Saturday, December 1, 2007

သူငယ်ချင်းဆိုတာ ...

ညီမလေးသီရိက ကောင်းကင်ကို tag သလို ကောင်းကင်ကလည်း ညီမလေးသီရိကို ပြန် tag ထားတာပါ။ ကိုယ်တိုင် blogger မဟုတ်ပေမယ့် အားကြိုးမာန်တက်နဲ့ ချက်ချင်းရေးပေးတဲ့ ညီမလေး သီရိကို အရမ်းကို ကျေးဇူးတင်ပါတယ်။

ညီမလေး သီရိရဲ့ သူငယ်ချင်းဆိုတဲ့ ခံယူချက်က ဘယ်လိုမျိုးလဲဆိုတာ ဆက်ဖတ်ကြည့်ကြရအောင်နော် …


မမကောင်းကင်က မေးတယ်။ သူငယ်ချင်းဆိုတာ ဘယ်လိုပါလဲတဲ့။

သီရိအတွက်ကတော့ သူငယ်ချင်းဆိုတာ ဘ၀အတွက် အရေးအကြီးဆုံးပါ။ သူငယ်ချင်းဆိုတာက ကိုယ့်ရဲ့ ခံစားချက်တွေကို အတူမျှဝေခံစားပေးတယ်။ နောက်ပြီး သီရိက ကိုယ်ပျော်ရင် ပျော်သလို၊ ကိုယ်စိတ်ညစ်ရင် စိတ်ညစ်သလို သူတို့ကို ရင်ဖွင့်တတ်တယ်လေ။ ကိုယ်ပျော်ရင်တော့ သူတို့လည်း ၀မ်းသာရပြီး ကိုယ်စိတ်ညစ်ရင်တော့ သူတို့ နားပူရတာပေါ့။ ဒါပေမယ့် ကိုယ့်ကို သည်းခံပြီးချစ်ခင်နေတဲ့ သူတွေမို့လို့ ကိုယ်ကလည်း သူတို့ကို တန်ဖိုးထားရပါတယ်။ သူငယ်ချင်းသာ မရှိရင်တော့ သီရိဘ၀က ခြောက်သွေ့သွားမှာပါပဲ။ အဆင်ပြေနေတဲ့အချိန်မှာ မသိသာပေမယ့် အရမ်းကို မွန်းကြပ်ပြီး စိတ်ထွက်ပေါက်မရှိတဲ့အချိန်မျိုးကြရင် ကိုယ့်အနားမှာ အားပေးနေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ တန်ဖိုးဟာ ဘာနဲ့မှ လဲလို့မရဘူး မဟုတ်လား။ မိဘတွေနဲ့ ဝေးရာမှာနေရတဲ့ သီရိလိုမျိုး လူတစ်ယောက်အတွက် သူငယ်ချင်းဆိုတာက ဘ၀တစ်ခုပါပဲ မမရေ …


သီရိက အမသိတဲ့အတိုင်း အရမ်းဆိုးတယ် မဟုတ်လား။ တစ်ခါတစ်လေ ကိုယ့်ဟာကိုယ် စိတ်ညစ်နေရင် သူငယ်ချင်းတွေကို စိတ်ကောက်ပစ်တာပဲ။ ဘာမဆိုင် ညာမဆိုင်နဲ့ သူတို့မှာ အပြောအဆို ခံရသေးတယ်။ ကိုယ်စိတ်ပျော်လာအောင်လည်း ချော့ရသေးတယ်လေ။ ဒါပေမယ့် သူတို့အဲလိုဖြစ်ရင်လည်း သီရိက နားလည်ပေးတယ်လေ။ သူငယ်ချင်းဆိုတာ အပြန်အလှန်ပေါ့။ ကိုယ့်ခံစားချက်ကို သူငယ်ချင်းတွေက နားလည်နိုင်အောင် ကြိုးစားပေးသလို ကိုယ်ကလည်း တစ်ဖက်က ကိုယ့်သူငယ်ချင်းရဲ့ ခံစားချက်ကိုလည်း နားလည်နိုင်အောင် ကြိုးစားပေးရမှာပေါ့။ ဒါမှလည်း တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းကောင်း ဖြစ်နိုင်မှာပေါ့။ ဟုတ်တယ် မဟုတ်လား မမရေ …


အားလုံးထဲက သီရိရဲ့ သူငယ်ချင်းတချို့အကြောင်းကို မမကို ပြောပြမယ်လေ။

ကျောင်းမှာတုန်းက ခြောက်တန်းလောက်ကတည်းက စပြီးခင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ မုန့်စားလည်း အတူတူ၊ သွားအတူလာအတူ သူငယ်ချင်းပေါ့။ ဆယ်တန်းအောင်ပြီးတဲ့အခါ ဘ၀အတွက် ရွေးချယ်တဲ့လမ်းတွေ မတူလို့ တစ်ယောက် တစ်နေရာစီ ဖြစ်နေပေမယ့်လည်း အခုထိ သီရိကို မေးလ်ပို့၊ အဆင်ပြေလို့ လူကြုံရှိတဲ့အခါ စာပို့နဲ့ သံယောဇဉ်မပြတ်တဲ့ အမြဲအမှတ်တရရှိနေတဲ့ သူငယ်ချင်း …

နောက် ကွန်ပျူတာသင်တန်းမှာ ဆုံခဲ့ရတဲ့ သူငယ်ချင်းတွေ။ သူတို့တွေကလည်း သီရိ အရမ်းချစ်ရတဲ့ သူငယ်ချင်းတွေဖြစ်ပြီး သူတို့နဲ့ စာအတူတူ သင်ခဲ့ရတာတွေ၊ စာအတူတူ ကျက်ခဲ့ရတာတွေက သီရိဘ၀အတွက် အမှတ်ရစရာ ဘ၀အစိတ်အပိုင်းတစ်ခုပါပဲ။ အထူးသဖြင့်တော့ မမကောင်းကင်တော့ သိမယ်ထင်ပါတယ်။ မမ "ဘဲသွေး" ဆိုတာလေ။ အဲဒီမမက အရမ်းချစ်ဖို့ကောင်းတာ …ါ်ီ အဲဒီမမကို မြင်ရင် ဖတ်ချင်စရာ သိလား။ အိအိလေးနဲ့။ မယုံရင် နောက်ကြုံရင် မိတ်ဆက်ပေးမယ် သိလား။ စာမေးပွဲနီးလို့ အားလုံးစုပြီး စာအတူကျက်ခဲ့ကြ၊ စာရှင်းပြကျတာတွေ အခုထိလွမ်းနေတုန်းပဲ။ ဘယ်တော့များမှ သူငယ်ချင်းတွေ အားလုံး အတူတူ စုစုစည်းစည်း ပြန်ဆုံရပါ့မလဲနော် … လွမ်းတယ် မမကောင်းကင်ရေ …
 
အခုအလုပ်ထဲရောက်ပြန်တော့လည်း အလုပ်အဆင်မပြေတာ၊ ပင်ပန်းတာ၊ စိတ်တိုတာ၊ မကျေနပ်တာ၊ တစ်ခါတစ်လေ ပျော်စရာ … အကုန်လုံးကို ဒီမှာရှိတဲ့ သူငယ်ချင်းတွေကိုပဲ နားပူအောင် လုပ်နေမိတော့တာပဲ။

တစ်နေရာစီ ရှိနေပေမယ့် online မှာရှိတဲ့ သူငယ်ချင်းတွေလည်း မသက်သာပါဘူး။ အခုပဲကြည့်လေ မမကောင်းကင်က အကောင်းဆုံး ဥပမာပေါ့။ မမကောင်းကင်ဘလော့မှာ ၀င်ရှုပ်နေတာသာကြည့် … :D


အဲဒါကြောင့် နောက်ဆုံးပြောရရင် သူငယ်ချင်းဆိုတာ သီရိအတွက်တော့ အားကိုးစရာ၊ တိုင်ပင်စရာ၊ ရင်ဖွင့်စရာ … အရေးပါတဲ့ VIP စစ်စစ်တွေပါလို့၊ နောက်ပြီး သူငယ်ချင်းတွေကလည်း သီရိရဲ့ ဖြတ်သန်းနေရတဲ့ နေ့ရက်တွေကို တောက်ပအောင် လုပ်ပေးနိုင်ပါတယ်လို့ …


ချစ်သောမမကောင်းကင်ရေ … ခုလို မမရဲ့ဘလော့မှာ ပို့စ်ရေးခွင့်ပေးတဲ့အတွက် ကျေးဇူးပါနော် …

------------------------

No comments:

---------------------------------------------