Saturday, September 1, 2007

ဘာကြောင့် အမျိုးသမီးတွေ ငိုကြသလဲ?

တစ်နေ့မှာ ကောင်လေးတစ်ယောက်က သူ့အမေကို မေးတယ် …

“အမေ … ဘာကြောင့် ငိုနေတာလဲ …”

“ဘာလို့လဲဆိုတော့ အမေက အမျိုးသမီးတစ်ယောက်ဖြစ်လို့ပေါ့ သား …”
လို့ အမေက ဖြေလိုက်တယ်။ အဲဒီအခါ သားက

“ကျွန်တော် နားမလည်ဘူး အမေ …”
လို့ ဆိုတယ်။ အမေက သူ့သားကို ဖတ်လိုက်ပြီး

“သား ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ပါဘူး”
ဟု ပြောလိုက်တယ်။

မကြာခင်မှာဘဲ သားလုပ်သူက သူ့အဖေကို မေးပြန်တယ်။
“အဖေ … အမေက ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ ဘာလို့ငိုနေတာလဲ”

ထိုအခါ အဖေလုပ်သူက
“အမျိုးသမီးတွေဟာ ဒီလိုပဲ ဘာအကြောင်းပြချက်မှ မရှိဘဲ ငိုကြတယ် သား …”
လို့ပဲ ဖြေနိုင်တယ်။

ဒီလိုနဲ့ ကောင်လေးက တဖြည်းဖြည်း အရွယ်ရောက်လာတဲ့လူကြီးတစ်ယောက် ဖြစ်လာတယ်။ ဒါပေမယ့် အမျိုးသမီးတွေ ဘာကြောင့် ငိုကြတာလဲ ဆိုတာကိုတော့ အံ့သြတုန်းပဲပေါ့။နောက်ဆုံးမှာတော့ သူက ဘယ်လိုမှ မနေနိုင်တော့ဘဲ ဘုရားသခင်ကို မေးတယ်။

“အမျိုးသမီးတွေဟာ ဘာကြောင့် အလွယ်တကူ ငိုကြတာလဲ …”

အဲဒီမှာ ဘုရားသခင်က

“အမျိုးသမီးတစ်ယောက်ကို ဖန်တီးတုန်းက သူ့ကို ဘယ်အရာနဲ့မှ မတူအောင် အထူးဖန်တီးခဲ့တယ်။ သူ့ရဲ့ပုခုံးတွေကို ကမ္ဘာလောကရဲ့ ၀န်ထုပ်ဝန်ပိုးတွေကို ခံနိုင်ရည်ရှိအောင်၊ ကြံ့ခိုင်အောင်၊ သက်တောင့်သက်သာရှိအောင် ဖန်တီးခဲ့တယ်။ ကလေးမွေးဖွားစဉ် ကြုံတွေ့ရမယ့် နာကျင်မှုတွေ၊ ကလေးတွေက သူပြောဆိုတာတွေကို ငြင်းပယ်တဲ့အခါမှာ ဖြစ်လာတဲ့ နာကျင်မှုတွေကိုလည်း ခံနိုင်ရည်ရှိအောင် အင်အားတွေ ပေးခဲ့တယ်။ သူ့ကို အခက်အခဲတွေနဲ့ ကြုံတွေ့စေတယ်။ အဲဒီအခက်အခဲတွေက သူ့ကို တစ်ယောက်ယောက်က စွန့်ပစ်သွားတဲ့အခါ လွယ်လွယ်ကူကူနဲ့ ဖြတ်ကျော်နိုင်အောင် ကူညီပေးတယ်။ သူဟာ ပင်ပန်းနေတဲ့အခါပဲဖြစ်ဖြစ်၊ နေမကောင်းဖြစ်နေတဲ့အခါပဲဖြစ်ဖြစ် ဘာ ပြစ်တင်ပြောဆိုမှု၊ မကျေနပ်မှုတွေ မရှိဘဲ သူ့မိသားစုကို ပြုစုစောင့်ရှောက်တယ်။ နောက်ပြီး သားသမီးတွေရဲ့ အခြေအနေ ဘယ်လိုပဲဖြစ်ဖြစ် ချစ်နိုင်တဲ့စိတ်ကလေးကိုလည်း ငါက သူ့ကို ပေးအပ်ခဲ့တယ်။ အဲဒါအပြင် သူ့ယောက်ျားက ဘယ်လိုအမှားဘဲလုပ်လုပ် သည်းခံနိုင်တဲ့၊ ခွင့်လွှတ်နိုင်တဲ့ ကြံ့ခိုင်မှုကိုလည်း ပေးခဲ့တယ်၊ သူ့ယောက်ျားရဲ့ နှလုံးသားမှာ ဒဏ်ရာမဖြစ်အောင် သူက ကာကွယ်ပေးတယ်။ ယောက်ျားကောင်း၊ ယောက်ျားမြတ်ဆိုတာ ဘယ်တော့မှ သူ့ဇနီးရဲ့ နှလုံးသားကို နာကျင်အောင် မလုပ်ဘူးဆိုတဲ့ အသိကိုလည်း သူ့ကို ငါပြောပြခဲ့တယ်၊ ဒါပေမယ့် တစ်ခါတစ်လေမှာတော့ သူ့ရဲ့ခံနိုင်မှု၊ စိတ်မတည်မငြိမ်မဖြစ်ဘဲ ဖြေရှင်းနိုင်မှု စွမ်းအားတွေကို သိချင်လို့ စစ်ဆေးတဲ့အခါရှိတယ်ဆိုတာ ကိုလည်း ပြောပြခဲ့တယ်။ နောက်ဆုံးမှာတော့ ငါဟာ သူ့အတွက် မျက်ရည်တွေကို ပေးခဲ့တယ်။ အဲဒါကတော့ သူဘယ်အချိန်လိုအပ်လိုအပ် အသုံးပြုနိုင်တဲ့ သူ့ရဲ့ တစ်ခုတည်းသော ပိုင်ဆိုင်မှုပေါ့”
လို့ ရှင်းပြလိုက်တယ်။

“ကဲ … ခုတော့ အမျိုးသမီးတွေ ဘာကြောင့်ငိုရလဲဆိုတာ သိပြီ မဟုတ်လား ငါ့သား …”
ဘုရားသခင်က ထပ်ပြီးပြောလိုက်တယ်။ ဆက်ပြီး ဘုရားသခင်က …

“အမျိုးသမီးတစ်ယောက်ရဲ့ အလှအပဆိုတာ သူ ၀တ်ဆင်ထားတဲ့ အ၀တ်၊ သူရဲ့ ပုံပန်းသဏ္ဌာန်၊ သူ ဘယ်လိုခေါင်းဖြီးလဲ … အဲဒါတွေမှာ မရှိဘူး။ အမျိုးသမီးတစ်ယောက်ရဲ့ အလှဆိုတာ သူ့ရဲ့ မျက်လုံးထဲမှာဘဲ ရှိသင့်တယ်၊ ဘာလို့လဲဆိုတော့ အဲဒါဟာ သူ့ရဲ့ နှလုံးသားကို မြင်နိုင်တဲ့ ပြတင်းပေါက်ပဲ၊ နောက်ပြီး သူရဲ့အချစ်က ဘယ်မှာရှိလဲဆိုတာကို သိနိုင်တဲ့ တစ်ခုတည်းသော အရာပဲ”
ပြောလိုက်တယ်။

------------------------

No comments:

---------------------------------------------