Thursday, September 6, 2007

တကယ်လို့သာ ဘ၀ကို အသစ်တစ်ဖန် ပြန်ရမယ်ဆိုလျှင် ...

လူတစ်ယောက်က တစ်နေ့က ကျွန်မကို မေးခဲ့သည်။ “တကယ်လို့သာ ဘ၀ကို အသစ်တစ်ဖန်ရမည်ဆိုလျှင် ဘာလုပ်မည်နည်း၊ ဘာတွေ အပြောင်းအလဲ လုပ်ချင်လဲ” တဲ့။

မေးတုန်းကတော့ “ဟင့်အင်း” ဆိုတဲ့ စကားလေးတစ်ခွန်းကိုသာ ကျွန်မဖြေလိုက်မိသည်။ ထို့နောက်မှာတော့ ကျွန်မ ခေါင်းထဲမှာ စဉ်းစားစရာတွေက ပေါ်လာသည်။

တကယ်လို့သာ ဘ၀ကို ကျွန်မ အသစ်တစ်ဖန် ပြန်လည်ရှင်သန်ခွင့်ရမည်ဆိုလျှင် …

ကျွန်မ စကားနည်းနည်းပဲပြောမည်၊ သူများပြောတာတွေကို များများနားထောင်ပေးမည်။ ဂရုတစိုက်နှင့် နားထောင်ပေးမည်။

အိမ်မှာ ကော်ဇောက စွန်းထင်ပေကျံနေပြီး ဆိုဖာက ဟောင်းနွမ်းပြီး အရောင်မတောက်တော့လျှင်လည်း မိတ်ဆွေသူငယ်ချင်းများကိုတော့ ညစာ ဖိတ်ကျွေးအုံးမည်။

အသန့်အပြန့်ထားသည်ဆိုသော ဧည့်ခန်းထဲမှာလည်း ပြောင်းဖူးပေါက်ပေါက်တွေကို ကျွန်မ စားချင်စားမည်။ တစ်ယောက်ယောက်က မီးလင်းဖိုမှာ မီးမွှေးချင်သည် ပြောလျှင်လည်း ဖုန်များ၊ အမှုန်အမှိုက်များဖြင့် ညစ်ပတ်မှာလည်း သိပ်မစိုးရိမ်တော့။

အဘိုးက သူ့ငယ်ငယ်က အဖြစ်အပျက် အကြောင်းအရာများကို အရှည်ကြီးပြောပြနေလျှင်လည်း စိတ်မဆိုး စိတ်မရှည်မဖြစ်ဘဲ ဂရုတစိုက်ဖြင့် အချိန်ပေးပြီး ပြီးသည်အထိ နားထောင်ပေးမည်။

နွေရာသီနေ့လည်ခင်း ကားဖြင့် ကျွန်မ အပြင်သွားတဲ့အခါမှာလည်း သပ်သပ်ရပ်ရပ်ဖြစ်အောင် စပရေးဖြန်းထားသော ဆံပင်များ ပျက်ကုန်မှာစိုးပြီး မှန်တင်ခိုင်းတာမျိုးလည်း ကျွန်မ မလုပ်တော့။နှင်းဆီပွင့်ပုံ ဖော်ထားသော ဖယောင်းတိုင်ကိုလည်း စတိုထဲတွင် အရည်ပျော်သည်အထိ သိမ်းမထားဘဲ မီးထွန်းပစ်မည်။

မြက်ခင်းက ရွှံ့တွေ၊ ရေတွေ ပေကျံမှာကို မစိုးရိမ်တော့ဘဲ ကလေးတွေနှင့်အတူ ဆော့ကစားပြီး ထိုမြက်ခင်းပေါ်တွင် ထိုင်ပစ်မည်။

ရုပ်မြင်သံကြားကြည့်ခြင်းထက် တကယ့် ဘ၀အဖြစ်အပျက်များကို သေချာသိအောင်လေ့လာပြီး ရယ်စရာရှိလျှင် ရယ်ပစ်မည်၊ ငိုစရာရှိလျှင် ငိုပစ်မည်။

ကျွန်မခင်ပွန်းထမ်းဆောင်နေရသည့် တာဝန်များကိုလည်း ယခုထက်ပိုပြီး မျှဝေကာ တာဝန်ယူပေးမည်။

နေမကောင်းဖြစ်သည့်အခါမှာလည်း ကျွန်မမရှိလျှင် တစ်လောကလုံး ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ကြမည်ဆိုသော အတွေးကို ဖျောက်ပြီး ကျွန်မအိပ်ရာထဲမှာ လှဲနေမည်။

ပစ္စည်းတစ်ခုကို တကယ်အသုံးတည့်သည်၊ အာမခံသည်၊ တစ်သက်လုံး သုံးနိုင်သည်၊ အာမခံသည်ဟု ပြောရုံမျှဖြင့် ထိုပစ္စည်းကို ကျွန်မ မ၀ယ်တော့။

ကိုယ်ဝန်ဆောင်ချိန် ကိုးလကိုလည်း မြန်မြန်ကုန်ဆုံးပါစေလို့ ဆုမတောင်းတော့ဘဲ အံ့သြဖွယ်ကောင်းသော အရာလေး ကျွန်မ ကိုယ်ထဲမှာ ကြီးထွားလာနေခြင်းကို ဘုရားသခင်၏ ဖန်တီးစီရင်မှုတစ်ခုတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခွင့်ရသည်ဟု သိမှတ်ကာ ထိုအချိန်ကို နှစ်သက်မြတ်နိုးမည်။

ကျွန်မကလေးငယ်က ကျွန်မကို ရုတ်တရက် ၀င်တိုးဖက်ပြီး နမ်းသည့်အခါမှာလည်း “သွားစမ်း၊ နောက်တော့မှ နမ်း၊ အခုထမင်းစားတော့မယ်၊ လက်တွေခြေတွေ သွားဆေးစမ်း” ဟု အော်ဟစ်ခြင်း မပြုတော့။

နောက်ပြီး “I Love You” တွေ “I'm sorry” တွေလည်း ယခုထက် ပိုပြောမည်။

ဒီထက်အရေးကြီးဆုံးက တကယ်လို့သာ စောစောက ပြောခဲ့သလို သည်ဘ၀ကို နောက်တစ်ကြိမ် တကယ်သာ နေခွင့်ရမည်ဆိုလျှင် မိနစ်တိုင်း မိနစ်တိုင်းကို အမိအရ ဆုပ်ကိုင်ပြီး သေသေချာချာ မှတ်မှတ်ရရကြည့်မည်၊ ပြည့်ပြည့်၀၀ နေမည်၊ နောက်ပြီး ထိုအချိန်ကို ဘယ်တော့မှလည်း ပြန်ပေးမှာ မဟုတ်တော့။


[မူရင်း။ ။ Erma Bombek ၏ If I Had My Life to Live Over]

------------------------

1 comment:

Unknown said...

dar lay lal cho kyite tal khin sandi

---------------------------------------------