပြည့်စုံတဲ့သူကို တွေ့ရင် အချိန်မဆိုင်းဘဲ အပြေးအလွှားလေး သတင်းပေးလိုက်ပါလို့ … :P

Read More...

------------------------

Saturday, November 24, 2007

အမှတ်မရတော့လို့ပါ

လူငယ်တစ်ယောက်သည် မိန်းကလေးတစ်ယောက်ထံ စာရေးသည်။

"ချစ်သော မေရီ ...
            ကိုယ့်ကိုခွင့်လွှတ်ပါ။ ကိုယ် သိပ်မေ့နေတတ်လို့ပါ။ ညက ကိုယ် မင်းဆီက အချစ်ကို တောင်းခံခဲ့တယ်နော်၊ အဲဒါ မင်းက ကိုယ့်အချစ်ကို လက်ခံသလား၊ မလက်ခံဘဲ ငြင်းလိုက်သလား ဆိုတာကို ကိုယ်အမှတ်မရတော့လို့ပါ။ အဲဒါ မင်းအဖြေက ဘာလဲဆိုတာ ကိုယ်ပြန်သိပါရစေနော်"

ထိုအခါ မိန်းမပျိုလေးက အောက်ပါအတိုင်း အကြောင်းပြန်လိုက်လေသည်။

"ဘော့ရေ ...
မင်းဆီက ဒီလိုကြားရတာ ကျွန်မတကယ်ကို ၀မ်းသာမိပါတယ်။ တကယ်တော့ ညက "ရှင့် အချစ်ကို ကျွန်မလက်မခံနိုင်ပါဘူး" လို့ တစ်ယောက်ယောက်ကိုတော့ ကျွန်မ ပြောလိုက်တယ်၊ ဒါပေမယ့် အဲဒီစကားကို ဘယ်သူ့ကို ပြောမိသလဲဆိုတာ ကျွန်မလည်း အမှတ်မရဘူး ဖြစ်နေတာလေ"

Read More...

------------------------

Friday, November 23, 2007

Are you really best friends?



ကောင်းကင်က သူငယ်ချင်းတွေအတွက် ပို့စ်လေးကို မရေးခင် ဒီမေးခွန်းလေးကို အရင်ဆုံးတင်ဖို့ စဉ်းစားလိုက်ပါတယ်... ကောင်းကင်ကတော့ ဘယ်ဘက်က စစ်စစ်၊ ညာဘက်က စစ်စစ် ကောင်းကင် သူငယ်ချင်းတွေအတွက် သူငယ်ချင်းကောင်းဖြစ်မယ်လို့ ထင်တာပါပဲ။ ကျန်တဲ့သူတွေကကော ကိုယ့်သူငယ်ချင်းတွေအတွက် သူငယ်ချင်းကောင်းဖြစ်သလား မဖြစ်ဘူးလား... အဖြေကို ဒီ link လေးထဲ ၀င်ပြီး ရှာဖွေကြည့်ကြပါလို့ ...

http://www.funquizcards.com/quiz/friendship/are-you-really-best-friends.php



Read More...

------------------------

Thursday, November 22, 2007

ဘယ်လိုဆိုရင် ပျော်ရွှင်နိုင်မလဲ

ဒီကမ္ဘာပေါ်မှာ ပျော်ပျော်မနေချင်တဲ့သူရယ်လို့ ရှိမယ်လို့တော့ မထင်ပါဘူး... ဘယ်သူပဲဖြစ်ဖြစ် ပျော်ပျော်ပဲ နေချင်ကြတာပေါ့နော်...

ကိုယ်ပျော်ရွှင်နေတဲ့အခါ "ငါတော့ ၀မ်းနည်းနေတဲ့သူနဲ့ သူငယ်ချင်းလုပ်မှဘဲလို့" ဘယ်နှစ်ယောက်ကများ စဉ်းစားဖူးမှာလဲနော်... ကိုယ်ပျော်ရွှင်နေရင်လည်း ကိုယ့်ထက်ပျော်တဲ့သူကိုပဲ တွေ့ချင်ကြတာပါပဲ။ ဒါပေမယ့် ၀မ်းနည်းတတ်တဲ့ သူငယ်ချင်းတွေကို ပစ်ပြီး ပျော်ပျော်နေတတ်တဲ့သူကိုပဲ ရွေးပေါင်းရမယ်လို့တော့ မဆိုလိုဘူးနော်။

သူငယ်ချင်းဆိုတာက ဘာလဲ။ "၀မ်းနည်းနေရင်ပဲ ဖြစ်ဖြစ်၊ ၀မ်းသာနေရင်ပဲ ဖြစ်ဖြစ် ကိုယ်နဲ့ အတူ ကောင်းတူ ဆိုးတူ အားလုံးကို မျှဝေခံစားပေးနိုင်တဲ့သူ"ပေါ့။ အင်း ထားပါအုံးလေ။ ကောင်းကင်အခုပြောချင်တာက ဒါက အဓိက မဟုတ်သေးပါဘူး။ နောက်တော့ ပြောတာပေါ့။ သူငယ်ချင်းများရဲ့ အကြောင်း...

ဘယ်လိုပဲဖြစ်ဖြစ် များသောအားဖြင့်တော့ ပျော်နေတဲ့သူတွေကိုပဲ ရှာတတ်ကြတာပါ။ ကိုယ့်လို ပျော်တတ်တဲ့သူကိုပေါ့။ ဥပမာ ဝေးဝေးမကြည့်နဲ့။ ကောင်းကင်ကိုပဲကြဘ့်။ ကောင်းကင်ဆိုရင် ကောင်းကင်လို ပေါတောတောနေတတ်တဲ့... အဲလေ ဟုတ်ပါဘူး... ပျော်ပျော်နေတတ်တဲ့ ချစ်သူငယ်ချင်း ဆေးဗားလေးလို၊ ချစ်ညီမလေး သီရိလေးတို့လို လူကိုပဲ ရှာတာပါ။ :P

ပျော်ပျော်နေတတ်တဲ့သူဟာ ပျော်တဲ့သူကိုပဲ ဆွဲဆောင်ပါတယ်။

မပျော်တတ်တဲ့သူဟာလည်း မပျော်တဲ့သူကိုပဲ ဆွဲဆောင်နိုင်ပါတယ်။

ကဲ... ဒါဆို ကောင်းကင် တစ်ခု မေးမယ်။ ပျော်တဲ့သူကို ဆွဲဆောင်နိုင်အောင် ဘယ်လို လုပ်ပြီး ကိုယ်က ပျော်ပျော်နေမလဲ...

ကိုယ့်ကို ပျော်အောင် ဘယ်သူက လုပ်ပေးနိုင်သလဲ။ တစ်ယောက်ယောက်က ကိုယ့်ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တဲ့ဆိုတဲ့အတွေးမျိုးကို လူတော်တော်များများက အကြောင်းပြချက်မရှိဘဲ လက်ခံတတ်ကြပါတယ်။

သီချင်းတွေနဲ့ ရုပ်ရှင်ထဲမှာဆိုရင်တော့ ဒါက ဖြစ်ချင်ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် လက်တွေ့ဘ၀မှာတော့ တကယ်တမ်း ဘယ်သူကမှ ကိုယ့်ကို ပျော်ရွှင်အောင် လုပ်ပေးလို့မရပါဘူး။

ကောင်းကင်ရဲ့အစ်ကိုတစ်ယောက်က ကောင်းကင်ကို ပြောဘူးတယ်။ အင်း... သေချာပြောရင်တော့ ဆုံးမတာပေါ့လေ။ "မင်းနဲ့မတွေ့ခင်က ကိုယ်က အရမ်းကို အထီးကျန်ပါတယ်၊ ကိုယ့်ဘ၀ဟာ ခြောက်သွေ့နေတာပဲတဲ့"။ အဲဒီစကားမျိုး ရုပ်ရှင်တွေ၊ သီချင်းတွေထဲမှာဘဲ ကောင်းကင် ကြားရမယ်တဲ့လေ။ အဲဒါတွေ နားထောင်ပြီး စိတ်ကူးရင်မနေနဲ့တဲ့။ လက်တွေ့ဘ၀မှာ ဖြစ်တာက "မင်းနဲ့မတွေ့ခင်မှာ ကိုယ်ဟာ ၀မ်းနည်းကြေကွဲနေတယ်၊ မင်းနဲ့တွေ့မှ ပိုဆိုးသွားတယ်" ဆိုတာမျိုးပဲ ရှိလိမ့်မယ်တဲ့။ စိတ်ကူးတွေယဉ်ပြီး တစ်ယောက်ယောက်ကို ကိုယ်က ပြောင်းလဲပေးနိုင်လိမ့်မယ်ဆိုပြီး ရူးမနေနဲ့တဲ့... ကောင်းကင်အစ်ကိုက ကောင်းကင်ကို အဲလောက်ယုံကြည်ပြီး အဲလို အားပေးတာ... :D

ဒါပေမယ့် သူပြောတာ အားလုံးမှားတယ်၊ အလကား အစ်ကိုက အကောင်းမမြင်တာလို့တော့ ကောင်းကင် မပြောခဲ့နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ ပြောတာတွေက အများအားဖြင့်က မှန်နေတာကိုး။

စဉ်းစားကြည့်လေ... ကောင်းကင်က စိတ်ဓာတ်ကျနေမယ်၊ စိတ်အားငယ်နေမယ်ဆိုရင် ဘယ်သူကများလာပြီး ကောင်းကင်ရဲ့ အားငယ်စိတ်တွေကို ပျောက်အောင်၊ စိတ်ဓာတ်တွေ တက်လာအောင် လုပ်ပေးနိုင်မှာလဲ။ လုပ်ပေးတယ် ဆိုရင်လည်း နည်းနည်းပါးပါး ပြေပျောက်အောင်ပဲ လုပ်ပေးနိုင်မှာလေ။ အားလုံးပျောက်သွားအောင် လုပ်ဖို့ဆိုတာက ကောင်းကင်ကိုယ်တိုင်ပြောင်းလဲမှဘဲ ရမှာလေ။ ဘယ်လို စိတ်ဆင်းရဲမှုဘဲဖြစ်ဖြစ် ကိုယ့်ဘာသာကိုယ်သာ ဖြေရှင်းပြီး ရုန်းထွက်ရတာပဲလေ။ ဟုတ်တယ် မဟုတ်လား...

နောက်ဆုံးပြောရရင်တော့ ကိုယ်ပျော်ရွှင်ဖို့ကိုလည်း ကိုယ် ကိုယ်တိုင်ဘဲ ရယူမှ ဖြစ်မှာပါ။ ကိုယ့်ဘာသာကို ပြုပြင်ပြီး အကောင်းမြင်စိတ်လေး ထားနိုင်မယ်ဆိုရင်တော့ ပျော်ရွှင်နေတဲ့ မိတ်ဆွေကောင်းတွေ၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို ဆွဲဆောင်လာနိုင်မှာပါ။ ကောင်းကင်တို့လုပ်ဖို့လို့တာက ကမ္ဘာကြီးကို ပြောင်းလဲဖို့ မဟုတ်ပါဘူး။ ကိုယ့်ဘာသာကိုယ် ပြောင်းလဲပစ်ဖို့ဘဲ ဖြစ်ပါတယ်။ ဒါဆိုရင် အချိန်တော်တော်များများကို ကောင်းကင်တို့ အပျော်တွေနဲ့ ဖြတ်သန်းနိုင်မှာပါ။

ကိုယ့်ပတ်ဝန်းကျင်မှာ အကောင်းမြင်ပြီး ပျော်ရွင်တဲ့သူတွေ ၀ိုင်းရံနေဖို့ ကိုယ့်မျက်နှာမှာ ဖြူစင်တဲ့ အပြုံးလေးတစ်ခုကိုလည်း အမြဲဆောင်ထားပါလို့ တိုက်တွန်းလိုက်ရင်း ...

Read More...

------------------------

Tuesday, November 20, 2007

တံခါးလက်ကိုင်

စိတ်ရောဂါကုဆေးရုံတွင် ဖြစ်သည်။

ကော်ရစ်ဒါတွင် လူနာနှစ်ယောက် ကျားထိုးနေကြသည်။ လူနာလေးငါးယောက်က ဘေးတွင် ၀ိုင်းအုံကြည့်နေကြသည်။

အမျိုးသမီးလူနာဧည့်သည်တစ်ယောက် ဖြတ်သွားပြီး အနားရှိလူနာအခန်းတစ်ခု၏ တံခါးလက်ကိုင်ကို ဆွဲသည်။ သို့သော် တံခါးက ပွင့်မလာချေ။

"အားနဲ့ဆွဲပါ"
လူနာတစ်ယောက်က လှမ်းပြောသည်။

အမျိုးသမီးက အားဖြင့် တံခါးလက်ကိုင်ကို ဆွဲသည်။ တံခါးလက်ကိုင်က ပွင့်မလာချေ။

"ဒီထက် ခပ်ပြင်းပြင်းလေး ဆွဲပါ"
နောက်တစ်ယောက်က လှမ်းပြောပြန်သည်။

အမျိုးသမီးက တံခါးလက်ကိုင်ကို တအားထပ်ဆွဲပြန်သည်။ ပွင့်မလာဘဲ အချည်းနှီးပင်။ ထို့နောက် အမျိုးသမီးက လှည့်ပြီး ပြောလိုက်သည်။

"ဟာ ... တံခါးက ပိတ်ထားတာပဲ"
"ဟုတ်တယ်လေ"
"ဒါဖြင့်ရင် ရှင်တို့က ဘာလို့ ကျွန်မကို တအားဆွဲဖွင့်ခိုင်းနေတာလဲ"
"တံခါးလက်ကိုင်ကို ခင်ဗျားလိုချင်လို့ လို့ ကျွန်တော်တို့က ထင်တာကိုး"

Read More...

------------------------

Monday, November 19, 2007

နာကျင်ခံစားရတဲ့အခါ

တစ်ယောက်နှင့်တစ်ယောက် ရန်ဖြစ်တဲ့အခါ ခံစားရတဲ့ နာကျင်မှုမျိုး၊ ခလုတ်တိုက်မိတဲ့အခါ ခံစားရတဲ့ နာကျင်မှုမျိုး...

အဲလို နာကျင်မှုမျိုးတွေကို ကောင်းတဲ့အမြင်နဲ့ လက်ခံနိုင်ဖို့ဆိုတာ တော်တော်ကို ခက်ခဲတဲ့အလုပ်တစ်ခုပါပဲ။ ဘယ်သူမှ ဘာအကြောင်းနဲ့မှ နာကျင်မှုကို ခံစားချင်မှာ မဟုတ်ပါဘူး။

ဒါပေမယ့် အဲလိုမျိုး နာကျင်မှုတွေကို မခံစားရဖူးဆိုရင် လူတွေက ဘယ်လိုဖြစ်လာမလဲ။ ဘယ်အရာကိုမဆို အလေးမထားဘဲလုပ်လာမယ်။ ဂရုမစိုက်ဘဲ ပေါ့ပေါ့တန်တန်လုပ်မယ်။ နာကျင်ခံစားရတဲ့အခါကျတော့မှ သတိထားဆင်ခြင်ဖို့ သတိရမယ်။ တစ်ယောက်နှင့်တစ်ယောက် ရန်မဖြစ်မိအောင်၊ ခလုတ်မတိုက်မိအောင် သတိထားပြီး ဆင်ခြင်လာမယ်။

ရုပ်ပိုင်းဆိုင်ရာ နာကျင်ခံစားရတဲ့အခါ နောက်နောင် အလားတူအဖြစ်မျိုးမဖြစ်အောင် သတိပေးတဲ့စနစ်ရှိတယ်။ အဲဒါကတော့ "ဒါမျိုးလုပ်ရင် ဒီလိုမျိုးဖြစ်မယ်၊ နောက်ဒါမျိုးမလုပ်နဲ့"  ပေါ့။

အဲဒီလိုပဲ စိတ်ပိုင်း နာကျင်ခံစားမှုမှာလည်း အလားတူ သတိပေးစနစ်ရှိတာပဲ။ အဲဒါကတော့  "အဲဒီအတွေးမျိုးကို ပြောင်းလဲလိုက်ရင် ကောင်းမယ်" ဆိုတာမျိုးပေါ့။

မနာလိုစိတ်ဖြစ်တယ်၊ ဒါမှမဟုတ် စိတ်ဆိုးတယ် စိတ်တိုတယ်၊ ဒါမှမဟုတ် သည်းမခံနိုင်ဖြစ်တယ်။ အဲဒါတွေဟာ တကယ်ပြောရင်တော့ ဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းအရာ တွေပါပဲ။ ဒါပေမယ့် ကိုယ့်ရင်ထဲမှာ အဲဒီခံစားချက်တွေကို မဖျောက်ဖျက်ဘဲ သိမ်းထားမယ်ဆိုရင်တော့ သတိပေးစကားတွေက အလိုလိုထွက်ပေါ်လာမှာပါ။ အဲဒါတွေကတော့

"တခြားသူတွေကို ထိန်းချုပ်နိုင်ဖို့ မမျှော်လင့်ပါနဲ့"
"တခြားသူတွေကို ကိုယ့်လိုပြုမူဖို့ မမျှော်လင့်ပါနဲ့"

တကယ်လို့ ကိုယ့်အတွေးအခေါ်ကို မပြောင်းလဲဘူးဆိုရင်တော့ အရင်အတိုင်းပဲ ခံစားနေရအုံးမှာပါပဲ။ ကိုယ့်ဘာသာကို "ဘာပဲဖြစ်ဖြစ် ငါ မှန်တာပဲ" လို့ပြောတတ်တယ်။ ဒါပေမယ့် အဲဒီ မှန်တယ်ဆိုတဲ့ အတွေးလေးဟာ ကိုယ့်ရင်ထဲက ခံစားရတဲ့ နာကျင်မှုကို နည်းနည်းလေးတောင် မလျော့နည်းစေပါဘူး။

တစ်ခါတစ်လေကျရင် ကိုယ်မှန်တယ် ထင်ပေမယ့်လည်း ကိုယ့်အတွေးကို နည်းနည်းဖြစ်ဖြစ် ပြောင်းဖို့လိုအပ်တဲ့အခါမျိုးလည်း ရှိတတ်ပါတယ်။

ရုပ်ပိုင်းနဲ့စိတ်ပိုင်း နှစ်ခုစလုံးမှာ မပြောင်းလဲဘဲ အရင်အတိုင်း ဆက်လုပ်နေမယ်ဆိုရင်တော့ နာကျင်ခံစားမှုတွေကို ခံစားနေရအုံးမှာပါ။

ဒါကြောင့် လိုအပ်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့ ၀န်မလေးကြပါနဲ့လို့ တိုက်တွန်းရင်း ...


Read More...

------------------------

Sunday, November 18, 2007

Pour mes meilleurs amis

J'adore tant de plaisanteries et joies
Que tu me donnerais...
Mais maintenant,
tout est fini et restait dans le passé...

Je te vois tous les jours
se promenait partout...
Toi, tu souris toujours
Mais moi, je n'ai que le froncement de sourcils...

Je veux être seul comme avant
Que tu me dis ton secret...
Mais Maintenant, tu ne parle plus avec moi
Tout me manque de plus en plus...

Je ne veux jamais te faire mal
Tout est erreur...
Je ne ferais exprès jamais
Mais tu n'acceptes mes excuses...

Je ne veux pas se battre avec toi
Je veux faire te sourire...
Je veux dire que je suis ton amie encore
Et cette fois plus longtemps qu'avant...

Alors je souhaite que choses pourrai revenir comme avant
Et j'espère que tu verras
Que je suis vraiment désolée de ta douleur que je fais
Et tu es mon meilleur ami pour toujours...

Read More...

------------------------
---------------------------------------------